Thursday, February 20, 2014

သူ့တရား....

စာရေးဆရာဆိုသည့်လူတန်းစားများကို စာရေးဆရာဟု မည်သို့မည်ပုံ သတ်မှတ်ခေါ်တွင်သည်လဲ ကျွန်မ မသိပါ။ ကျွန်မ ဘလော့ဂ်မှာ စာစရေးစဉ်က ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါဟု ခပ်တည်တည် သတ်မှတ်ကာ ရေးပါသည်။ ထိုမှ လက်စမ်းသည့်အနေနှင့်ရော အားစမ်းသည့်အနေနှင့်ပါ စာမူလေးများ ဟိုဟိုဒီဒီပို့ကြည့်ရာ ပုံနှိပ်ဖော်ပြခံစာမူလေးများရှိလာပါသည်။ ထိုစာမူကလေးများ များလာ၍ ဝတ္ထုတိုစာအုပ်လေးတစ်အုပ် စုစုစည်းစည်းထုတ်ပြီးချိန်တွင်မူ စာရေးဆရာ၊  ဆရာမဟူသော ဝေါဟာရနှင့် ကျွန်မ မဖြစ်မနေကျွမ်းဝင်လာရပေတော့၏။ ဘလော့ဂ်လောကတွင် စာရေးသူများတစ်ယောက်နှင့် တစ်ယောက် နာမည်အဖျားစွတ်ကာ ခင်မင်သမှုနှင့်ခေါ်တွင်သကဲ့သို့ ပုံနှိပ်လောကတွင်လည်း စာရေးသူများ တစ်ဦးနှင့်တစ်ဦး ဆရာ ဆရာမဟု လေးစားသမှုနှင့်ခေါ်ဆိုကြသည်ကို သိလာရသည်။

ကောင်းလှပါ၏။  အစ၌မူ ကျွန်မကို ဆရာမဟု ခေါ်လိုက်တိုင်း တွန့်ကနဲ တွန့်ကနဲဖြစ်သွားတတ်သော် လည်း ယခုတော့ အတော်လေးနားယဉ်စပြုလာပြီ ဆိုရမည်ပေ။  ကျွန်မအနေဖြင့် စာရေးဆရာကို ထိုကဲ့သို့ ဆရာ ဆရာမတပ်ခေါ်သူများ၏ အသံကိုပါ ခွဲခြမ်းခံစားတတ်စပြုပြီဟုလည်း ဆိုနိုင်ပါသည်။ သူတို့၏အသံသည် ပကတိ အဖြူအရှင်းဖြစ်၏။

ကျွန်မအိမ်ကလူကြီးကို ကိုပန်းသီးဟု သိကြ ခေါ်တွင်ကြပါသည်။ ထိုကိုပန်းသီး၏ ဆရာမခေါ်တွင်သံကား အရောင်စွက်နေ၏။  အကဲပါနေ၏။ (ဝါ) ငေါ့တော့တော့ဖြစ်နေ၏ဟုပင် ဆိုရချိမ့်မည်။

ကျွန်မဘာကြောင့် အသို့ဆိုရသနည်း။ ဆက်ဖတ်ပါ။ ကြိုးစားရှင်းလင်းပါအံ့။

ခုတစ်လော   ကိုပန်းသီးနှင့်ကျွန်မ ညနေညနေဆို လမ်းကလေးဘာလေးထွက်လျှောက်ဖြစ်ကြပါသည်။ ကျန်းမာရေးအတွက်ဟုပင် ဆိုပါစို့။ တကယ်တမ်းတော့ ကွန်ပြူတာကြီးပျောက်သွားမှာ စိုးစိတ်နှင့် တစ်နေကုန် ကွန်ပြူတာထဲ ခေါင်းဝင်တော့မတတ်ထိုင်နေသောကျွန်မအား အညောင်းမိမှာ စိုးသောကြောင့်ဟု သူက ရိုးသားစွာပင် သရော်ကမော်ဝန်ခံပါသည်။

တစ်နေ့ လျှောက်လာကြရင်း လမ်းပေါ်မှာ ကန့်လန့်ဖြတ်သစ်ကိုင်းတစ်ခုကိုတွေ့သော် ကျွန်မက ခွကျော်ပြီး သူက အသေအချာကုန်းကောက်ကာ လူသွားလမ်းနှင့်လွတ်ရာသို့ သွားရောက်ချထားလေ သည်။ နောက်တစ်နေ့ ထိုကဲ့သို့ပင် လမ်းလျှောက်ကြစဉ် လမ်းပေါ်တွင် တစ်တောင်ခန့်ရှည်လျားသော သံချောင်းတစ်ချောင်းတွေ့ရပြန်ရာ သူက အမှိုက်ပုံးနားရောက်သည်ထိ လက်ကကိုင်လာခဲ့လေသည်။ အမှိုက်ပုံးတွေ့သောအခါ ပုံးထဲလည်းမထည့်ဘဲ ပုံးဘေးနားကပ်လျှက် လှဲချထားကာ အသုံးတည့်တဲ့သူတွေ့ရင် ယူပါစေဟု ထားခဲ့လေသည်။ သည်လူကြီး အဲသည်လိုစိတ်လေးကတော့ ချစ်ခင်ဖွယ်ရာ။

ကျွန်မသည် ဆားငံစေ့လို ဆီးသီးလိုမျိုး စားပြီးလျင် အထဲကအစေ့ကို အိမ်ပြတင်းပေါက် အကွက်ကလေးတွေထဲ ဝင်အောင် ပစ်ပစ်ထည့်တတ်သည်။ ထိုလက်ရည်သည် တစ်ယောက်ထဲ စမ်းလျှင် အတည့်၊ ကိုပန်းသီးရှေ့ရောက်သော်မှ ပြတင်းဘောင်ထိကာ အိမ်ထဲသို့ ထောက်ကနဲ ပြန်ကျတတ်လေ၏။ ထိုအခါ သူက မျက်လုံးပြူးကြီးများ ပဏာမပို့လွှတ်ကာ နောက်ဆက်တွဲ တစ်ခွန်းတည်းသော စကားကို ဆိုလေသည်။

စာရေးဆရာမ လုပ်နေပြီးတော့ ဟူ၍ ဖြစ်ပါသည်။

ဘယ့်ကလောက်များ အငေါ်တူးသည့် စကားပါလဲ။ စာရေးဆရာမဟူသော သူ့အခေါ်တွင် ငေါ့တော့တော့ အသံက အော်တိုမက်တစ်ကပ်ပါသည်။ လုပ်နေပြီးတော့ဟူသော စကားတွင် အပြစ်တင်သံ တင်းပြည့်ကျပ်ပြည့်ပါဝင်သည်။ မခက်ပါလား….။  အဲသလို စည်းကမ်းမရှိ မလုပ်နဲ့လေဟု ရိုးရိုးတန်းတန်းများ ပြောလိုက်ပါတော့လား၊ အပြစ်တင်ပါတော့လားဟုသာ တမ်းတမိသည်။ ခုတော့….။

တခါတလေ ကျွန်မသောက်လေ့ရှိသော သံဗူးဖျော်ရည်များကုန်၍ သံဗူးခွံကို အမှိုက်ပုံးထဲ စံနစ်တကျ စွန့်ပစ်မည် ကြံသော် သူက လက်မခံ။ 

"ဒီမှာ ကြွပ်ကြွပ်အိတ် တွေ့လား၊ အဲဒီအထဲမှာ စုထည့်ထား၊ ကိုယ် ရုံးသွားရင် ယူသွားမယ်။ ရုံးက အဖွားက သံဗူးခွံတွေ စုတာ။ ရီဆိုင်ကယ်သမားတွေကို ပြန်ရောင်းတာ တဲ့။ ကုသိုလ်ရပါတယ်ကွာ"

သံဗူးခွံလေးတွေများလာတိုင်း ချပ်နေအောင်ပြားလိုက်ကာ ထိုအပြားကလေးများကို အိတ်တစ်လုံးထဲ ထည့်၍ သူ့ရုံးသို့ ယူသွားတတ်ပါသည်။ စိတ်လက်ရှည်သူပေ။ ကျွန်မက သူ့လို စိတ်မရှည်။ လစ်ရင်လစ်သလို လွှင့်ပစ်လိုက်တတ်ပါသည်။

နောက်တစ်ခုက ကတ်ထူစက္ကူတွေ ဖြစ်သည်။ ရန်ကုန်ကလာသော ရွှေပုဇွန်ကိတ်မုန့်ထုတ်ပိုးသည့် စက္ကူဘူးမျိုး၊ အထူအရွယ်မျိုးဖြစ်၏။  ကျွန်မက ကတ်ထူဘူးများကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သော်လည်း သူက မကြိုက်ပြန်။

"ဒီမှာလေ ဒီအိတ်ထဲမှာ စုထည့်ထားမှပေါ့။ ဒီလို ကတ်ထူတွေက ရီဆိုင်ကယ်လုပ်လို့ရတယ်။ ရီဆိုင်ကယ်လုပ်ရန်ဆိုတဲ့အထဲကို ပစ်ရမှာ။ ကြားလား အဲ့မှာ ထည့်ထား"

သူက အဲသည်လို စည်းကမ်းတိကျသူ၊ ကျွန်မက လစ်ရင်လစ်သလို စည်းကမ်းဖောက်သူ။

"မှတ်ထား၊ ဒါတွေက တစ်ဦးချင်းတစ်ယောက်ချင်းက စမှရမှာ။ အဲဒီကနေ တစ်အိမ်ထောင်၊ အဲဒီကနေ တစ်ရပ်ကွက်၊ အဲဒီကနေမှ တစ်မြို့နယ်…။ ဒီလိုပဲ သွားရမှာ။ ကိုယ်တို့လို သာမန်လူမပြောနဲ့ စာရေးနေတဲ့သူတွေဆိုတာ  ဒီလိုအသိမျိုး ပိုလို့တောင်ရှိသင့်တယ်"

"ဟမ် စာရေးဆရာဆိုတာလည်း လူတွေထဲက လူတွေပဲလေ၊ အကိုးကွယ် အဆည်းကပ်ခံရလောက်အောင်၊ အတုခိုးရလောက်အောင် ကောင်းသူတွေလို့ ဘယ်သူက ပြောသတုန်း"

ကျွန်မစိတ်ထဲက တိတ်တိတ်လေး စောဒကတက်မိခြင်းဖြစ်ကာ သူ့ရှေ့မှာ လေသံပင် မဟရဲသော စကားဖြစ်ပါသည်။ သူက အဲသည်လို စာအုပ်ကြီးသမားဖြစ်သည်။ ကျွန်မက လောကမှာ စည်းတွေဘောင်တွေထဲနေရတာ မကြိုက်သူ၊ အခွင့်ရရင် ရသလောက် ဖောက်ဖျက် ပုန်ကန်ချင်သူသာ ဖြစ်လေသည်။

ထိုနှစ်ယောက် အတူရှိချိန်၊ သူ လစ်သည်အထင်နှင့် ကျွန်မ စည်းကမ်းမဲ့တာ မိသွားချိန်...။ ထိုအခါတိုင်းမှာ  တစ်ခွန်းထဲသောစကားကို သူက မပျက်မကွက်ပြောပြန်ပါသည်။

စာရေးဆရာမ လုပ်နေပြီးတော့ဟူ၍ ဖြစ်ပါ၏။


9 comments:

မိုးငွေ့........ said...

း) အစ်ကိုကြီးရဲ့ ငေါတော့တော့အပြောကို မြင်ယောင်မိလိုက်တယ်...။

Ma Tint said...

မချစ်နော် ..... ဟွန့် စာရေးဆရာမလုပ်နေပြီးတော့ .... :P
ကိုပန်းသီးစနစ်ကြီးပုံတော့ မြင်တာနဲ့သဘောပေါက်ပြီးသားပါ မချစ်ရယ်....
မချစ်ပြောမှ တီတင့်လဲ ဘလော့ဂါလို့ ကိုယ့်ဘာသာ သတ်မှတ်ပြီးတဲ့နောက်
ကြုံတွေ့ခင်မင်ရတဲ့သူတိုင်းကို ရင်းရင်းနှီးနှီးပဲခေါ်ဆိုလေ့ရှိတာကြောင့်
တစ်ခါတစ်ရံ ပြန်စဉ်းစားပြီးအားနာမိတယ်... သူတို့တွေက ဆရာ ဆရာမတွေဖြစ်နေလို့ပါ...

မေတ္တာဖြင့်
တီတင့်

ချစ်ကြည်အေး said...

အာ....မလိုပါဘူး တီတင့်ရာ...။ အချင်းချင်းတွေဟာကို....:)

Kyaw Lin said...

ကြိုက်ပါတယ်။ဒီကနေ့ ဖြစ်ပျက် နေတဲ့  ခေတ်ပြိုင်ဝတ္တုတိုလေးတစ်ပုဒ်ပါပဲ။တစ်ဦးချင်း တစ်ယောက်ချင်းမှတစ်ဆင့်  တစ်နိုင်ငံသားလုံးစည်းကမ်းရှိကာမှ နိုင်ငံအဆင့် အတန်းမြင့် မှာပါလို့  ပြေပြေပြစ်ပြစ် ပြောထွက်တင်ပြသွားတာလေးကတော့ ဖြင့်  တိုင်းကျိုးပြည်ပြု ဝတ္တုတိုကောင်းလေးတစ်ပုဒ်လို့  ပြောရမှာပါ။

ဆွေလေးမွန် said...

အဟီး ရေးတတ်တယ်...အေးလေနော် စာရေးဆရာ လုပ်နေပြီတော့ ဒီလောက်တော့ ရေးတတ်မှာပေါ့နော်..နော်..

ကိုကိုမောင်(ပန်းရနံ့) said...

ကိုပန်းသီးလိုမျိုးလူ များများ ရှိရင် ရွှေနိုင်ငံကြီး တိုးတက်ပြီ။ အင်း ပြောတာ ပြောရတယ်။ သူကြီးတို့ တုံးဖလားမှာ အမှိုက်ပုံဆိုတာ ခုထက်ထိ ရှိသေးဘူး။ ဒီအတိုင်း ကြမ်းပေါက်ထဲ တံမြက် လှည်းချလိုက်တာပါဘဲ။ ရီဆိုင်ကယ်ဆိုတဲ့စကားကို ရွာသားတွေ တစ်ယောက်မှတောင် ကြားဖူးမှာ မဟုတ်တာ သေချာတယ်။ ကိုပန်းသီးတို့ စုံတွဲ လိုက်ဖက်တယ်နော် အမ။း)

အမ်တီအန် said...

ဆရာမချစ်ကြည်အေး ဆိုးတာ... ကိုပန်းသီးကြီး သနားပါတယ်...
အဝေးကြီးက ကုန်ကြမ်းကို ရှာမနေနဲ့အစ်မရေ...
ကိုပန်းသီးအကြောင်း အတွဲလိုက်ရေးရမှာ..။
ဟွန်း... စာရေးဆရာမ လုပ်နေပြီးတော့.... :P

Han Kyi said...

ဘာဖြစ်နေပြီးတော့ ညာဖြစ်နေပြီးတော့လို့ အပြောခံရရင် အတော်ဖီလင်ငုပ်တာဗျို့...ဘာကြီးပဲဖြစ်ဖြစ် အကုန်လုံးတော့ ဘယ်စွမ်းမလဲဗျာ...နော့

စံပယ်ဖြူ (Jasmine White) said...

ကိုပန်းသီးနဲ့ ရေစက်ဆုံရတာ ကံကောင်းတာပေါ့ အမ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်