Thursday, October 21, 2010

မိုးရွာချိန် အတွေး

သွပ်မိုးအိမ်ခေါင်ပေါ် မိုးရေစက်တွေ တဗျောင်းဗျောင်း ကျသံ အဆက်မပြတ် ကြားနေရသည်။ ထိုမှ တဆင့် တံစက်မြိတ်ကို ကျော်လွန်၍ မြေကြီးထဲ စိမ့်ဝင်သွားသော မိုးရေဖွေးဖွေးတို့ကို သူ လိုက်ငေးကြည့်နေမိပြန်သည်။ ကြည့်ရင်းကပဲ သူ အားမရနိုင်တော့ပြန်။ အခန်းတံခါးကို ဂျက်ထိုး ပိတ်လိုက်ပြီး ကုလားထိုင်တလုံးကို ပြူတင်းပေါက်အနားထိ ဆွဲယူရွှေ့ကာ အခန်းပြူတင်းပေါက် တံခါးနှစ်ချပ်လုံး ဖွင့်ချလိုက်သည်။ ပြူတင်းပေါက်ဘောင်ပေါ် တံတောင်ဆစ် နှစ်ဖက်လုံး တင်၍ ထပ်ထားသော လက်ဖမိုး နှစ်ခုပေါ် ပါးအပ်ကာ မျက်နှာပေါ် လာရောက် ထိမှန်သော မိုးရေစက်များကို တခုတ်တရ မက်မောစွာ ခံစား လိုက်မိတော့သည်။ သူ သည်လို မခံစားရသည်မှာ ကြာခဲ့လေပြီ။

ငယ်ငယ်တုန်းကတော့ မိုးရွာလျင် အိမ်ရှေ့မှာ မိုးရေထွက်ချိုးရတာကပင် သူတို့ကလေးများအတွက် ပျော်စရာ။ နွေတုန်းက ပူလောင် အိုက်စပ်ပြီး မိတ်ဖုတွေ ထွက်ခဲ့သမျှ မိုးရေလေးထိမှ မိတ်ပျောက်မည် မဟုတ်လား။ ဘလောဂ့်ဂါ ဖြစ်လာမည့် ကလေးဆိုတော့လည်း ငယ်တုန်းကတည်းက မိတ်ပေါသည်ဟု ဆိုရပေမည်။ မောင်နှမတွေ၊ အိမ်နီးချင်း သူငယ်ချင်းတွေနှင့် မိုးရွာထဲ ဘောလုံးကန်၊ ဂွေလှိမ့်၊ စိမ်ပြေးတမ်း ကစားခဲ့ကြသည်မှာ ဘယ်လောက်ကြာကြာ ဘယ်တော့မှ ဖျားနာသည် မရှိပါပေ။

တံစက်မြိတ်အောက်မှာ ဝါးရေတံလျောက်လေး ခံ၊ ပြီးမှ အဲဒီကနေ တိုင်ကီထဲ ရေဆင်းစေရသည်။ အရွယ်လေးရလာတော့ အဲဒီ တိုင်ကီထဲကရေကိုပဲ ခွက်နဲ့ ခပ်ချိုးခဲ့ရသည်။ အမေက သမီး လူကြီးဖြစ်ပြီနော် ဟုဆိုကာ ဘောင်းဘီတိုနှင့် မိုးရွာထဲ အပြင် ထွက်ဆော့ခွင့် မပေးတော့။ သို့သော် သူ မိုးကို အိမ်ထဲမှ ငေးမျှော်ရင်းနှင့်ပင် အချစ်မပြယ်ခဲ့ပါ။

တခါ ငိုတတ်တဲ့မိုးကို သူ တွေ့ခဲ့ဖူးသည်။ ထီးကိုင်ပျင်းတဲ့ သူ့ကို နောက်ကနေ ထီးလိုက်ဆောင်းပေးတတ်သော မိုး ဆိုတဲ့ ကောင်ကလေး။ ထီးအောက်က ပြေးထွက်ပြီး မိုးရေထဲ သူ လျောက်တဲ့အခါ မိုးက ချာလီထီးကြီး ချိုင်းကြားညှပ်ကာ ပေတေတတ်သော သူနှင့်အတူ ဘေးမှ လိုက်လျောက်ခဲ့လေသည်။ နောက်တနေ့ မိုး ဖျားတော့ အညှာအတာ ကင်းမဲ့စွာပင် သူ လှောင်ရယ်ခဲ့သေးသည်။ မေးစေ့အောက် ထိရုံသာ ရှည်သော သူ့ဆံပင်တွေ ခဏနှင့် ခြောက်သွေ့ချိန်မှာ ထူအုပ် ရှည်လျားသော မိုးဆံပင်တွေက အချိန် အတော်ကြာ စိုရွှဲနေဦးမှာ သေချာသည်လေ။

သူ အိမ်ထောင်ကျပြီ ဆိုတော့ အဲဒီ မိုးက အိမ်ကိုသွားပြီး သူ့မိသားစု ရှေ့မှာ သူ ရက်စက်ကြောင်းတွေ ပြောပြောပြီး ထစ်ချုန်းမိုး ရွာခဲ့သည် ဆို၏။ သူ့ ညီမလေး ပြန်ပြောစကား အကြားမှာ သူ ရယ်ခဲ့မိသေးသည်။ သူသည် မိုးနှင့် ပတ်သက်လျင် ထိုကဲ့သို့ အသည်းနှလုံး မရှိသူသာ ဖြစ်လေသည်။ အဲဒီ အရွယ်က သူ့မှာ မိုးနှင့် ပတ်သက်၍ ခံစားနိုင်စရာ များများစားစား မရှိခဲ့ပါ။

မိုးရွာ ရေကြီးသော အဖြစ်အပျက်တို့သည် ရွာမှာတင်မဟုတ်၊ စလုံးလို ခေတ်မီတိုးတက်သော ကျွန်းမြို့ပင်လျှင် ကြုံတွေ့နေရသည်။ စပ်ခဲ့ဖူးသော ပျော်ရွှင်စရာ မိုးကဗျာဟု အမည်ပေးထားသော ပျော်စရာ ကဗျာလေးတပုဒ် အလျဉ်းသင့်၍ တင်ဦးမည်။

ချစ်တဲ့ သူငယ်လေ...
ရေးဖော်ရောင်းရင်း သူငယ်ချင်းတို့ရေ....

ဝဿန်ကာလ မိုးကျပြီဆိုလျင်
ထီးအိုထီးဆွေး ထုတ်လို့သာ ဟန်ပြင်
စင်္ကာပူတခွင် ရေဖွေးဖွေးငယ်နှင့်လေး....။

ဂျိုးဂြိမ့်ရယ်မှ တညံညံ
မိုးခြိမ်းသံ ဆူညံပွက်ကယ်ကြောင့်
နှမလေး မောင့်ရင်ခွင်
ခိုဝင်ကာ ပြေးချင်ပေါ့လေး....။

စိတ်ကူးရယ်တဲ့မှ တယဉ်ယဉ်
မိုးရွာရင် အိမ်မှာ နှပ်ချင်လို့
ကော်ဖီပူနွေးရယ်နဲ့ စာအုပ်မို့ ဖတ်စရာ
ကျော နှင့် အိပ်ယာ ကပ်သည်နှင့်လေး....။

လေပြင်းငယ်တဲ့မှ ကြမ်းကြမ်း
Traffic Jam တလျှောက် ကားတန်းရှည် နှောင့်သမို့
နောက်ကျလို့ ရုံးအရောက်
မန်နေဂျာ ဆူဟောက်သည်နှင့်လေး....။

ရုံးအသွား မိုးမိသည်ကိုဖြင့် စိတ်အနှောင့်အယှက် ဖြစ်ချင်သေးသလိုလိုပင်။ ဖိနပ်အကောင်းလေးများ ဝတ်မိသည့်နေ့ မိုးရွာပါက ဖိနပ်လေးချွတ်ကာ လက်မှကိုင်သွားချင်တော့သည်။ ဖိနပ်ဆိုလို့ တခါက ဖိနပ်ကြောင့် သူအတော် ရှက်ခဲ့ရဖူးသည်။ တကယ်တော့ ဖိနပ်တခုထဲ မဟုတ်ပါ။ မိုးနှင့် ပေါင်းမိ၍သာ ဖြစ်လေသည်။ အဲသည်နေ့က အင်္ကျီအစိမ်းရောင် နှင့် စကပ်အနက်ရောင်၊ ခုံမြင့် ကတ္တီပါဖိနပ် ကျောက်စိမ်းရောင်နှင့် အတော်ကို လန်းခဲ့သည့်အပြင် ဖိနပ် လာ လာကြည့်ကြသော ရုံးမှ အမျိုးသမီးများအား စားပွဲခုံအောက်မှ ခြေထောက်ကလေးနှစ်ချောင်း ခဏခဏ ထုတ်ပြနေရချိန်လည်း ဖြစ်သည်။

ထိုနေ့က နေ့ခင်းကတည်းက မိုး စွေနေသည်မှာ ရုံးဆင်းမှ တိတ်လေသည်။ သို့နှင့် ညနေ ရုံးအဆင်း ကွန်ကရစ်လမ်းလေးပေါ် ကော့ကော့ ကော့ကော့နှင့် သွားရာ ရုံးကားဆီမရောက်မီ ဗိုင်းကနဲ ချော်လဲခဲ့တော့သည်။ ထီးစကပ်လို ဖားဖားကြီးမဟုတ်ဘဲ တိုက်စကပ် အကြပ်မို့သာ တော်ပါသေးသည်။ ဘေးဘယ်ညာ လက်မောင်းရင်းမှ ဆွဲကိုင်ကာ ထူပေးခဲ့သူများကိုလည်း ကျေးဇူးစကား မဆိုမိ၊ ကိုယ်တိုင်လည်း ရုံးကားပေါ် ဘယ်လိုရောက်သွားမှန်း မသိအောင် လူတကိုယ်လုံး ထူပူနေခဲ့သည်။ မိုးနှင့် ဖိနပ်ကိုပဲ စိတ်နာရမည်လား၊ နမော်နမဲ့နိုင်လှသော ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား မဆိုနိုင်။ ခု ပြန်တွေးသော် ရယ်ချင်ပက်ကျိ ပြုံးမိရသည်။

အလုပ်ချိန် ရွာသောမိုးကို အလုပ်ပိတ်ရက်သို့သာ ရွှေ့လိုက်ချင်သည်။ အိပ်ရာပေါ် စောင်ထူထူခြုံကာ စန္ဒရားလှထွဋ်၏ တိမ်တမန်နှင့် ကွေးချင်သည်။ ဝမ်းလျားမှောက်၍ ပူလာသော် တစောင်း၊ တစောင်းပြောင်း၍ နွေးလာသော် ပန်လန်လက် ပက်လက်ကယ်လန်လို့ အမျိုးမျိုးသော လျောင်းစက်နည်းနှင့် လျောင်းစက်မည်။ ပျင်းရိခြင်း ၆ပါး၌ မိုးရွာသည်ကို တပါးအနေနှင့် တိုးစေချင်လှသည်။

ရုံး၌ အလုပ် မယ်မယ်ရရ မရှိသောနေ့များမှာ မိုးရွာပြီဆိုလျှင်မူ နဂိုကမှ ထွက်ချင်ချင် စိတ်တို့သည် ခြေထောက် ဘီးတပ်ကာ ဖေ့စ်ဘုတ်ပေါ် ရောက်၏။ ဘလော့ဂ်ပေါ် ရောက်၏။ လိုင်းပေါ်တက်၏။ ရပ်ကွက်ထဲမှ လူများကို ဟိုင်း လုပ်၏။ အများသူငါ စတေးတပ်စ်၌ မိုးရွာနေတယ် ပျင်းတယ် အိပ်ငိုက်တယ် အိမ်ပြန်ချင်တယ် ဝါး...အစရှိသည်တို့ကို ဖတ်ရသည် ရှိသော် ဝမ်းသာအားရစွာ ဝင်ရောက်ပူးပေါင်း၏။ ချိုကုပ်ရှိရာ ချိုကုပ်လာ ဆိုထားသည် မဟုတ်ပါလား။

လေရော မိုးရော ကြမ်းလာသည်။ သူ့ မျက်နှာပေါ် အေးစိမ့်သော မိုးစက်တို့ ခုန်ပေါက် ကျဆင်းလာပြန်သည်။ ဟင့်အင်း သူ ပြူတင်းတံခါးကို ထမပိတ်ချင်ပါ။ သည်လိုလေး ခဏ နေချင်သေးသည်။

"ဟာ...မိန်းမ သွားပြီကွာ ကိုယ့်အင်္ကျီတွေ လျှော်လှမ်းထားခဲ့တာ မိုးရွှဲကုန်ပြီဟေ့..."

"အင်...အမ် ဘာလဲ မိုးရွာနေလား ဘယ်တုန်းက အိမ်ပြန်ရောက်တုန်း"

အဆီအငေါ်မတဲ့စွာ စကားလုံးတို့ ခုန်ထွက်သွားသည်။ မိုးရွာချိန်အတွေး တွေးရင်း အတွေးထဲ သူ မျောပါသွားခဲ့သည်။ သူ ရယ်မိပြန်သည်။ တကယ်ဆို မိုးရွာလျှင် သူ တွေးမနေအားပါ။ လှမ်းထားသော အဝတ်တွေ ရုတ်ရမည်။ အိမ်ပြူတင်း တံခါးတွေ ပိတ်ရမည်။ အိမ်ရှေ့ ဖိနပ်စင် မိုးမပက်စေရန် နေရာ ရွှေ့ရမည်။ ရွာမှာလိုတော့ ရေခံစရာ မလိုပါ။ သူ လက်တွေ့ ဘဝထဲ ရောက်ခဲ့ပြီ ဖြစ်သည်။





သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပိုစ့်လေးပါ။ မိုးရွာရင် မတွေးတတ်တဲ့ ကျမအတွက်တော့ အတော်လေး အကြပ်တွေ့စေခဲ့တဲ့ ပိုစ့်ပါပဲ။ သူငယ်ချင်း ကျေနပ်မယ် ထင်ပါတယ်နော်....

21 comments:

khin oo may said...

တို့ ၁

ဇွန်မိုးစက် said...

တို့ ၂

ဇွန်မိုးစက် said...

အစ်မတောင် ရေးပြီးသွားပြီ။ ဖတ်ရင်းနဲ့ ပြုံးလိုက်ရသေး။း))

အဖြူရောင်နတ်သမီး said...

မိုးရာသီ.....
လက်တွေ့ခံစားချက်လေး ဖတ်သွားပါတယ်။

ရွှေရတုမှတ်တမ်း said...

သူတို့ဆီမှာ မိုးတွေရွာနေတာ စာတွေဖွဲ့နေလိုက်ကြတာ..
ဒီမှာဖြင့် ချမ်း လွန်းလို့ ကွေးနေရတယ်..

sosegado said...

ဒီမနက်တော့ မိုးကလဲရွာ Haze ကလဲဖြစ် ကားတွေကလဲ ကြပ်……

မိုးငွေ့...... said...

ဘလောဂ့်ဂါ ဖြစ်လာမည့် ကလေးဆိုတော့လည်း ငယ်တုန်းကတည်းက မိတ်ပေါသည်ဟု ဆိုရပေမည်။ အမချစ်....အဲဒီအရေးလေးကြိုက်တယ်...။ ငါ့အမက မတွေးတတ်ပေလို့ပဲ...ကဗျာတောင်စပ်လိုက်သေး....။ အမချစ်မိုးရွာချိန်အတွေးလေးက ချစ်စရာကောင်းတယ်....။

ခင်တဲ့
မိုးငွေ့

မောင်မိုး said...

ဒီမှာတော့ ရေတွေကြီးလို့ စိတ်ညစ်နေရတယ်.။။

သဒ္ဓါလှိုင်း said...

အမချစ်နဲ့အတူ မိုးထဲမှာလိုက်တွေးသွားခဲ့တယ်..။
လွမ်းသလိုလိုကြီးပဲ........
ချစ်တဲ့
ညီမသဒ္ဓါ

ညီမလေး said...

မိုးရွာတဲ့ အခါတွေတိုင်းမှာ သီချင်းလေးနားထောင်ပြီး ငြိမ်ငြိမ်လေးထိုင်မိတယ်.....အတွေးတွေကတော့ ဟိုရောက်ဒီရောက်ပဲနေမှာပေါ့လေ ...

SHWE ZIN U said...

မိုး မိုး အခုတော့ မိုးကိုကြောက်နေတယ်ဗျို့ ပြိုစရာ တွေမပြိုအောင် မိုး ရယ် မရွာပါနဲ့တော့ ...

ခင်မင်စွာဖြင့်
ရွှေစင်ဦး

T T Sweet said...

ကျေနပ်ပါတယ်။ ကျေနပ်ပါတယ်။ သက်ဝေတော့ မဟုတ် .. အန်တီသက်ဝေရဲ့ တူနယ်ချင်းပါ။ ရေးထားတာ ဖတ်လို့ အလွန်ကောင်းပါတယ်။ မိုးဆိုတဲ့ ကောင်လေး သနားပါတယ် အကြည်ရယ်။

တို့ကတော့ မိုးရွာရင် စိုင်းထီးဆိုင်သီချင်းလေး သတိရတယ်။
သတိရလို့ သီချင်း နဲနဲညည်းသွားတယ် ..း)

ရွာစေချင်ရင် မရွာနိုင်ဘူး ...
မရွာစေချင်ရင် သွန်းဖြိုး မဆဲတော့တယ် ...
မိုး ... ဘယ်လိုလဲမိုး ...
ပြောရခက်လွန်းတဲ့ မိုးမင်းရယ် ...
ခန့်မှန်းရ ခက်တဲ့ မိုးမင်းရယ် မိုး ....

မိန်းခလေးတစ်ယောက်ရဲ့စိတ်ကို မိုးနဲ့ နှိုင်းယှဉ်ဖွဲ့ထားတဲ့ သီချင်းလေးပါ။ တို့သိပ်ကြိုက်တယ်။

Anonymous said...

အမချစ်ရေ
ဒီမှာတော့ မိုးကတော့ ရက်ရက်စက်စက်ကိုရွာပြန်ပေါ့
ဒါကြောင့် ကျွတ်ကလေးတွေဆောင်ထား
နောက်ဖေးက ပုံးလေးတွေ အဖုံးရှိလားနဲ့ အသင့်ပြင်နေပါတယ်
ရေကူးလို့ရအောင်လို့လေ အိပ်ယာထဲ တစောင်းရော ပက်လက်ကော မှောက်ရက်နဲ့ နေရတာ ခေါင်းတွေတောင် မူးနေပြီ ခေါင်းကတော့ လှည့်မှမရတာကိုး

ခင်မင်တဲ့
seesein

သက်ဝေ said...

အရောင်တွေ စုံလင် လှပတဲ့ မိုးရွာချိန် အတွေးပါ...
လက်တွေ့ဘဝမှာ တွေးနေစရာ အချိန်မရှိဘူးဆိုတာကို လှိုက်လှိုက်လှဲလှဲ သဘောကျ လက်ခံပါတယ်...။ ဒါပေမယ့် တခါတခါမှာတော့ သီချင်းလေး တအေးအေးနဲ့ ဟိုတွေး ဒီတွေး တွေးချင် တွေးမိတာပေါ့လေ...။

သူငယ်ချင်း ဆွိကို အားကျလို့ ဒီနေ့ နားထောင်ဖြစ်တဲ့ သီချင်းလေး မိုး အကြောင်းလဲ ပါနေလို့ ရေးပေးလိုက်တယ်... သီချင်းနာမည်က အချစ်မရှိမှပဲ... ငါ တဲ့... အဆိုတော်က ရဲလေး ပါ...။

"မလွမ်းဘူးလို့ အားတင်းလည်း… ငါ့ကိုယ်ငါပဲ ညာနေတာ… အပြင်ကသည်းတဲ့… မိုးမှာ သတိရခြင်းတွေပါနေမှာပဲ…
ရွာနေတဲ့ ငါ့ရင်ထဲမှာ မစဲတော့ဘူး… အခု ဒါတွေဟာ…
တရားခံဟာ ဘယ်မှာလဲ... ပိုက်စိတ်တိုက်ပြီး ရှာနေတာ… ... ..."

မြသွေးနီ said...

ဒီမှာတော့ မိုးတွေညို့ပြီး စိမ့်လို့..ရွာလို့..။ ကြေညာနေတယ်။ မုန်တိုင်းတဲ့။ မနေ့ကလိမ္မော်။ ဒီနေ့ အနီတဲ့..။ ဒါပေမယ့် ရုံးကတက်နေရတာပါဘဲ..။ အခုတော့ အေးစိမ့်နေတဲ့ အဲကွန်းခန်းထဲ အနွေးထည်ထူထူဝတ်လို့..လိပ်လို ကွန်နက်ရှင်ကို အံတုလို့ ကွန်မန့်လေးရေးခဲ့ပါတယ် မချစ်ရေ..။
သြော်...မိုး..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးကဗျာကတော့ အမိုက်ဆုံးဘဲ အစ်မရေ
မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ရှိစေတယ်နော်။
ဒီမှာလဲ မိုးတွေ ရွာကောင်းတုန်းပါဘဲ
ဒီမိုးတိတ်တာနဲ့ လာမဲ့ရက်တွေဆို ဆောင်းဝင်တော့မယ်
ဆောင်းရောက်ပြန်တော့လဲ ချမ်းလွန်းတယ်..
ကဗျာထဲကထီးတော့ မဆောင်းပါနဲ့ အစ်မရယ်
အစ်မအတွက် ထီးအသစ်လေး ၀ယ်ပို့လိုက်ပါ့မယ်
တော်ကြာ ဆောင်းနေရင်း ကျိုးပြုသွားမှာ စိုးလို့ပါ။း)
သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ အစ်မရေ။

အင်ကြင်းသန့် said...

ဂျင်းကတော့ မိုးရွာတဲ့အချိန်ဆို ရုံးမှာဆို မပျော်ဘူး။ အိမ်မှာဆိုရင်တော့ အရမ်းပျော်တယ်။း))

ချိုကျ said...

ဟိုးတုန်းကတော့ မိုးများရွာရင် ဘောလုံးကိုင်ပြီး အိမ်ပေါ်ကဆင်းလွန်းလို့ အိမ်က အိပ်ရာလိပ်ပါယူသွားပါလားတဲ့ အဲလောက်ထိကိုပဲ :) ခုတော့ လွမ်းစရာလေးတွေပေါ့ အမချစ်ရယ် :(

ခင်တဲ့(ချိုကျ)

blackroze said...

ညီမကတော့...မိုးရွာရင်စောင်လေးခြုံ..စာကြည့်မီးလေး
ဖွင့်လို့စာအုပ်လေးဖတ်ပြီးနေချင်တာ..
တကယ်လက်တွေ့မှာတော့........
မိုးရွာနေလည်း..... :(

ကိုဇော် said...

ဖတ်သွားပါတယ် အစ်မရေ။
..........................................

အစ်မရေ.. နောက်နောက်ပြောင်ပြောင်သော် လည်းကောင်း အတည်သော်လည်း ပြောမိတဲ့ စကားတွေ ထဲမှာ

အမှားပါခဲ့ပြီး ကာယကံ ၊ ဝစီကံ နဲ့ ပတ်သတ်သော အပြစ်များကို ခွင့်လွှတ်ပါရန် လေးစားစွာ ဝန်ချကာ ရှိခိုး တောင်းပန်ပါတယ် အစ်မ။

အစ်မလည်း စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

Moe Cho Thinn said...

လက်တွေ့ဘ၀ထဲ ရောက်လာတဲ့ မိုး အတွေးလေးကို သဘောကျသွားတယ်။
ဟုတ်တယ်နော်၊ မိုး နဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေဟာ သတိရစရာ လွမ်းချင်စရာ ကောင်းနေခဲ့တယ်။ ထီးဆောင်းပေးတဲ့ ကောင်လေးကလဲ မိုးလိုပဲ ငိုတတ်သလားးး ယောကျာင်္းလေးတွေ ငိုတာ သိပ်မကြိုက်..:P
ချိုသင်းကတော့ မိမိုးကို ချစ်လိုက်တာလေ..ဆိုတဲ့ သီချင်းကို ငယ်ငယ်က သဘောကျမိခဲ့တယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်