ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
သေချာပေါက် ကျွန်မ သွားရတော့မယ်။ ဘယ်ကို သွားရမှာလဲ၊ ဘယ်ကို ရောက်မလဲ၊
အဲဒီမှာ ဘာတွေများ ရှိနေမလဲ၊ ပြီးတော့ ဘယ်သူတွေများ ရှိနေလေမလဲ....
ကျွန်မရဲ့ လာခြင်းကိုရော သူတို့က ဟက်ဟက်ပက်ပက် ဆီးကြိုကြပါ့မလား...
ချစ်ခြင်း၊ မုန်းခြင်းတွေ ရှိခဲ့တယ်။ တမ်းတခြင်း၊ မေ့လျော့ခြင်းတွေ ရှိခဲ့တယ်....
မေတ္တာ၊ မုဒိတာတွေ ထားခဲ့သလို ဣဿာ၊ မစ္ဆရိယတွေလည်း ပွားခဲ့တယ်....
ချီးမွမ်းခြင်းတွေ ရရှိခဲ့သလို ကဲ့ရဲ့ခြင်းတွေလည်း ဝန်းရံလို့....
သမုဒယထုံးဖွဲ့မှုတွေနဲ့ အပြိုပြို အလဲလဲ...
ပုထုဇဉ်ဆိုတဲ့ အရူးလက်မှတ်ဟာ အမှားရဲရဲတွေအတွက် တရားဝင်ခွင့်ပြုမိန့်များလား....
အမြင့်ဆုံး မိုးတိမ်၊ အနက်ဆုံး သမုဒ္ဒရာကြမ်းပြင်...၊ ဒီထက် ပိုမလား...
ဘဝမှာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားခဲ့ပါစေ။ အထိနာနာ နိမ့်ပါးကျရှူံးခဲ့ပါစေ....
အားလုံး ထားခဲ့ရတော့မှာ....။ ဘာတဲ့ သမိုင်း ဟုတ်လား...
သမိုင်းတိုင်းဟာ မှန်ကန်မှုတွေနဲ့ သစ္စာရှိနေခဲ့ကြလို့လား...သွားစမ်းပါ...
ဘယ်တော့မှ နွံမနစ်ဘူး ပတ္တမြားအမှန်သာ ဖြစ်ပါစေတဲ့....
အင်း ဆက်ပြောပါလေ၊ ကျွန်မ စိတ်ဝင်စားပါတယ်...
ရှင် သိထားဖို့က ကျွန်မမှာ အချိန်တွေ နဲပါးလွန်းလှပြီ....
ထားခဲ့ရမဲ့ အရာတွေထက် ဘာတွေယူသွားနိုင်မလဲဆိုတာက
ကျွန်မအတွက် ပိုအရေးမကြီးဘူးလားရှင်...
နောက်ဆုံးအချိန် ရောက်နေတဲ့ မိန်းမတစ်ယောက်အတွက်လေ....
ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
နေစမ်းပါဦး၊ ခဏကလေး...
ကျွန်မ ဘာတွေများ ကောင်းတာ လုပ်ခဲ့သလဲ...
လူတွေအတွက်၊ လူ့ပတ်ဝန်းကျင်အတွက်၊ ကျွန်မကို ချစ်သောသူ...
ကျွန်မက ချစ်သောသူတွေအတွက်...
အင်း...အနဲဆုံးတော့ ကိုယ်တိုင်အတွက်...
အို...ကျွန်မခေါင်းတွေ ဖျစ်ညှစ်ဆုပ်ချေခံလိုက်ရသလိုပဲ...
အားလုံး ထားခဲ့ရမယ်၊ ဒါပေမဲ့....
အကောင်း အဆိုးဆိုတဲ့ အကြောင်းတရားတွေနဲ့ ပျော်ဝင်ပတ်သက်ခဲ့ဖူးသမျှအတွက်
တူညီတဲ့ အကျိုးတရားတွေ...ဟုတ်တာပေါ့...
အဲဒါတွေက ကျွန်မနဲ့အတူ အရိပ်လို ကပ်လိုက်နေတော့မှာ....
ရဲရင့်ဖို့တော့ လိုမယ်။ အမှန်ကို လက်ခံနိုင်ရမယ်။ အဲလိုမှမဟုတ်ရင် ဥခွံလေးထဲမှာပဲ နေရစ်ခဲ့....
ကျွန်မကတော့ ချို(ဂျို)ချက် မကင်းနိုင်ခဲ့တဲ့သူ....
ဘာပဲဖြစ်ဖြစ် ကျွန်မ ကြေနပ်တယ်၊ ကျွန်မ အခု သွားရတော့မယ်....
ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
ဘယ်သူပြောလဲ ဖြည်းဖြည်းငြိမ့်ငြိမ့်လေးလို့...
စည်းနှောင်ပိတ်ကြပ်နေတဲ့ကြားမှာ....
အားအင်တွေ ချိနဲ့နေတဲ့ကြားမှာ
တချက်ချက်သွားနေတဲ့ နာရီလက်တံတွေကြားမှာ...
တဖျတ်ဖျတ်ထင်ဟပ်နေတဲ့ နမိတ်ပုံတွေကြားမှာ....
ပင်ပန်းလွန်းလိုက်တာ...၊ အဲဒီ အခိုက်အတန့်ကလေး....
စိတ်တွေဟာ ချည်တိုင်ကနေ ရုန်းကန်တွန်းထိုးလို့....၊ မောလှပါပြီ....
လွှတ်ချခဲ့လိုက်...ကျွန်မ သွားပါရစေတော့၊ လွှတ်ချပစ်ခဲ့လိုက်ပါကွယ်....
အားလုံးပဲ ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
တဖြည်းဖြည်း တလွင့်လွင့်နဲ့ ပေါ့ပါးလာလိုက်တာ....
သွားရမဲ့လမ်းအတိုင်း ဦးတည်မိတယ် ဆိုရင်ပဲ....
စမ်းရေစီးသံသဲ့သဲ့လိုလို.....တောင်ကမ်းပါးယံတွေ တဖွဲဖွဲ ပြိုကျလာသံလိုလို...
ကျောက်စက်ရေအေးအေး တစ်ပေါက်ချင်း ကျနေသံလိုလို....
ခြေသံတိုးဖွဖွလေး အပြေးလိုက်လာသလိုလို.....
ဆံနွယ်တွေ ဝဲကနဲဖြာအကျမှာ ညာဘက်ပါးပြင်လေး နွေးကနဲ...
စိုစွတ်မှုတွေနဲ့ အနမ်းတစ်ခုများလား...
ဟင့်အင်း...၊ စိတ်တင်းထားမှပေါ့...မငိုလိုက်ပါနဲ့နော်...တဆိတ်လောက်ရှင်....
ချစ်ခင်သူတွေရဲ့ မျက်ရည်တစ်စက်၊ ရှိုက်သံတစ်ချက်ဟာ....
ကျွန်မရဲ့ ခြေလှမ်းတွေကို ပိုးကြိုးမျှင်ကလေးနဲ့ တုံ့ကနဲ တုံ့ကနဲ ဆွဲငင်ရစ်ပတ်နေသလိုရယ်....
နှောင်တွယ်မှု သံယောဇဉ်တွေအားလုံးကို ဖြေလျှော့ထားရစ်လို့ ကျွန်မ သွားရတော့မယ်....
ထပ်ပြောမယ်...ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
ကျွန်မမျက်နှာပေါ် စီးမိုးကြည့်နေကြတဲ့ မျက်နှာတွေ၊ စာနာစိတ်ကဲနေတဲ့ မျက်ဝန်းတွေ...
ယပ်တောင်တဖျတ်ဖျတ်ခပ်လို့.... အစစ်တွေလား...၊ အတုတွေလား....သွားစမ်းပါ...
ချန်ထားရစ်ခဲ့ရတဲ့ အရာတွေအတွက် ကျွန်မ ရင်နာနေဖို့မှ မလိုအပ်တာဘဲ...
တစ်ခုတော့ ပြောခဲ့ပါရစေ...ဒီမယ်...သေမင်းကို ရှင်တို့ ချစ်တတ်ကြပါ...
ရှင်တို့မျှော်လင့်ထားသလို အော်ဂလီဆန်ချင်စရာ၊ ပျို့အန်ချင်စရာတွေ သူ့မှာ ရှိမနေဘူး...
ရှင်သန်ခြင်းကမှ ရှုပ်ထွေးပွေလီနိုင်သေးတယ်...
မျက်နှာကြီးငယ် လိုက်သေးတယ်...ငွေကြေးဘက် လိုက်သေးတယ်...
ရှင်တို့ သေခြင်းတရားကို ချစ်တတ်ကြပါ။ နေ့တိုင်း သူ့အကြောင်းတွေးပါ...
အဲဒါဟာ မင်္ဂလာအစစ်...
"ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်" တဲ့....
တကယ်ဆို မွေးဖွားခြင်းက သေဆုံးခဲ့ပြီးသား....
ကျွန်မတို့အားလုံး မွေးဖွားပြီးကတည်းက သေခြင်းတရားနဲ့ အနီးကပ်ဆုံးမှာ...
သံသရာက မလွတ်သေးသရွေ့တော့...
"သေဆုံးခြင်းဟာ ဘဝရဲ့အဆုံး မဟုတ်ဘူး၊ အသစ်ဖြစ်တည်မှုတစ်ခုရဲ့ အစသာဖြစ်တယ်...."
ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....
ကျွန်မ မရှိတော့တဲ့အခါ...
အဲဒီနေ့မှာ ခြံထဲက စံပါယ်ရုံကလေးလည်း ပွင့်မြဲတိုင်း ပွင့်၊ မွှေးမြဲတိုင်း မွှေးလို့....
