Wednesday, September 1, 2010

စည်းကလေးများ အကြောင်း

စည်း လို့ပြောလိုက်တာနဲ့ ပထမဦးဆုံး မြင်မိကြမှာက တားဆီးထားတဲ့ မျဉ်းတကြောင်းကိုပါ။ လူမှာလည်း လူ့စည်း ဘီလူးမှာလည်း ဘီလူးစည်း၊ ကိုယ့် စည်းနဲ့ကိုယ်နေ ဆိုတာမျိုး၊ စည်းမကျော်နဲ့ ဆိုတာမျိုး၊ စည်းကမ်းသည် လူ၏တန်ဘိုး ဆိုတာမျိုး...အိမ်မှာလည်း အိမ်စည်းကမ်း၊ ကျောင်းမှာလည်း ကျောင်းစည်းကမ်း၊ လမ်းတွေ၊ ကားတွေမှာလည်း သူ့စည်းနဲ့သူ...အများကြီးပါပဲ။

နားလည်မိကြတဲ့ အဓိက ဆိုလိုရင်းကတော့ စည်း ဆိုတာ လူ့ဘောင် အသိုင်းအဝန်းက အများသဘောတူ သတ်မှတ်ထားတဲ့ ဘောင်ခတ်မှု တခုသာ ဖြစ်ပါတယ်။ လုံခြုံမှုအတွက်၊ ဘေးကင်းလိုမှု အတွက်၊ သိက္ခာတရားတွေ အတွက် ဘောင်ခတ်ထားရတဲ့ စည်းကလေးတွေ...အဲဒီ စည်းကလေးတွေဟာ တကယ်ပဲ လိုအပ်ပါတယ်။ ရှိသင့်၊ တားသင့်တဲ့ စည်းကလေးများပါပဲ။

ကျမ ပြောချင်တာလည်း စည်းကလေးများ အကြောင်းပါပဲ။ ဒါပေမဲ့ မရှိသင့်၊ မတားသင့်တဲ့ စည်းကလေး အကြောင်းပါ...

ကျမတို့အားလုံး သိတတ်နားလည်စ အရွယ်မှာ ကိုယ့်ကိုယ်ကို ငါ လို့ သိမှတ်ခဲ့ကြတယ်။ ငါ ကလွဲလို့ တခြားသော သူတွေကို မင်း၊ နင်၊ သူ စသဖြင့် ခေါ်ဝေါ်ညွှန်းဆိုစရာ နာမ်စားတွေအဖြစ်နဲ့ သုံးစွဲခဲ့ကြတယ်။ အဲဒီကနေ တဖြေးဖြေး ငါ့အမေ၊ ငါ့အဖေ၊ ငါ့ညီမ၊ ငါ့အကို၊ ငါ့ပစ္စည်းရယ်လို့ ငါ နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုနာမ်စားတွေကို မှတ်သားရင်းနှီး ခဲ့ရပြန်တယ်။ သတိထားကြည့်ရင် အဲသလို တဆင့်တက်ပြီး သက်ရှိ သက်မဲ့ ပိုင်ဆိုင်မှု နာမ်စားတွေ သိမှတ် များပြားလာတာနဲ့ အမျှ မိမိ အတွင်းစိတ်မှာ အတ္တ၊ မာန်၊ မာနတွေ မသိမသာရော သိသိသာသာကြီးပါ စွဲကပ်ခံခဲ့ကြရတော့တာ။

အသေအချာ တွေးကြည့်မိပြန်တော့ မိမိကိုယ်ကို ငါ လို့ သတ်မှတ်ပြီး သူတပါးကို သူ လို့ မှတ်ယူတာ၊ ငါ့မိသားစု သူ့မိသားစုရယ်လို့ ခွဲခြားလိုက်တာ...အဲဒါတွေဟာ သူ နဲ့ ငါ အကြား စည်းကလေး ခြားလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီကနေမှ သူ့ပိုင်ဆိုင်မှု ငါ့ပိုင်ဆိုင်မှု ရယ်လို့ ပိုင်ဆိုင်မှုတွေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ထပ်ဆင့်ခဲ့တော့တာ။ ကြည့်ပါဦး...ငါ ကနေ စလိုက်တဲ့ အတ္တလေးတခုဟာ မာန် မာနတွေ ပါလာကြပြီး နောက်ဆုံးမှာ လောဘ ဒေါသ မောဟ ဆိုတဲ့ ကိလေသာ မီးတောက်ကြီးတွေကို မသိဘဲ ကိုယ်တိုင် မီးထိုးပေးမိနေတဲ့ ဘဝတွေ ဖြစ်လာကြတော့တယ်။

လူ ဆိုတာ ရုပ်နာမ် အစုအဝေးလို့ အားလုံး သိကြပါတယ်။ သို့သော် မမြ ကို ဟဲ့ရုပ်နာမ်မ လို့ ခေါ်ဖို့မှ မဖြစ်နိုင်တာ။ သမုတိသစ္စာအရ မှန်ကန်နေတဲ့အတွက် လူ့ဘောင်လောကထဲမှာ ညွှန်းဆို လွယ်ကူအောင် နာမ်တွေ၊ နာမ်စားတွေ အနေနဲ့ ခွဲခြား ခေါ်ဝေါ် သတ်မှတ် နေကြရဦးမှာပါပဲ။ သူပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ်၊ သက်မဲ့ ရုပ်ဝတ္ထုတွေပဲ ဖြစ်ဖြစ် နာမ်စားတွေသုံးပြီး ခေါ်ဝေါ်နေကြရပေမဲ့ ဒါတွေဟာ ပညတ်မျှသာ ဖြစ်တယ်ဆိုတာ၊ သမုတိသစ္စာ အနေနဲ့သာ မှန်တယ်ဆိုတာ သိကြစေချင်ပါတယ်။

အခေါ်အဝေါ် မတူပဲ ပိုင်းခြား သတ်မှတ်ထားကြလို့သာ အပေါ်ယံ ကွဲပြားနေကြတာ။ ပရမတ္ထသစ္စာအရ တကယ်အမှန် ရှိနေတဲ့ ဖြစ်တည်မှုကဖြင့် အတူတူရယ်ပါ။ အားလုံးဟာ ဒုက္ခသစ္စာကို ပိုင်ပိုင်ကြီး ရရှိထားကြတဲ့ သံသရာ ခရီးသွားချင်း အတူတူ သူငါ ပိုင်းခြား စည်းတားထားကြလို့သာ ရုပ်-နာမ်ချင်းတူတူ တမူးပိုရှုနေကြတော့တာ။

အနမတဂ္ဂသုတ်မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် မိမိနှင့် အမျိုးအဆွေ မတော်စပ်ခဲ့ဘူးသောသူ ဟူ၍ မရှိ ဆိုတဲ့အတိုင်းပါပဲ။ သူ ငါ ပိုင်းခြားထားတဲ့ စည်းကလေးတွေကို ဉာဏ်နဲ့ ဖျက်လို့ အားလုံး အတူတူရယ်လို့ တသားတည်း မြင်ကြည့်ကြစေချင်ပါတယ်။ ဒီလိုသာ လူလူချင်း စာနာနားလည်ကြပြီး အရှိအတိုင်း မြင်တတ်ကြမယ်ဆိုရင် သာယာလှပတဲ့ လူ့ဘောင်၊ စစ်ပွဲတွေကင်းဝေး ငြိမ်းအေးတဲ့ ကမ္ဘာ ဖြစ်လာနိုင်မှာ သိတ်ကို သေချာနေတာပါပဲ...



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...