Tuesday, November 2, 2010

ဖွင့်လိုက်ကြ ပိတ်လိုက်ကြ...

ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုရာမှာ လူပဲကြီးလာလို့ မရဘူး၊ ဦးနှောက် ဖွံ့ဖြိုးဖို့၊ အမှန်အမှား ခွဲခြားနိုင်တဲ့ ပညာဉာဏ် ရှိဖို့ ဆိုတာကလည်း လိုသေးတာ။ နောင်ခါမှာ လူကြီးနေရာ ယူရမဲ့ လူငယ်တွေအတွက် ပညာရေးဟာ အဓိကကျတယ် ဆိုတာ ဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်ပဲ။ ဒီတော့ လူငယ်ဆို ဘယ်နိုင်ငံက လူငယ်ပဲ ဖြစ်ဖြစ် ပညာရေးထိခိုက်စေတဲ့ အဖြစ်မျိုး ကြားရရင် စိတ်ထဲ အင်မတန်မှ မကောင်း ဖြစ်ရတယ်။

ပြီးခဲ့တဲ့ ၂၂ အောက်တိုဘာ သတင်းစာထဲမှာ စင်္ကာပူက School of Applied Studies (SAS) လို့ ခေါ်တဲ့ ပရိုက်ဗိတ်ကျောင်းတခု ပိတ်လိုက်ရတဲ့ သတင်း ဖတ်လိုက်မိတယ်။ ပိတ်ရတဲ့ အကြောင်းရင်းက ကျောင်းရဲ့ ငွေရေးကြေးရေး ခက်ခဲမှုကြောင့် ဆက်လက် မလည်ပတ်နိုင်တော့တဲ့ အတွက်လို့ဆိုတယ်။ ဘာကြောင့်ပဲ ပိတ်ပိတ် တကယ်တမ်း နစ်နာကြရတာက ကျောင်းသားတွေပါပဲ။ ကိုယ်တိုင်က နိုင်ငံရပ်ခြားမှာ လာရောက် အလုပ် လုပ်ကိုင်နေရသူမို့ နစ်နာဆုံးရှူံးကြတာချင်း အတူတူ International Students တွေရဲ့ နစ်နာမှုကဖြင့် ပိုကြီးမားလေရဲ့လို့ ခံစားမိပြန်တယ်။ အဲဒီကျောင်းမှာ International Studentsပေါင်း ၈၅ယောက် ရှိပါတယ်။


စင်္ကာပူမှာ ပရိုက်ဗိတ်ကျောင်း ပိတ်လိုက်ရတာ ဒါ ပထမအကြိမ်တော့ မဟုတ်သလို နောက်လည်း ပိတ်ဦးမဲ့ ကျောင်းတွေရှိနိုင်တာမို့ ကျောင်းသားတွေ အနေနဲ့ ကျောင်းရွေးချယ်တဲ့ နေရာမှာ အတော်လေး စေ့စေ့စပ်စပ် စုံစမ်းသင့်ပါတယ်။ ကျောင်းရဲ့ အဆွယ်ကောင်း၊ မက်လုံးကောင်းမှုနဲ့ ကျောင်းပြီးရင် အလုပ်ကောင်းကောင်းရဖို့ မျှော်လင့်ချက်ပေးမှုတွေအပေါ် မျောပြီး ဒီဂရီတခုရ ပြီးရော မတက်လိုက်ကြပါနဲ့။ ကိုယ်တက်မဲ့ကျောင်းရဲ့ ရာဇဝင်၊ အနေအထား၊ သင်မဲ့ ဘာသာရပ်၊ ပို့ချမဲ့ ဆရာတွေအပြင် ကျောင်းကပေးမဲ့ ဒီဂရီဟာ အလုပ်ဈေးကွက်မှာ ဝယ်လိုအား(Demand) ဘယ်လောက်များသလဲ။ ဒါတွေ အရင် လေ့လာဖို့ လိုပါတယ်။

ရှိလို့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ကြားက ခြစ်ခြုတ်စုဆောင်းပြီး ကျောင်းတက်ရတာပဲ ဖြစ်ဖြစ် ကျောင်းတခု ပိတ်ပြီဆို ကျောင်းသားတွေရဲ့ နစ်နာမှုက သိတ်ကြီးမားလှပါတယ်။ အချိန်၊ အရွယ်၊ ငွေကြေးနဲ့ အဆိုးဆုံးက စိတ်ဓါတ်ပိုင်းဆိုင်ရာ ရိုက်ချိုးဖျက်စီး ခံလိုက်ရခြင်းပါပဲ။

ဗီယက်နာမ်ကျောင်းသူလေးတယောက်ရဲ့ ကျောင်းပိတ်လိုက်ရခြင်းအပေါ် ပြောလိုက်တဲ့ သူ့ခံစားချက်လေးဟာ ကျမရင်ကို ထိရှနာကျင်စေခဲ့မိပါရဲ့။ ၂၂နှစ် အရွယ် ဗီယက်နာမ်ကျောင်းသူလေး Thi က "စင်္ကာပူကို ငါ မုန်းတယ်၊ ဒီက ပညာရေး စံနစ်ကိုလည်း ငါ မုန်းတယ်။ ကောင်းမှာပဲ လို့ ထင်ထားခဲ့သမျှ ခုတော့ အလကားပဲ။ ငါ့မိဘတွေဟာ ငါ ဒီမှာ ကျောင်းလာတက်ဖို့ အလုပ်တွေ အရမ်း ကြုံးရုန်းလုပ်ပြီး ငါ့အတွက် ငွေတွေ အများကြီး အကုန်ခံထားရတာ၊ ငါ စိတ်အရမ်း တိုတယ်၊ ဒေါသလည်းထွက်တယ်" လို့ ယူကြုံးမရ ပြောရှာတယ်။ ကျောင်းတက်ဖို့အတွက် စင်္ကာပူငွေ ၃သောင်းကျော် ကျောင်းကို ပေးသွင်းထားရာမှာ ကျောင်းက ငွေ ၇ထောင်ကျော်ပဲ ပြန်အမ်းတယ်လို့ ဆိုတယ်။

သူကလေးရဲ့ ရင်ထဲက ဒဏ်ရာ ဘယ်လောက်များ နက်သွားမလဲ။ ဒီကလေးရဲ့ ရှေ့ဆက် ပညာသင်စားရိတ်ကို သူ့မိဘတွေ ဆက်ထောက်ပံ့ နိုင်ပါဦးမလား။ နောက်တကျောင်း ပြောင်းပါပြီတဲ့ သူ့ရင်ထဲ ဒီကျောင်းကဖြင့် ဘယ်တော့မှ မပိတ်ဘူး ရယ်လို့ စိတ်ချလက်ချ ရှိနိုင်ပါဦးမလား။ ကျမရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့တာပါ။

သူ့ခမျာ အတော် နာနာကျည်းကျည်း ပူလောင်နေတာမို့ ပြောတာဖြစ်မှာ။ တကယ်တော့ ပရိုက်ဗိတ်ကျောင်းတခု ပိတ်ရုံနဲ့ စင်္ကာပူရဲ့ ပညာရေးစံနစ်ကြီးတခုလုံးကို ဝါးလုံးရှည်ကြီးနဲ့ မရမ်းသင့်ပါဘူး။ အစိုးရကျောင်းတွေကတော့ တည်ငြိမ်မှုရှိပြီး တကယ်တော်ရင် တော်သလို ကျောင်းပြီးတဲ့အခါ အလုပ်ရဖို့ အာမခံချက် ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် စလုံးအစိုးရအနေနဲ့ ခုလို ပရိုက်ဗိတ်ကျောင်းတွေ ဖွင့်ကြတာကို ပိုက်ဆံရ ပြီးရောဆိုပြီးတော့ လွယ်လွယ် ခွင့်မပြုသင့်သလို ဘက်အပ်ပ်ပလန် တခုခုတော့ ရှိသင့်တယ်လို့ ယူဆပါတယ်။

၂၃နှစ်ရှိပြီဖြစ်တဲ့ ဆမ် ဆိုတဲ့ကျောင်းသားတယောက် ကျပြန်တော့ ဆမ်-နှစ်ခါနာရတဲ့ အဖြစ်ပါ။ သူက မနှစ်တုန်းက ဂျူလိုင်လမှာ ပိတ်လိုက်ရတဲ့ Brookes Business School ကပါ။ အဲဒီကျောင်းကျတော့ ဒီဂရီ၊ ဒီပလိုမာ အောင်လက်မှတ်အတုတွေ ထုတ်ပေးတာ ဖြစ်နေတာမို့ အပိတ်ခံရတာပါ။ ဒီကျောင်းSAS ရောက်ပြန်တော့ ခုလို တမူကွဲ အဖြစ်မျိုးနဲ့ နောက်တခါ ထပ်ကြုံရပြန်တော့တယ်။ သူမှ စိတ်ဓါတ်မကျရင် ဘယ်သူ ကျတော့မလဲနော်။ Ms Nur-၂၂နှစ်ကတော့ မနှစ်က စက်တင်ဘာမှာ Hospitality Management ဘာသာရပ်နဲ့ စတင် တက်ရောက်ခဲ့ပြီး အောင်လက်မှတ် ထုတ်ဖို့ စောင့်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အပူကလည်း တဘာသာပါ။ "ငါလည်း ပူနေရတာပဲ ဒီကျောင်းက ခုလို ပိတ်သွားတော့ ငါ့အောင်လက်မှတ်ကို ဘယ်သူက အသိအမှတ် ပြုပါတော့မလဲ" တဲ့လေ။

စလုံးမှာ ခုလို တချို့ ပရိုက်ဗိတ်ကျောင်းတွေ ပိတ်လိုက်ကြရပေမဲ့ ကျောင်းတွေ တခုပြီး တခု ဖွင့်နေကြတာလည်း ရှိပါသေးတယ်။ ကျမတို့ ရွာမှာပေါ့။ ခုလောလောဆယ် ကမ္ဘာမှာ တက္ကသိုလ်ကျောင်းတွေ အများဆုံးပါ ဆိုတဲ့ အိန္ဒိယကို အမီလိုက်တော့မဲ့ပုံပါပဲ။ ဘယ်သူ ပြောနိုင်မှာလဲနော်။ မကြာခင်မှာ နွားထိုးကြီး ယူနီဗာစီတီတို့၊ ဝါးဘလောက်သောက် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့၊ ကွမ်းခြံကုန်း မက်ဒီကယ် ကောလိပ်တို့ ပေါ်မလာဘူး ဆိုတာ...။ အို....အရည်အချင်း နဲ့ အရေအတွက် ခွဲခြားသိရဲ့လား ဘာလား ညာလား လာမပြောနဲ့ နား...။ ဒါ တိုင်းပြည် ပညာရေးကို အားပေးတယ် ခေါ်တယ်။ တို့ကတော့ ဖွင့်မှာပဲ ဖွင့်မှာပဲ ဆိုတာမျိုး။

တရားကျစရာပါပဲလေ...။ ဖွင့်လိုက်ကြ၊ ပိတ်လိုက်ကြ၊ ကျမကတော့ မြေစာပင်ကလေးတွေ ကျန်းမာသန်စွမ်းစေဖို့ပဲ ဆန္ဒပြုမိပါရဲ့.....။




Ref:
news.xin.msn.com/
The New Paper dated 22nd Oct

21 comments:

khin oo may said...

ပြည့်ပါစေ။

မောင်မျိုး said...

စိတ်မကောင်းစရာပဲ ကိုယ်တိုင်လည်း ပြည်တွင်းမှာတောင် ကျောင်းကို ရုန်းကန်ပြီး ချွေ၂တာ၂ တက်ခဲ့ရတာဆိုတော့ ခုလို နိုင်ငံခြားကို ငွေကြေးအများကြီး အကုန်ကျခံပြီး လာတက်ပြီးခါမှ ရင်စို့ကို အကန်ခံရသလိုအဖြစ်မျိုးနဲ့ ကြုံရတာ တကယ်ကိုစိတ်မကောင်းစရာပဲ ။ စိတ်ဓာကျ တာဟာ ဘယ်လို ခံစားချက်မျိုးနဲ့မှ မတူတဲ့ ရောဂါတစ်မျိုးပဲ ကျောင်းသားလေးတွေ အားလုံး စိတ်ဓာတ်တွေ အမြန်ပြင်တင်နိုင်ပါစေလို့ ၀ါးတားတား နဲ့ ဆုတောင်းပေးသွားတယ် အစ်မရေ ။

Anonymous said...

အင်္ဂလိပ်စာလုံး အကုန်လုံးကို အင်္ဂလိပ်လို ရေးလာပြီးမှ ဘက်အပ်ပ်ပလန် ကျမှ ဘာလို့  ဗမာလိုဖြစ်သွားတာလဲ ခင်ဗျာ..

ရွှေရတုမှတ်တမ်း said...

မယ်ချစ်ရေ..ခနလာတယ်..
၁၀ ရက်လောက်နားဦးမယ်.. ဆေးဒဏ်ကို ခုတော်တော်ခံနေရတယ်

ဝက်ဝံလေး said...

အင်း ဖတ်ရတာ စိတ်မကောင်းဘူး မချစ်ရယ် ကိုယ်ချင်းစာပါရဲ့

Anonymous said...

အမချစ်ရေ သနားပါတယ် အခုခေတ် ပညာသင်စရိတ် က အတော် ထောင်းတာနော ဖတ်ပြီး စိတ်တော်တော်မကောင်းဘူးဖြစ်သွားတယ်
မြေစာပင်လေးတွေ အားလုံး ရှင်သန်နိုင်ပါစေ ဟုတ်တယ် အမချစ်လိုဘဲ ဆုတောင်းရုံရှိတာပေါ့ နွားထိုးကြီး ယူနီဘာစတီပေါ်ခါနီးလောက်ပြီ အခုတောင် မြင်းခြံရောက်နေမှကိုးဗျ
ခင်တဲ့
seesein

Moe Cho Thinn said...

ပထမတခါ လာဖတ်ပြီးပြီ။ ကွန်မန့် ရေးမလို့ဟာ ကိုကြီးကျောက် ကွန်မန့် ဖတ်ပြီး ဆေးဒဏ်ခံနေရပြီဆိုလို့ ဟာ..ကနဲ ဖြစ်၊ သူ့ဆီ ဖုန်းကောက်ဆက်လိုက်တာ မန့်ဖို့ မေ့သွားတယ်။

ကျောင်းမတက်ခင် သေချာ စဉ်းစားသင့်တဲ့ အချက်တွေပါပဲ။ မိဘက မျှော်လင့်ချက်တွေ တပုံကြီးနဲ့ ရှိသမျှ အထုတ်လေး ပေးလိုက်တယ်၊ ပိုက်ဆံလဲ ဆုံး၊ လမ်းစလဲ ပျောက်ရရင်တော့ ဒုက္ခ ရောက်ရတာ အမှန်ပဲ။ တိုးတက် ကြိုးစားချင်တဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်လေးတွေ အားလျော့ မသွားစေချင်ဘူး။ ကိုယ်တို့ရဲ့ ၀ါးဘလောက်သောက် ယူနီဗာစတီကြီးကလဲ အားမကိုးရဘူးဆိုတော့လေ..

ညီမလေး said...

အင်းးး ခက်ပါတယ် ချစ်ချစ်ရယ် ... ဘာပြောရမှန်းကို မသိဘူး ။
အားလုံးခြုံကြည့်ရင် ၃ယောက်တော့ တွေ့တယ် ချစ်ချစ် ။ ပညာငတ်သူ ငွေငတ်သူ နဲ့ အသုံးမကျသောအုပ်ချုပ်သူ......

မိုးငွေ့...... said...

ဟင်းးး လို့ပဲ သက်ပြင်းချသွားတယ် အမချစ်ရေ.....။


ခင်တဲ့
မိုးငွေ့

Rita said...

အနှံ့ဆောက်ထားသမျှ မပြိုအောင်လည်း ဆုတောင်းရသေးတယ်။

မောင်မိုး said...

ဖွင့်သမျှ သွားရေးလာရေးအဆင်ပြေပါစေ..ဖယ်ရီတွေလည်း ဆီခွဲတမ်း အပြည့်ရပါစေ..။

:P said...

ဒီပို့စ်မျိုး မြန်မာပြည်က ဂျာနယ်မှာ ဖော်ပြသင့်တာ မမရေ..။

An Asian Tour Operator said...

>> :P >> ဟုတ်ပါ့

ချော said...

အမှန်တရားတွေမို့ ဘာပြောရမှန်းမသိဖြစ်မိတယ်..
နိုင်ငံခြားမှာ ကျောင်းတက်နေတယ်ဆိုတိုင်းလည်း စိတ်ချလက်ချ ဖြစ်လို့ မရတဲ့ အနေအထားပါလားနော်..
ကိုယ်တွေရဲ့ ယူနီဗစတီကြီးဘဲကောင်းပါတယ်လေ
ပိုက်ဆံအများကြီး မပေးရဘူး ဘွဲ့လက်မှတ်လေး ရနိုင်သေးတယ်
အသုံးကျတာ မကျတာ နောက်ထား
လက်မှတ်လေးကိုင်ပြီး ကြွား
အဲလေ သိမ်းထားလို့ရသေးတယ်

ကလူသစ် said...

ခုလဲ တို့ပြည်ကြီးမှာ ပရိုက်ဗိတ်ကျောင်းတွေနဲ့ အမှီလိုက်နေပါပြီလေ။ ပိတ်ရင်တော့ ပြန်အမ်းမယ်မထင်ဘူး :(

T T Sweet said...

ကျောင်းသားလေးတွေလဲသနားဖို့ကောင်းတယ်။ မိဘတွေလဲ သနားဖို့ကောင်းတယ်။ မြန်မာပြည်ကနေ အဲလို private ကျောင်း လာတက်သူတွေ အများကြီးပဲ။ ကိုယ့်တိုင်းပြည်က မပြည့်စုံလို့ တိုင်းတပါး လာတက်ပြန်တော့လဲ ဒုက္ခ။

ဇွန်မိုးစက် said...

ဟုတ်ပ အမရေ... အမဒီပို့စ်ကို နောက်ဆုံးအပိုဒ်ဖယ်ပြီး မြန်မာပြည်က ဂျာနယ်တစ်စောင်မှာ ဖော်ပြပေးလိုက်ရင် ကောင်းမှာနော်။

အပေါ်က ရီတာပြောသွားတာကို သဘောကျမိသေးတယ်။

ZT said...

အောက်ကလင့်ခ်ကတော့ မြန်မာတစ်ယောက် ဦးစီးတဲ့ ကျောင်းဆိုပဲ။ ဖတ်ရတဲ့ သတင်းတွေက စိတ်မသက်သာစရာ။

http://n2p2sucks.blogspot.com/

SHWE ZIN U said...

ဟုတ်ပ ညီမ ရေ

မျှော်လင့်ချက် တွေနဲ့ ငွေကုန်ခံ လာရတဲ့ သူတွေ သနားပါတယ် အပေါ်က ပြောသလို ဂျာနယ်တွေ ထဲမှာ ထဲ့ဘို့ကောင်းတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

စင်ကာပူရဲ. ဥပဒေ ကိုကတိုင်းသူပြည်သား/သုံးစွဲသူ တွေ ဘက်က အကာအကွယ်ပေးထားတဲ.ဥပဒေမဟုတ်ပါဘူး

တခုခုဖြစ်ခဲ.ပြီဆိုရင် လုပ်ငန်းရှင်တွေဘက်က အသာရအောင် ရေးထားတဲ. ဥပဒေပါ
ဒါကိုသိနေတဲ. လူတွေကအမြဲတမ်း လုပ်စားနေကြမှာပါဘဲ

Ingjin said...

စိတ်မကောင်းပါဘူး။ ကိုယ်ချင်းစာမိတယ်။း(

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်