Monday, December 7, 2009

ခရီးသွား ကြသူများ

တနေ့ တနေ့ တရွေ့ရွေ့သွား
အချိန်ရထား......
သူ့အလုပ် သူလုပ် မှန်မှန်ခုတ်နေတယ်.....။

အကြံအဖန်ထုတ်သူတွေ အမှန်အကန်လုပ်သူတွေ...
အတင်းစကားဆိုသူတွေ အချင်းများလိုသူတွေ...
ဇာတ်ရှုပ်နေသူတွေ အမြတ်ထုတ်နေသူတွေ...
အချစ်ချင်း တူသူတွေ အပြစ်ကင်း ဖြူသူတွေ...
သဘောကောက် အမှားကိုးနဲ့ ကျောနောက်ဓါးထိုး...တရားဆိုးသူတွေ...။

နိမ့် မြင့် ဆူ ကြုံ ကျော ရင် ဖြူ မဲ
မခွဲခြားပဲ အားလုံးကို ဆောင်တင်
ခရီးနှင်ဆဲ......။

သူတို့....သက်ရှုကွဲလည်း
လူချင်းတူမူ လားရာတူစွာ ....
ကံ ဇာတ်ဆရာရဲ့ လက်ထဲ
ကြိုးဆွဲရာ တလှုပ်လှုပ်
အချို ကုတ် (Coat) ထားတဲ့ ဆေးခါး
အမှားများစွာနဲ့ အသားကျ ရှင်သန် နေထိုင် ကြရင်းက...
အချိန်တန်တော့ အိမ်ပြန်ရ ....
ခြောက်ပေ ကျယ်တဲ့ကျင်းအတွင်း ခုန်ဆင်းကြရတယ်...။

အချိန်ရထားကြီးကတော့...
သူ့လက်တံတွေ သူရွှေ့ရင်း
ခရီးပြင်းနှင်မြဲ ခုတ်မောင်းဆဲလေ...။

ဘဝ အမောတွေ ပြေကြပါစေ...။

5 comments:

Nge Naing said...

သံဝေဂပါတဲ့ ကဗျာလေးကို ဖတ်သွားပါတယ်။ ဘယ်လိုပဲ သွားသွားတနေ့တော့ လူတိုင်း ဒီနေရာကိုပဲ ရောက်မှာပဲနော့်။

PAUK said...

(အချိန်တန်တော့ အိမ်ပြန်ရ ....
ခြောက်ပေ ကျယ်တဲ့ကျင်းအတွင်း ခုန်ဆင်းကြရတယ်...။)
ပြုံးမိတယ်..။။

ဝေလင်း said...

နှေးသည်ဖြစ်စေ မြန်သည်ဖြစ်စေ နောက်ဆုံးပန်းတိုင်မှာတော့ ဆုံကြမှာပါပဲ။
အားလုံးတစ်ခရီးထဲသွားနေကြသူချည်းပါပဲလေ..

ယွန်း said...

မရေ....
ကဗျာလေးကကောင်းလိုက်တာ....။

ရွှေပြည်သူ said...

ဟုတ်တယ်နော် မမ... အချိန်တန်တော့လည်း အဲဒီခြောက်ပေကျင်းလေးထဲပဲ သွားကြရမှာပါပဲ... အဲဒါကိုတောင် ကိုယ်နဲ့မဆိုင်သလို နေနေမိတာ... ကဗျာစာသားလေးတွေက ထိမိလိုက်တာ မမရယ်...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်