Monday, May 16, 2011

ငမိုး

ငမိုးသည် ငယ်ငယ်တုန်းက ကျွန်မနှင့် ကျောင်းသွားဖော် ဖြစ်ပါသည်။  ငမိုးသည် တခြားသူမဟုတ်၊ ကျွန်မထက် တလတိတိသာ ငယ်သော ကျွန်မ၏ မောင်ဝမ်းကွဲ (အဖေ့ အမကြီးက မွေးသောသား) ဖြစ်ပါသည်။ ငမိုးကို မွေးစဉ်က အခါမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာခဲ့၍ မောင်မိုးဟု အိမ်နာမည် တွင်ခဲ့သည်။ တလတိတိသာ ကွာသောအသက်ကြောင့် ငမိုးနှင့် ကျွန်မ ကျောင်းအတူတူ အပ်၊ ကျောင်းကားအတူတူ စီးပြီး မောင်နှမဆိုသည်ထက် သူငယ်ချင်းများ ပမာ ပေါင်းခဲ့ကြသည်။

သို့သော် ငမိုးမှာ စာညံ့၍ ကျွန်မကသူ့ထက် အတန်းများ ကျော်တက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသူ   ဖြစ်နေချိန်တွင် ငမိုးက ဆယ်တန်းကျနှင့် ကျောင်းထွက်ခဲ့ပြီး ဖြစ်လေသည်။
ငမိုးတို့ မောင်နှမအရင်းများအားလုံး ရုပ်ရည်သန့်ပြန့် ချောမောသူများ ဖြစ်ကြသည်။ ငမိုးတို့အဖေမှာ ရေတပ်ထဲက ဖြစ်၍ သူ ဆုံးပါး သွားသောအခါ ငမိုးတို့အဖေကိုချစ်သော အထက်လူကြီးများက ငမိုးကို ရေတပ်ထဲသွင်းကာ အလုပ်လုပ်စေခဲ့လေသည်။ ထိုစဉ်က ကျွန်မတို့အိမ်ကို အလည်လာသော ရေတပ်ဝတ်စုံနှင့် ငမိုးမှာ မားမတ်သောအရပ်၊ ဖြောင့်ရှင်းသန့်ပြန့်သော ရုပ်ရည်နှင့် လွန်စွာ လိုက်ဖက်တင့်တယ်နေခဲ့သည်။ ကျွန်မမှာ ငမိုးအတွက် ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူခဲ့ရသည်။

ငယ်ငယ်က ညစ်ကျယ်ကျယ် အစအနောက်သန်သော ငမိုးသည် ခုတော့ အင်မတန် ခန့် ချောသော ရေတပ်သားကလေး ဖြစ်နေပြီ။ ငမိုးငယ်ငယ်က ဂေါ်လီပစ်တမ်း ကစားကြပုံကို ကျွန်မ သတိရမိသေးတော့သည်။ သားရေပင်ကြေး ဂေါ်လီပစ်ကြရာမှာ ရှုံးနေလို့ ပေးစရာ သားရေပင် မရှိတော့သော ငမိုးက သူ့ကစားဖော်တွေကို "ငါ့အမ ယူလိုက်ကွာ" လို့ ပြောပြီး ကစားခဲ့တာ။ ပြီးတော့ သူ "အမပေးကြေး" ကစားခဲ့တဲ့အကြောင်း ကျွန်မကို လာပြောသေးတာ။ "တကယ်ပေးရတာမှ မဟုတ်တာ နင်ကလည်း"...တဲ့လေ။ ကျွန်မမှာ စိတ်မဆိုးတဲ့အပြင် သူနဲ့ရောပြီး လိုက်ရယ်မိခဲ့သေးသည်။ အတော်ဆိုးတဲ့ ငမိုးပါပဲ။

နောက်တော့ ကျွန်မတို့ လူကြီးလေးတွေအဖြစ် ကျရာနေရာမှာ အလုပ်တာဝန်တွေကိုယ်စီနှင့်   မောင်နှမတတွေ ဝေးသွားခဲ့ကြရသည်။ သို့သော် ငမိုး၏ သတင်းများကိုတော့ အမေ့ထံမှတဆင့် ကျွန်မ အမြဲ နားစွင့်နေခဲ့မိသည်သာ။ အရင်တခေါက် ကျွန်မ အိမ်ပြန်စဉ် ကြားခဲ့ရသော ငမိုးသတင်းများမှာ သိတ်မကောင်းလှပါ။ ငမိုး ဒီကောင် အရက်စွဲနေပြီဟု အမေက ဆိုလာသည်။ ပြီးတော့ အိမ်ထောင်ကျ သွားပြီတဲ့။ ငမိုးမိန်းမက မွတ်စလင်ဘာသာဝင် ကလေးပေမဲ့ ငမိုးကြိုက်သော ဝက်သားဟင်းကို လင့်အလိုလိုက်၍ ချက်ပြုတ် ကျွေးမွေးသတဲ့။ ဒါတောင် ငမိုးက မူးလာလျင် သွေးဆိုးပြီး ကြိမ်းမောင်းရိုက်နှက် တတ်သတဲ့။ ကျွန်မမှာ မမြင်ဘူးလိုက်သော ယောင်းမကလေးအတွက် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်ခဲ့သည်။ နောက် မကြာပါ လင်မယား ကွဲကြပါလေသည်။ အိမ်ထောင်ပျက်သွားသော ငမိုးအတွက် စိတ်ထိခိုက်မိပေမဲ့ ဝဋ်ကျွတ်သွားခဲ့သော တဘက်သား မိန်းကလေးအတွက် ကြိတ်ဝမ်းသာရလေသည်။

သည်လိုနှင့် အိမ်ထောင်ကွဲသွားသော ငမိုးသည် ငှားထားသောအိမ်ကလေး အရှင်ထံ ပြန်အပ်၍ သူ့အမေအိမ်ပေါ် ပြန်တက်ကာ တဗိုလ်တမင်း ပြုမူနေထိုင်တော့သည်။ မူးလာလျင် ရစ်တတ်ပြီး သွေးဆိုးသောငမိုးက တဘက်၊ အမေဖြစ်သူနှင့် ကျန်မောင်နှမများက တဘက် ပွက်လောရိုက်နေသော အိမ်ပေါ်မှ နောက်ဆုံး ငမိုး နှင်အချခံခဲ့ရတော့သည်။

ငမိုးက မမှုပါ။ အမေ့ကို ချွှဲကာ၊ ပတ်ကာနှင့် ကျွန်မတို့ အိမ်ပေါ် ရောက်လာခဲ့သည်။ အမေကတော့ သူ့တူအပေါ် သားအရင်းလို ချစ်ရင်းစွဲနှင့် အိမ်မှာ နေစေခဲ့ပါသည်။ အိမ်ရှေ့ ဘုရားခန်းဘေးမှာ ငမိုးအတွက် အိပ်ရာပြင်စေသည်။ သူသည် အိမ်မှာ ထမင်းပွဲ လက်ဆေးစားရုံသာ ဖြစ်သည့်အပြင် အမေက ငမိုးလက်ထဲ နေ့စဉ်သုံးဖို့ မုန်းဘိုးပေးသေးသည်။ အမေက သူ့တူကို အရက်မသောက်ဖို့၊ လိမ်မာဖို့ တွင်တွင်ဆုံးမသည်။ အစပိုင်းတော့ ဟုတ်မလိုလိုနှင့် နဲနဲကြာလာတော့ ငမိုးတို့ ဗွေဖောက်လာပြန်သည်။ အိမ်အပြန် အရက်သောက်မြဲ သောက်သည်။ ရစ်မြဲ ရစ်သည်။ တညတော့ မူးမူးနှင့် သူ့အိပ်ရာပင် သူမပြင်နိုင်ဘဲ ဘုရားစင်ရှေ့တည့်တည့်ကြီးမှာ ပက်လက်ကြီး အိပ်ပျော်ရင်း သေးပေါက်ချလိုက်သေးသည် ဆို၏။ တခါတခါလည်း မူးရူး အိပ်ပျော်နေရင်း ပုဆိုးကိုယ်မှာ မကပ်သည်များလည်းရှိတတ်ရာ ကျွန်မ ညီမအပျိုလေးတွေနှင့်မို့ မသင့်တော်ပြန်ပါပေ။ နောက်ဆုံးတော့ အမေ ငမိုးကို ရာဇသံပေးရတော့သည်။

သည်တခါ ငမိုးရောက်သွားသောအိမ်က ကျွန်မအဒေါ်အိမ်။ ငမိုးနှင့် ကျွန်မ ငယ်ငယ်က သူ့လက်ပေါ်တွင် ကြီးပြင်းလာခဲ့ရသော၊ ကျွန်မတို့အပေါ် သူ့သားသမီးအရင်းတမျှ ချစ်ရှာသော အဒေါ်အိမ်ကို ဖြစ်လေသည်။ ထိုအဒေါ်ကို တွေ့တွေ့ချင်း ငမိုးက အဒေါ့်လည်ပင်းဖက်ကာ ပြောသည်မှာ " ဒေါ်ကြီး သား ဒီအိမ်မှာ ဒေါ်ကြီးနဲ့ အတူ နေမယ်နော် သားကို အမေကလည်း မချစ်ဘူး၊ ကျန်တဲ့အဒေါ်တွေကလည်း သူတို့အိမ်မှာ လက်မခံဘူး၊ သားက ဒေါ်ကြီးကို အချစ်ဆုံး သား အရင်သေရင် သားအသုဘကို ဒေါ်ကြီးပဲ စီစဉ်၊ ရေစက်ခွက်ကို ဒေါ်ကြီးပဲကိုင်နော်" လို့ ဆိုသတဲ့။ ကဲ...ကျွန်မအဒေါ် ဘယ်လိုနှလုံးသားနဲ့များ ဒီအကောင် လူမိုက်ကလေးကို အိမ်ပေါ်က နှင်ရက်ပါ့မလဲ။

တကယ်ပါ။ ငမိုးဟာ မူးမနေရင်ဖြင့် အလွန်ချစ်စရာကောင်းသော အကောင်ကလေး ဖြစ်ပါသည်။ အဲသည်အဒေါ်အိမ်မှာ အတော်ကြာအောင် သောင်တင်နေခဲ့ပြီး ထုံးစံအတိုင်း ပြဿနာနှင့်ပင် အဒေါ်အိမ်က ငမိုး ဆင်းသွားပြန်ပါသည်။ ထိုသို့ ဟိုအိမ် သည်အိမ် လှည့်နေရင်း တခါတလေ ကျွန်မတို့အိမ်ကို တညလောက် အိပ်ပါရစေ ဆိုပြီး ရောက် ရောက်လာတတ်ပါသေးသည်။ လာတိုင်းလည်း လူကသာ သိုင်းကွက်နင်းချင် နင်းလာမည် ကျွန်မတို့ အိမ်ထဲအရောက် လမ်းမမှားဘဲ ဒုတ်ဒုတ်ထိ အရောက်လာတတ်သည်။ လက်ထဲတွင်လည်း ခေါက်ဆွဲကြော် ထုတ်လေး နှစ်ထုပ်ကို   မြဲမြဲဆွဲကိုင်လာတတ်ပြီး ကျွန်မအမေ စားဖို့၊ အဖွား စားဖို့၊ ညီမတွေ စားဖို့ဟုဆိုကာ အိမ်ရှိလူကုန်ကို သူ့ ခေါက်ဆွဲကြော် ထုတ်လေး နှစ်ထုပ်နှင့် လောကဝတ်ပြုတတ်သော ငမိုးပါပေ။

နောက်တရက် သူပြန်ခါနီးမှာ အမေ့နားကပ်ကာ "သားကို မုန့်ဘိုးပေး" ဆိုပြီး တောင်းတတ်ပါသည်။ အမေ့ဆီမှ ရပြီးလျင် ပိုက်ဆံကို သိမ်းကာ ကျွန်မညီမငယ်ဆီက လက်ဖြန့်တောင်းပြန်ပါသည်။ မီနီမားကတ်အသေးစားလေး အိမ်ရှေ့တွင် တွဲဖွင့်ထားသော ထိုညီမ၌ ငွေရွှင်သည်ကို သူသိသည်။ "ကိုကြီးကို အမေပေးပြီးသား မဟုတ်လား" ဟု ညီမကဆိုလျင် ငမိုးသည် အင်မတန် ညှိုးငယ်သော မျက်နှာထားနှင့် "ငါ့ညီမ ဆိုင်က ဝင်ငွေ ရှိပါတယ်ကွာ ကိုကြီးမှာက အလုပ်လည်းပြုတ်၊ ဝင်ငွေ မရှိတဲ့ဘဝမှာ ညီမလေးတို့က မုန့်ဘိုးလေးဘာလေးပေးမှ စားရမှာ"ဟု ဆိုလေသည်။ ဤသို့နှယ် အိမ်၌ရှိသော ငွေဝင်သူများထံ မုန့်ဘိုး လှည့်ပတ်တောင်းပြီးမှ သူ ပြန်သွားတတ်လေသည်။

ဤသည်မှာ အမေ ပြောပြသော ငမိုးအကြောင်းများ ဖြစ်သည်။ ငမိုး ဘယ်လိုများ သည်လို အခြေအနေ ရောက်သွားရပါလိမ့်။ အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ကောင်ကလေး...ခုတော့ အရက်၏ကျေးကျွန် လုံးလုံးဖြစ်ရရှာပြီ။ သူ့အဖေဆုံးချိန်မှာ ငမိုးအသက် ၂၀ကျော်ရုံ ရှိသေးသည်။ အရွယ်ကောင်း၌ ဖခင်၏ အုပ်ထိန်းမှု မရှိခဲ့ခြင်းကြောင့်လား၊ ရေတပ်ထဲဝင် ယောက်ျားလေး အပေါင်းအသင်းစုံခြင်းကြောင့်လား၊ ပညာဆုံးအောင် မသင်ယူခဲ့ရ၍လား... လားပေါင်းများစွာနှင့် ကျွန်မ လုံးထွေးဆဲပင်။

ဒီနှစ်ဦးပိုင်း ကျွန်မ အိမ်ပြန်ဖြစ်ခဲ့တုန်းက ငမိုးကိုတွေ့ချင်စိတ်နှင့် အမေ့ကို မေးမိသည်။ သူနှင့် အဆက်အသွယ်ရရန် မလွယ်ပါ။ နေရာထိုင်ခင်း အတည်တကျမရှိသောသူမို့ သူ အိမ်လာသည့်အခိုက်နှင့် ကြုံလျင်သာ တွေ့နိုင်ပါမည် တဲ့လေ။ ကျွန်မမှာ ဝမ်းသာဝမ်းနည်း ဖြစ်ရသည်။ ဝမ်းသာရသည်က ငမိုး သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရ၍၊ ဝမ်းနည်းရသည်က ခြေသလုံး အိမ်တိုင် လုပ်နေသော ငမိုးအခြေအနေကြောင့် ဖြစ်လေသည်။ ငမိုးလာလျင် မုန့်ဘိုးပေးမည်ဟု ငွေတထုတ် သတ်သတ်ဖယ်ထားမိလျက် ငမိုးအလာကို နေ့စဉ် မျှော်ခဲ့ရသည်။ သို့သော် ငမိုးကား ခွင့်ရက်စေ့၍ ကျွန်မ ပြန်လာခဲ့ရသည့်တိုင် ပေါ်မလာခဲ့ပါ။

လမ်း၌ ဟိုယိုင်ဒီယိုင်လျှောက်လာသော အမူးသမားများ၊ အလုပ်ပိတ်ရက် ညနေများတွင် မြက်ခင်းပြင်ပေါ် ဝိုင်းထိုင်ကာ အရက်စုသောက် တတ်ကြသော အလုပ်သမားကလေးများ ထိုသူတို့ကိုတွေ့လျင် ငမိုးကို သတိရစိတ်နှင့် ရင်၌ နင့်ကနဲ ဖြစ်ရမြဲ။ ငမိုးရေ.......။ ငမိုးနဲ့ တွေ့ချင်ပါသေးသည်။ ရလိုရငြား ဆုံးမကြည့်ချင်ပါသေးသည်။ သူ အရက်ပြတ်သွားအောင် ကျွန်မ တတ်သမျှ မှတ်သမျှ နည်းလမ်းတွေ ပြော ပြချင်ပါသေးသည်။ ထိုအတွက် ငမိုးနှင့်ကျွန်မ မသေခင် တွေ့ကြရမှ ဖြစ်မည်။ 

ကျွန်မ ငမိုးနဲ့ တွေ့ချင်ပါသေးသည်....


13 comments:

  1. ဟုတ်တယ်..မကြီး သမီးလည်း ကိုကြီးမောင်မိုးကို တွေ့ချင်ပါသေးရဲ့..။ သူမူးလာရင် "ငါ့ကိုဘာထင်လဲ..ရေတပ်ငှက်ကွနော်..ဖုတ်လုက် ဖုတ်လိုက်နဲ့" ဆိုပြီးတဟဲဟဲ ရယ်နေတာကို အမှတ်ရနေသေးတာ.. T_T

    ReplyDelete
  2. ငမိုးအကြောင်းဖတ်ပြီး.. လေး.. ကိုမေးရတယ်..ဟုတ်လား..သိလား..ဆိုပြီးတော့ပေါ့..မကြီး.. စာတွေဖတ်ပြီးရင်..အဲလိုမေးနေကြလေ... C C

    ReplyDelete
  3. An Asian Tour OperatorMon May 16, 01:54:00 PM GMT+8

    အစ်မချစ် မောင်ဝမ်းကွဲ က အခုလောက်ဆိုရင် ပြန်ပြီးလိမ္မာလောက်မှာပါ။
    *ငမိုးတို့ မောင်နှမအရင်းများအားလုံး ရုပ်ရည်သန့်ပြန့် ချောမောသူများ ဖြစ်ကြသည်။ (၀မ်းကွဲတွေက ပိုပြီး ရုပ်ရည်သန့်ပြန့် ချောမောသူများ ဖြစ်နိုင်သည်)။ :P

    ReplyDelete
  4. အစ်မရဲ့ ငမူး မောင်လေးမိုးကိုတွေ့ချင်လို
    ဘလော့ဂါလမ်းမတော်မောင်မိုးကိုလဲလွမ်းပါရဲ့ဗျာ

    မောင်ဘကြိုင်

    ReplyDelete
  5. ရွာမှာလည်း ငမိုးလိုလူတစ်ယောက်ရှိတယ် အစ်မရေ..
    ခုချိန်ထိ မူးနေတုန်းပါဘဲ
    ချွတ်မဲ့သူ မပေါ်နိုင်သေးလို့ ထင်ပါရဲ့
    သူ့ကိုလည်း အစ်မနဲ့ပေးတွေ့ချင်သေးတယ်
    ဆုံးမစကား ပြောပါဦးလို့

    ReplyDelete
  6. ပျက်စီးသွားတာ စိတ်မကောင်းစရာပဲ၊ အဲဒါကြောင့်လည်း လူကိုဖျက်၊ အရက် လို့များ ဆိုခဲ့ကြတာလား မသိဘူးနော်၊ အမြင်မှန် ရပါစေလို့ပဲ ဆုတောင်းရမှာ ပါပဲ..။

    ReplyDelete
  7. မောင်လေးMon May 16, 06:38:00 PM GMT+8

    အေးဗျနော်...အရက်မကောင်းဘူးဆိုတာယောင်္ကျားတိုင်းအသိ...၊ခက်တာက..
    အဲ...ခက်တာက...ဟီး...ကျနော်လည်းအရင်က သောက်တာပဲ....:)))

    ReplyDelete
  8. ပြန်တွေ့ကြပြီး လိမ္မာသွားတယ် ဆိုတဲ့ အကြောင်းကို ထပ်ဖတ်ချင်ပါတယ် ချစ်ချစ်ရယ် ။
    လူသားတွေ အားလုံး အရက်ရဲ့ ကျေးကျွန်ဖြစ်ခြင်းမှ ကင်းဝေးကြပါစေ ...

    ReplyDelete
  9. သေတတ်သော အရည်ကို သေရည်ဟု ခေါ်သည်။

    သေရည်ကို သောက်သူသည်။ သက်ဆိုးရှည်သည်။ တစ်နေ့တော့ ပြန်တွေ့နိုင်ပါစေ။

    ReplyDelete
  10. It is very sad and I really feel sorry for him. Wish you could meet him soon, Ma Ma CKA.

    ReplyDelete
  11. ;( ဘာပြောရမှန်းမသိတော့ဘူး..တီချစ်ရယ်...။

    ReplyDelete
  12. ကိုကြီးမိုး ခန့်ချောကြီးဆိုပဲ
    ကိုကြီး မိုး အိပ်ရင်.......ခွိ ရှက်ထှာအေ....(ရင်ခုန်လျက်)
    မနေနိုင်တော့ နည်းနည်းတော့ ပါသွားတယ် ဒေါ်ချစ်ရေ ခွင့်လွှတ်ပေတော့

    ကိုမိုးကြီး ခု ဘယ်အရွယ်ရှိပြီလဲဟင်.....

    အော် ဒေါ်ချစ်က စာရေးကောင်းပဲ ဆုရတုံးက အပုဒ်ကိုသိပ်မကြိုက်မိတာတောင် ခုငမိုး တော့ ကြိုက်တယ် မြင်ယောင်လာတယ်

    တီချမ်း

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...