Tuesday, August 30, 2011

ဘလော့ဂ်နေ့ ဆုမွန်ကောင်း

၂၀၀၉ခု နှစ်စအထိ ဘလော့ဂ်ဆိုတာ၊ ဘလော့ဂ်ဂါဆိုတာ ဘာမှန်းမသိသေး၊ ခုထိလည်း မှုန်ဝါးဝါးနဲ့ သူများဘလော့ဂ်နေ့ဆိုတာနဲ့ လိုက်ဘလော့ဂ်နေ့နေတဲ့သူကို ချစ်ကြည်အေးလို့ ဆိုရင် မမှားပေဘူး။ တကယ်...။ ၂၀၀၉အစပိုင်းလောက်မှာ သူငယ်ချင်းသက်ဝေရဲ့ ကောင်းမှုကြောင့် ဖေ့စ်ဘုတ် စသုံးဖြစ် တာက စခဲ့တယ်။ ရည်ရွယ်ချက်က သိတ်ကြီးတယ်။ Pet Societyဆိုတဲ့ ဂိမ်းလေးထဲက အကောင်လေးတွေ မွေးပြီး ကစားကြည့်ချင်လို့။ အဲဒီနောက် ယာစိုက်၊ ငါးမွေး၊ ကော်ဖီဆိုင်ဖွင့်နဲ့ ဂိမ်းအစွဲကြီးစွဲရာက အိမ်နီးချင်း၊ ယာနီးချင်း၊ ဆိုင်နီးချင်းတွေ တိုးပွားလာပြီး ဖဘမှာလည်း ကစားဖော်မိတ်ဆွေတွေ တိုးလာခဲ့ပါရော။

အဲလိုနဲ့ပဲ ဖဘမှာ တစ်ချို့သောသူတွေရဲ့ စတေးတပ်စ်တွေဖတ်ပြီး ရယ်ရတာကိုကြိုက်တဲ့ ကျွန်မက သူတို့နဲ့ မိတ်ဆွေဖွဲ့ဖြစ်ခဲ့တယ်။ ခင်မင်စရာကောင်းတယ်။ ဖဘမှာ တခွိခွိ တခွစ်ခွစ်နဲ့ သူတို့က ရယ်ကြ၊ ပြောကြနဲ့ ရယ်။ အမယ်...ငှင်းငှင်းတို့၊ ညှင်းညှင်းညှင်းတို့၊ ငှဲလျောင်း ငှဲလျောင်းတို့တောင်ပါသေးတယ်။ အာမေဒိတ်တွေကလည်း အဆန်းတကြယ် ((ဟမ်))တို့၊ ငှင် !! တို့၊ အလို!!!...တို့၊ အို...စုံတကာစိ ပါပေတယ်။ ကျွန်မမှာဖြင့် ဟိုကြည့် ဒီကြည့် ဟိုရယ် ဒီရယ်နဲ့။ ဒီလူတွေ အတော်တော့ ရယ်စရာ ကောင်းသားလို့ ထင်ခဲ့မိတာ။ နောက်မှသိရတာက ထိုထိုသော အနှီပုဂ္ဂိုလ်တို့သည် ဘလော့ဂ်ဂါများ ဖြစ်ကြကုန်၏ တဲ့။ အလို... ဖြစ်ရလေ၊ ရယ်ရလွန်းလို့ ရင်တုန်ပန်းတုန် ရှိလှပါတော့တယ် အသင် ဘလော့ဂ်ဂါ....။

အင်းးးဟုတ်ပါပြီ၊ ဒါဖြင့် ကိုယ်ရော ဘလောဂ့်ဂါလုပ်လို့ရလားဆိုတော့ ရတယ် တဲ့။ ဒါနဲ့ပဲ သူငယ်ချင်း အကောင်းစားလေးသက်ဝေရဲ့ ချောက်တွန်းမှုနဲ့ ဘလော့ဂ်လေးတစ်ခု လူလူသူသူ ပိုင်လာခဲ့ တယ်။ အေးအေးနေ နေတာ ကြည့်မရရင် ဘလောဂ့်တစ်ခုသာ ဖွင့်ပေးလိုက်လို့ ဆိုရိုးတွေတောင် ပြင်ရတော့ မလိုလို။ အဲဒီမှာ မှတ်မိလို့ ပြောပြချင်သေးတယ်။ သက်ဝေက မေးတယ်။ နင်က ဘယ်လို စာမျိုးတွေ ရေးမှာ လဲ တဲ့။ “ငါက ဟာသတွေရေးချင်တာဟ”၊ ကျွန်မ မဆိုင်းမတွ ပြန်ဖြေခဲ့တာ သတိရနေသေးတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂က ကိုကြီးကျောက်နဲ့ ပြောဖြစ်ခဲ့တာလေး အမှတ်တရ ဖတ်ကြည့်ကြပါဦး။ ကိုကြီးကျောက်က ကျွန်မအမျိုးသားကို စာရေးဖို့ ခိုင်းခဲ့တာပါ။

10:28 AM maungnaipe: သူ့လဲစာရေးခိုင်း..တော်တော်ရီရမယ်
 me: not his hobby,  he likes to read news only
10:29 AM maungnaipe: အင်း..ဒါတော့ မတတ်နိုင်ဘူး
 me: but he gives me some ideas about funny funny stuffs
 maungnaipe: ဟုတ်မယ်..
 me: yeah,  but being a woman got limit to write
10:30 AM cant write so openly like you :(
  some jokes
  u agree ?
10:31 AM maungnaipe: အင်းဒါတော့ဟုတ်တယ်..ကိုကြီးကျောက်တို့သာလက်လွယ်စပယ်တွေရေးပစ်တာ..မိန်းကလေးအနေနဲ့ကြ ရေးဖို့မလွယ်ဘူး
 me: even now, some say , I am a bit kind of, ahh...how do i put in words???
 maungnaipe: တခါတလေ ကိုယ်ရေးတာ သိတ်လွန်သွားသလားလို့တောင်စိုးရိမ်မိတယ်
 10:33 AM me: u know right,  I write about all funny funny ones
  ur writing is OK ko gyi,  people love u:)
 maungnaipe: ဟုတ်တယ်..ညည်းစာတွေက ပုံမှန်အမျိုးသမီတွေ ရေးလေ့ရေးထရှိတဲ့ လမ်းကြောင်း မျိုးတော့ မဟုတ်ဘူး

ကျွန်မ ဘလော့ဂ်ရေးစ အရှိန်လေးရလာတဲ့အခါ ကော်မန့်မှာ၊ စီဘောက်မှာ ဘာတွေ ရေးနေ တာလဲတို့၊ ပေါတာမကြီး၊ ပေါရဲလိုက်တာ တို့ အဲသလိုတွေ အရေးခံခဲ့ရဖူးတာ။ ကိုကြီးကျောက်ကတော့ ကျွန်မကို အားပေးခဲ့ရှာပါတယ်။ ကျွန်မကိုက ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးချင်ခဲ့တာ။ စဉ်းစားကြည့်ပါ။ အင်မတန် စိတ်ဖိအားများနေတဲ့ ပတ်ဝန်းကျင်မှာ လူတွေဟာ ဖြေလျှော့ပစ်လိုက်ဖို့ လိုလာတယ် မဟုတ်လား။ စာဖတ်ပြီး အနည်းဆုံး ပြုံးမိတယ်ဆိုရင်ပဲ နည်းသလား။ ဒီတော့ သူ့နည်း သူ့ဟန်နဲ့ ကိုယ်တွေ့ဟာသလေးတွေ ရေးနေတဲ့ ဘလောဂ့်လေးတွေကို ကျွန်မ နှစ်သက်မိတယ်။ ဒါဟာ ဖြေဖျော်မှု တစ်ခုလို့ ကျွန်မ ယူဆပါတယ်။

စာလေး စာခန့်တွေ၊ စာကောင်း စာသန့်တွေ ရေးနေကြသူတွေ၊ စိတ်ဓါတ်ခွန်အားဖြည့် စာလေးတွေ ရေးနေကြသူတွေ၊ ရသ သုတရေးနေကြသူတွေ၊ ချက်နည်းပြုတ်နည်းရေးနေကြသူတွေ အများကြီးပါပဲ။ ကျွန်မအတွက်တော့ ဘယ်စာမဆို တစ်ခုခု ယူတတ်ရင် ရတာပဲလို့ ယုံကြည်တဲ့အတွက် အားထုတ်ရေးသား နေကြတဲ့ ဘလော့ဂါတိုင်းကို လေးစားချစ်ခင်စိတ် ဖြစ်ရပါတယ်။

စကားစပ်မိလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ မဂ္ဂဇင်းတစ်ခုကို ဘလော့ဂ်မှာ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ် လှမ်းပို့လိုက်ပါတယ်။ အွန်လိုင်းမှာ တစ်ရက်တွေ့တာနဲ့ ရွေး/ပယ် မေးကြည့်တဲ့အခါ ပယ်ပါတယ်တဲ့၊ ကျွန်မအရေးအသားက တစ်မျိုး၊ ဖတ်ကောင်းပေမဲ့ မာဆတ်ဆတ်နဲ့မို့ ပယ်လိုက်ပါတယ် တဲ့။ အို...ကျွန်မ ဝမ်းသာမိပုံများ၊ ဟုတ်တယ်...ကျွန်မရေးဟန်က စကားပြောများတယ်။ အပြင်မှာ စကားပြောရင်လည်း ဆတ်တောက်တောက်နဲ့ ဟိုရောက်ဒီရောက် ပြောတတ်တာမျိုး။  မြန်မြန် ရေပက်မဝင်လည်း ပြောတတ် တယ်။ ဒီတော့ ရေးဟန်ကို သွားလွှမ်းနေတတ်တာ။ ဝတ္ထုတိုရေးရင်သာ ဇာတ်ကောင်စရိုက် ဖမ်းရေးရင်း ချစ်ကြည်အေး ပျောက်သွားတတ်ပေမဲ့ ဆောင်းပါးတွေရေးရင်တော့ “ချစ်ကြည်အေးလေ” မိနေတော့တာ။

တခါတလေ မာဆတ်ဆတ်ကို သတိထားမိလို့ Tone ချပြီး ရေးမိ ပြောမိတဲ့အခါ အချိုလွန်သွားပြီး ဟန်လုပ်နေ ရသလို၊ အပေါ်ယံလို ခံစားရတတ်လို့။ အင်းးး မာဆတ်ဆတ်အတိုင်းပဲ ကောင်းပါတယ်လို့ စဉ်းစားမိပြန်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို သိလိုက်ရတာဟာ ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ရေးဟန်ကို ထောက်ပြလိုက်တာမို့ ဝမ်းသာရပါတယ်လို့ ပြောခဲ့တာ။

အားလုံးလိုပါပဲ၊ ဘလော့ဂ်ရဲ့ အစမှာ အစားမဖြောင့်၊ အအိပ်မဖြောင့် ရူးသွပ်ခဲ့တယ်။ ဟိုဘလော့ဂ်လည်၊ ဒီဘလော့ဂ်လည် ကော်မန့်ရေး မိတ်ဆွေဖွဲ့နဲ့ ကူးစက်တတ်တဲ့ ရောဂါတစ်ခုကို အများနည်းတူ ခံစားခဲ့ ရတာရယ်။ ဒါကိုပဲ ပျော်လို့။ ဒါပေမဲ့ ခုတစ်လော ကျွန်မရဲ့ ကျန်းမာရေးအရရော၊ ဘလော့ဂ်ရဲ့ သဘာဝ ဂငယ်ကွေ့ကို တက်နေရတဲ့အခိုက်မို့ရော အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေခဲ့တယ်။ 

အဲ...နောက်တစ်ခုက အိုင်ဖုန်းကြောင့် စာတွေကို ဖုန်းထဲကနေပဲ အဖတ်များလာတာ၊ နောက်ဆုံးတစ်ခုက အိမ်ကလူကြီးနဲ့ ကွန်ပြူတာလုနေရတာကြောင့်လို့ပဲ ဆိုရပါတော့မယ်။ သူက တီဗီက CNA သတင်းလည်း အလွတ်မပေး၊ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေလည်း အလွတ်မပေးတဲ့ သတင်းသရဲ။ ဟော...လာပြီ၊ ချစ်ကြည်အေးတို့ ပြောရင်းဆိုရင်း ကြော်ငြာဝင်ချလာပုံ...:)

အင်းးး ကျန်းမာရေးဆိုလို့ ပြောရရင် ကျွန်မက ငယ်ကတည်းက သွေးထဲမှာ ရှိရမဲ့ သွေးနီဥ (ဟေမိုဂလိုဘင်) ပါဝင်မှုနှူန်းနဲနေတဲ့ ရောဂါပါ။ ကြည့်ရင်တော့ လူက အလတ်ကြီးရယ်။ ဒါပေမဲ့ ဘာမှ မလုပ်ခင်ကို လူက ပင်ပန်းနေပြီ၊ အဲသလိုမျိုး။ ခုပဲ ရှော့ပင်းထွက်တာ အကောင်း၊ အိမ်ပြန်ရောက်တော့ နေလို့မကောင်း ဆိုတာမျိုး။ ဟုတ်တယ်။ မသိရင် မူယာမာယာများနေသလိုပဲ။ တကယ်က စိတ်ဆောင်နေလို့သာ။ ဆေးဝါး အစားအစာ၊ အအိပ်အနေ ဂရုစိုက်နေလိုက်ရတာ။ ပြီးခဲ့တဲ့ ၂ပတ်က သွေးအဖြေရတော့မှ စိတ်အေးရတယ်။ အားလုံး back to normal ပဲ။ ဒါပေမဲ့ မာဂျင်နယ်လေး၊ နဲနဲလေး ပုံမှန်ရှိရမဲ့ ပမာဏထက် ၀.၂ လောက်ပိုပြီး ကပ်သီဝင်သွားတာ။  ဖိုက်စတားအဆင့်က ပြုတ်သွားတယ် ဆိုပါတော့။ အရင်ကဆို သွေးစစ်လိုက်တိုင်း ပုံမှန်ရှိမနေတဲ့ ဒေတာတွေဘေးမှာ ကြယ်ပွင့်လေးတွေနဲ့ ပြထားတတ်တာကိုး။ အနည်းဆုံး  ကြယ်ငါးလုံး ရှိခဲ့ရာကနေ ခု ဇီးရိုးမို့ ပျော်သွားတယ် ဆိုရမယ်။

ရေးရင်းနဲ့ ချော်သွားပြီ ထင်ပါရဲ့။ ရေးချင်တာက ဘလော့ဂ်နဲ့ ပတ်သက်ရင် အရင်ကလို စိတ်လိုက်မာန်ပါတွေ လုပ်မရတော့ဘူးလို့ ပြောပြချင်တာ။

ဘလော့ဂ်ရေးခဲ့တာ လာမဲ့ နိုဝင်ဘာမှာ ၂နှစ်ပြည့်ပါမယ်။ ရေးခဲ့တဲ့တလျှောက်မှာ ရလာတဲ့ စာရေးသူ မိတ်ဆွေ၊ စာဖတ်သူမိတ်ဆွေတွေလည်း အများကြီးရခဲ့ပါရဲ့။ စာရေးတဲ့နေရာမှာလည်း ခံစားရသလို ရေးခဲ့တာမို့ လိုင်းတစ်ခု သီးသန့်ရှိမနေဘဲ အစုံရေးခဲ့တာပါပဲ။ အသေအချာ ပြောနိုင်တာက ကျွန်မ ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်ကိုမှ ထိခိုက်နစ်နာလိုစိတ်နဲ့ ရေးဖွဲ့ခြင်း မရှိခဲ့တာပါပဲ။ 

နောက်တစ်ခုက ကော်မန့်ကိစ္စပါ။ ဖတ်ပြီးလို့ မန့်ခဲ့သည်ဖြစ်စေ၊ အချိန်မရလို့ မမန့်ခဲ့သည်ဖြစ်စေ ကျွန်မ နားလည်ပါတယ်။ ကျွန်မကိုယ်တိုင် ဖတ်ရတာကို နှစ်ခြိုက်နေတဲ့အတွက် လာဖတ်ကြတာကိုပဲ ကျေးဇူး တင်ပါတယ်။ ခင်မင်ရင်းနှီးစွာ အချိန်ပေးပြီး ပြောဆိုရေးသားခဲ့တဲ့ ကော်မန့်တွေအတွက်လည်း  ကျေးဇူး တင်ပါတယ်။ ကျွန်မ အချိန်အားရရင် ရသလို  ကော်မန့်တွေကို ပြန်လှန်ရေးသားလေ့ရှိပါတယ်။ ရေးရ တာ ပျော်လို့ပါပဲ။

ဖြတ်သန်းခဲ့တဲ့တစ်လျှောက်မှာ ချစ်သူခင်သူတွေ ရှိခဲ့သလို၊ မနှစ်သက်သူ မုန်းသူတွေလည်း ရှိနိုင်ကောင်း သလို၊ မချစ်မမုန်းတွေလည်း ရှိမှာပါပဲ။ ဘလော့ဂ်ရေးစကနေ ခုချိန်ထိ ကျွန်မအပေါ် ဖေးဖေးမမ မေတ္တာ ရင်းစွဲနဲ့ ခင်မင်ခဲ့ကြသူများအားလုံးအပေါ် ကျွန်မ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ စိတ္တသုခ၊ ကာယသုခ နဲ့ ပြည့်စုံကြပါစေ၊ ဆန္ဒရှိသလောက် ဘလော့ဂ်ရေးနိုင်ကြပါစေလို့ ၃၁ရက် ဩဂတ်စ်မှာ ကျရောက်မဲ့ ဘလော့ဂ်နေ့အမှတ်တရ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ဒီတက်ဂ်ပို့စ်အတွက် မိတ်ဆွေကြီး ကိုအောင် (ပျူနိုင်ငံ)ကို ကျေးဇူးအထူးပါ...:)

"Happy Blog Day"

CHEERS !!!


31 comments:

Anonymous said...

Happy Blog Day to you too Ma Ma CKA and wish you all the best of health!!
Mon Petit Avatar

An Asian Tour Operator said...

ဟက်ပီဘလောက်ဒေး အစ်မချစ်။ စာများစွာ ရေးနိုင်စေသတည်း။

PhyoPhyo said...

အစ်မချစ်ကြည် ကျန်းမာပျော်ရွှင်စွာ စာတွေအများကြီးရေးနိုင်ပါစေ။
ချစ်ခင်တဲ့

သဒ္ဓါလှိုင်း said...

အမချစ်
ဘလော့ဒေးအမှတ်တရလေးကို မှတ်မှတ်ရရ ဖတ်ခဲ့ပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဝါသနာပါတဲ့အတိုင်း စာလေးတွေကို ချစ်တဲ့ညီမ. မောင်နှမတွေနဲ့ အတူ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
ညီမသဒ္ဓါ

ုမြသွေးနီ said...

မချစ်ရေ...
ဟာသဇ၀နဥာဏ်နဲ့ စာတွေကို သွက်သွက်ရေးတတ်တဲ့၊ ရသပိုင်းကိုပါ အားထည့်လာတဲ့ အစ်မချစ်တစ်ယောက် ဘလော့ဂ်ခရီးလမ်းမှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ ပျော်ရွှင် ကျန်းမာစွာ ဘလော့ဂ်ဂင်နိုင်ပါစေလို့...။

SHWE ZIN U said...

ချစ်ကြည်အေး ညီမ ရေ

ညီမ ရဲ့ ပျော်ရွှင်စရာ စာလေး တွေကို စောင့်ဖတ်နေပါတယ် ကျမ်းမာချမ်းသာ စွာ နဲ့ နှစ်ပေါင်း များစွာ ဘလောဂ်ဂင်း ကြမယ်နော်

Nyi Linn Thit said...

မချစ်ကြည်အေးရဲ့ စာတွေ ဖတ်ရတာ (ရည်ရွယ်တဲ့ အတိုင်း) ပေါ့ပါး သွက်လက်ပါတယ်၊ အတင်းကြီး လိုက်ရယ်ခိုင်းနေတဲ့ Corny jokes တွေလို မဟုတ်ဘဲ အရေးအသားမှာကိုက ရယ်မြူးရိပ် စွက်နေတဲ့ ပေါ့ပါး သွက်လက်မှုမျိုး...၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်း တဖက်ကလည်း လွပ်လပ်ပေါ့ပါးတဲ့ တိမ်စိုင်ပို့စ်တွေကို ဘလော့ဂ်ကောင်းကင်ကြီးထဲမှာ ဆက်ပြီး လွှတ်တင် စီးမျော နိုင်ပါစေဗျာ....။

sosegado said...

ဘီယာလေး နည်းနည်းနဲ့ ရေးခိုင်းကြည့်ရင်ဖြစ်မှာပါ၊
ဇရှိပါတယ်၊ ဝေဖန်ရေးလည်းရတယ်။

rose of sharon said...

ကျန်းမာရွှင်လန်းစွာ အသက်ရာကျော်ထိ ဘလော့ဂင်းနိုင်ပါစေ...

seesein said...

အမချစ်
ကျန်းမာရွှင်ပျော်
ဘလော့နိုင်စေဖို့
ပန်းသီးဖျော်ရည်
သောက်ကြစို့
ဟိုက်!!!!!
ရောပြီး ကြော်ငြာဝင်သွားပြန်ပေါ့

ခင်မင်တဲ့
seesein

Anonymous said...

“အမယ်...ငှင်းငှင်းတို့၊ ညှင်းညှင်းညှင်းတို့၊ ငှဲလျောင်း ငှဲလျောင်းတို့တောင်ပါသေးတယ်။ အာမေဒိတ်တွေကလည်း အဆန်းတကြယ် ((ဟမ်))တို့၊ ငှင် !! တို့၊ အလို!!!...တို့၊”
အို...စုံတကာစိ ပါပေတယ်။..အဟိဟိ
ရေးတတ်ပါပေ့နှမငယ်...:P
ယနေ့မှစ..နောင်နှစ်ပေါင်းများစွာတိုင်..
အိမ်ကလူကြီးနဲကော..နှမချစ်တဲ့ဘလော့လေးနဲ့ပါ
ပျော်ရွှင်စွာ...ဒိန်းတိန်းတိန်း.သွားနိုင်ပါစေကွယ်..။
(ကုလားဘုရားလှည့်သံပါ။မကြောက်ပါနဲ့ :P)
ခင်မင်လျှက်
မိစံ

ညိမ်းနိုင် said...

ပေါ့ပေါ့ပါးပါးရှိတဲ့အစ်မစာတွေကို စောင့်မျှော်လျက်ပါဗျာ..။
ကျမ်းမာရေးကိုလည်းဂရုစိုက်အစ်မရေ...၊အားတော့လည်း
ရေးပေါ့ဗျာ...နော့်....။

မိုးငွေ့...... said...

ညီမလေးတို့နဲ့အတူအမြဲဘလော့ဂင်းနိုင်ပါစေ....။ နာ့အမ နေမကောင်းဘူးလား ဘာချားချင်ရဲကျောနော်...း))

အပြုံးပန်း said...

ဘာလေးပဲ ဖတ်လိုက်ဖတ်လိုက် ပေါ့ပါးသွက်လက်သလို ဖြစ်ဖြစ်သွားတဲ့
mood ကိုပေးတာ
အမရဲ့ စာတွေပါ။

happy blog day!!!

မယ်ကိုး said...

ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ မမစာအမြဲရေးနိုင်ပါစေး)

မြစ်ကျိုးအင်း said...

ဘလော့ဂ်လည်းရေးရင်း ကျန်းမာရေးလည်း ဂရုစိုက်အုံးအစ်မ။ ခပ်သွက်သွက်ရေးဟန်တွေတိုင်းက ဇာတ်လမ်းတိုင်းအတွက် အဆင်မပြေပေမယ့် ကျနော်တော့ အဲဒီလို ရေးဟန်မျိုးကို ပိုသဘောကျမိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ရှော့ပင်ထွက်ရင် ပျော်ပြီး အိမ်ပြန်ရောက်ရင် မောနေတတ်တဲ့ မချစ်ကြည်အေးတစ်ယောက် ဘလော့ဒေးမှာ ပျော်ရွှင်ပါစေ၊ ဗိုလ်ကျောက်နဲ့ ချက်တင်စာကို ဖတ်ရလို့ သတိရမိတယ်၊ အမက ပျော်တတ်သူဆိုတော့ ဘလော့ဂါတွေ ခရီးထွက်ဖြစ်ရင် အမကို ဂျိုကာ ၀တ်စုံ ၀တ်ခိုင်းမယ် .... :P

mstint said...

ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားတယ် မချစ်ရေ။ ချစ်ခင် ပျော်ရွှင် ကြည်နူးစွာနဲ့ စာဖတ်သူများနဲ့ ဘလော့ဂ်ဂါတို့ စုစည်းရာ ရပ်ဝန်းမှာ စာကောင်းပေကောင်းတွေ ဆက်လက်ရေးသားမျှဝေနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပျော်၇ွှင်ပါစေ အစ်မချစ်..

အစ်မချစ်ဘလော့အစမှာအလာစိပ်ပြီး
ရယ်စရာတွေ ဖတ်ပြီး ပျော်ခဲ့သူဖြစ်ပေမဲ့
နောက်ပိုင်းမှာ ငပျင်းဖြစ်သွားပြီး သိပ်
မရောက်တော့တဲ့တယောက်ပါ..။

ပုံ..
ဖဲပွင့်အစင်း

မေသိမ့်သိမ့်ကျော် said...

အစ်မချစ်ရေ

ဘလော့ဒေးအမှတ်တရတက်ဂ်ပို့စ်လေးက တကယ်ကို အမှတ်တရပါပဲ အစ်မရေ။ အစ်မ အောင်မြင်ပျော်ရွှင်ပါစေနော်။

ခင်တဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ချစ်သူ ရှိသည်ဖြစ်စေ၊ မုန်းသူရှိသည်ဖြစ်စေ ဘလော့ဒေးမှသည် နောက်ထပ် ဒေးတွေ များစွာအထိ ဆက်ပြီး ဘလောဂ့်ဂင်းကြဦးစို့နော်
ဘယ်ချိန်ထိရယ်လို မသိနိုင်ပေမဲ့ ခွန်အားရှိသရွေ့ပေါ့နော်။

အိမ့်ချမ်းမြေ့ said...

ဟက်ပီဘလောဂ်ဒေးပါး))
မလေး လာနှုတ်ဆက်ပါသည်ရှင်။

ကိုကိုမောင်(ပန်းရနံ့) said...

ဒီနှစ် ဘလော့ဒေးက အတော်လေးကို စည်ကားသိုက်မြိုက်နေတာဘဲ။ အတော်လေး အားရကျေနပ်စရာကောင်းတယ်။ မှတ်မှတ်ရရ ရေးကြတဲ့သူတွေ အများကြီးဘဲ။ ပျော်စရာ ကောင်းတယ်။

အမချစ်ကြည် ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ။

ခင်မင်လျှက်

အင်ကြင်းသန့် said...

အဲဒီလိုပေါ့ပေါ့ပါးပါးတို့ မာတောင့်တောင့်တို့ကို မှ ကြိုက်တဲ့သူက ကြိုက်ပါတယ်တော့ (ညှင်းညှင်း):P :P


ဟက်ပီးဘီလိတ်တက်ဘလော့ဒေးပါမမ....
ကျန်းမာရေးကောင်းကောင်းနဲ့ စာတွေအများကြီးဆက်ရေးနိုင်ပါစေ...(ဂျင်းလည်းပြောဖူးတယ်နော်....
ကိုကြီးကိုဘလော့တစ်ခုလုပ်ပေးလိုက်လို့... :)))

အင်ကြင်းသန့် said...

ဟိုက်....ပိုစ့်လာဖတ်တာနောက်ကျတာကို
ပြောချင်ဇောအားကြီးပြီး ဟက်ပီးဘီလိတ်တက်လို့ဖြစ်သွားတယ်....
ဆောတီး မမ....ဟီးဟီး.....
ဟက်ပီးဘလော့ဒေးပါ။ :D :D

မဒမ်ကိုး said...

မမချစ်ကြီး ပျော်ရွှ့င်စွာနဲ့နောင်နှစ်များစွာတိုင်ဘလော့ဂင်နိုင်ပါစေ ကြောင်း .
(အဲ မြီးရှည်လိုစားစရာမျိုးနဲ့တော့နောက်ထပ်မနှိပ်စက်ပါနဲ့ ချစ်မကြီးရယ်..
ထမင်းစားပျက်လွန်းလို့ပါး)
နောက်တစ်ခါခေါ်ကျွေးနိုင်မှနှိပ်စက်ပါ
မဒိုးကန်ကအစားမြင်ရင် သွားရေကထိန်းမရလို့ပါး)

ပန်းချီ said...

ပျော်ရွှင်သော ဘလော့ဂ်နေ့ပါမမရေ..။ ပျော်ရွှင်စရာ၊ စိတ်ခွန်အားပြည့်စရာ စာကောင်းပေမွန်များ ဒိထက်မက ရေးသားနိုင်ပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ချစ်တဲ့

ဇွန်မိုးစက် said...

ချစ်သော အစ်မချစ် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ စာတွေ အများကြီး ရေးနိုင်ပါစေလို့..။

ဟက်ပီးဘလော့ဂ်ဒေး! :))

မိုးပျံမ said...

ဟတ်ပီး ဘလော့ဂ်ဒေးပါ....မချစ်ကြည်

အဖြစ်သနစ်စုံ ကို သိပြီးသကာလ လာရာလမ်းမှ ပြန်ကြွသားလေသည်။

ဂြီ။

ချစ်ကြည်အေး said...

ညီမ MPA ၊ ကိုအေအေတူ၊ ညီမဖြိုးဖြိုး၊ ညီမ သဒ္ဒါ၊ ညီမမြသွေး၊ အမဇင်၊ ကိုညီလင်းသစ်၊ ကိုဆိုစီ၊ ညီမရိုစ့်၊ ညီမ စစ၊ ညီမမံစိ၊ မောင်လေး ညိမ်းနိုင်၊ ညီမ မိုးငွေ့၊ ညီမ ပြုံးပန်း၊ ညီမ မယ်၊ မောင်လေး မောင်မြစ်၊ ကိုအောင်၊ အန်တီတင့်၊ ပဟေဠိတွေနဲ့ ဖဲပွင့်အစင်း၊ ညီမမေသိမ့်၊ ညီမချော၊ မလေး၊ သူဂျီး၊ ဂျင်းစုတ်၊ မဒိုးကန်၊ ဗဂျီ၊ ညီမဇွန်၊ မိုးပျံမ....

ချစ်ခင်စွာသော နှုတ်ဆက်စကားများအတွက် ကျေးဇူးတင်ပါတယ်။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်း တစ်ဦးချင်းစီရဲ့ ဘလော့ဂ်တွေမှာ ပြန်လည် နှုတ်မဆက်ဖြစ်တာ နားလည်ပေးကြပါရှင်....:))

T T Sweet said...

စာရေးကောင်းတဲ့ သူငယ်ချင်း ဘလော့ဂ်နေ့မှာ ပျော်ရွှင်ကြည်နူးပါစေ။ စာများလဲ များများရေးနိုင်ပါစေ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်