Monday, November 14, 2011

ဝန်ခံချက်


ကြွေစေလိုလို့ ဝင်းမှည့်စေချင်ခဲ့တာရယ်
အရိုးရင့် အရေထူပြီးသား
ကကြီးကနေပြန်သွားဖို့ ဘယ်လိုမှ နောက်ဆုတ်မရ
ခံနိုင်ရည်တွေက ပုံပန်းတကျ ပျက်ယွင်း
မိုးအလင်းမှာတောင် အရောင်တွေ မမြင်နိုင်တော့တဲ့နောက်…

ကံဆိုးလွန်းတော့ အိပ်မက်ထဲမှာတောင် ပစ်လိုက်တဲ့မြားက စက်ဝိုင်းအပြင်ကို ပြိုကျ
မြို  မြိုချနေရတဲ့ အတုံ့အလှည့် နေ့ ညတွေ
ထုသားပေသားကျ မိုလ်*တစ်ခုလို ဘ၀အမောတွေ
ကိုယ့်အပိုင် ၀ဋ်နာကံနာတွေကို
ကမ္ဘာမြေကြီးရဲ့အပေါ် ချွေ ချွေချနေမိ
သေချာတာက...
ကိုယ်ဟာ  ကျွဲကူးလို့ ရေမပါတဲ့ဘဝ
ကျည်းပေါင်းတက်နေတဲ့ မောဟထူထူထဲထဲတွေ
ခဲခဲလှုပ်လှုပ် သီးပွင့်နေတဲ့ သစ် တစ်ပင်....


မိုလ်*-Mould (ပုံစံခွက်)


13 comments:

ညိမ်းနိုင် said...

ဘာတွေများ ခဲခဲလှုပ်လှုပ် သီးပွင့်နေပါလိမ့်ဗျာ....
ကြွေကျရင်လာကောက်ဦးမှ....:)

ချစ်ကြည်အေး said...

မောင်လေး....မောဟတွေပါဆို...လာကောက်ချင်နေသေးတယ်....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ စာသားတွေ...
လူတွေဟာ မောဟတွေကြားမှာ သီးပွင့်လာရသလိုပါဘဲနော်..
အဲဒီမောဟက ကျီးပေါင်းတောင် တက်နေသတဲ့လား
စကားအသုံးလေးတွေ သဘောကျတယ်အစ်မရာ

မိုးငွေ့...... said...

ဟ ဟ ကိုညိမ်းတို့ဝင်ဖြီးဖြန်းလိုက်တာ ချက်ချင်းမိသွားတယ်...။ ကောက်ပေ့စေအမ..ပေးကောက်လိုက်...။

မေသိမ့်သိမ့် ကျော် said...

ဘဝအမောတွေကို လှစ်ဟပြတဲ့ ကဗျာလေးလို့ ခံစားမိတယ် မချစ်ရေ။ ရင်ထဲက တင်းကျပ်မှုတွေကို မြင်လိုက်မိသလိုလိုပဲ။

ခင်တဲ့
မေသိမ့်

jasmine(တောင်ကြီး) said...

မမချစ်ရေ
စကားလုံးတွေအရမ်းကြိုက်တယ်
ဘာတဲ့လဲ-----------
ကြွေစေလိုလို့ ဝင်းမှည့်စေချင်ခဲ့တာရယ်
အရိုးရင့် အရေထူပြီးသား--- တဲ့လေ
ကိုယ့်အပိုင် ၀ဋ်နာကံနာတွေကို
ကမ္ဘာမြေကြီးရဲ့အပေါ် ချွေ ချွေချနေမိ---တဲ့
လှလိုက်တာ...
အရမ်းကောင်းတဲပကဗျာတစ်ပုဒ်ပါရှင်
ခင်ခင်မင်မင် jasmine

Junemoe said...

ဟူးးး ဘ၀အမောတွေ.. မောဟတွေ...
စကားလုံးလေးတွေ သုံးသွားတာ အရမ်းထိမိတယ် အမရေ..
အရမ်းကြိုက်တယ်

ခင်လျက်
ဂျွန်မိုး

ညီရဲသစ် said...

လောဘ၊ ဒေါသ၊ မောဟ တွေပျော်ဝင်နေသရွေ့ ကတော့ ဒီလိုဘဲ ရုန်းကန်နေရတာပါဘဲလေ...

သတိုး said...

ဝန်ခံနေစရာလား မချစ်ကြည်ရာ..။ ကျွန်တော်တို့တွေ အားလုံး မောဟခြုံလွှာ တဖားဖားနဲ့ ယိမ်းကနေကြတာပဲ။ ကဗျာလေးကြိုက် တယ်ဗျို့။

mstint said...

လူပီသနေတော့ ဒေါသ လောဘ မောဟတောကနေ ဖယ်ခွာဘို့ဆိုတာ မလွယ်ဘူးပေါ့ မချစ်ရေ။
ကဗျာလေး ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ကျီးပေါင်းအထပ်ထပ်နဲ့ ပြွတ်ပြွတ်ခဲခဲ သီးပွင့်နေကြရတဲ့ သစ်ပင်တွေချည့်ပါပဲမချစ်ရေ... တခါတလေ ရိုးတံကြဲကြဲဘ၀လိုချင်လို့ အတင်းခြွေချနေခဲ့တာတောင် အညှာကခိုင်လွန်းနေတော့ အသီးအပွင့်တွေ ထပ်ထပ်တိုးလာပဲ အဖတ်တင်တယ်။ ကိုညိမ်းနိုင်လို လာကောက်မဲ့သူရှိရင်တော့လဲ ကောင်းသား...း))

မြသွေးနီ said...

စကားလုံးလေးတွေ မိုက်တယ် အစ်မချစ်ရေ..။
ကျည်းပေါင်းတက်တဲ့ မောဟတွေက တကယ့်ကို လှုပ်လှုပ်ခဲခဲပါဘဲ။ ဒီအပင်လေးကိုပဲ ကိုယ်တိုင် မသိစိတ်က ရှင်သန်စေမိလျှက်သားဖြစ်နေတာ ခက်တယ်။

T T Sweet said...

မောဟတွေ ခဲခဲလှုပ်ဆိုတော့ ဂျွန်စတိန်းဘတ်ရဲ့ နာမည်ကြီး ၀ထ္ထုတစ်ပုဒ် Grapes of wrath ဆိုတာ သတိရသွားတယ်။ ဗမာဆရာများကတော့ ဒေါသသီးတွေ အဆုတ်လိုက် အဆုတ်လိုက်လို့ ဘာသာပြန်တယ်။ မောဟတွေ ခဲခဲလှုပ်၊ ဒေါသတွေ အဆုတ်လိုက် ကမ္ဘာကြီးမှာ ... ....

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်