Monday, July 4, 2011

အရူးတစ်ယောက် လမ်းပေါ်မှာ...


အရူးက ပြောနေတယ် တတွတ်တွတ်ပဲ ငါ့ခေါင်းထဲက တရွရွထိုးနေတဲ့ပိုးတွေ ကူထုတ်ပေးကြပါတဲ့ အရူးက အော်ဟစ်နေတယ်  နေစမ်းပါဦး ခင်ဗျားတို့က ဘာလဲ ခင်ဗျားတို့ကရော အရူးမဟုတ်လို့လား လူ့ဘဝကြီးဟာ ဒုက္ခတွေနဲ့ ဝတ်မှုန်ကူးထားတဲ့ ပျားရည်  ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ ခင်ဗျားတို့ ဘာသိလို့တုန်း အသားတွေ ငါးတွေ အသီးအရွက်တွေတောင် တောက်စင် အဆိပ်တွေ ဖြစ်ကုန်ပြီ မက်ကောင်းဒီဇီးတဲ့ ဝက်နားရွက်ပြာတဲ့ အီကိုလိုင်းတဲ့ ဟိုဟာမစားရဲ ဒီဟာမစားရဲ ကမ္ဘာကြီး အဆိပ်တွေ တက်လိုက်ပုံက ခဲခဲလှူပ်   ရှုနေတဲ့ လေတွေထဲ အဆိပ်ငွေ့တွေ ပါမနေဘူးလို့ ခင်ဗျားလည်း မသိနိုင်ဘူးလေ  အရူးက လွယ်အိတ်ထဲက တစ်ရှူးစတွေထုတ် ခပ် သေးသေးလေးဖြစ်အောင် လုံးပြီး နှာခေါင်းပေါက်ထဲ ထိုးထည့်လိုက်တယ် ဘယ်ဘက်ပြီး ညာဘက် ဟုတ်ပြီ ခုမှ စိတ်ချသွားဟန်နဲ့ ပြုံးတယ် ကြွက်ပြုံးကလေး   အရူးက ကား လာနေတာတွေ့လို့ ပလက်ဖောင်းပေါ် ခုန်တက် ရှောင်လိုက်တယ်  ဘေးဘီဝဲယာကို မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကြည့်တယ် ပြီးတော့ လွယ်အိတ်ကို ငုံ့ကြည့်ပြီး ခပ်တင်းတင်း ဖိကိုင်လိုက်တယ် ဟော ဟိုမှာ ဖုကောက် အဲဒီအထဲ ရင်ကော့ဝင်သွားတယ်  စားပွဲပေါ်က မသိမ်းရသေးတဲ့ ထမင်းတဝက် ဟင်းတခွက်အကျန်တွေကို စားနေတဲ့ ငှက်တွေကို မောင်းထုတ်ပြီး သူ အားပါးတရ စားလိုက်တယ် လက်နှစ်ဖက်လုံးနဲ့ ကြုံးကြုံးပြီး စားတယ် ခင်ဗျားတို့ ဘာသိလို့လဲ အာဖရိကကို သိလား WFS ကြားဖူးလား FAOရော သိလား လူတွေ ဘယ်လောက် ဆာလောင်နေကြတယ်ဆိုတာရော သိလား ခက်တယ် ခင်ဗျားတို့လူတွေ ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ ပြီးတော့ ကားလမ်းမအလယ် ထွက် ဘတ်စ်တစီးကို လက်ပြ တားစီးလိုက်တယ် ကားပေါ်ရောက်တော့ ဘေးဘီဝဲယာကို အကဲခတ်တယ် စိတ်ချရပြီဆိုမှ လွယ်အိတ်ထဲက တစ်ရှူးစတွေ ထုတ်ပြီး မျက်နှာပေါ်တည့်တည့်ထိုးနေတဲ့ အဲကွန်းက လေပေါက်တွေထဲ ထိုးထည့်လိုက်တယ် အဆိပ်တွေ အဆိပ်တွေတဲ့ ပါးစပ်ကလည်း ရွစိရွစိ ရွတ်လို့  ဂိတ်ဆုံးရောက်တော့ ကားပေါ်က မဆင်းသေးဘဲ ဒီကား နတ်ပြည်ရောက်လားတဲ့ မောင်းသူကို မေးတယ် ခေါင်းခါပြလိုက်တော့ ဟာ ကားမှားစီးမိပြီ ဆောရီး ဆိုပြီး ကားပေါ်က ခုန်ဆင်းလိုက်တယ် စိတ်သွားရာနောက် ကောက်ကောက် ပါအောင် လျှောက်နေတဲ့ ခြေထောက်တွေနဲ့အရူးဟာ တနေရာရောက်တော့ ခုံတန်းတခုမှာ ထိုင်လိုက် တယ် ဘေးဘီဝဲယာကို မျက်လုံးစွေပြီး အကဲခတ်တယ် သေချာပြီဆိုမှ လွယ်အိတ်ထဲက ပစ္စည်းတွေကို ခုံပေါ် သွန်ချလိုက်တယ် ဘီးအကြိုးတချောင်း တစ်ရှူးသုံးထုပ် နားဖာကလော်တချောင်း ငှက်မွှေးနားကြပ်တံတခု သတင်းစာစက္ကူတထပ် ငွေအကြွေစေ့တွေ မှန်တဘက်ပြုတ်နေတဲ့ ကော်ကိုင်း မျက်မှန်တလက် ဘောက်ချာဖြတ်ပိုင်းတွေ   စုဆောင်းမိသမျှ ပစ္စည်းတွေကို  လက်နှစ်ဘက်နဲ့  ဝလုံးပုံဝိုင်းပြီး ထွေးပိုက်ထားရင်း မျက်လုံးတွေအရောင်တလက်လက် ထွက်လာအောင် တစိမ့်စိမ့် ပြုံး ကြည့်တယ် အားရပြီဆိုမှ လွယ်အိတ်ထဲ ပြန်သိမ်းလိုက်တယ် ဘေးဘီဝဲယာကို ကျီးကြည့် ကြည့်တယ် လူတယောက် သူ သိတ်မသင်္ကာဘူး သူ့လွယ်အိတ်တွေကို စိုက်ကြည့်နေလိုက်တာ သူ အဲဒီနေရာက အမြန်ပြေးထွက်လိုက်တယ် လွယ်အိတ်ကြီးကိုလည်း လက်တဘက်က ခပ်တင်းတင်း ဖိအုပ်ကိုင်လို့ ပြေးနေတယ် ဟော ရှေ့မှာ မြစ်ကူးတံတား အရူးဟာ ဆက်ပြေးတယ် ရှေ့ဆက်ပြေးတယ် တခုခုကို တွေးမိဟန်နဲ့ ခဏရပ်လိုက်တယ် လွယ်အိတ်ကို ရင်ခွင်ထဲ တင်းတင်းပိုက်လိုက်ရင်း အော်ဟစ်ရယ်လိုက်သေးတယ်  စိတ်ကြိုး ပြတ်နေတဲ့ အရူးဟာ သူ မကြာခင်မှာပဲ နတ်ပြည်ရောက်တော့မှာလို့ ခပ်ပြုံးပြုံး ပြောနေရင်း ရေထဲ ဝုန်းကနဲ ခုန်ချလိုက်တယ် ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ


ဝေါဟာရ
တောက်စင်-Toxin
မက်ကောင်းဒီဇီး-Mad Cow Disease
အီကိုလိုင်း-E.Coli
WFS-World Food Summit
FAO-Food and Agriculture Organization
ဖုကောက်-Food Court


20 comments:

  1. အင်း..လွန်ခဲ့တဲ့တလလောက်က..အဲလိုအရူးလိုလုပ်ဖို့ခနခနကြံစည်မိပါရဲ့
    ခုမှသာ.............
    လာအားပေးသွားပါတယ်..မချစ်ရေ...
    ခင်မင်လျှက်
    ချစ်ခြင်းအလကာင်္

    ReplyDelete
  2. ဟာ...အဲ့လိုတော့ မကြံကောင်း မစည်ရာ မလုပ်လိုက်ပါနဲ့ ညီမရယ်...ဟဟဟ၊ အားပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ...:)

    ReplyDelete
  3. FAO, OIE, H1N1, MDGs,Global Warming,Noise Pollution,STDs, sometimes I believe we don't deserve this world as we are just destroying it piece by piece. Take care Ma Ma.
    Mon Petit Avatar

    ReplyDelete
  4. လွယ်အိတ်ကတော့ ရှယ်ပဲ၊ အဲဒါကြောင့် အရူးလွယ်အိတ်လို့ ခေါ်ကြတာဖြစ်မယ်၊း)
    ကြည့်ရတာ ဒီအရူးက Environmentalist ကနေ ရူးသွားတာဖြစ်ရမယ်၊ သူ မကယ်နိုင်တော့တဲ့ ကမ္ဘာကနေ သူလွယ်နိုင်တဲ့ လွယ်အိတ်တစ်လုံးနဲ့ စွန့်ခွာသွားရ ပုံပါပဲ..၊ မိုက်တယ် အမချစ်ကြည်..။

    ReplyDelete
  5. ကိုညီလင်း ဒီတခါ အရူးနဲ့တွေ့မှ ဘာ့ကြောင့်ရူးသွားလဲ မေးကြည့်လိုက်မယ်လေ၊ သူ့ကို ဟိုးအရင် ပထမဦးဆုံးအလုပ်တုန်းက ခဏခဏတွေ့တယ်၊ ကဗျာထဲကလိုပဲ တစ်သျှူးတွေ နှာခေါင်းထဲ ထည့်၊ ကားအဲကွန်းတွေ ပိတ်နဲ့လေ ဒီကဗျာက သူ့ကို သတိရပြီး ရေးလိုက်တာ....:)

    ReplyDelete
  6. ပန်းချီMon Jul 04, 03:01:00 PM GMT+8

    တိုက်တိုက်ဆိုင်ဆိုင် မနေ့က လူတစ်ယောက်ဂါထာမန္တရားတွေ ရွတ်နေတာတွေ့ခဲ့တယ်..။ သူ့နားကပ်သွားမိရင် မျက်စိတစ်ဖက်ဖွင့်ကြည့်ပြီး ချက်ချင်းပြန်မှိတ်ရွတ်ပြန်တယ်..။ ကမ္ဘာကြီးကို ဂါထာရွတ်ပြီးကာကွယ်နေပုံပဲ..းD မမ ကဗျာထဲကလူမပြောနဲ့ ဒီမှာလဲခေါင်းထဲကပိုးတွေ ထုတ်ပေးပါလို့ အော်ချင်နေတာ..ခုတလောလေး အရှုပ်တွေလုပ်ပြီး ခေါင်းကိုက်လွန်းလို့..

    ReplyDelete
  7. ခံစားချက်တွေများလို့ ပေါက်ကွဲသွားတာလား.. မွန်းကြပ်မှုတွေများလို့ လွတ်သွားတာလား .. ထွက်ပေါက်ကို ရှာတွေ့သွားတာလား .. အရူးတစ်ယောက်အစားစဉ်းစားမိတယ်။ လောကကြီးမှာနေရတာ ဘယ်နေရာမှ ထွက်ပေါက်မရှိတော့ရင် ခုလိုလုပ်တတ်ကြတယ် ထင်ပါရဲ့။

    ReplyDelete
  8. အင်း....ကမ္ဘာကြီးဖျားနာနေတာကိုမကြည့်ရက်တော့လို့ ရေထဲခုန်ချသွားထင်ပါ့....။စကားလုံးတွေကရှယ်ပဲ
    ဗျာ......မိုက်ဒလယ်.....:)

    ReplyDelete
  9. ဒေါ်ချစ်စာဘတ်ပြီးတော့ ရူးချင်ချင်ဖြစ်သွားတယ်

    အင်းလေ ခေတ်က မကောင်းတော့ ရူးချင်ယောင်ဆောင်ရတာတောင် ရူးကြောင်ကြောင်ဖြစ်တယ်

    အရူးစစ်က ပိုများ

    ReplyDelete
  10. The fool may represent some of us.In those days,we can have drinking water from anywhere....bottled water now.I often think of the poem we learnt in high school lesson"thant thant sin sin ye ko myin lhat,ye twin sait kho par lay no hnit soe htat ma thout thar pyi"I don't like any kind of polution.So i'm away from celebration of fireworks at fete de Geneve just around my place.It will start next week.I may be one of the fool:P
    Gyidaw

    ReplyDelete
  11. ဖတ်ရူး ရူးချင်လာသလိုလို ခံစားရတယ်။ ဒါလဲ ကူးစက်ရောဂါတစ်မျိုးဘဲ ဖြစ်မယ်။
    သေချာစဉ်းစားကြည့်လိုက်တော့လဲ လောကကြီးမှာ စိတ်အချမ်းသာဆုံးလူသားဟာ အရူး ပါဘဲလေ။

    ခင်မင်လျက်

    ReplyDelete
  12. အဲ့လိုသာ ရူးပလိုက်ချင်တော့တယ် မချစ်ရယ်..
    အရူးက တမူးသာတယ်လို့တော့ မပြောကြ နဲ့ နော်..
    တာ့တာ..း)))) ၊
    ဟမ်.. မိချောင်း နဲ့ ငါးမန်း ကြောက်လို့ နောက်တခေါက်မှ တာ့တာ တော့မယ်...း))))))

    ReplyDelete
  13. ညီမပန်းချီ...လာလေ ခေါင်းထဲကပိုးတွေ တူတူထုတ်ကြတာပေါ့...

    ချော...အင်းးးဒီကမ္ဘာမှာ လူလုပ်စားရတာ တယ်မလွယ်ပဲကိုး ချောရဲ့ :)

    မောင်ညိမ်း ဟုတ်မယ်...ကမ္ဘာကြီးကလည်း ရုံခါနေပါပြီဟာ...

    တီ...ရူးချင်ယောင် ဆောင်မနေနဲ့ ရူးချင်ယောင် ဆောင်မနေနဲ့...ကိုလေးဖြူသီချင်း သတိရသွားးး)

    ချစ်သော ဂျီးဒေါ် ပုထုဇဉ်တွေဟာ ဥမ္မတကောလို့ ဆိုတယ်မို့လား၊ တယောက်ကို စိတ္တဇတမျိုးဆီပေါ့လေ....:)

    တုံးဖလား သူကြီးရယ်...အရူးလည်းမကောင်း၊ အကောင်းလည်း မကောင်းတာပါဗျာ...:)

    ကိ ငါးမန်းတွေ မိကျောင်းတွေက မွေးမြူရေးကန်ထဲမှာ ဒီမှာ မရှိဘူး လာ လာ ရဲရဲသာ ခုန်ချလိုက်...:)

    ကော်မန့်များအားလုံးအတွက် ရှဲ့ရှဲ့....:)))

    ReplyDelete
  14. ဖတ်လို့ကောင်းလိုက်တာ အမရေ.. သရုပ်ဖေါ်ကောင်းလို့ စာဖတ်ရင်းနဲ့ မျက်စေ့ထဲမှာ အရူးပုံစံကို မြင်ယောင်မိသွားတယ်။ တခါတလေတော့လည်း စိတ်သွားရာ လုပ်ခွင့်ရတာဟာလည်း ချမ်းသာခြင်းတစ်မျိုးပါဘဲ..

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)Tue Jul 05, 08:16:00 PM GMT+8

    အဲဒီအရူးက ပိုက်ဆံတွေ လိုက်ဝေနေရင် ကျနော့်ကိုလည်း လက်တို့ပါအုံး ...:P

    ReplyDelete
  16. အဆိပ်တက်နေတဲ့ ကမ္ဘာထဲက မြန်မြန်ပြေးထွက်ချင်ပါပြီ။ ဒါနဲ့ အခု မချစ်ကြည်မောင်းနေတာ နတ်ပြည်ရောက်တဲ့ လမ်းဟုတ်ရဲ့လားဟင်...

    အရူး မိုးယံ

    ReplyDelete
  17. ညီမ မအိမ်သူ>> အင်း သူက စိတ်ကြိုးတွေ ပြတ်နေသူလေ...မသိတာက တခါတလေမှာ သိတာထက် ကောင်းနေသလိုလို....:)

    ကိုအောင်...စိတ်ချ လက်တို့လိုက်မယ် ဟိဟိ....စက္ကူပိုက်ဆံတွေတဲ့....:)

    လေမိုးရယ် နတ်ပြည်သွားတဲ့လမ်းလားဆိုတာ ဂိတ်ဆုံးရောက်လို့ မာတလိနဲ့တွေ့မှ သေချာပြီမှတ်... ဟဟဟ :)

    ReplyDelete
  18. အရူးလုပ်စားရရင် ကောင်းမယ်..။

    ReplyDelete
  19. မော်ကွန်းသစ်>>>အဲ... ဒီပိုစ့်ရေးမှပဲ အရူးလုပ်စားချင်သူတွေ များမှန်း သိရတော့တယ် ဟားဟား:)
    လာလည်တာ ကျေးဇူးပါရှင် :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...