Sunday, July 24, 2011

မေတ္တာတေး

ကျွန်မ အမျိုးသားရဲ့ အထက်အရာရှိ၊ သြစတေးလျက လူဖြူတစ်ယောက်နဲ့ ရင်းနှီးခင်မင်ခဲ့ဖူးပါတယ်။ သူ့နာမည်က မက်သယူး(Matthew) တဲ့။ အရင်ကလည်း အလုပ်ကိစ္စနဲ့ ပါတ်သက်လို့ လူဖြူတွေ တော်တော်များများနဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာမှ မက်သယူးဆိုတဲ့ သူ့ကို ကျွန်မ ပိုခင်မိတယ်။ သူ့ရဲ့ စိတ်ထားဖြူစင်ပုံ၊ မာန်မာန မရှိပုံ၊ သနားကြင်နာတတ်ပုံ ဒါတွေကို သူနဲ့ ပေါင်းကြည့်မှ သိလာရလို့ပါပဲ။ ရာထူးက ကြီးပေမဲ့ လူက လူငယ်၊ လူတော်တစ်ယောက်ပါ။ သူ့မျက်နှာက ချောမောတယ် ဆိုတာထက် ရှင်းသန့်တာ၊ အပြုံးရိပ်သန်းနေပြီး နုညံ့ပျော့ပြောင်းဟန်နဲ့ တချိန်တည်းမှာပဲ ယုံကြည်မှုအပြည့်နဲ့ ထက်မြက်သူတစ်ယောက်ဆိုတာ သိသာစေတဲ့ ရုပ်ရည်မျိုးပါ။  

အဲဒီတုန်းကတော့ ကုမ္ပဏီစားပွဲသောက်ပွဲတွေနဲ့ မကြာခဏဆိုသလို တွေ့ဖြစ်ကြပါတယ်။ သူက ကျွန်မအမျိုးသားကို တော်တော်လေး ခင်ရှာသူပါ။ လက်ရှိမှာ သူတို့ ကုမ္ပဏီချင်းမတူကြတော့ပေမဲ့ ဖုန်း အဆက်အသွယ်ရှိကြတုန်းပါပဲ။ တစ်နေ့က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက် မင်္ဂလာပွဲမှာတောင် ကျွန်မ သူ့ကို သတိတရ ရှိခဲ့သေးတာ။ ငါးမန်းတောင်ဟင်းချို တခွက်ကြောင့်ဆိုပါတော့။

ဟိုးအရင် ညစာစားပွဲ တစ်ခုမှာ မက်သယူးရယ်၊ ကျွန်မတို့ လင်မယားရယ် တစ်စားပွဲထဲမှာ ညစာ စားဖြစ်ကြတယ်။ ငါးမန်းတောင်ဟင်းချိုလာချတဲ့အခါ သူ လုံးဝ မသောက်ပါဘူး။ ကျွန်မက စပ်စပ်စုစု မေးကြည့်တော့မှ သူ့ရဲ့ သတ္တဝါတွေအပေါ်ထားတဲ့ မေတ္တာစိတ်လေးကို ကျွန်မ သိလိုက်ရတော့တယ်။ ကျွန်မကို ပြောပြနေတဲ့အချိန်မှာ သူ့မျက်နှာပေါ် ထင်းထင်းမြင်နေရတဲ့ စာနာစိတ်ကလေး၊ အဲဒီစိတ်ကလေးဟာ ကျွန်မရင်ထဲကို ပူးကပ်ဝင်ရောက်ခဲ့တော့တာ။ အဲဒီကတည်းက ခုထိ ကျွန်မ ငါးမန်းတောင်ဟင်းချို  မသောက်တော့တာ ၈နှစ်ကျော် ကြာခဲ့ပြီ။

ငါးမန်းတောင်ဟင်းချိုကို လူတွေ ဘာကြောင့် တန်ဘိုးထားပြီး သောက်ကြသလဲ။ အထူးသဖြင့် မင်္ဂလာဧည့်ခံပွဲတွေ၊ ကုမ္ပဏီအထက်လူကြီးတွေရဲ့ စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ အထက်တန်းလွှာတွေရဲ့ပွဲတွေမှာ များသောအားဖြင့် တည်ခင်းဧည့်ခံတတ် ကြတယ်။  ဈေးကြီး ဟင်းလျာတစ်ခွက်အနေနဲ့ ဂုဏ်လုပ်သောက်တတ်ကြတယ်။ ငါးမန်းတောင်ဟင်းချိုသောက်သုံးခြင်းဟာ wealth, power, prestige and honor တွေကို ကိုယ်စားပြုတယ်လို့ ဆိုထားတယ်။ ငါးမန်းတောင်ဟင်းချိုဟာ လိင်မှုရေးရာတွေအတွက်၊ အသားအရည်အတွက်၊ တရုတ်လို qi လို့ ခေါ်တဲ့ energy-အားအင် အတွက်၊  နှလုံးရောဂါကို ဖြစ်ပွားစေတဲ့ ကိုလက်စထရောကို ကျစေတဲ့အတွက် ကောင်းတယ် လို့ဆိုကြတယ်။ ဒီအကျိုးတွေကို တစ်ခြားသော ဟင်းလျာ စားသောက်ဖွယ်တွေဆီကလည်း ရနိုင်ပါရက်နဲ့ ဘာ့ကြောင့် ငါးမန်းတောင်ဟင်းချိုကိုပဲ တန်ဘိုးတထား သောက်နေကြတာပါလိမ့်။ ဒါကလည်း ငါးမန်းတောင်ဟင်းချို တစ်ခွက်ရဲ့ နောက်ကွယ်က သနားစရာ မျိုးတုံးလု ငါးမန်းတွေရဲ့ ဘယ်ပုံဘယ်နည်း သေကြရတယ်ဆိုတာကို မသိကြလို့ နေမှာပါပဲ။

ငါးမန်းတောင်ရဖို့ ငါးမန်းအရှင်ဆီက ဖြတ်ယူပြီးတဲ့အခါ အသက်ရှင်နေသေးတဲ့ ငါးမန်းကို ပင်လယ်ထဲ ဒီအတိုင်း ပြန်လွှတ်ခဲ့ကြတာ။ အဲဒီအခါ ဒုက္ခိတအဖြစ်နဲ့ ရေမကူးနိုင်တော့တဲ့ ငါးမန်းဟာ ဟိုး ပင်လယ်ရေအောက်ကြမ်းပြင်အထိ နစ်မြုတ်သွားပြီး တဖြည်းဖြည်း သေမဲ့နေ့စောင့်ရင်း သေရရှာတာ။ အဲဒါကို ကြားရတဲ့အခါ ကျွန်မ စိတ်ထဲ မကောင်းလိုက်တာ။ တစ်ခါတည်း အသေသတ်လိုက်တာထက်ဆိုးတဲ့ မသေမရှင်အဖြစ်ကြီးနဲ့ သူ့ခမျာ ဘယ်လောက်များ မချိမဆန့် ခံစားသွားရပါလိမ့်။

In a process called finning, the fins are cut from living sharks. After the fins have been cut off, the remainder of the fish, which is often still alive, is thrown back into the sea. When returned to the ocean, the finless shark is unable to swim, and sinks to the ocean bottom and dies a slow death.

ငါးမန်းတောင်ဟင်းချိုဟာ အကြိမ်များစွာ အလွန်အကျွံသောက်ရင်တော့ မာကျူရီပါဝင်မှုနှုန်း မြင့်တဲ့အတွက် အမျိုးသားတွေမှာ သားသမီးရနိုင်ခြေကျဆင်းတတ်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း မသောက်သုံးသင့်ဘူးလို့ "FDA" (Food and Drug Administration)က ဆိုပါတယ်။

 "Shark fin may cause sterility because of mercury and other heavy metals contamination," said Victor Wu, an officer at the United States-based WildAid, "and the risk to men is much higher than women."
 
ငါးမန်းတောင်အခြောက် ၁၀၀ ဂရမ်မှာ  ကယ်လစီယမ်၊ အန်နာဂျီ နဲ့ ဖော့စ်ဖောရပ်တွေ ပါဝင်နှုန်း အမြင့်မားဆုံးဆိုတာ အောက်က ဇယားမှာ ကြည့်ပါ။

Chemical composition of dried shark fins

Water 14.0 g
Protein* 83.5 g
Fat 0.3 g
Carbohydrate 0.0 g
Ash 2.2 g
Calcium 146.0 mg
Phosphorus 194.0 mg
Iron 15.2 mg
Food energy 337 kcal

* The protein of shark fin is deficient in the essential amino acid Tryptophan.
Source: Food composition tables, People's health publication, Beijing
ငါးမန်းတစ်ကောင်လုံးမှာရှိတဲ့ ဆူးတောင် ၈ခုကို ဖြတ်ပြီးတဲ့အခါ ပထမတန်းစား၊ ဒုတိယတန်းစားရယ်လို့ အရည်အသွေးခွဲခြားပြီး ဈေးကွက်သွင်းပါတယ်။ ကြည့်ပါဦး သူ့ရဲ့ ရေယက်ဆူးတောင်တွေ မရှိတော့တဲ့ ငါးမန်းတစ်ကောင်၊ ဒုက္ခိတဖြစ်သွားတဲ့ ငါးမန်းတစ်ကောင်ကို...။

Relative commercial value of shark fins


'Save the sharks, forgo that bowl of fin soup' (ST, Dec 6) ဆောင်းပါးကိုရေးခဲ့တဲ့ Mr Bernard Harrison ရဲ့ အဆိုအရ ၂၀၁၇ခုနှစ်မှာ ငါးမန်းမျိုးနွယ်စု ၂၀လောက် မျိုးတုံးတော့မယ် လို့ ဆိုထားပါတယ်။ အဲဒီဆောင်းပါးဟာ Dr Giam Choo Hooရဲ့ Eat shark's fin soup without feeling guilty (ST, Dec 1) ရဲ့ ဆောင်းပါးကို ပြန်လည် အချေအတင်ရေးထားတဲ့ ဆောင်းပါးပါပဲ။ စိတ်ဝင်စားစရာပါ။ တစ်ဖက်နဲ့ တစ်ဖက် အမြင်တွေ၊ ခံယူချက်တွေ ဖလှယ်ရင်း ရေးလိုက်ကြတာ တစ်ချို့က စားသုံးသင့်တယ်၊ တစ်ချို့က မစားသုံးသင့်ဘူးနဲ့ တကယ့်ကို အချေအတင် ဆွေးနွေးခဲ့ကြတာ။

၂၀၁၀ခုနှစ် စာရင်းအရ တစ်နှစ်မှာ ငါးမန်းကောင်ရေ သန်း ၇၀ကနေ ၇၅သန်းအထိ ဖမ်းကြရတယ်လို့ဆိုတယ်။ ရှင်းရှင်းလေးပါပဲ။ ဝယ်လိုအားများနေသမျှ ရောင်းလိုအားက လိုက်များပေးနေရတော့မှာပါပဲ။ ဒါပေမဲ့ သတိပြုဖို့က ငါးမန်းမျိုးနွယ်တွေဟာ အကန့်အသတ်ရှိပါတယ်။ ငါးမန်းမျိုးနွယ်တွေရဲ့ သက်တမ်းက များသောအားဖြင့် အနှစ် ၂၀ကနေ အနှစ် ၃၀ထိ ရှိတတ်ကြပြီး spiny dogfish နဲ့ Whale sharks မျိုးနွယ်စုတွေက အနှစ် ၁၀၀ကျော် အသက်ရှည်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် ၁၃နှစ်က ၁၅နှစ်အတွင်းမှာ ငါးမန်းပျို-ငါးမန်းအပျိုမတွေ ဖြစ်လာပြီး ချစ်မှုရေးရာ အိမ်ထောင်သားမွေး ပြလုပ်တတ်ကြပါသတဲ့။ အဲဒီမှာ ပြုံးချင်စရာလေးတစ်ခု ဖတ်မိတာက ငါးမန်းမတွေမှာ ငါးမန်းထီးကိုက်ရာလေးတွေ ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါးမန်းထီးက ငါးမန်းအမကို သူ စိတ်ဝင်စားကြောင်း ပြတဲ့အနေနဲ့ ကိုက်ခြင်းပါတဲ့။ ဒါကြောင့်လည်း သဘာဝကြီးက ငါးမန်းမတွေကို အရေခွံ (အသား)ပိုထူပေးထားရတာကိုး။

The bite marks may also come from courtship behavior: the male may bite the female to show his interest. In some species, females have evolved thicker skin to withstand these bites.

ဟာဝိုင်အီမှာတော့ ၂၀၁၁ခုနှစ်  ဂျူလိုင်လက စလို့ စားသောက်ဆိုင်တွေမှာ ငါးမန်းတောင်ဟင်းချိုရောင်းချ  ခွင့်ကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ ငါးမန်းတောင်ဟင်းချိုရောင်းချ ခွင့်ကို တရားဝင် ပိတ်ပင်တဲ့ ပထမဆုံးသော အမေရိကရဲ့  မြို့လေးတမြို့ပါ။ မကြာခင် ကမ္ဘာအနှံ့က တခြားမြို့လေးတွေကိုပါ ပြန့်နှံ့ဖို့ မျှော်လင့်ရပါတယ်။ တချို့ကလည်း ခုလို ရောင်းချခွင့် ပိတ်ပင်မဲ့အစား ငါးမန်းတောင်ဟင်းချိုတစ်ခွက်ရဲ့ ရာဇဝင် ကိုသာ ပြန့်အောင်၊ လူတွေသိလာအောင် လုပ်ဖို့ လိုအပ်တယ်လို့ ဆိုကြပြန်ပါတယ်။ ဒါကတော့ လူတွေရဲ့ ကိုယ်ချင်းစာစိတ်၊ နုညံ့တဲ့ စိတ်နှလုံးအပေါ် ယုံကြည်သေချာတဲ့စိတ်နဲ့ ပြောတာ ဖြစ်ပါတယ်။

ကျွန်မလိုပေါ့။ မသိခင်က သောက်ခဲ့ပေမဲ့ မက်သယူးပြောပြလို့ စာနာစိတ်တွေနဲ့ အင်တာနက်တွေမှာ ပြန် ရှာဖတ်ရင်း အတည်ပြု၊ ပြီးတော့ ခုထိ လုံးဝ မသောက်တော့တာ။ အဲလိုပဲ ကျွန်မလို မသိလို့ သောက်ဖြစ်နေကြတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်ပြီး ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ တစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က သုံးယောက်နဲ့ တဖြည်းဖြည်း သိသိလာကြဖို့၊ သိပြီး ရှောင်ကြဉ်ကြစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ 

"Say no to shark fin soup"


Ref. and Image credit :


25 comments:

  1. shark fining ဆိုပြီး ယူကြုမှာ ရှာကြည့်တာ တွေ့တယ် ။ ဖမ်းတဲ့သူတွေက ဓါးနဲ့ ငါးမန်းတောင်ကိုဖြတ်ပြီး ကိုယ်ထည်ကိုရေထဲကန်ချတာကိုတွေ့တယ် ။ ပထမထင်တာက ကိုယ်ထည်ကိုလည်းစားလို့ရတယ်ထင်တာ ။ :)

    ReplyDelete
  2. ဟင်....အဲလိုကြီးလား....မသိလို့သောက်ခဲ့မိတာပါ။ သနားစရာကောင်းလိုက်တာ။
    တော်ပြီ နောက်ဆို မသောက်တော့ဘူး။ :(

    ReplyDelete
  3. ငါးမန်းက အသားစားလို.မရဘူးလား အဲလိုကြီးမှန်းသိရင် မသောက်တော.ဘူးနော်

    ReplyDelete
  4. ငါးမန်းကို အပြင်မှာတောင် မမြင်ဖူးသေးပါဘူး တီဗွီထဲမှာပဲကြည့်ဖူးတာ ။

    ဗဟုသုတ ရစရာပို့စ်လေးအတွက်ကျေးဇူးပါ အစ်မရေ့ ။

    ReplyDelete
  5. I wont take shark fin soup anymore.Thanks for sharing......Chit

    Gyidaw

    ReplyDelete
  6. ဗဟုသုတ အဖြစ် ပြောပြခဲ့ပါရစေ။ ကျနော်တို့ ရခိုင် ဒေသ ( ကျန်တဲ့နေရာတွေ မသိပါ၊ မောင်တော မြို့နယ် ဘင်္ဂလား ပင်လယ်အော်ဒေသ )မှာတော့ ငါးမန်းကို တောင်ပံဟင်းချို အတွက်မဟုတ်ဘဲ၊ ငါးခြောက် ပြုလုပ်ဖို့အတွက် ပင်လယ်ထဲက ဖမ်းယူပြီး စားသုံးကြပါတယ်။ ငါးမန်း ဆိုလို့ Jaws ရုပ်ရှင်ထဲကလို လူကို ကိုက်စားနိုင် လောက်အောင် ( သို့မဟုတ် ) ကိုက်စားလေ့ရှိတဲ့ ကြီးမားတဲ့ ငါးမန်းတွေ မဟုတ်ပါ။ ဒါကြောင့် အဲဒီ ဒေသမှာ မိကျောင်းကိုက် ခံရတယ် လို့သာ ကြားဖူးပြီး ငါးမန်းကိုက် ခံရတယ်လို့ တခါမှ မကြားဖူးပါ။ Jaws ထဲက ငါးမန်းနဲ့ ပုံစံချင်းတူပေမဲ့ တတောင်၊ နှစ်တောင်လောက် အရှည်ရှိတဲ့ အကောင်တွေပဲ အတွေ့ရများပါတယ်။ အခြားငါးတွေလို ဥကမွေးတာ မဟုတ်ဘဲ အကောင်လိုက် မွေးတယ်ဆိုလားမသိ၊ ကြားဖူးပါတယ်။

    ဗမာပြည်မက တာဝန်နဲ့လာတဲ့ ဗမာ ဝန်ထမ်းတွေ၊ စစ်သားတွေဟာ ရောက်ခါစမှာတော့ ငါးမန်းသား / လိပ်ကျောက်သားတို့ကို မစားရဲကြပါဘူး။ ဒါပေမဲ့ နောက်တော့ စားတတ်သွားကြ ပါတယ်။ ငါးမန်း ခြောက်ကိုပြုတ်ပြီး ငရုပ်သီးစိမ်းထောင်း၊ ကြက်သွန်နီ ဖြူတို့နှင့် သုပ်ထားတဲ့ အသုပ်က တောအရက်နှင့် အမြည်းလုပ်ဖို့ လိုက်ဖက်လှပါတယ်။ ငါးရံ့ခြောက် ဖုတ် အသုပ်လိုပဲ သဘောထားနိုင်သော် အင်မတန် စားကောင်းတဲ့ အသုပ်တမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ချင်းအတူတူ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင်၊ တနင်္သာရီ ဖက်တွေမှာ ငါးမန်း မရှိတာလား၊ ဖမ်းမိ ရင် ပြန်လွှတ်ခဲ့ကြလို့လား မသိ။ ရန်ကုန်ကဈေး တွေမှာ ငါးမန်းမတွေ့မိပါ။ ကျနော်ကတော့ ဘူးသီးတောင်၊ မောင်တော ဖက်မှာ မွေးတာ ဖြစ်၍ ( ရိုဟင်ဂျာ မဟုတ်း)) ငါးမန်းသား စားပြီးကြီးလာ သည်ဟုပင် ဆိုနိုင်ပါကြောင်း..း))

    ReplyDelete
  7. ငါးမန်းသားတော့ အရင်က စားဖူးတယ်။ ငါးမန်းကို ဆူးတောင်ပဲ ခုတ်ပြီး ပြန်လွှတ်တယ်ဆိုတာ အခုမှ ကြားဖူးတယ်။ ငါးမန်းဆူးတောင်ဟင်းချိုဆိုလည်း အခုမှပဲ ကြားဖူးတယ်။ လောလောဆယ်တော့ ငါးမန်းသားမှမဟုတ် ဘာသားမှကို မစားဘူး။

    ReplyDelete
  8. ဒီလို ရက်ရက်စက်စက် နည်းလမ်းနဲ့ ရလာတဲ့ ဟင်းချိုမှန်း မသိခဲ့ရိုးအမှန်ပါ။ ရှောင်ပါပြီ။ ကျေးဇူးလည်းတင်တယ်။ ကုသိုလ်လဲ ရကြပါပြီ။ facebook မှာ share ခွင့် ရရင် ပိုကောင်းမယ်။

    ငါးမန်းတောင် ဟင်းချို ရှောင်တော့မယ့်
    တောင်ငူသား

    ReplyDelete
  9. Thank you ma ma CKA for sharing those knowledgeable facts. Take care!
    Mon Petit Avatar

    ReplyDelete
  10. သြ မြန်မာပြည်မှာတော့ အဲလိုပြန်မလွှတ်ဘူး ထင်တယ်နော် အသားလည်း စားတာကိုး

    အဲဒီနိုင်ငံတွေမှာတော့ အတောင်သစ်ပြန်ပေါက် အောင်များလွှတ်ပြစ်သလားမသိဘူး ငါးတွေ သနားပါတယ်

    အမ ကတော့ အဲဒီဟင်းချိုလည်း မသောက်ဖူးဘူး အသားလည်း မစားဖူးဘူး

    ကျေးဇူး ချစ်ကြည်အေး ရေ

    ReplyDelete
  11. @တောင်ငူသား>> ဖဘမှာ ရှယ်ချင်ရင် ရှယ်လို့ရပါတယ်။ ကျေးဇူးပါ တောင်ငူသားရေ...:))

    ReplyDelete
  12. အစ်မချစ်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုံ့ဆော် တဲ့ ပို့စ် အတွက် ကျေးဇူးပါဗျား။ မလေးရှားက တချို့ စားသောက်ဆိုင် ကြီးတွေမှာ တော့ ငါးမန်းတောင် ဟင်းချို မရောင်းကြောင်း WWF, MNS, WCS က အသိအမှတ်ပြု ဂုဏ်ပြုစာတန်း တွေကို တလေးတစား ချိတ်ပြီး သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းတဲ့ ဆိုင်အဖြစ် ဂုဏ်ယူကြတယ်။

    @ပြည်ကောင်းအောင်။ ။ငါးမန်း ကလဲ သွေးအေးသတ္တ၀ါ ဖြစ်ပြီး ဥကပေါက်တာပါ။ နို့တိုက်သတ္တ၀ါ တွေဖြစ်တဲ့ ဝေလငါး နဲ့ လင်းပိုင်ပဲ အကောင် လိုက် ပေါက်ပါတယ်။ စကားမစပ် ရခိုင်ငါးမန်းခြောက် သုပ် တော့ ကြိုက်တယ် ဗျား။ :)

    ReplyDelete
  13. ငါးမန်းကတော့ အသားလည်း မစားဖူးဘူး၊ တောင်ပံ ဟင်းချိုလည်း မသောက်ဖူးဘူး၊ နောင်လည်း သောက်ဖြစ်ဖို့ အလားအလာ မမြင်ပါဘူးဗျာ၊ လူတွေကို ပိုပြီး aware and sensitive ဖြစ်လာဖို့ ဒီလို ပို့စ်တွေ အများကြီး လိုပါတယ်၊ တဆက်တည်း သတိရမိတာက ဖျံတွေနဲ့ ဝေလငါးတွေကို ဖမ်းနေကြတဲ့ အကြောင်းတွေ..။

    ReplyDelete
  14. သောက်ပါဘူးဗျာ...၊သောက်နိုင်တဲ့အင်အားလဲရှိပါဘူး..:D
    ငါးမန်းတွေကို ပြန်လွှတ်လိုက်တယ်လား...အတော်ရက်
    စက်တာပဲနော်...သနားစရာ...:(

    ReplyDelete
  15. ဟုတ်တယ်အမ၊ အရမ်းသောက်တဲ့ ဟောင်ကောင်မှာတောင် လူငယ်တွေကစပြီး ရှုံ့ချနေကြပြီ၊ ကျနော့်အိမ်သူလည်း နဂိုကအရမ်းကြိုက်တယ်၊ နောက်သူ့ကိုဒီအကြောာင်းပြောပြတော့ ဒီနောက်ပိုင်း မသောက်တော့ဘူး ပြောတာပဲ။

    ReplyDelete
  16. http://onlinepyadaik.com/profiles/blogs/forward

    ဟဲဟဲ.. ဟဲဟဲ..

    ReplyDelete
  17. ဇွန့်ကိုများ ဦးတည်ပြီး ရေးလိုက်သလားလို့ အစ်မချစ်ရယ်။ အပြင်မှာဆို ကိုယ့်ဘာသာစားရင်တော့ တစ်ခါမှ မမှာဖြစ်ပါဘူး။ မင်္ဂလာဆောင်နဲ့ ရုံးဒင်နာမှာတော့ ကြုံကြိုက်လို့ သောက်ဖြစ်သွားတယ်။
    သူ့ရာဇ၀င်ကို မသိခဲ့လို့ပါ။ါ်( နောက်ဆို... မသောက်တော့ဘူးနော်။
    ဒီပို့စ်လေးနဲ့ သတိပေးလို့ ကျေးဇူးပါ ချစ်မ။

    ReplyDelete
  18. တော်ပါသေးတယ်။ ခုထိကို မသောက်ဖူးသေးတာ။

    ReplyDelete
  19. မမစီကေအေ ဘာလို့  သူများလို ခေါင်းစဉ်လှလှ မပေးတတ်တာလဲ မသိပါဘူး။ ဘာတဲ့ ငါးမန်းတောင် ဟင်းချိုရဲ့  အကြောင်းတဲ့။ မက်သယူးကို ခင်တဲ့ ပုံချင်းလဲ တူတယ်။ ခွိဟိဟိ

    ReplyDelete
  20. ညီမကအစကထဲကမသောက်တာအဲဟင်းချိုကိုလေ..
    မသောက်ဖြစ်တာပေါ့...
    စားသောက်ဆိုင်တွေသွားလည်း..အဲဟင်းချိုမသောက်
    ရဲလို့မသောက်ဘူး
    မကြီးချစ်ပြောမှသေချာသိတော့တယ်..
    ငါးမန်းတောင်ဟင်းချိုတခွက်ဖြစ်ဖို့အတွက်
    ငါးမန်းတွေနာကျင်ခံစားပေးရတာကို..
    နောက်လည်းဘယ်တော့မှမသောက်ဘူးနော်..

    ReplyDelete
  21. မမချစ်ရေ..မမဆီအလည်လာရင်းနဲ့မှ
    ဒီဗဟုသုတမျိုးကိုရသွားပါတယ်..
    အရမ်းကိုကျေးဇူးတင်ပါတယ်
    သတ္တ၀ါတွေကိုစာနာသင့်ပါတယ်..

    ခင်မင်လေးစားစွာဖြင့်.

    မဒမ်ကိုး

    ReplyDelete
  22. :-( i dont want to eat in future. thanks for the knowledge.

    ReplyDelete
  23. I loved your blog and eapecially your post about Blogger: ချစ်ကြည်အေး - Post a Comment. Thank you very very much for your work.

    ReplyDelete
  24. စိတ်မကောင်းစရာပဲ။ ဝက်သားမစားတဲ့သူတွေ ၁.၃ ဘီလီယံတောင်ရှိတာ။ သူတို့တွေ ဝက်သားလိုက်စားရင် ဝက်ကြိုက်တဲ့တို့တွေလျှော့စားနေရဦးမယ်။ ဒီလိုပဲပေါ့ ငမန်းတောင်ဟင်းချိုကြိုက်သူတွေ ဒီပို့စ်ကိုဖတ်ပြီးဝမ်းသာမှာ မြင်ယောင်သေးတယ်။

    ReplyDelete
  25. စလုံးက ညဈေးခင်းတွေမှာ ရောင်းတဲ့ ငါးမန်းတောင်ဟင်းချိုကတော့ ငါးမန်တောင် အစစ်ဖြစ်ပုံ မရလို့ တခါတလေ သောက်ပါတယ်လေ။ ငါးတွေ ဂဏန်းသားတွေနဲ့ ချက်တာ ဖြစ်ဖို့များတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...