Friday, April 20, 2012

အပြာရောင်ဝန်ဆောင်မှုထဲက အမှောင်ခါးခါး

ခိုင်စိုးလင်းစီစဉ်တဲ့ Bluish Business-အပြာရောင်ဝန်ဆောင်မှု ဆိုတဲ့စာအုပ်ထဲ ပါဝင်ရေးသားခဲ့တဲ့ စာလေးတစ်ပုဒ်ပါ။ ထွက်တာက ဧပြီ ၁၄ရက်နေ့ကပေမဲ့ ကျွန်မ ခရီးသွားနေတာကြောင့် ခုမှပဲ တင်ဖြစ်ပါတယ်။ 

စာစီ ပြင်ဆင်-ခိုင်စိုးလင်း 
အဖုံးပန်းချီ-သူရိန်ရဲမြင့် 
အတွင်းပုံများ-ပန်ဒိုရာ 

ပါဝင်ရေးသားကြသူများ-ကောင်းကင်ကို၊ ကိုကိုသက်၊ ကိုမျိုး၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ ညီဇံလှ၊ ညိုမင်းခ၊ နေမြဲ၊ ပန်ဒိုရာ၊ ဖိုးခွား၊ မအိ၊ မောင်ယုပိုင်၊ မိုးလှိုင်ည၊ မှိုင်း (ဆေး-၂)၊ မှူးဒါရီ၊ ရင်ခွင်ရှိန်း၊ လင်းဒီပ၊ သက်ထွေး၊ သက်ဝေ၊ ဟယ်ရီလွင်၊ အောင်ဖြိုး၊ အိန္ဒြာ၊ သြမြိုင်နဲ့ ချစ်ကြည်အေး 



ကျွန်မက တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာ။ ဘယ်သူ ဘယ်ဝါ ဖြူမှန်း မဲမှန်း မသိတဲ့ တစ်ယောက်သော သူကို စောင့်နေခဲ့တယ်။ သူ လာမှာပါ။ တစ်ရက်ကြိုတင်ပေးထားတဲ့ စရံငွေကို အဆုံးမခံနိုင်လို့ဆိုတာထက် ကျွန်မဆီက ၀တ်ကျေတန်းကျေထက်ပိုတဲ့ ၀န်ဆောင်မှုတွေကို ရှင် မြည်းစမ်းချင်နေခဲ့တာ လို့ ကျွန်မ သေချာတယ်။ မင်း ဘယ်မှာလဲတဲ့။ ကျွန်မရှိနေတဲ့ အခန်းနံပါတ်ကို ရှင့်ဆီ ဖုန်းမက်ဆေ့ခ်ျ ပို့အပြီးမှာ မွေ့ယာပေါ်က ထထိုင်ရင်း ၀တ်ထားတဲ့ ရှပ်အင်္ကျီ အပေါ်ကြယ်သီး နှစ်လုံးကို ဖြုတ်၊ ၀တ်ထားတဲ့ ဂျင်းန်ပန်န်ကိုပါ ချွတ်ချပြီး ခုတင်ဘေးက စားပွဲခုံ အသေးလေးပေါ် ပစ်တင်ထားလိုက်တယ်။ ဒါတောင် ဖို့ယို့ဖားယားရှပ်အင်္ကျီက အတော်လေး ရှည်လျားနေသေးတာ။ 

ဆံပင်ကောက်ကောက်ပွပွကြီးကို နဖူးအပြောင်သိမ်းပြီး ငယ်ထိပ်ပေါ်မှာ စုချည်ထားလိုက်တယ်။ ဘယ်ရီသီးအနံ့ နှုတ်ခမ်းဆိုးဆေးအဆီကို ပြောင်ရွှဲနေအောင် ဆိုးပြီးမှ တစ်ရှူးစလေးနဲ့ ဖိကပ်ပြီး သဘာဝနှုတ်ခမ်း သန္တာရောင်လေးအတိုင်းပဲ ထားလိုက်တယ်။ ဖိကပ်နမ်းရှိုက်လိုက်တဲ့အခါ ကျွန်မနှုတ်ခမ်းက ဘယ်ရီသီးရနံ့လေးက ရှင့်ကို ရူးသွပ်သွားစေမှာ။ ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ပြီး ရေဒီယိုက အချစ်သီချင်း ညိမ့်ညိမ့်လေးတွေကိုပဲ ပြောင်းဖွင့်ထား လိုက်တယ်။ ကျွန်မအပေါ်က လွဲလို့ တစ်ခြားအာရုံတွေ ရှင့်မှာ ရှိမနေစေချင်ဘူး။ ယူလာတဲ့ နှင်းဆီရနံ့ ရေမွှေးလေးကို ခပ်ပါးပါး ဖြန်းပက်ထားလိုက်သေးတယ်။ အခန်းထဲမှာ ခပ်ဖျော့ဖျော့လေး မွှေးမြရင်း ရှင့်ကို ကြိုနေလိမ့် မယ်။ ဒါ ကျွန်မ လုပ်ရိုးလုပ်စဉ်တွေပဲ။ ဒါ ကျွန်မရဲ့ သူများတွေနဲ့ မတူတဲ့ အပိုဝန်ဆောင်မှုတွေပဲ။ 

Mr. B ကပြောတယ်။ ရှင်ဟာ pretty woman ထဲက ရစ်ချက်ဂီရီလို သူဋ္ဌေးကြီးတဲ့။ ကျွန်မကို နင်သာ ဂျူလီယာရောဘတ် ဖြစ်ပါစေတဲ့။ ဟဟဟ…ရယ်ရတယ်။ သွားစမ်းပါ။ ကျွန်မဟာ ပရော်ဖက်ရှင်နယ်ဆိုတာ ရှင် မေ့သွားပြီလား Mr.B…။ အိမ်ထောင်ရှိတဲ့ ဘယ်ယောကျာ်းကိုမဆို ကျွန်မ ဘယ်တော့မှ အမိ မဖမ်းဘူး။ အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမတွေကို အမျိုးသမီးချင်း ကျွန်မ ကိုယ်ချင်းစာတယ်။ အချိန်တန်ရင် သူဟာ အိမ်ပြန်ရမှာ။ သူ့မိသားစုရှိရာ ပြန်ရမှာ…။ ပြန်သွားစမ်းပါစေလေ….။ 

တံခါးဘဲလ်သံအကြားမှာ ကျွန်မ မှန်ထဲကို အပြီးသတ် တစ်ချက် ပြုံးကြည့်လိုက်ရင်း တံခါးအ၀ဆီ လျှောက်လာခဲ့လိုက်တယ်။ 

ရှင်ဟာ.…။ လက်ထဲမှာ အနီရဲရဲ နှင်းဆီပန်းစည်းကို ကိုင်လို့။ ကျွန်မလက်ထဲ ပန်းစည်းကိုထည့်ရင်း ပွေ့ဖက် နှုတ်ဆက်လိုက်တဲ့အခါ ကျွန်မလည်တိုင်တစ်ဝိုက် နွေးကနဲ။ တစ်ခါမှ မဖြစ်ဖူးတဲ့ ရှိန်းတိန်းတိန်း နွေးထွေး လှိုက်ဖိုမှုတွေ….။ ကျွန်မ ခပ်ပေါ့ပေါ့ တစ်ချက်ရယ်လိုက်မိသလားပဲ။ ပန်းစည်းကို မှန်တင်ခုံပေါ် အသာလေး တင်ထားပြီး ကျွန်မလက်တွေက ကျင့်သားရစွာ သူ့ရှပ်ကြယ်သီးတွေကို လှမ်းဖြုတ်နေလိုက်မိတယ်။ 

 ရေအရင် ချိုးမယ် မဟုတ်လား၊ ရှင်ပင်ပန်းလာမှာပေါ့ လာလေ။ သူ့ကုတ်အင်္ကျီကို ကျွန်မချွတ်ပေးတဲ့အထိ ငြိမ်ခံနေသေးတယ်။ သဘက်အဖြူရောင်ကို ရင်လျားပြီး ကျွန်မပါ ရေချိုးခန်းထဲ လိုက်ဝင်တော့မှ နိုး နိုး နိုး…ကိုယ်တစ်ယောက်ထဲ ချိုးပါရစေ မာရီယာ၊ အပြင်ကပဲ စောင့်နေနော် တဲ့။ ကျွန်မ သတိလက်လွတ် ရွှီကနဲ ခပ်လှောင်လှောင် လေချွန်လိုက်မိတော့ သူက ကျွန်မကို မျက်စေ့တစ်ဘက် မှိတ်ပြတယ်။ ဘာအထာလဲကွာ။ 

သင်းသင်းလေး မွှေးမြနေတဲ့ ဆပ်ပြာနံ့ လတ်လတ်ဆတ်ဆတ်က ရှင့်အရင် ရေချိုးခန်းထဲက ထွက်လာတယ်။ ရှင့်ဆံပင်အစိုတွေကို တဘက်နဲ့ ကူသုတ်ပေးတော့ ကလေးတစ်ယောက်လို ခေါင်းလေး ထိုးပေးလာတယ်။ ကြာတယ်ရှင်…။ ဒီနေ့ ကျွန်မ ချစ်သူနဲ့ ချိန်းထားသေးတယ်ရှင့်၊ ရှင့်တစ်ယောက်ထဲကို အန်တာတိန်း ရမှာ မဟုတ်ဘူး။ ကျွန်မ စိတ်ထဲက ပြောနေမိတာရယ်။ 

မာရီယာ ကိုယ့်ကို ကော်ဖီ တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင် တဲ့။ ရှင်…တစ်ကယ် အချိန်ရလို့လား၊ ၂နာရီစာပဲနော်။ ကျွန်မမှာ အချိန်ပို မရှိဘူးရှင့်။ ဟာကွာ ကိုယ် Mr. Bကို ပြောထားပြီးသား။ မင်း ကိုယ်နဲ့ အတူ ဒီတစ်ညလုံး ရှိနေရမှာလေ။ မဖြစ်နိုင်တာ၊ Mr.B ကို ကျွန်မ နည်းနည်းတော့ တင်းသွားတယ်။ သူ ပိုက်ဆံ ပိုလိုချင်တာနဲ့ပဲ ကျွန်မက….။ 

ဒီနေ့က ကျွန်မရည်းစားမွေးနေ့ရှင့်။ ကျွန်မ သူနဲ့ ချိန်းထားသေးတယ်။ ဟုတ်လား စိတ်ဝင်စားစရာပဲကွာ၊ နေပါဦး မင်းရည်းစားကရော ဘာလုပ်လဲ၊ မင်း ဒီအလုပ် လုပ်နေတာကိုရော သူ သိလား။ ဒါ ရှင့်အပူလား၊ ဘာကြောင့် ရှင့်ကို ပြောပြရမှာလဲ။ သူလား…သိတာပေါ့။ သူက Escort Service မှာလုပ်တယ်။ အဖွားကြီးတွေ အဖော်လိုရင် ဘော်ဒီဂါတ် အနေနဲ့ လိုက်ပေးတယ်။ ပါတီတို့၊ ကလပ်ဘ်တို့ကိုဆိုပါတော့။ နာရီပိုင်းနဲ့လား၊ Escort ပဲလား၊ full service လား။ ရတယ်။ အဲသလိုမျိုးလေ။ အိုး…ကျွန်မ ပြောမိပြီ။ ဒီလူ ဘာဆေးတွေများ ဆောင်ထားပါလိမ့်။ ကျွန်မ သူမေးသမျှ လိုက်လျောဖြေဆို နေမိတော့တာ။ အံ့သြစရာရယ်။ သူ တစ်ချက် ရယ်တယ်။ မခိုးမခန့်နဲ့။ 

မင်းတို့က လက်ထပ်ဖို့ထိ ရည်ရွယ် ထားပြီးသားလား။ အင်း ရည်ရွယ်ထားပြီးသားပေါ့။ ဒါပေမဲ့ ကျွန်မတို့ ငွေစုနေတုန်း။ သူက တစ်ချိန်လုံး ငွေလိုနေတဲ့လူ။ ခုထိ ကျွန်မက ဖို့နေရတုန်း။ သူ့မိဘတွေကိုလည်း ကျွန်မ ငွေလှမ်းပို့ပေးသားပဲ။ သူကမှ မပို့နိုင်တာ။ ဟင့်အင်း ကျွန်မအမေဆီကိုလား၊ မပို့ပါဘူး။ သူယူထားတဲ့ နောက်ယောကျာ်းကြီးက သူ့ကို လုပ်ကျွေးလိမ့်မှာပေါ့။ ကျွန်မကို အဲဒီဟာကြီးနဲ့ လွှတ်ပေးတာကိုတော့ ကျွန်မ ရင်အနာဆုံးပဲ။ ကျွန်မ အပျိုပေါက်ဖြစ်စမှာ ပန်းကောင်းအညွန့်ချိုးခဲ့တဲ့ လူကြီး။ အဲဒီလူကြီးဆန္ဒပြည့်အောင် အမေက ကျွန်မကို ထိုးကျွေးခဲ့တာ။ အဲဒီနောက်တော့ ကျွန်မလည်း အိမ်က ထွက်ပြေးလာခဲ့တာ။ ခု ရှင် မြင်တဲ့အတိုင်းပဲ ဆိုပါတော့။ 

 ကျွန်မရည်းစားနဲ့လား၊ လက်ထပ်မှာပေါ့။ သူက ကြီးကြီးကျယ်ကျယ် လက်မထပ်ခင် ကျွန်မကို ဆေးစစ်ရမလေး ဘာလေးနဲ့။ ဒီမှာက မှတ်ပုံတင်ပြီး တရားဝင် လိုင်စင်နဲ့ လုပ်နေတာပါ။ ကျွန်မတို့ကို အလုပ်ရှင်က ၆လတစ်ကြိမ် ဆေးစစ်ပေးပြီး ကျန်းမာရေးလက်မှတ် ယူထားရတာပါနော်။ ကော်ဖီတစ်ကျိုက်သောက်ရင်း ရှင်က ပြုံးသေးတယ်။ ဘာလဲ ဒါက လူကို လှောင်ချင်တဲ့ သဘောလား။ 

silent tone မှာ ထားထားတဲ့ ကျွန်မဖုန်းရဲ့ ဗိုင်ဗရိတ်ရှင်းမြည်သံကြားတော့ ကျွန်မက အသာလေး ပြန်ပိတ်လိုက်တာ။ ဒါကို သူက မြင်ဖြစ်အောင် မြင်သွားသေးတယ်။ ဒါပေမဲ့ ရပ်မသွားဘူး။ ဖုန်းက နောက်တစ်ခါ၊ နောက်တစ်ခါ အကြိမ်ကြိမ် မြည်နေတော့။ မင်းရည်းစားဆီက ဖုန်း မဟုတ် လား။ ဖြေလိုက်ပါ၊ ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့် ခဏလေးပါနော်။ ဟန်နီ ကိုယ် ဒီည မအားနိုင်တော့ ဘူး ထင်ပါရဲ့။ မနက်ဖြန် ဆက်ဆက်နော်…ကိုယ်ကတိပေးတယ်။ ဟုတ်ပြီလား။ ဘာလဲဟ ကိုယ်လက်ခံထားတာ မဟုတ်ဘူး။ Mr.B စီစဉ်ပြီး ပိုက်ဆံပါယူထားပြီးသား။ နားလည်စမ်းပါကွာ ကိုယ် ဒီမှာ အလုပ် လုပ်နေတာပါ။ ဒါဆိုလည်း မင်းသဘောပဲကွာ F***ing ဂွတ်နိုက်ပဲ idiot…မင်း လုပ်ချင်တာသာ လုပ်လိုက်။ 

စိတ်ပေါက်ပေါက်နဲ့ ဖုန်းကို အခန်းထောင့် လွှင့်ပစ်လိုက်တော့တယ်။ ဆောရီးပဲရှင် ကဲ ဆက်မေးပါလေ။ ရှင်က ဒီမေးခွန်းတွေအတွက် ကျွန်မကို ပိုက်ဆံပေးထားတာ မဟုတ်လား။ ကျွန်မက ရွဲ့ပြောတော့ သူ ရယ်နေတယ်။ ခဏလေး ကျွန်မ ၀ရံတာထွက်ပြီး ဆေးလိပ်လေး တစ်လိပ်လောက် သောက်ပါရစေနော်။ ခဏလေးပါ။ အေး အဲဒီအချိန်အတွက် မင်း ငါ့ကို အချိန်ပြန် ပေးရမှာနော်။ သေလိုက်။ ဟဟဟား…သဘောတကျ ရယ်လို့၊ ရှင် အတော် အူမြူးနေတယ်ပေါ့လေ။ 

ရှင့်အိမ်က မိန်းမက ပျင်းစရာကောင်းသတဲ့။ ရှင် ပြောခဲ့တယ်။ ဒီတော့ ကျွန်မက ရှင့်ကို ပျော်အောင် လုပ်ပေးနိုင်မယ်လို့ ရှင် ထင်တယ်ပေါ့လေ၊ ဟုတ်လား။ ယောကျာ်းတွေအားလုံးဟာ ဒီလိုတွေပဲလား….။ မိန်းမနောက်ကွယ်မှာ အပျော်ရှာကြတာ အိမ်ကမိန်းမက ပျင်းစရာကောင်းလို့ပါတဲ့။ ဟဟဟား…။ 

 ဒီလိုပဲ စကားတွေက ဟိုရောက် ဒီရောက်။ 

အင်း…ကိုယ် မင်းကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားပါမယ်ဆိုရင်ရောကွာ။ အိုး ဒါတော့ တကယ့်ဟာသပဲ၊ ဒါပေမဲ့ မရယ်ရဘူးရှင်။ ရှင် ပြန်ပါ။ ကျွန်မကို ရှင့်တစ်ဦးတည်းပိုင် အမြှောင်မယားလုပ်၊ ရှင်က ရှင်သွားလေရာ နေရာ၊ နိုင်ငံအနှံ့မှာ ကျွန်မလို မိန်းကလေးတွေကို တစ်အိုး တစ်အိမ်ထူထောင်ပေးပြီး တစ်ရွာ တစ်ကျီ ဆောက်နေဦးမှာ။ ရှင်တစ်ကယ် မြတ်မြတ်နိုးနိုးချစ်တာဆိုရင် တရားဝင် လက်ထပ်ယူလိုက်လေ။ ဟဟ။ ကျွန်မက အိမ်ထောင်ရက်သား အတည်တကျရှိလာတဲ့အခါ သာယာတဲ့ အိမ်ထောင်ရေးလေး တစ်ခု၊ မိသားစုဘ၀လေးတစ်ခု ရချင်မိတာ၊ မျှော်လင့်မိနေတာ။ 

ရှင် ပြန်ပါတော့.…။ Mr.Bကို ငွေ ဘယ်လောက် ပေးထားလဲ။ ကျွန်မ ပြန်အမ်းခိုင်းလိုက်မယ်။
ကျွန်မမှ ရှင့်ကို ဘာမှ….
ကျွန်မ စကားမဆုံးနိုင်ခဲ့....တော့။

အပြင်မှာ မိုးမလင်းသေးဘူး။ ကျွန်မစာမျက်နှာတွေလည်း မှောင်နေတုန်းပဲ…။

                                      @@@@@@@@@@@@@@

မိတ်ဆွေတွေရဲ့ လက်ရာကောင်းလေးတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းပြီး ဖတ်နိုင်ပါတယ်


 

12 comments:

  1. မိုက်ချက်...

    စိတ်ဝင်စားစရာကောင်းတဲ့ သနားစရာကောင်းတယ် ထင်တဲ့ ထိုင်းနိုင်ငံရောက် အပြာရောင် အလုပ်သမလေး တစ်ယောက် ကို စကားထိုင်ပြော နေလို့ အိပ်ပျော် သွားတာ.. မနက် ရောက်တော့ ဗိုက်ဆံမယူတော့ပါဘူး ပြောသွားခဲ့တာ ကို သတိရမိတယ်... ညီမလေး ချစ်ကြည်အေးရဲ့စာဖတ်ပြီး..အဟဲ

    ReplyDelete
  2. ဒေါင်းသွားပြီ မချစ်ရေ အေးအေးဆေးဆေး ဖတ်တော့မယ်။ ကျေးဇူးနော်။
    မချစ်ပို့စ် ဖတ်ရတော့မယ်ဆိုတာလည်း ညနေကသတင်းရထားပြီးသားး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ရေးထားတဲ့ ဇာတ်ကွက်လေးကောင်းတယ်အမ...ကြိုက်တယ်...။ အမတွေအားလုံးသိပ်တော်ကြတယ် အားကျတယ်...။

    ReplyDelete
  4. ဘ၀ကြမ်းကြမ်းလေးကို နုနုလေးနဲ့မြင်သာအောင် ချပြသွားတဲ့ အရေးသားပဲ မိုက်တယ် ။

    ReplyDelete
  5. ဇာတ်ကွက် နဲ့ အရေးအသား ကြိုက်တယ်။

    ReplyDelete
  6. အရမ်းကောင်းတယ်ဗျာ။ အားကျလိုက်တာ
    အားပေးလျက်

    ReplyDelete
  7. ဖတ်သွား... သက်ပြင်းချရင်း သနားမိ.....

    ReplyDelete
  8. နှလုံးသားထဲ ရောက်အောင်ရေးတတ်ကြသူများဆိုပြီး
    ကဗျာလေးရေးကြည့်မှထင်တယ်----
    ဒေါင်းလဲ ဒေါင်းသွားတယ်

    ReplyDelete
  9. ညီမ ချစ်ကြည်အေး

    တံခါးခေါက်သံနောက် က စာတွေ ကိုဖတ်သွားတယ်နော် စိတ်ဝင်စားဖို့ကောင်းတယ်

    ချစ်အမကြီး
    အမဇင်

    ReplyDelete
  10. သူ့နေရာမှာ ကိုယ်သာဆိုရင်လေ..
    ဘယ်လိုဘဲဖြစ်ဖြစ်..ဒီဘ၀ကလွတ်အောင်တော့
    အကြံဥာဏ်ကောင်းလေးပေးပြီးကယ်လိုက်ချင်သားအစ်မရာ..
    ဒီထဲကကလေးမလေးလိုသာဆိုသေသေချာချာပြောပြရင်
    နားဝင်လောက်မယ့်ပုံလေးပါး)
    နို့ပေမယ့်..စိတ်ချင်းကမတူကြလေတော့...ကံစီမံရာဘဲပေါ့အစ်မရယ်
    တစ်ချို့တစ်ချို့သောဘ၀တွေက..ခါး..လွန်း..ပါ..တယ်။
    ခံစားအားပေးသွားပါတယ်..အမတော်..

    ချစ်ခင်လျှက်

    ReplyDelete
  11. မကြီးချစ်ရေ
    ဖတ်ပြီးတော့ သက်ပြင်းဘဲချလိုက်မိတယ်..
    ဘဝဆိုတာကလည်းကာလာစုံပါတယ်လေ

    ReplyDelete
  12. ဇာတ်လမ်းလေးရယ် အရေးအသားရယ် မိုက်တယ်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...