စားသွားပြီလား...။ ခေါင်းလေးကုတ် စဉ်းစား၊ မေးစေ့ပွတ် စဉ်းစား၊ မျက်မှောင်ကျူံ့ စဉ်းစား၊ အဘိဓာန် လှန်ဖို့ စဉ်းစားနေသူများ ခဏကလေး နားလိုက်ကြပါ။ ချစ်ကြည်အေး ဒစ်ရှင်နရီ အလိုအရတော့ "အာရောဂျံ ပရမံ လာဘံ ကျန်းမာရေးသည် လာဘ်ကြီးတပါး" လို့ အဆိုရှိထားတာကို အင်္ဂလိပ်လို မြန်မာမှုပြုကြည့်လိုက်တာပါ။ ချက်တင်းတွေမှာ ဘားဂလစ်ရှ်နဲ့ ပြောကြသလို ဆိုပါတော့။ အဲသလို လာဘ်ကြီးတပါးလို့ ဆိုထားပေမဲ့ သွားပေးရင် ဘယ်ဌာနကမှ ယူမှာတော့ မဟုတ်ပေဘူးပေါ့။ သို့သော် ကိုယ်တိုင် မကျန်းမာတဲ့ အခါကျမှသာ အဲဒီ ကျန်းမာရေး ဆိုတာကြီးက အင်မတန် အရေးကြီးမှန်း လက်ခံကြရတာ။ ငွေနဲ့ပေးဝယ်လို့မှ မရတာကလား။
ခုတလော ကျမရော အိမ်ကလူကြီးပါ ကျန်းမာရေး မကောင်းလိုက်တာများ...။ သူ့ ရောဂါက ခုထိ ဘာမှန်းကို ရေရေရာရာ မသိသေးတာ။ ခေါင်းကို MRI Scan ရိုက်ပါ ဆိုလို့လည်း ရိုက်ပြီးပြီ။ အထဲမှာ ဦးနှောက်တွေက သူ့နေရာနဲ့သူပဲ ဘာမှ မှားမနေဘူး။ ဒါနဲ့ ဆရာဝန်က အပေါ်ယံ ဖြစ်တာပါ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ်။ ညဘက်ကြီး သူ ခေါင်းတွေ မူးလှချည့် ဆိုပြီး အရေးပေါ်ရောက်သွားသေးတယ်။ NUH က A&E (Accident and Emergency) ကိုပေါ့။ ည ၁၁နာရီက သွားလိုက်တာ မနက် ၂နာရီကျော်မှ အိမ်ပြန်ရောက်တယ်။ သူ့ကို ဆေးခွင့် ၂ရက်ပေးလိုက်လို့ သူက အိပ်ရာထဲ နားနေချိန်မှာ ကျမက မနက်အစောထ၊ ရုံးသွားတက်ရတယ်။ "အချစ်ဆိုတာ မျှဝေ ခံစားခြင်း"ဆိုတဲ့ အချက်ကို အင်မတန် သံသယ ဖြစ်သွားတယ်။
ရွာပြန်တုန်းက သူ့သူငယ်ချင်းတွေနဲ့ ပြောကြ နောက်ကြတာ သတိရမိသေးတယ်။
"ဆရာအောင်သင်းက ပြောတယ်...လေး-သုည ဆေးရုံအဝ တဲ့ကွ ငါတို့များ အသက်၄၀ကျော်မှာ ဆေးရုံအဝ မဟုတ်ဘူး ဟိုးအထဲကိုတောင် အခေါက်ခေါက် အခါခါရှိပြီကွာ" တဲ့ တယောက်က ပြောတော့ နောက်တယောက်က
"လေး-သုည ဆေးရုံအဝဆိုတော့ ငါးဆယ်-သွားမယ်များ ဖြစ်နေမလားကွာ ဟီးဟီး" တဲ့....
ဒါနဲ့ ကျန်တဲ့သူတွေအားလုံးက "အေး အေး မင်းပဲသွား" လို့ ဝိုင်း သမကြတယ်။ တကယ်ပါပဲ ခေတ်ကြီးကိုက လို့ အပြစ်မရှိတဲ့ ခေတ်ကြီးကိုပဲ ဆွဲ ဆွဲ မထည့်ချင်ဘူး။ လူတွေကိုက အနာမျိုး ၉၆ပါး ဆိုတာရဲ့ ဟိုဘက်ကို လွန်နေတော့တာ။ ဖြစ်လိုက်မှဖြင့် ရောဂါတွေက ထူးပေ့ ဆန်းပေ့ဆိုတာတွေချည်း...။
ကျမကတော့ သွေးအားနည်းတဲ့ ရောဂါ။ သွေးနီဥနဲနေတဲ့ ရောဂါ။ Anaemic လို့ ခေါ်ပါတယ်။ ကြာလှပါပြီ အဲဒီရောဂါက ကျမအတွက် အိမ်သည်လို ဖြစ်နေပါပြီ။ ဘာမှ မလုပ်ရဘဲကို ပင်ပန်းနေတတ်ပေမဲ့ ကိုယ်လုပ်ချင်တာလေးများ လုပ်နေရရင်ဖြင့် ပင်ပန်းတယ်ကို မထင်တာ။ မတ်တတ်နာဆိုတော့ကာ လူတွေက ကျမကို ဟိုပွဲမှာလည်းတွေ့၊ ဒီပွဲမှာလည်းတွေ့နဲ့ နေသာမကောင်းဘူး ဆိုတယ် ပြင်ဆင် ဝတ်စားလို့ နေရာတိုင်းမှာ သူ့မျက်နှာ ဆိုတာလို ဖြစ်နေတော့ လူမမာစာရင်း မသွင်းကြဘူး၊ မသနားကြဘူးပေါ့။ အဲဒါ စိတ်ဆောင်နေလို့သာရယ် အိမ်ရောက်တာနဲ့ လူက ဗုန်းကနဲ အိပ်ရာပေါ် ဆန့်ဆန့်ကြီး ခဏလောက် နေလိုက်ရမှ။ ရောဂါကိုက မူယာမာယာများနေသလိုလို ဖြစ်နေရော။ ဒါပေမဲ့ အိုကေပါတယ်။ ဖြစ်လာမှသာ ဆေးလေးသောက်၊ နားနေလိုက် ပြီးတာပဲ။ ကျမတို့ မိန်းမတွေက အဲသလို...။
တကယ်တမ်း အိမ်ကလူကြီး မကျန်းမာမှ "အမျိုးသမီးများသည် ရောဂါဝေဒနာအား ခံနိုင်စွမ်း၌ အမျိုးသားများထက်ပင် ပို၍ ကြံ့ကြံ့ခံနိုင်ကြပေသည်" ဆိုတဲ့ အဆိုတရပ်ကို ကိုယ့်ဘာသာ တင်သွင်းပြီး မိမိဘာသာ အတည်ပြု ဖြစ်တော့တယ်။ တကယ်ပါပဲ။ ကိုယ်သာ ဖြစ်လိုက်ချင်တော့တယ်။ သာမန် အချိန်မှာ ဘယ်လောက်ပဲ ငါဟဲ့ ယောင်္ကျားနေနေ အဲသလို နာမကျန်းတဲ့ အချိန်တွေမှာ ပီဘိ ကလေးငယ်လေးလိုပဲ။ သူဟာ အရင်က သိတ်ကျန်းမာတဲ့လူ၊ အနာရောဂါ ဝေးလို့ တနှစ်နေလို့ ဆေးခွင့်တရက် မယူတဲ့လူစား၊ ဆေးတလုံး မသောက်တဲ့ လူစားဆိုတော့ ခုလို ဘာဖြစ်မှန်း မသိဘဲ ညနေ ညနေ မူး မူးနေတာဟာ သူ့အတွက်တော့ တကယ့် အပြင်းစားကြီးပဲ။
တချိန်လုံး သူ့မှာ အဲဒီ မူးတဲ့ ဝေဒနာကိုပဲ အာရုံစိုက်နေတော့တယ်။ ခုထိ မမူးသေးဘူး ဆိုတာမျိုး ပြောသေးတယ်။ မူးလာအောင်ပဲ စောင့်နေသလိုလို...ခက်တယ်။ သူ့ရောဂါက ၁၀၀ရာနှုန်းမှာ စိတ်က ၉၉ ရာနှုန်းလောက် ဖြစ်နေတာ ကျမက သိလေတော့ သူ မူးတတ်တဲ့ အချိန်နီးလာရင် သူ့ကို အာရုံပြောင်းပေးဖို့ ကြိုးစားရတယ်။ ကာရာအိုကေ ဆိုပြတာမျိုး၊ အိမ် အပြင် ခေါ်ထုတ်ပြီး စိတ်လက်ကြည်လင်စေတာမျိုး တွေပေါ့။ ဒါပေမဲ့ ဒါကလည်း ခဏပါပဲ။ တရုတ် အပ်စိုက်ကုထုံးနဲ့ ကုကြည့်ဖို့ နောက်ဆုံးသွားပြခဲ့တဲ့ ဆရာဝန်က အကြံပေးခဲ့ပေမဲ့ သူရော ကျမပါ အဲသလို ကိုယ့်အသားထဲ အပ်တွေ အများကြီး အစိုက်ခံရမဲ့အရေး မတွေးဝံ့ဘူး ဖြစ်နေကြတာမို့ မိတ်ဆွေတွေ ဝေမျှတဲ့ ဆေးမြီးတိုလေးတွေနဲ့ပဲ အိမ်မှာ ကုကြည့်ကြတယ်။
၁) ခြေဖဝါးကို ဆားနဲ့ပွတ်ပြီး ခြေမျက်စေ့ မြုတ်အောင် ရေနွေးနွေးထဲ စိမ်ပါ...
၂) ရှားစောင်းလက်ပတ်နဲ့ သကြား ခေါက်ပြီး ရောစားပါ
၃) ဒိန်ချဉ် (အသင့်လုပ်ပြီးသား မဟုတ်) စားပါ
၎) Hot Pad ဇက်ကြောပေါ် တနာရီခြား တခါ ကပ်ပေးပါ
၅) မျက်မှန် ချွတ်ထားရင် မျက်မှန် ပြန်တပ်ကြည့်ပါ
နံပါတ် ၅ ဖြစ်တဲ့ မျက်မှန်တပ်တာက လွဲလို့ ကျန်တာတွေကို ကျမပဲ လုပ်ပေးရပါတယ်။ အလုပ်က အပြန် ချက်ပြုတ် စားသောက် ဆေးကြောပြီးတာနဲ့ ကျမက ထမင်းချက်တဖြစ်လဲ သူနာပြုဖြစ်ရပြန်တယ်။ ပါးစပ်ကလည်း ပျောက်သွားမှာပါ၊ ပျောက်ပြီနော်၊ အတော် ကောင်းလာပြီပဲတို့ ဆိုပြီး အားပေးစကား လုံးချင်း တအုပ်ပြီး တအုပ် ထုတ်ရသေးတာ။ "အိုင် ကန် ဘီ ယူဝါ ဟီးရိုး ဘေးဘေ..." သီချင်းလေးတောင် ဆိုသေး။
အဲဒါတွေအပြင် ခလုတ်ထိမှ အမိတတယ်ပဲ ဆိုချင်ဆို ဘုရားကုလည်း ကုရသေးတယ်။ ဘုန်းကြီးကျောင်း ခေါ်သွားတယ်။ အိမ်က ဘုရားစင်ရှေ့မှာ တရားမှတ်ခိုင်းတယ်။ မူးနေတဲ့ ခေါင်းပေါ်မှာ စိတ်ကို ထားပြီး မှတ်တာမျိုးပေါ့။ ဒါဟာ တကယ်လုပ်သင့်တာပါ။ အနာရောဂါ မပြောနဲ့ သဘာဝဘေးအန္တာရာယ် ရင်ဆိုင်နေရတဲ့ ဂျပန်လို နေရာမျိုးမှာဆိုလည်း ကြိုတင် ကာကွယ်မှုတွေ အပြင် ဗုဒ္ဓနုဿတိ ထုံမွမ်းနေသင့်တယ်။ အဆိုးဆုံးဖြစ်မဲ့ဟာတောင် အသက်သာဆုံးလောက်နဲ့တင် ပြီးသွားနိုင်ပါလိမ့်မယ်။
သူ သက်သာတယ် ဆိုတဲ့နေ့တွေမှာ ကျမ ပြုံးနိုင်ပေမဲ့ အဲသလို ဘက်စုံ ကုနေတဲ့ကြားက တခါတခါ ခေါင်းမူးတယ် ဆိုလာပြန်ရင် ကျမမှာ အိမ်နံရံနဲ့ ခေါင်းသာ အုံးကနဲ ပြေး ပြေး ဆောင့်လိုက်ချင်တော့တယ်။
ခုတော့ ကျမမှာ သူ့မျက်နှာပဲ မှန်လုပ် ကြည့်နေရတဲ့ အဖြစ်။ ကံတူ အကျိုးပေးမို့လို့ လင်ရယ် မယားရယ် ဖြစ်လာတဲ့အခါ ရေမြင့်ရင် ကြာတင့်၊ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုတဲ့ စကားတွေရဲ့ အဓိပ္ပါယ်တွေက အာရုံမှာ ပို ပို လေးနက်ထင်လင်းလို့ လာတယ်။ ဒါတောင် ကျမတို့မှာ သားသမီးရယ်လို့ မရှိကြလို့သာ။ ရှိများ ရှိရင် သူတို့လေးတွေ အတွက်ပါ ပူရဦးမှာ။ ဘာနဲ့မှ လဲလှယ် ဝယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး...။ တကယ်ဖြစ်မှ တကယ်ပူရတော့တာ။ ခုနေများ အလိုချင်ဆုံးဆု တခုတောင်းပါ ဆိုရင် ကျန်းမာရေး ကောင်းပါစေ ဆိုတဲ့ဆုပဲ တောင်းဖြစ်မှာ။
မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း ကျန်းမာရေးအတွက် အနေ၊ အစား၊ ကိုယ်လက် လှုပ်ရှားမှုတွေနဲ့ ကြိုတင် ပြင်ဆင် ထိုးစစ် ဆင်နိုင်ကြပါစေ။ ကျန်းမာခြင်းဆိုတဲ့ ဆုလာဘ်နဲ့ ပြည့်စုံနိုင်ကြပါစေရှင်....
ဟင်.. မပျောက်သေးဘူးလား..
ReplyDeleteပျောက်သွားပြီ ထင်နေတာ..။
အိတ်က်စ်ရေး ရိုက်ကြည့်ပါလား...။
မြန်မြန်ပျောက်ကင်းသက်သာပါစေဗျာ...။
အစ်ကိုကြီး အမြန်ဆုံးနေကောင်းကျန်းမာပါစေ။
ReplyDeleteအမချစ်ကြည်ရေ "အမျိုးသမီးများသည် ရောဂါဝေဒနာအား
ReplyDeleteခံနိုင်စွမ်း၌ အမျိုးသားများထက်ပင် ပို၍ ကြံ့ကြံ့ခံနိုင်ကြပေသည်" ဆိုတဲ့အဆိုကိုထောက်ခံသွားပါ၏။
အမြန်ဆုံးပျောက်ကင်းသက်သာကျန်းမာပါစေ။
ပြုစုမဲ့သူရှိတယ် ဆိုပြီး မိန်းမနဲ့ လူများ တယ် ချူချာတာပဲ..
ReplyDeleteဘာမှမရှိတဲ့သူတွေမှာတော့ သေလောက်တဲ့ရောဂါ ဖြစ်လို့ သေခါမှသေရော
နှာစေးချောင်းဆိုးလေးတောင် မဖြစ်ဘူး
အစ်မအမျိုးသား အမြန်ဆုံး နေကောင်းကျန်းမာပြီး အစ်မတို့ ဇနီးမောင်နှံ ရွှင်လန်းချမ်းမြေ့ပါစေ..
ReplyDeleteအမျိုးသမီးများသည် ရောဂါဝေဒနာအား
ReplyDeleteခံနိုင်စွမ်း၌ အမျိုးသားများထက်ပင် ပို၍ ကြံ့ကြံ့ခံနိုင်ကြပေသည်"
ဟုတ်သလိုလို ရှိသလိုလိုပဲ
စာလာဖတ်တယ် အမရေ...
နေကောင်းပါစေဗျာ...
ဝဲကြောက်တဲ့အမကို link ပါယူသွားပါတယ်...:)
အိမ်ကမေမေလဲ အလိုပဲ ညနေပိုင်းဆိုမူးလာပြီ ဇောချွေးတွေပြန် အရမ်းဆိုးလာရင် အန်..တော်တော်ကြာတယ်။ အနည်းဆုံး ၆ လလောက်ရှိတယ်။ ဒီလိုပဲ ဘာမှန်းမသိဘူး။ နောက်တော့မှ သိတာ အာရုံကြောညှက်တာရယ် အရိုးကြီးပေါင်းတက်တာရယ် တဲ့ ရောဂါက။
ReplyDeleteဘေးက ကြည့်ရတဲ့လူလဲ စိတ်မချမ်းသာပါဘူး။ ခံစားရတဲ့သူကလဲ မသက်သာလှဘူး။ အစ်မပြောသလို
R YoJan Paramen La Ban
ပါပဲလေ။ စာလာဖတ်နေပေမယ့် အရင်ကတော့ နှုတ်မဆက်ဖြစ်ဘူး။
ဒီတစ်ခေါက်တော့ နှုတ်ဆက်သွားတယ်။
ခင်မင်စွာဖြင့်
အစ်ကို နေမကောင်းဘူးဆိုလို့ စိတ်မကောင်းပါဘူး မမ။ တဆက်ထဲ အစ်ကို့ကို မမပြုစုပေးတာတွေကို ဖတ်ရင်း အေးအတူပူအမျှဆိုတဲ့ စကားရဲ့ အနှစ်သာရကိုလည်း ခံစားလိုက်မိပါတယ်။
ReplyDeleteမမလည်း ကျန်းမာရေးကို ဂရုစိုက်ပါဦး။ ညီမလည်း မတ်တပ်နာတွေ ခဏခဏဖြစ်တတ်တော့ ကိုယ်ချင်းစာမိပါတယ်။
အစ်ကိုရော မမရော ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေ...
အမချစ်ချစ် အမြန်နေကောင်းပါစေ
ReplyDeleteအမလည်းဂရုစိုက်ပါ
ထော
အစ်မချစ် ရဲ့ ကိုပန်းသီး အမြန်သက်သာပါစေ ဗျာ။
ReplyDeleteညီမလည်း အဖေနေမကောင်းဘူးလို့ အိမ်က ဖုန်းလာလို့စိတ်ပူနေရတာ။
ReplyDeleteအစ်မရေ ကိုဏီတုန်းကလည်း အဲလို မူးတယ်မူးတယ်ဆိုပြီး ဘာဖြစ်တယ်ဆိုတာ ရှာမရဘူး ဆရာဝန်ပေါင်းစုံနဲ့ပြကြည့်တယ် အဖြေမပေးဘူးတဲ့။ နောက်တော့မှ ဆရာဝန်မတစ်ယောက်နဲ့ တွေ့ပြီး အဖြေသိသွားတယ် ပြောတယ်.. အစ်မ မဖတ်ရသေးရင် ဖတ်ကြည့်ကြည့်လိုက်ဦးနော်.. ဘာဘဲဖြစ်ဖြစ် စဉ်းစားဖို့ အထောက်အကူရမလားလို့ပါ။ http://www.nyelinnnyo.com/2010/09/blog-post.html
အစ်ကိုကြီး အမြန်နေကောင်းသက်သာပါစေလို့
ချစ်သော အစ်မလည်း နေကောင်းကျန်းမာ ရွှင်လန်းပါစေနော်..
အကိုကြီး မူးမူးမနေပါစေနဲ့  ဟမ်...
ReplyDeleteမချစ်ကြည်လည်းဂုစိုက်အုံး ပစ်လဲသွားအုံးမယ်နော်။
မချစ်..အပ်စိုက်တာ..ကောင်းတယ်..မကြေက်နဲ့..
ReplyDeleteခုနောက်ပိုင်း..လေဆာ နဲ့..ပွိုင့်တွေကို ထောက်တာပါ..အပ်တွေ တကိုယ်လုံး စိုက်စရာမလိုပါဘူး..
အမရေ
ReplyDeleteကျွန်မအဖြစ်နဲ့တူလို့ပါ ကျွန်မလဲလွန်ခဲတဲ့၎နှစ်ကဒီအတိုင်းဖြစ်ပါတယ် အထက်ကတယောက် ရေးသလိုပါပဲ အရိုးကျီးပေါင်းနဲ့အာရုံကြောညပ်တာကိုစစ်ကြည့်ပါလားဟင်..
ကျွန်မလဲတကိုယ်လုံးအမျိုးစုံစစ်..resultအကုန်လဲကောင်းပါတယ်
emergency ကိုလဲညကြီးမင်းကြီး နှစ်ခါလောက်ရောက်ခဲ့ရပါတယ် နောက်ဆုံးမှကျီးပေါင်း မှန်း သိရတာပါ
ကျနော်လဲ ခဏခဏမူးတတ်တယ်.. မျက်စိဆရာဝန်နဲ့ပြကြည့်မှ မျက်လုံးမှာ DRy eye ဆိုတဲ့ရောဂါဖြစ်နေတာသိတယ် သူကအရှင်းပျောက်တဲ့ရောဂါမဟုတ်တော့ အမြဲသတိထားနေရတာ. မျက်စင်းဆေးမခပ်မိတာကြာရင် ပြန်မူးတတ်တယ်..
ReplyDeleteR YoJan Paramen La Ban တစ်ပွဲပေးပါအစ်မ... ပဲကြော်နဲ့။
ReplyDeleteဟူး.. မလွယ်ဘူးနော်၊ ၄၀ နား ကပ်ကပ်လာတဲ့ကျနော်တောင် ရင်တုန်ပန်းတုန် ခေါင်းမြီးခြုံဖြစ်နေပြီဗျာ.. အကိုရောအမရော ကျန်းကျန်းမာမာနဲ့ နေ့တိုင်းနေ့တိုင်း ကာရာအိုကေချည်း လှိမ့်ဆိုနိုင်ပါစေဗျာ။
I wish him to get well soon.
ReplyDeleteဆရာဝန်တောင်မသိဘူးဆိုတော့ ကလူသစ်လဲ ဘာပြောရမှန်းတောင်မသိဘူး။ ပထမတော့ ညနေဖက်မူးမူးနေတယ်ဆိုတော့ ခွက်ပုန်းများ ချနေသလား ထင်နေတာ။ မူးတတ်တဲ့အချိန် ဘိခ်ျလေးဘာလေး ခေါ်သွားပြကြည့်ပါလား။ ခေါင်းနဲ့ မျက်စိ လေ့ကျင့်ခန်းလုပ်ဖြစ်သွားတော့ သက်သာချင် သက်သာမှာပေါ့ :P
ReplyDeleteမြန်မြန်ကျန်းမာလာပါစေလို့ပဲ ဆုတောင်းတတ်တော့တယ်။
ReplyDeleteအစ်မရေ ကျွန်မလဲ အဲလိုမူးဖူးတယ် ၁လလောက်ကြာတယ်။ အဲဒါဆရာဝန်ကနောက်ဆုံး လေဆေးနဲ့ ကိုယ်တွင်းအပူကျဆေးပေးတယ်။ သူက အဂ်လိပ်ဆရာဝန်ဆိုပေမယ့် တရုပ်ရိုးရာနည်းနဲ့စဉ်းစားပြီးကုပေးတာ။ တကယ်မူးတာ အာရုံကြောတောဘာတွေကြောင့်မဟုတ်ဘူးဆိုပဲ။ အတွင်းမှာ အပူများပြီး လေတွေပွနေလို့ ဖြစ်တာလို့ပြောတယ်။ နောက်ဆုံးတော့ သူ့ဆေးနဲ့ ပျောက်သွားတယ်။
ReplyDeleteနား ကိုရော စမ်းသပ်ပြီးပြီလား။ နား နှစ်ဖက် pressure မညီရင်လဲ ခေါင်းမူးတတ်တယ်။
ReplyDeleteရောက်တယ် အမရေ။
ReplyDeleteရေးတတ်လိုက်တာများ ဖတ်သူကို မျှဝေခံစားတတ်စေတဲ့အပြင်
အရွှန်းလေးကလဲ ဖောက်သေး။ :)
ဆရာကောင်းသမားကောင်းနဲ့ တွေ့ လို့ အဖြေမှန်ရ
ဆေးတည့် ကျန်းမာပါစေ မရေ။
ဒီလိုအချိန်မှာ အမျိုးသမီးတွေကသာ မိခင်ဆိုလည်းဟုတ်၊
ဆရာဝန်ဆိုလည်းဟုတ် ၊ တကယ့် ကူဖော်လည်းဖြစ်နေတတ်ပြန်တယ် မရေ။ အားလုံး အေးချမ်းပါစေ။
"အမျိုးသမီးများသည် ရောဂါဝေဒနာအား ခံနိုင်စွမ်း၌ အမျိုးသားများထက်ပင် ပို၍ ကြံ့ကြံ့ခံနိုင်ကြပေသည်"
ReplyDeleteIt is true, medical researchers confirm women are more longevity than men.
Best Wishes to all Your Health !
ခေါင်းစဉ်ကိုဖတ်ပြီး တို့ထင်နေတာက မောင်အာရိုးတယောက် ဇန်နဝါရီလမှာ ပန်းရံဆရာအလုပ်လာဖန်နေတယ်လို့ ထင်နေတာ။ ခေါင်းမူးတာက လူတွေရဲ့နားထဲမှာရှိတဲ့ မြေဖြူခဲအမှုန့်ထုပ် အခန့်မသင့်လို့ ဗရုတ်ဗယက်ဖြစ်သွားရင်လဲ ဖြစ်တတ်တယ်လို့သိဖူးတယ်။ ကျောက်သင်ပုန်းမှာရေးတဲ့မြေဖြူခဲရဲ့အမှုန့်တော့မဟုတ်ဘူးပေါ့လေ၊ CaCo3 ကယ်လစီယံကာဗွန်နိတ်လို့သိရတယ်။ Ear Rock လို့လဲခေါ်တယ်တဲ့။ တခြားအကြောင်းရင်းတွေလဲရှိနိုင်ပေမယ့်၊ ကိုယ်ဝန်ရလို့ခေါင်းမူးတတ်တာတော့ ဟုတ်ဟန်မတူပါဘူးလို့ သေချာပြောနိုင်ပါတယ်။ ပျောက်ကင်းအောင် ကုသနိုင်ပါစေဗျာ။ (မောင်ကုသကို အနိုင်ရစေလိုတာမဟုတ်ဘူးနော်၊ တို့က နားရှင်းအောင် မြေဖြူမှုန့်တွေကြောင့် ဒုက္ခမရောက်အောင် ပြောချင်လို့ပါ)
ReplyDeleteအင်း...ရောဂါတွေလဲ များလွန်းတယ်ချစ်ချစ်ရယ် ...ကျန်းမာခြင်းဟာ လာဘ်တပါးဆိုတာ တကယ့်ကိုမှန်တာ .. ။ ချစ်ချစ်ကိုပန်းသီးကြီး မြန်မြန်နေကောင်းပါစေနော် ..
ReplyDeleteအမှန်ပါဘဲ။ အိမ်မှာလည်း နှစ်ယောက်လုံး နေမကောင်းဖြစ်နေတယ်။ ပထမ သူ။ နောက်တော့ကိုယ်ပါလိုက်ပြီး ဖြစ်တာ သူ့ ထက်ပိုဆိုးရော.. အခုတော့ သူကလည်း ရှင်းရှင်းမပျောက်သေး။ ကိုယ်ကလည်း ယဲ့ယဲ့နဲ့ ။ လူပိုကလည်း မရှိတော့ အိမ်အလုပ်တွေက ပုံနေ.. စိတ်ကို ဆင်းရဲလိုက်တာ မပြောပါနဲ့ တော့။ ကျန်းမာရေးသာအဓိက ဆိုတာ အမှန်ပါဘဲ။ ဒါ့ကြောင့်ဒီပို့ စ် ကို ခံစားချက်အပြည့်နဲ့ ဖတ်သွားပါတယ်။ အတိုက်ဆိုင်ဆုံးကတော့ အိမ်နံရံနဲ့ ခေါင်းနဲ့ ပြေးဆောင့်လိုက်ချင်တယ်ဆိုတဲ့အပိုဒ် ပါဘဲ။
ReplyDeleteအားပေးစကားများ၊ အကြံပေးခြင်းများ၊ ဆုတောင်းများ၊ မျှဝေခံစားခြင်းများအတွက် ကျေးဇူး ကျေးဇူး ကျေးဇူးပါ....သူလည်း ရောဂါတဝက်မက သက်သာသွားရပါတယ်တဲ့....:)
ReplyDeleteသူငယ်ချင်းရေ...ဘဝတူတွေပါလား... ကိုယ့်အမျိုးသားလဲ အဲလိုဘဲ... လူချင်းတွေ့ဖြစ်ရင် ပြောပြချင်ပါတယ်...
ReplyDeleteကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတော့မှ သိရတယ်ဆိုတာ တကယ်မှန်တာပဲ အမရေ..၊ အမြန်ဆုံး သက်သာ၊ ပျောက်ကင်းပါစေဗျာ...။
ReplyDeleteကျန်းမာပျော်ရွှင်ပါစေဗျာ
ReplyDeleteအမ ... ကျန်းမာရေးဂရုစိုက်ပါနော် ... အစ်ကိုကြီးလည်း မြန်မြန်
ReplyDeleteကျန်းမာပါစေလို့ မေတ္တာပို့ပေးမိတယ် ။ အမပြောသလိုပဲ ကျန်းမာခြင်းကသာ တကယ်လာဘ်ကြီးတစ်ပါးပါပဲနော် ။ ကျနော်ဆိုရင် နေမကောင်းဖြစ်တာနဲ့ သေချင်စိတ်ကိုပေါက်ရော။
မိဘနဲ့ အဝေးရောက်နေတော့ နာမကျန်းဖြစ်ရင် တကယ်စိတ်အားငယ်တယ် ။ ကျန်းမာနေရင် ဘာမှမလိုတာ စိတ်သွားတိုင်းကိုယ်ပါတယ်ဗျ ။ အစ်ကို အစ်မတို့ ကျန်းမာချမ်းသာပါစေ ...
...
လေးစားစွာဖြင့် ..
အယ်ကို။