Monday, March 21, 2011
မောင်တို့ ယောင်္ကျားတွေရယ်
ကျမ အလုပ်ဝင်စ ပထမဦးဆုံး လုပ်ခဲ့တဲ့ရုံးမှာ ကျမတို့ဌာနက အမျိုးသမီးတယောက် နေကာမျက်မှန်အမဲကြီး ဝတ်လို့ ရုံးတက်လာတာ သတိထားခဲ့မိတယ်။ နေကာမျက်မှန် အကြည်လေးတွေ In door-အင်ဒိုးမှာ စတိုင်ထုတ်ပြီး တပ်ကြတာ တွေ့ဖူးပေမဲ့ ရုံးလိုနေရာမျိုးမှာ ခုလို မျက်မှန်မဲမဲကြီး တပ်ထားတာကိုတော့ ကျမ တောသူမက ထူးဆန်းသလို ခံစားမိသေးတယ်။ နောက်မှ အကြောင်းသိ ဖြစ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြတာက သူဟာ ယောကျာင်္းဖြစ်သူနဲ့ စကားများ ရန်ဖြစ်လို့ မျက်နှာမှာ ဒဏ်ရာရတိုင်း ရုံးကို နေကာမျက်မှန်အမဲ တပ်လာတတ်သူဆိုတာ သိလိုက်ရတယ်။ ဖြစ်ရလေခြင်းရယ်လို့ သူ့အပေါ် ဂရုဏာ သက်မိသွားသလို အဲဒီနေ့က သူ့ဘက်ကို ခဏခဏ လှည့်မကြည့်ဖြစ်အောင် သတိထား နေခဲ့မိတယ်။
ကျမ ငယ်ငယ်က အဖေနဲ့ အမေ စကားများကြတဲ့အခါ ဒေါသကြီးပြီး စိတ်ဆတ်တဲ့ အဖေက လက်ပါ ပါလာတတ်တယ်။ နောက်တနေ့ အမေ့ မျက်နှာမှာ ညိုမဲမဲ ဒါဏ်ရာတွေ တွေ့တယ်ဆိုရင်ပဲ ကျမချစ်တဲ့ အဖေ့ကို တပတ်လောက် စကားမပြောဘဲ မုန်းနေမိတတ်တယ်။ စိတ်ထဲကလည်း အမေ့ကို သနားလိုက်တာ၊ အမေ့ဒါဏ်ရာတွေကို လက်ညှိုးလေးနဲ့ မရဲတရဲ တို့ထိကြည့်ရင်း နာသွားမှာ စိုးနေခဲ့ဖူးတယ်။ ဒါပေမဲ့ ၂၄နာရီမှ မပြည့်ခင်မှာပဲ "အကိုရေ-ညီမလေးရေ" နဲ့ သူတို့ နှစ်ယောက်ရဲ့ "ရန်ဖြစ် ပြန်ချစ် ဇာတ်လမ်းတွဲ"ကို ကြည့်ကြရပြန်တယ်။ ကျမတို့ အရွယ်လေး ရလာတော့မှ အဖေ အမေ့ကို ရိုက်တာ မတွေ့ရတော့တာ။
ဟိုးတနှစ်က...၂၀၀၉ ထင်ပါရဲ့ Rihanna ဆိုတဲ့ အဆိုတော်မကလေးနဲ့ သူ့ချစ်သူ Chris brown တို့ စကားများကြရာက  Rihanna မျက်နှာမှာ ဖူးယောင်ညိုမဲနေတဲ့ ဒဏ်ရာတွေ ရသွားတဲ့အထိ ဖြစ်ခဲ့တာ။ Oprah Winfreyကတောင် Rihannaကို Brownနဲ့ လမ်းခွဲဖို့ သူ့Talk showကနေတဆင့် ပြောခဲ့သေးတာ။ Oprahက "Love doesn't hurt and if a man hits you once he will hit you again"  "အချစ်ဆိုတာမှာ နာကျင်မှု မပါဝင်ဘူး ယောင်္ကျားတယောက်ဟာ မင်းကို တကြိမ် ရိုက်နှက်ဖူးပြီးသွားရင် နောက်တကြိမ် ထပ်ရိုက်ဦးမှာပဲ" လို့ ဆိုခဲ့တယ်။ http://www.telegraph.co.uk/
"In our country the statistic is one out of four women being battered by their boyfriends." ငါတို့ နိုင်ငံရဲ့ စာရင်းအင်း အချက်အလက်တွေအရ အမျိုးသမီး လေးယောက်မှာ တယောက်ဟာ သူ့ချစ်သူရဲ့ လက်ရုံး အားကိုးပြီး ကိုယ်ထိလက်ရောက် အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရတယ်" လို့ Oprahက ဆိုထားသေးတယ်။ ကျမတို့ဆီမှာတော့ အဲသည်လို အဖြစ်မျိုးတွေအတွက် အချက်အလက် စာရင်းအင်းတွေ ကောက်ယူထားတာမျိုး ရှိ၊ မရှိ ကျမ မသိပါဘူး။ သို့ပေတဲ့ အဲသည်လို အဖြစ်မျိုးတွေ တော်တော်များများ ရှိနေမှာ သေချာလွန်းလှတယ်။
အိမ်ကလူကြီးက ပြောတတ်တယ်။ ဒီလူတွေ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမကို ဘာကြောင့်များ အသားနာအောင် ရိုက်နှက်တတ်ကြသလဲ ကိုယ် နားမလည်နိုင်ဘူး...တဲ့။ သူက စိတ်ထား နုညံ့တဲ့သူတယောက်မို့ သူများ အသားနာမှာ စိုးရိမ်တတ်သူ၊ သူများ အသားနာအောင် မလုပ်ရက်သူမို့ ကျမဖြင့် ဖော့ရိုးကလေးနဲ့တောင် အရွယ် မခံခဲ့ဖူးပါဘူး။
(ဟာ ချစ်ကြည်အေး ဘလော့ဂ်Adsတွေ သိတ်များသကွာ:))
အထက်မှာ ပြောခဲ့တဲ့ အမျိုးသမီး သုံးဦးကို ပြန်ကြည့်မယ်ဆိုရင် ပထမ အမျိုးသမီးဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ ပညာတတ် အမျိုးသမီးတဦး၊ ဒုတိယ အမျိုးသမီးကဘွဲ့ရ ပညာတတ်မဟုတ်တဲ့ အချိန်ပြည့် အိမ်ရှင်မ၊ စားဝတ်နေရေးအတွက် ယောင်္ကျားအပေါ် မှီခို အားထားနေရတဲ့ အမျိုးသမီး တဦး၊ တတိယ Rihanna ကျပြန်တော့ နာမည်ကြီး အနုပညာရှင် ငယ်ရွယ်သူကလေး၊ ဒါ့အပြင် သူတို့ရဲ့ ဆက်ဆံရေးက သမီးရည်းစား ချစ်သူတွေ အဆင့်ပဲ ရှိကြသေးတာ။
ဒီတော့ အမျိုးသမီးတွေဟာ ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ ဖြစ်စေ မရပ်တည်နိုင်ဘဲ မှီခိုနေသူ ဖြစ်စေ၊ ပညာတတ်သူ ဖြစ်စေ ပညာမတတ်သူ ဖြစ်စေ၊ လက်ထပ်ပြီးသည် ဖြစ်စေ လက်မထပ်ခင် ဖြစ်စေ၊ လူလတ်ပိုင်း မိန်းမ ဖြစ်စေ ငယ်ရွယ်သူ မိန်းမပျို ဖြစ်နေပါစေ ယောင်္ကျားတွေရဲ့ လက်ရုံးအားကိုးပြီး ရိုက်နှက်တတ်သမျှကို ခါးစည်းခံခဲ့ကြရသူတွေ တယ်များတာပဲ ဆိုတာ တွေးမိရပါတယ်။ ဆိုတော့ကာ "မရခင် ဖျာလိုလိတ်ကာ ထိပ်ပေါ်တင် ရပြီးပြန်တော့ ဖျာလိုခင်း ခြေနဲ့ နင်းခြေတတ်ကြတယ်" ဆိုတာကိုတောင် ပြင်ရဦးတော့ မလိုလို...။ မရခင်ကတည်းက ဖျာလိုခင်း ခြေနဲ့ အနင်း ခံနေကြရတော့တာကိုး...။
အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားတယောက်နဲ့ မိန်းမတယောက်ရဲ့ ပတ်သက် ဆက်ဆံမှုတိုင်းမှာ ယောင်္ကျားတွေကချည်း အနိုင်အထက်ရနေတာမျိုးတော့ မဟုတ်ပြန်ပါဘူး။ အမျိုးသမီးတွေအပေါ်စီးက နေရာယူထားတတ်တဲ့ ရှားရှားပါးပါး Female Dominate အနေအထားမျိုးတွေလည်း ရှိတတ်ပါတယ်။ များသောအားဖြင့် မိသားစု စားဝတ်နေရေးတခုလုံးဟာ မိန်းမဖြစ်သူအပေါ် လုံးဝ မှီခိုနေရတဲ့ အခါမျိုး၊ ထက်မြက် ပြတ်သားပြီး ဦးဆောင်လိုစိတ်ရှိသူ မိန်းမနဲ့ အနေအေးလွန်းပြီး စကားနဲ ရန်စဲ စိတ်ထားမျိုး ရှိတတ်တဲ့ယောင်္ကျားတွေရဲ့ အိမ်ထောင်ရေးတွေမှာအဲသည် ပုံစံမျိုး တွေ့ရတတ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ပတ်သက်ဆက်ဆံမှုတခု၊ အိမ်ထောင်တခုရယ်လို့ ဖြစ်လာပြီဆိုရင် မိန်းမနိုင်တယ်၊ ယောင်္ကျားနိုင်တယ် ဆိုတာမျိုးထက် နှစ်ဦးနှစ်ဘက် သာတူညီမျှတဲ့ တန်းတူ ဆက်ဆံရေးမျိုးသာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။  အဲသည်လိုဆိုပေမဲ့ တကယ်တမ်းမှာ မိန်းမတွေဟာ မဟာပုရိသဝါဒ လက်ကိုင်ထားတတ်တဲ့ ယောင်္ကျားတွေရဲ့ လက်ရုံးအားကိုးမှုနဲ့ နှိပ်စက် ညှဉ်းပန်းမှုအောက်မှာပဲ ရှိနေကြပါသေးတယ်ဆိုတာ ငြင်းစရာမလိုတဲ့ အချက်ပါပဲ။
ရိုက်နှက်တတ်တဲ့ ယောင်္ကျားတွေရဲ့ မိန်းမကို ရိုက်ရခြင်း အကြောင်းရင်းတွေကလည်း များ များလွန်းလှပါရဲ့။ ဘဝ ဘဝများစွာမှာ မိုက်တိုင်ဆန်နဲ့ ညီအကို ၁၀ဝမ်းကွဲ တော်လာသူလို့ စိတ်ကြီးဝင်နေပြီး မိန်းမမျက်နှာ သဲအိတ်လုပ် လက်သီးထိုးကျင့်နေသူများလည်း ပါကောင်း ပါ ပါလိမ့်မယ်။
၁) အလုပ်ထဲ အဆင်မပြေဘဲ စိတ်ဖိစီးမှုတွေကြောင့် အိမ်ရောက်ရင် နားပူတတ်တဲ့ မိန်းမအပေါ် ဒေါသမြားဦးလှည့်တတ်ခြင်း
၂) မိန်းမအပေါ် ချစ်လွန်းလို့ သဝန်ကြောင်ရာက ဟိုလူ ဒီလူနဲ့ ယိုးစွပ် ရိုက်နှက်တတ်ခြင်း
၃) နှစ်ဘက်သော ဆွေမျိုးမိဘ အရေးအခင်းကြောင့် စကားများ ရန်ဖြစ်ရာက ရိုက်နှက်တတ်ခြင်း
၎) သောက်စား မူးယစ်လာတိုင်း သွေးဆိုးရစ်တတ်ပြီး ရန်ရှာ ရိုက်နှက်တတ်ခြင်း
၅) မိသားစုအတွင်း အိမ်တွင်းရေး ပြဿနာ (Domestic Violence)တွေကနေ အတုမြင် အတတ်သင်ပြီး ရိုက်နှက်တတ်ခြင်း
ဥပမာ...သားလုပ်သူက အဖေဖြစ်သူဟာ အမေ့ကို ရိုက်နှက်တတ်တာကို တွေ့မြင်နေရခြင်း တွေကြောင့်ပါပဲ။
အဲဒီထဲမှာ ၁) ကနေ ၃) အထိက တခါတလေမှသာ ဖြစ်တတ်ပေမဲ့ ၄နဲ့၅ကတော့ ဖြစ်ရိုးဖြစ်စဉ် အနိုင်အထက်ပြုမှု (Cycle of abuse)ထဲမှာ ပါဝင်ပြီး မကြာခဏဆိုသလို ဖြစ်လေ့ ရှိပါတယ်။
အနိုင်အထက်ပြုခြင်းဆိုတာမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ နင်ပဲငဆ စကားနဲ့ အနိုင်ယူခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေခြင်းတို့အပြင် လိင်မှုဆိုင်ရာ အလိုမတူဘဲ အနိုင်အထက်ပြုခြင်းတို့ ဖြစ်နိုင်ပါတယ်။  ဒါဆိုရင် အဲသည်လို အနိုင်အထက် ပြုမှုတွေကို သိရက်နဲ့ ကျမတို့ မိန်းမတွေ ဘာ့ကြောင့်များ အနှိပ်စက်ခံ ဘဝမှာပဲ ရေငုံနှုတ်ပိတ် နေတတ်ကြပါသလဲ။
ကျမတို့ မိန်းမတွေမှာ အဖြေ အသင့် ရှိကြပါတယ်။
၁) စားဝတ်နေ ၃မျိုးစလုံး ယောင်္ကျားအပေါ် မှီခို နေရခြင်း
၂) သားသမီးမျက်နှာ ငဲ့ကွက်ပြီး မိမိကလေးတွေအား ဖခင်မဲ့ဘဝ အရောက်မခံနိုင်ခြင်း
၃)ဘာသာရေးအရ ဘုရားသခင် ကြိုက်တော်မမူဟု ယုံကြည်သည့်အပြင် မိမိတယောက်အတွက် မျိုးရိုးဂုဏ်သိက္ခာ မထိခိုက်စေလိုခြင်း
၎) အချစ်ကြီးလွန်း၍ အပြစ်မမြင်ဘဲ အသားအနာခံ ပေါင်းသင်းနေခြင်း
၅) အမျိုးသမီးတို့၏ မွေးရာပါ ဗီဇအရ မိခင်စိတ် ကြီးမား၍ အစဉ် ခွင့်လွှတ် နားလည် ပေးတတ်ခြင်း တို့ပါပဲ။
တရားဝင် လက်ထပ်ထားတဲ့ ကိုယ့်မိန်းမ ကိုယ်ရိုက်တာဆိုပေမဲ့ ဒါဟာ တရားဥပဒေအရ အရေးယူနိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ သိတ်ဆိုးဝါးလာလို့ သည်းမခံနိုင်တဲ့အဆုံး မိန်းမဖြစ်သူက တိုင်တန်းဖို့ ကြိုးစားတဲ့အခါတွေမှာ ယောင်္ကျားလုပ်သူဟာ ရဲတိုင်ရင် မိန်းမနဲ့ ကလေးတွေရဲ့ အသက်ကိုပါ သတ်ပစ်မယ် ဆိုတဲ့အထိ  ကြိမ်းတတ်သလို မိမိကိုယ်ကို သတ်သေပစ်မယ်လို့လည်း ခြိမ်းခြောက်တတ်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ မိန်းမတွေဟာ အသံမဲ့ ငိုရှိုက်ရင်း စိတ်၏ ဆင်းရဲခြင်းများစွာနဲ့ ဆက်လက်ပေါင်းသင်း နေကြရပြန်ပါတယ်။
ကျမအနေနဲ့လည်း တည်ဆောက်ထားတဲ့ အိမ်ထောင်တခုကို လွယ်လွယ် ပြိုကွဲပျက်စီး မသွားစေချင်ပါဘူး။ သို့သော်လည်း ဒီလိုမျိုးပဲ တသက်လုံး အနှိပ်စက်ခံ ပေါင်းသင်းနေဖို့ကျတော့လည်း အားမပေးချင်ပြန်ပါဘူး။ ယောင်္ကျားအပေါ် စားဝတ်နေရေးအရ မှီခိုနေကြရတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို အားကိုးနိုင်အောင် အရင် ကြိုးစားကြပါ။ ပညာမတတ်ရင်တောင်မှ အချုပ်အလုပ်၊ အချက်အပြုတ်၊ နှုတ်မှု လက်မှု ပညာလေးတခုခုတတ်ရင် အဲဒီအပေါ် ကျွမ်းကျင်လာအောင် ကြိုးစားပြီး ဝင်ငွေရှာနိုင်အောင် အရင် အားထုတ်ကြပါ။ ဒီလိုနည်းနဲ့ မိမိ အိမ်ထောင်ဘက်ရဲ့ လေးစားမှု(Respect) အရင်ရယူပါ။
ဘယ်မိန်းကလေးမဆို သပ်သပ်ရပ်ရပ် ရှိတာလေး လှအောင်ဝတ်၊ သနပ်ခါး ဖွေးဖွေးကလေးနဲ့ဆို ကြည့်ချင်၊ ချစ်ချင်စဖွယ် ဖြစ်သွားကြတာပါပဲ။ ယောင်္ကျားတွေမှာ ဆန့်ကျင်ဘက်လိင်ရဲ့ အလှအပကို ခံစား(Appreciate)တတ်တဲ့ ဗီဇ ပါလာပြီးသားဆိုတာ မမေ့ကြစေချင်ပါ။ ကျမတို့ မိန်းမတွေ အထူးသဖြင့် မြန်မာ မိန်းမတွေဟာ အိမ်ထောင်ကျပြီးရင် ကိုယ့်ကိုယ်ကို ပစ်ထားတတ်ကြတယ်။ အဲဒါ မှားပါတယ်။ ရပြီး ပိုင်ပြီးသွားတဲ့ ယောင်္ကျားတွေရဲ့ သဘောကိုက မြင်ဖန်များတော့ ရိုးသွားတတ်တာ။ ဒီအထဲ ဖြစ်သလို နေလိုက်ပြန်တော့ သူတို့အတွက် ကိုယ့်အပေါ် စိတ်ဝင်စားမှု လျော့နည်း သွားစေတတ်ပါတယ်။ အလွန်အကျွံ အလှမက်ဖို့ မဆိုလိုပါ။ သပ်ရပ်ကြော့ရှင်း နုညံ့စွာနဲ့ မိမိ အိမ်ထောင်ဘက် မိမိအပေါ် ချစ်ခင်မပျက်အောင် နေတတ်ရပါမယ်။ ဖြစ်နိုင်ရင် မိဘတွေကို အိမ်မှာ မကြာမကြာ ခေါ်ပြီး အတူနေခြင်း၊ မိဘအိမ်နဲ့ အနီးအနားမှာ နေထိုင်ခြင်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။
တချို့ယောင်္ကျားတွေ ကျပြန်တော့ ဒေါသအလျောက် ရိုက်နှက်ပြီးလို့ စိတ်ပြေသွားတဲ့အခါ မိန်းမဖြစ်သူ ကြေနပ်အောင် အပျော့ဆွဲလေးနဲ့ ချော့မော့တတ်ကြပါတယ်။ နောက်နောင် ဘယ်တော့မှ မဖြစ်စေရပါဘူးဆိုတဲ့ ကတိကဝတ်တွေလည်း အမျိုးမျိုး ပေးလို့ ဆိုတော့ကာ ကျမတို့ မိန်းမတွေဟာ အနှိပ်စက်ခံဘဝကို ကြောက်ရွံ့စွာ၊ ပြန်လည် အရေးပေး အချော့အမြူခံရမှုအပေါ် နှစ်လိုစွာနဲ့ပဲ ယောကျာင်္းအနားက မခွာနိုင် ဖြစ်နေကြရပြန်ပါရဲ့။ မိန်းမတွေရဲ့ မွေးရာပါ ဗီဇစိတ် အခြေခံဟာ မေတ္တာကြီးမားတဲ့ မိခင်စိတ် ဖြစ်တာကိုက ယောကျာင်္းတွေအတွက် အခွင့်ထူးတရပ် ဖြစ်နေပါတော့တယ်။
ကျမ ကြားဖူးတဲ့ ဟာသလေးတခု ရှိပါတယ်။ စကားလုံး အတိအကျ မဟုတ်ဘဲ မှတ်မိသလို ပြန်ပြောပြပါမယ်။
ယောင်္ကျားလုပ်သူရဲ့ ရိုက်နှက်နှိပ်စက်မှုကို သည်းမခံနိုင်တော့တဲ့ မိန်းမဟာ တနေ့မှာ ရွာသူကြီးဆီသွားရောက်လို့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ ပြပြီး တိုင်တန်းသတဲ့။ ဒါနဲ့ သူကြီးဖြစ်သူက အဲဒီယောကျာင်္းကို ဖမ်းချုပ်ပြီး သူကြီးအိမ်မှာ ထိပ်တုံးခတ်ထားလိုက်တယ်။ နောက်တနေ့ တရွာလုံးရှေ့မှာ အမှုစစ်တဲ့အခါ  လက်နောက်ပြန် ကြိုးတုပ်လို့ ခေါင်းလေး ငိုက်စိုက်ချပြီး ထွက်လာတဲ့ ယောင်္ကျားလုပ်သူကို တွေ့တဲ့အခါ မိန်းမဖြစ်သူဟာ သူ့ ရင်ထဲ အသည်းထဲ ကျင်ကနဲနေအောင် သနားစိတ် ဖြစ်သွားမိတော့တယ်။ ဒါနဲ့ပဲ စိတ်ပြောင်းသွားပြီး သူ့ယောကျာင်္း အချုပ်မကျရအောင် ထွက်ဆိုမယ်လို့ စိတ် ပိုင်းဖြတ်လိုက်သတဲ့။
သူကြီးမေးသမျှ မေးခွန်းတွေ ဖြစ်တဲ့ "ယောင်္ကျားဖြစ်သူက ရိုက်နှက်တတ်သလား"  "ဒီဒဏ်ရာတွေဟာ နင့် ယောင်္ကျား ရိုက်ထားတာ မဟုတ်လား" ဆိုတဲ့ မေးခွန်းတွေ ဖြေတဲ့ အခါမှာ "မရိုက်ပါဘူးတော် ကျုပ်ဟာကျုပ် ချော်လဲလို့ ရထားတဲ့ ဒဏ်ရာတွေပါ" လို့ပဲ တွင်တွင် ဖြေသတဲ့။ စိတ်အချဉ်ပေါက်လာတဲ့ သူကြီးက "ဒါဆို နင့်ဘယ်ဘက် နားရွက် တခြမ်းပဲ့နေတာကရော နင့်ယောကျာင်္း ကိုက်ဖြတ်ထားတာ မဟုတ်လို့ ဘာလဲ" လို့ အပိုင် ချည်တုပ်ပြီး မေးသတဲ့။ အဲဒီမှာ မိန်းမ ဖြစ်သူက "အို သူကြီးနှယ် သူ လုပ်တာ မဟုတ်ရပါဘူးတော် ကျုပ်ဟာကျုပ် ကိုက်ဖြတ်ထားတာပါတော့်" လို့ ဖြေသတဲ့....
အင်း....အဲဒါ ကျမတို့ မိန်းမတွေပါပဲလေ....
ရေးရင်းနဲ့ ပိုစ့်က အတော်ရှည်သွားတာမို့ လာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အချိန်ပေးဖတ်ရတဲ့အတွက် အားနာမိပါတယ်...ခင်လည်း ခင်ပါတယ်နော်...:)
32 comments:
  1. အင်း။ ကိုယ်တော့တသက်လုံးမှတ်မိတဲ့ အရွယ်ကစပြီးအဖေနဲ့အမေရန်ဖြစ်တာ(ဒါတောင်အမေကအဖေကိုမကျေနပ်တာတခုနဲ့အော်လိုက်တာ၊ ရိုက်တာမဟုတ်) တခါပဲမြင်ဖူးခဲ့တော့ ရိုက်တတ်တဲ့ယောကျာင်္းနဲ့တွေ့မှာသိပ်ကြောက်တယ်။
    ReplyDelete
  2. ဗဟုသုတရပါတယ်..တီချစ်ကြည်း)
    ReplyDelete
  3. မမ CKA Mental Abuse အကြောင်းလဲရေးပေးပါဦး
    ReplyDelete
  4. မေသိမ့်သိမ့်ကျော်Mon Mar 21, 06:58:00 PM GMT+8
    ဒီကိစ္စတွေ ဘယ်လိုလုပ်ရင် လုံးဝ ပပျောက်သွားမလဲမသိဘူးနော်။ ကျွန်မ လည်း အမျိုးထဲက အမဝမ်းကွဲ တစ်ယောက် အဲလို ရိုက်ခံရတာ မြင်ဖူးတယ် အစ်မချစ်ရယ်။ ကျွန်မ လေ ကားနဲ့လိုက်သွားပြီး သွားခေါ်ပစ်တယ်။ အဲဒီလူကို စိတ်ထဲကနေ တိုက်ပစ်ချင်တာလေ ပြောမနေနဲ့။ တအားကို ဒေါသတွေထွက်နေတာ။ နောက်၂ ရက်လောက်နေကျတော့ အိမ်ကိုခေါ်လာခဲ့တဲ့ ကျွန်မ အစ်မဝမ်းကွဲက သူ့ကလေးစိတ်မချဘူးဆိုပြီး အကြောင်းပြပြီး ပြန်သွားလေရဲ့။ ဟဟ။ ကျွန်မ မှာ လူကြမ်းမကြီးကိုဖြစ်ရော....
    တကယ်ကို မချစ်ရဲ့ပုံပြင်လေးလို ဖြစ်နေတယ်နော်။
    ခင်မင်လေးစားလျက်
    ReplyDelete
  5. မေတ္တာကို စော်ကားတဲ့သူဟာ သူနဲ့တန်တဲ့ အကျိုးအမြတ်ပဲ ရမှာပါ ။ ဒါပေမဲ့ အဲ့လိုမေတ္တာကို တန်ဖိုးမထားတဲ့ ယောက်ျားတွေ ၊ မိန်းမတွေ ကို မုန်းတယ် ရွံလည်းရွံတယ် .....
    ReplyDelete
  6. ညီလင်းသစ်Mon Mar 21, 07:24:00 PM GMT+8
    ဇနီးအပေါ် ရိုက်နှက်တတ်တဲ့ ယောင်္ကျားတွေရဲ့ အပြုအမူက အင်မတန်ကို သေးနုပ်သိမ်ဖျင်း လွန်းပါတယ်၊ လင်ရယ်မယားရယ်မှာ ကတောက်ကဆ ဖြစ်တာတွေက အမြဲလိုလို ကြုံနေရမှာ ဖြစ်ပေမယ့် ရိုက်နှက်ခြင်းဟာ ဘယ်သောအခါမှ ပြေလည်အောင် ရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းစွာနဲ့ ဒီလိုအကြောင်းတွေကို လူမျိုးတိုင်း၊ နိုင်ငံတိုင်းမှာ တွေ့နေရတုန်းပါပဲ၊ တကယ်ပဲ ကျိုးကြောင်းဆီလျော်ပြီး တင်ပြပုံ ပြေပြစ်လှတဲ့ ပို့စ်လေးပါပဲ အမရေ...။
    ReplyDelete
  7. အဖြူရောင်နတ်သမီးMon Mar 21, 07:45:00 PM GMT+8
    “အရိုးကွဲအောင်ရိုက်လို့...အသဲစွဲအောင်ချစ်”..သတဲ့..
    အဲဒီစကားကို လက်မခံပါဘူး..။
    မိန်းမတယောက်ကို ကိုယ်ထိလက်ရောက် ရိုက်တတ်တဲ့ ယောက်ျားမျိုးကို လုံးဝရှုံ့ချပါတယ်..။
    ယောက်ျားရိုက်တာကို ငြိမ်ခံနေတတ်တဲ့ မိန်းမတွေကိုလည်း ရှုံ့ချပါတယ်..။
    အဲဒီလိုလူမျိုးတွေဟာ စိတ်ဓာတ်ရေးရာမှာ အလွန်သိမ်ဖျင်းပြီး လူ့အဆင့်အတန်းနိမ့်ကျတဲ့ အုပ်စုထဲမှာ ပါဝင်ပါတယ်။
    မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် တယောက်နဲ့တယောက် ဆက်ဆံရာမှာ မိမိတို့ရဲ့ဒေါသကို ချုပ်တည်းနိုင်ဖို့လိုအပ်ပါတယ်။
    ReplyDelete
  8. ချစ်ပါတယ်ဆိုပြီး ယူထားတဲ့ မိန်းမကို ရိုက်တတ်သော ယောက်ျားကို အမြင်မကြင်လင်၊ ယောက်ျားရပြီး စိတ်ပျက်ဖွယ် ဘိုသီဖတ်သီ နေသော မိန်းမအား ရွံ့သည်။ လိင်မှုရေးရာတွေကို ကျွမ်းကျင် နားလည်မှု မရှိသူများကို အိမ်ထောင်ဖက်အဖြစ်မရွေးချယ်လို၊
    ကိုယ့်နားရွက်ကို ကိုယ်ပြန်ကိုက်ပါတယ်ပြောတဲ့.. မိန်းမကတော့ အချစ်ကို ကိုးကွယ်ပြီး အရာရာကို ကန်းနေသော မိန်းမတုံးတုံး တစ်ယောက်သာလျှင် ဖြစ်ပေမည်။
    ReplyDelete
  9. "အို သူကြီးနှယ် သူ လုပ်တာ မဟုတ်ရပါဘူးတော် ကျုပ်ဟာကျုပ် ကိုက်ဖြတ်ထားတာပါတော့်"
    မောင်တို့ ယောကျာင်္းတွေရယ် မိန်းမတွေကို နေရာတကာမှာ.....:)
    အသာလုပ်ပါ အမရယ်..
    ReplyDelete
  10. Mon Petit Avatar said...
    မမ CKA Mental Abuse အကြောင်းလဲရေးပေးပါဦး
    တောင်းဆိုလိုက်ပါတယ် ချစ်ကြည်ရေ
    ReplyDelete
  11. ချော(အစိမ်းရောင်လွင်ပြင်)Mon Mar 21, 10:41:00 PM GMT+8
    ဒါကြောင့်လဲ တို့အစ်မချစ်က ဘယ်ချိန်ကြည့်ကြည့် လှပ နုပျိုလန်းဆန်းနေတာကိုးးးးး (ကြော်ငြာဝင်ပေးလိုက်ခြင်း)
    အစ်မရေ ပိုစ့်လေးက ကောင်းလိုက်တာ မြန်မာမိန်းခလေးတွေ အားလုံး ဖတ်မိစေချင်ပါတယ်.. ယောက်ျားကို အားကိုးပြီးနေရလို့ဆိုပြီး ယောက်ျား နှိပ်စက်သမျှ ကြိတ်မှိတ်ခံနေရတာမျိုး မဖြစ်အောင် အစ်မပြောသလို ကိုယ့်ကိုယ်ကို အားးကိုးနိုင်အောင် အရင်ကြိုးစားသင့်တယ်ဆိုတာ မှန်ပါတယ်။တစ်ချို့ယောက်ျားတွေဟာ မိန်းမကို အနိုင်ရလေ ပိုပြီး အနိုင်ယူလေ..
    ဘာလဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားတဲ့ယောက်ျားတွေဟာ ဒေါသကြီးမားတဲ့သူတွေနဲ့ စိတ်အခြေအနေ ပုံမှန်မဟုတ်သူတွေ များပါတယ်..ဟိဟိ စာလာဖတ်သူတွေထဲမှာ မိန်းမကို ရိုက်တတ်တဲ့ယောက်ျားတွေပါရင်တော့ စိတ်အခြေအနေ ပုံမှန်မဟုတ်သူတွေလို့သာ ကိုယ့်ကိုယ်ကို ပြန်သတိထားပေတော့း)
    ReplyDelete
  12. ကျောက် တိုင်ဆင်Mon Mar 21, 11:03:00 PM GMT+8
    ကိုယ်ချစ်လို့ ယူထားတဲ့မိန်းမပဲ ဘယ်ယောင်္ကျားက ရိုက်ချင်မှာလဲ ...
    ReplyDelete
  13. များသောအားဖြင့်တော့ အားကြီးသူ ယောကျာင်္းသားများက အားနွဲ့သူ မိန်းမသား တွေကို အနိုင်ကျင့် ရိုက်နှက်လေ့ရှိကြတယ်။ ဘယ်သူမှန်မှန် မှားမှား ဒီလို ကိုယ်ထိလက်ရောက်လုပ်ဖို့ တော့ မကောင်းပါဘူး ။ဒေါသမထိန်းနိုင်တဲ့ ယောကျာင်္းများ ကို အထင်မကြီးပါဘူး ။
    ဒါပေမဲ့ တကယ့် လက်တွေ့ မှာ မိန်းမ အရိုက်အနှက်ကို နေ့ စဉ်ခံနေရတဲ့ ယောကျာင်္း ခပ်ဖျင်းဖျင်း လည်းတွေ့ ဖူးတယ် ။အဲ့ဒီယောကျာင်္းက နာတာရှည် ရောဂါသည် ။ အလုပ်မလုပ်နိုင်တော့ မိန်းမလုပ်စာ မှီခိုနေရတာလေ။ သူ့ ပင်စင်ကိုလည်း မိန်းမက အကုန်ချုပ်ကိုင်ထားပြီး နေ့တိုင်းရိုက်နှက်နေတတ်လို့  ရဲစခန်း သွားတိုင်ထား ဖို့ တောင် ဝိုင်းပြီးအကြံပေးနေကြရတယ်။ ဒါပေမဲ့ ဒီယောကျာင်္းကလည်း မိန်းမ ကြောက်ပြီး သွားမတိုင်ရဲဘူး တဲ့ ။ဘယ်လို လုပ်ကြမလည်း...
    အကြံပြုပါအုံး မချစ် ရေ..
    ReplyDelete
  14. အင်းးးလင်နှင့်မယား ဆိုတာမျိုးကလည်းခတ်သားနော်...မ။
    သေချာတာကတော့ အနိုင် အရှုံးမတွက်ပဲ နားလည်မှုနဲ့ 
    တည်ဆောက်ထားတဲ့ အေးချမ်းတဲ့ အိမ်ထောင်ရေးမျိုးလေးကို အားကျတယ်။
    အေးအေးဆေးဆေး ပြောဆို ဆွေးနွေးနိုင်ရမယ်လေနော်။ အိမ်ထောင်တစ်ခုမှာ
    ဘယ်လိုပဲ မိန်းမက မှီခိုရသူ ဖြစ်ပါစေအုန်း ၂ ယောက်လုံးက အဓိကကျတာပါပဲ။ နားလည်သလောက်ပါ။ :)
    ReplyDelete
  15. အင်း...ကိုယ့်လူနာအမျိုးသမီးကရင်မတစ်ယောက် အခါတိုင်းယောက်ျားနဲ့အတူတူသွားနေတာ အခုတော့ တစ်ယောက်တည်းသွားနေလို့ မေးကြည့်ဖူးတယ် အနောယောက်ျားရောလို့...သူဘာဖြေတယ်မှတ်လဲ...ပြောချင်ပါဘူးဆရာရယ် တဲ့...ပွဲတကာလျှောက်သွားနေလို့ ငြိမ်သွားအောင် ခြေမွဲရိုးကို ၀ါးလုံးပိုင်းနဲ့ ရိုက်ထားလိုက်တယ်တဲ့...အင်း ဒါကျတော့ ဘယ်လိုများ လျှောက်ရမလဲတောင် မသိတော့ဘူးလေ...အမျိုးသားရေးရာဆိုတာလည်း မရှိတော့ သူ့ခမျာ ဘယ်သူ့များသွားတိုင်ရမလဲမသိရှာတော့ဘူးပေါ့...ယောက်ျားမိန်းမ သိပ်မခွဲပါနဲ့တော့လေ သူငယ်ချင်းပြောသလိုပြောရရင် ဟေ့ ယောက်ျားလဲ အသက်တစ်ချောင်းပဲပါတာကွ...အသက်စပယ်ယာပါတာမဟုတ်ဘူးတဲ့....ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် စာရိတ္တညံ့ဖျင်းရင် ဆန့်ကျင်ကြရအောင်ပါ ဒါမှလည်း တရားမျှတရာ ရောက်တော့မပေါ့
    ReplyDelete
  16. ခုနောက်ပိုင်း ဒါမျိုး ခေတ်စားလာပြန်ပြီးး) မအိမ့်က မိန်းမ၀ါင်္ဒီ ပြီးတော့ အစ်မချစ်က မောင်တှို့ယောက်ျားတွေတဲ့ ။ အဲ့တာ အားကြီးတဲ့သူက နိုင်တာပါပဲ ကျနော်တို့ရပ်ကွက်မှာ သူ့ယောက်ျား အကောင်သေးသေး မိန်းမက အကောင်တောင့်တောင့်၀၀ ယောက်ျားက မူးလို့ ဒီမိန်းမ ငါ ဆော်ထည့်လိုက်မယ်နော် ဆိုရင် မကြာဘူး “ အောင်မလေးဗျ ” ဆိုတဲ့အသ့ကြားလိုက်ရကော ဘယ်ဟုတ်မလဲ ယောက်ျားက ပြောရုံပဲ ရှိသေး မိန်းမ ကျောင်ပြင်နဲ့ ဆော်ထည့်လိုက်တာ ။ မနက်ကျတော့ “ သူ့ဖေ ဘယ်နား နာသွားလဲ ” ဆိုပြီး ဆေးလိမ်းပေးနေတာလဲ အဲ့ အဒေါ်ကြီးပဲ :P
    ဖေ့ဘွတ်ကနေပဲ ကော်ပီကူးလိုက်တော့တယ်း)
    ReplyDelete
  17. ဝက်ဝံလေးTue Mar 22, 01:47:00 AM GMT+8
    မချစ်ရေ.... ပို့စ်ရော ကွန်မန့်တွေရော ဖတ်ပြီး ရယ်လဲ ရယ်သွားတယ် တွေးလဲ တွေးသွားတယ် များ ယောက်ျားမရရင်တော့ မချစ်အပြစ်ပဲနော် ခစ်ခစ်
    ReplyDelete
  18. တွတ်ပီနှင့်သေးမျှင်ကျတော့ တွတ်ပီက ခံရတာချည်းဘဲ။ အဲဒီလို အဲဒီလို အဖြစ်အပျက်လေးတွေလဲ လောကမှာ အများကြီးပါ အမချစ်ကြည်။း၀၀
    ရိုက်တတ်သော ယောက်ျား၊ အရိုက်ခံသော မိန်းမ။ ဘယ်သူ့ကိုမှ အားမပေးပါ။ ဘယ်သူ့ဘက်ကမှလဲ မပါပါ။ (အေးအေးဆေးဆေး ထိုင်နေပါသည်)။း)))
    ReplyDelete
  19. မောင်ကောင်းTue Mar 22, 09:20:00 AM GMT+8
    အင်း .. ပထမနှစ်တုန်းကသင်ရတဲ့ "ထားဝယ်လုံချည"် ထဲက ဒူးခေါင်းနှစ်လုံးကြားထည်ပြီး မိန်းမကိုရိုက်တာကို သတိရမိတယ် ..:P
    ReplyDelete
  20. ကျနော့်သူငယ်ချင်း လင်မယား ရန်ဖြစ်တော့ သူငယ်ချင်းကသူ့မိန်းမ ကိုရိုက်မယ့်ပုံနဲ့ ရွယ်လိုက်တော့ ဟိုတယောက်က ဘာပြောလဲဆိုတော့ ရိုက်ချင်ရိုက်လိုက်လေ..တဲ့..မိန်းမကို ရိုက်တယ်ဆိုတာ ဆိုက်ကားသမားတွေ နဲ့အဆင့်မရှိတဲ့သူတွေပဲရိုက်တာတဲ့..ရှင်လဲအဲလိုအဆင့်မရှိဘူးဆိုရင် ရိုက်..တဲ့။ (((တိန်)))
    ReplyDelete
  21. ကိုဟန်ကြည်
    စာလာဖတ်ပြီး အမြင်လေးကို ကော်မန့်ရေးထားခဲ့လို့ ကျေးဇူးပါရှင်။ ကိုဟန်ကြည်ပြောသလို လူတယောက်ရဲ့ Character-စာရိတ္တပိုင်း ဆိုင်ရာဘက်ကနေ ချဉ်းကပ်ရေးမယ် ဆိုရင်တော့ ယောင်္ကျား-မိန်းမ ခွဲခြားနေဖို့ မလိုဘူးပေါ့။ သို့သော် ကျမ ရေးတဲ့ အကြောင်းအရာသည် Abusive Partner အကြောင်း ဖြစ်တယ်။ ကိုဟန်ကြည်ပြောခဲ့တဲ့ အမျိုးသမီးဟာ ကျမစာထဲမှာ ရေးခဲ့တဲ့ Female Dominate အုပ်စုမှာ ပါဝင်ပါတယ်။ ၁၀၀မှာ တယောက်ဆိုရအောင် နည်းလှပါတယ်။ ကျမအနေနဲ့ Majority ကိုကြည့်တဲ့အခါ Abusive Husband ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားခဲ့ပါတယ်။ အဲဒီကမှ ထင်သာမြင်သာရှိတဲ့ Physical Abusive ကို ဇောင်းပေး ရေးခဲ့ပါတယ်။ ယေဘူယျ ကြည့်မယ်ဆိုရင်တော့ ယောကျာင်္း-မိန်းမ ၂ပါတီလုံးဟာ လူတွေချည်းပဲမို့ အပြစ်မကင်းကြသူတွေချည်းပါပဲ။ အမျိုးသမီးတယောက် အနေနဲ့ Victim ဖြစ်နေတဲ့ အမျိုးသမီးထုဘက်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ကြဖို့၊ အရေးကြုံလာရင် ရဲရဲရင့်ရင့် ဆုံးဖြတ်နိုင်ကြဖို့ ပြင်ဆင်စရာ၊ ဆင်ခြင်စရာလေးတွေကို ကျမ မြင်သလောက် မျှဝေ အကြံပေးခဲ့တာပါ။
    နောင်လည်း စာလာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင် :)
    ReplyDelete
  22. ကျနော်ကတော့ ငယ်ငယ်တုံး နယ်ဖက် သွားလည်တော့ အဲလိုပဲ မိန်းမကို မူးလာရင်ရိုက်တတ်တဲ့ လူကြီးတွေ့ ဖူးတယ်။ အရာရှိကြီးဖြစ်နေပီးတော့ ဘယ်လိုအကျင့်တွေလည်းမသိဘူး။
    မူးလာတာနဲ့ ရိုက်တာပဲ။ ထမင်းမခူးထားလို့ 
    (ထမင်းစားခဲ့မယ်ပြောခဲ့လို့ မခူးထားတာ )၊ ခူးထားတော့လည်းဟင်းမကောင်းလို့ ၊ ဟင်းကောင်းတော့လည်း ထမင်းကအေးနေပီ စသဖြင့် မရိုးနိုင်တဲ့ဆင်ခြေတွေနဲ့ ရိုက်တာပဲ။ ကျနော်တို့ ကအဲဒီအဒေါ်ကြီးကိုမြောက်ပေးပီးတော့
    အဝတ်လျှော်တုတ်နဲ့ ပြန်ဆော်ခိုင်းတာ။ ဟိဟိ။
    ဘာလို့ ခံနေမလဲပေါ့ ခံနေလို့ ရိုက်တာပေါ့ ၊စသဖြင့် ။ မြှောက်ပေးကောင်းတော့ တစ်ညမူးလာပီးသူ့ ကိုရိုက်တယ် ။ ဟိုအဒေါ်ကြီးက ကျနော်ပြထားသလို အဝတ်လျှော်တုတ်ကို တံခါးနားမှာထားတာ ဒူးခေါင်းကို ပြန်ဆော်လိုက်တာ ၂ ပတ်လောက်လမ်းမလျှောက်နိုင်ဖြစ်သွားတယ်။ အဲဒီအဒေါ်ကြီးက ရိုက်ပီး ကျနော်တို့ အဘွား အိမ်ပြေးလာတာ။ အဘွားဆီမှာ နိုင်ငံရေးခိုလှုံတာပေါ့လေ။ အဘွားက ရပ်ကွက်မှာ သြဇာရှိတော့ ဟိုလူကြီးလည်းကြောက်ရတယ်။ ဟိဟိ။ နောက် သိပ်မရိုက်တော့ဘူးတဲ့ ။ မှတ်သွားတာပေါ့။ ဟိုကလည်း ရိုက်တိုင်းပြန်ဆော်တာပဲတဲ့။ ငရဲကြီးမယ့်မိန်းမဆို ပြောသတဲ့ ( အမယ်) ရိုက်တော့မရိုက်တော့ဘူးတဲ့။ခွိ။
    ReplyDelete
  23. အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါ...။ ဒီပို့စ်ဖတ်ပြီးမှ ကိုယ့်ကိုယ်ကို မိန်းမ၀ါဒီဘက်ကဆိုတာ ပိုသိသာလာတယ်...။ မကြီးကြော်ငြာဝင်ထားပုံလေးကို သဘောကျမိတယ်...။ ကမ္ဘာပေါ်မှာ ကိုကြီးလိုစိတ်ထားသိမ်မွေ့တဲ့ ယောကျာင်္းမျိုးများများရှိပါစေလို့ မချင့်မရဲလေး ဆုတောင်းမိပါတယ်...။
    ခင်တဲ့
    မိုးငွေ့
    ReplyDelete
  24. ရိုက်တဲ့သူဆို သိပ်မုန်းတာပဲ . ကိုယ့်ရှေ့လာမြင်ရလို့ကတော့ ၀င်ရိုက်ပစ်မိမလားမသိဖူးး(
    ReplyDelete
  25. Domestic Violence တွေက သိပ်ကိုဆိုးပါတယ်။ အစ်မရုံးက အမျိုးသမီးလိုမျိုး အိမ်ထဲမှာ ကြိတ်ပြီး အနိုင်ကျင့်ခံနေရတာ။ အပေါ်မှာ အစ်မပြောသွားသလိုပဲ အမျိုးသမီးတွေ အနေနဲ့ ယောက်ျားအပေါ် စားဝတ်နေရေးအရ မှီခိုမှု နည်းနိုင်သမျှ နည်းအောင် အားထုတ်ထားသင့်တာ အမှန်ပါ။ Rihanna ကိစ္စမှာလည်း ဓာတ်ပုံတွေ မြင်ရတော့ ရင်ထဲမှာ မကောင်းပါဘူး။ သူက အရိုက်ခံရပြီးတဲ့နောက် ဒီရိုက်တဲ့သူဆီ ပြန်သွားမိတဲ့ အဖြစ်အတွက် အမျိုးသမီးငယ်လေးတွေဆီ မှားယွင်းတဲ့ Message ပေးမိသလို ဖြစ်တယ်လို့ ဝန်ခံဖူးတာ ဖတ်ရပါတယ်။ တန်ဖိုးရှိတဲ့ ပို့စ်ပါ မမရေ။
    စကားချပ်။ ။ “(ဟာ ချစ်ကြည်အေး ဘလော့ဂ်Adsတွေ သိတ်များသကွာ:))” ဆိုတဲ့နေရာမှာ သဘောကျလွန်းလို့ ရယ်မိတယ်း))
    ReplyDelete
  26. အင်း ချစ်ကြည်အေးရေ
    ဘာဘဲဖြစ်ဖြစ် လူအခြင်းခြင်း ရိုက်တာကို လုံးဝလုံးဝ မကြိုက်ပါဘူး
    ခင်မင်စွာဖြင့်
    နှစ်ယောက်စလုံး အနာရောဂါ ကင်းရှင်းကြပါစေ
    ရွှေစင်ဦး
    ReplyDelete
  27. နောင်အင်းလေးWed Mar 23, 03:40:00 AM GMT+8
    အိမ်ထောင်အရေးအရာတွေဆိုတာ ဒီလို ဒီလို ပါလားလို့ .... နောင်များ ကျနော်လည်း ဒီလိုဘဝထဲ ရောက်ရင်ရော ဘယ်လိုနေမလဲလို့ .... ဆင့်ကာဆင့်ကာ စဉ်းစားနေရင်း ဆက်ဖတ်နေရင်းနဲ့ အောက်ဆုံး ဟာသ အပုဒ် ရောက်တော့ ပြုံးစိစိ ဖြစ်သွားလေရော ...အမရေ ...။
    ...
    ဗဟုသုတတွေအများကြီးရလို့ ပျော်တယ်ဗျ ..။
    ...
    လေးစားခင်မင်လျက်...
    အယ်ကို။
    ReplyDelete
  28. ကူးတော့လင်မယားရိုက်နှက်တစ် ၂ ခါလားဘဲတွေ့ဖူးတယ်။
    သိတတ်တဲ့အ၇ွယ်ကတည်းက အခုချိန်ထိ အဖေက မာမီ့ကိုရိုက်ဖို့မပြောနဲ့ စကားမာမာတောင်မပြောပါဘူး.. မာမီက စိတ်တိုရင် ကလိလိုက်ထိုးရင်တော့ သူထွက်ပြေးတတ်တယ်..ဒါပေမယ့် တစ်ခါမှ ဘာမှ ပြန်မလုပ်ဘူး...
    ကူးလဲ ယောက်ျားရရင် ရိုက်တတ်တဲ့သူမတွေ့ဖို့ဆုတောင်းတာဘဲ...
    ကိုယ့်ကိုစကားမာမာပြောရင်တောင် အဲလိုလူရှေ့က တစ်သက်လုံးပျောက်သွားချင်တာပါဘဲ...
    ReplyDelete
  29. မေတ္တာပို့ထဲမှာ တစ်ခုထပ်တိုးရအောင် မမရ..
    လူအချင်းချင်းရိုက်နှက်ခြင်း ကင်းရှင်းကြပါစေ..လို့...နော်..း)
    Abusive Husband နဲ့ Female Dominate တွေအတွက် အင်မတန်အဖိုးတန်တဲ့ပို့စ်လေးပါး)
    လေးစားချစ်ခင်စွာ
    ပန်းချီ
    ReplyDelete
  30. ကိုယ်ကိုယ်တိုင်လည်း ပုံမှန်စိတ်ရှိနေဖို့လိုသလို ကိုယ့်အိမ်ထောင်ဖက်ကလည်း ပုံမှန်စိတ် (အမှား အမှန် ခွဲခြား တတ်တဲ့စိတ်) ရှိနေမယ်ဆိုရင် အဲဒီလင်မယား ရန်ဖြစ်သံ ကြားရဖို့တောင် ခဲယဉ်းပါတယ်။
    တယောက်ကို တယောက် နားလည်မှုနဲ့ တည်ဆောက်မှ အချစ်က ထုထည်ကြီးမှာ မဟုတ်လား။
    ဒါပေမယ့်လည်း ရိုက်နှက်ခံနေရအုံးမယ့် မိန်းမ ၊ ယောကျာ်း တွေ အစဉ်အဆက်ရှိနေအုံးမှာပါပဲ။ ပညာပေး အစီအစဉ်တွေ ထိထိ ရောက်ရောက် လုပ်နိင်ရင်တော့ လျော့နည်းသွားမှာပါ။
    ReplyDelete
  31. ဂျင်းလည်း အဲလိုမိန်းမကိုရိုက်နှက်တတ်တဲ့ယောကျာ်းတွေကို ဘယ်လို ရွံမုန်းမှန်းကို မသိတာ....ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် အဲဒီလို မိမိကချစ်မြတ်နိုးလို့ ယူထားတဲ့ဇနီးမယားအပေါ်မှာ ရိုက်နှက်တတ်တဲ့ ယောကျာ်းတွေရဲ့စိတ်ဓါတ်ကိုလည်း အထင်ကြီးလေးစားလို့ကိုမရဘူး။ ဂျင်းတို့အိမ်မှာလည်း ဂျင်းသိတတ်စအရွယ်ကနေ အခုအချိန်အထိ ဖေဖေက မေမေ့ကို လက်ဖျားနဲ့တောင်မရွယ်ခဲ့ဖူးဘူး။ အဲလိုအရိုက်နှက်ခံနေရတဲ့အမျိုးသမီးတွေကိုတွေ့ရင်လည်း အရမ်းသနားမိတယ်။ အပေါ်မှာ ကိုမြစ်ကျိုးအင်းပြောသလို ပညာပေးအစီအစဉ်တွေ ထိထိရောက်ရောက်လုပ်ပေးနိုင်ရင်ကောင်းမယ်။
    ဘိုင်သည်ဝေး....ဒီပိုစ့်လေးကို သဘောကျလို့ ဂျင်းရဲ့ မျက်နှာစာအုပ်မှာ ရှယ်လိုက်မယ်နော် အစ်မချစ်။ :)
    ဂျင်းစုတ်လေး
    ReplyDelete
  32. ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့ အလုပ်မှမဟုတ်ဖဲ
    မိန်းကို ရိုက်ဖို့ ယူထားတာလား
    ချစ်ဖို့ ယူထားတာလား
    ကိုယ့်ရဲ့ဒေါသကြောင့် မိန်းမ ကို ရိုက်နှက်မယ်ဆိုရင် ....
    ဒီလိုလူမျိုးကိုတော့ လုံးဝ အထင်မကြီးဘူး
    ကျွန်မကတော့ သူ့ကို ဂတိတောင်းထားပြီးသား
    “ ရိုက်လို့ကတော့ တသက်လုံးအပြတ်ပဲ” လို့
    သူက “ လုံးဝ စိတ်ချ အဲလိုမျိုး ရိုက်တတ်တဲ့အမျိုးအစားထဲမှာလဲ မပါသလို အဲလိုမျိုး ရိုက်တတ်တဲ့ ယောက်ျားတွေကိုလဲ မုန်းတယ် ” တဲ့
    ReplyDelete
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...