Wednesday, December 23, 2020

တခြားသောကမ္ဘာ...


တခါတလေကျတော့ ငြိမ်းဟာ ကိုယ့်ဘဝကို ကိုယ် လုံခြုံအောင် ထုတ်ပိုးသိမ်းဆည်းဖို့ မတတ်နိုင်သူပါလားလို့ တွေးမိတဲ့အထိ။

နာကျင်လိုက်တာ၊
ဒဏ်ရာတွေကို ဒီလောက် နှစ်အတော်ကြာ ကိုယ့်ကိုယ်ကို စုတ်ပြတ်သတ်ခံပြီး ပိုက်ထားမိလျက်သား။ ချထားရစ်လိုက်တော့မယ်တွေးမိတိုင်း သူ့ကို ချစ်တယ်၊ သူ့ကို သိပ်ချစ်ခဲ့တာဆိုတဲ့ ခံစားမှုကလေးကအစ လွှတ်မချရက်တာ။
သိပ်ပျော်တာပဲဆိုတဲ့ ခဏတိုင်းတွေမှာ တွေးကြည့်မိတယ်။ ဒီလောက် ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရယ်မောနေစရာ တကယ်လိုလို့လား ဆိုတာကိုပေါ့။ ဘဝကြီးထဲ ရနိုင်သမျှ အချို ခပ်ထည့်နေရအောင် သူ့အရှိအတိုင်းက အချိုကင်းမဲ့နေလို့လား၊
ငြိမ်းဟာ ဘာကိုမှန်းမသိ၊ ဘယ်ကနေဘယ်ကို လွတ်မြောက်လို့လွတ်မြောက်ချင်နေမှန်းလည်း မသိဘဲ အရှိန်ကို တိုးရင်းတိုးရင်းသာ ထွက်ပြေးနေမိတာပဲ။ နည်းနည်းကလေး ရယ်စရာမောစရာကိုမှ အများကြီးရယ်မောနေမိတဲ့အခါ ငြိမ်းဟာ ကိုယ့်ကိုယ်ကို သံသယဖြစ်စပြုလာမိခဲ့ပြီ။
နာကျင်နေတဲ့အခါ ပိုမိုတိတ်ဆိတ်သွားတတ်ကြတယ်ဆို၊ ငြိမ်းကဖြင့် အဲလိုမဟုတ်ပါဘဲ။
အရင်က အဖြူရောင်ကြိုက်တယ်၊ ဂစ်တာတီးရတာ ကြိုက်တယ်။ အခုတော့ တခြားအရောင်တွေ ပြောင်းကြိုက်လိုက်ပြီ။ ဘယ်တော့မှ လှည့်မကြည့်တော့မယ့်အရာက ဂစ်တာဖြစ်လာခဲ့ပြီ။ ဘဝက ရွေ့လျားနေတာပဲဟုတ်လား၊ ဘဝက ပြောင်းလဲနေတာပဲဟုတ်လား။ ရယ်သံတွေသိပ်ကျယ်လာတဲ့အခါ ဘေးဘီကိုကြည့်ရင်း ကိုယ်ရှိန်သပ်ရပြန်တယ်၊ မလုံမလဲစိတ်တွေကို ကိုယ့်ဖာသာလည်း သတိထားမိရင်းပေါ့။ သူ ငြိမ်းရှေ့မှာ တခြားသူတွေကို သဲသဲလှုပ်ချစ်ပြနေလည်း ဒီထက်ပိုပြီး နာစရာမရှိတော့တဲ့ စိတ်နှလုံးက ဘာမှမခံစားရသလို မျက်နှာကိုသာ အတင်းကြိုးစားပြုံးထားနေမိတော့တာ၊ ပျော်တယ် ပျော်ရမယ်ဟုတ်လား။ အစကတည်းက ချစ်ခြင်းတရားဟာ ကိုယ့်ဘက်မှာ မရှိခဲ့တာဘဲ။
ငြိမ်းတို့နေတဲ့ ကျွန်းမြို့ကလေးမှာတော့ အရာရာနီးပါး နေသားတကျလို ဖြစ်လာနေပြီ။ ပန်းခြံထဲမှာ ပြေးနေရင်းက စို့လာတဲ့ချွေးတွေကို အသာသပ်လိုက်ရင်း ဘေးဘီက လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေဆီ ငေးမိတယ်။ မနက်ဖြန် ဒါမှမဟုတ် ခဏကလေးနေရင်တောင် ဘာဖြစ်မယ်မှန်း မသိကြတဲ့သူတွေ။ နာနာကျင်ကျင်တွေ ခံစားလာရတိုင်း ခြေလှမ်းတွေကို ခပ်သွက်သွက် အရှိန်ပိုမြှင့်ပြီး ပြေးနေမိတယ်။
ငါ ပြေးနေတယ် ငါ ပြေးနေတယ် ငါ အခု ပြေးနေတယ် ငါ ကျန်းမာလာတော့မှာ သိလား
ငါ ပျော်တယ် ငါ ပျော်နေတယ် ငါ အခု သိပ်ပျော်တယ်
တောင်စဉ်ရေမရအတွေးတွေနဲ့ ပျော်အောင်နေတတ်နေပါပြီ။ "ငါ့ကျမှ" ဆိုတဲ့ အတွေးကို မတွေးမိအောင် အမြဲတွေးပါတယ်။ "ဘာဖြစ်လို့ ငါ့ကို" ဆိုတဲ့ အတွေးကိုရောပဲ။ စိတ်ကို နာနာရိုက်ခတ်လာမယ့်အတွေးတွေကို လမ်းကြောင်းလွှဲလာတတ်ပြီ၊ အရင်လို အကြာကြီး ငိုမနေတတ်တော့ဘူး။ ရင့်ကျက်လာတယ်ခေါ်မလား။ အရာရာကို စိတ်တွင်းမှာတင် သိမ်းဆည်းထားတတ်ပြီ။ ဖောက်ချဖို့လိုရင်တော့ စာတွေလျှောက်ရေးနေလိုက်တာပဲ၊ ဘယ်ကိုမှ မပို့ဖြစ်တော့တဲ့ စာတွေပေါ့။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ငြိမ်းရေးထားတဲ့စာတွေ သူ့ကို ဖတ်ပြရတယ်။ သူ့ကမ္ဘာမှာလည်း ဒီကောင်းကင်ကြီးပဲ ဟုတ်လား။
အတွေးနဲ့တင် ပျော်နေရတာ....


ခကအ
တခြားသောကမ္ဘာ ~

Friday, December 4, 2020

ဟိုးအဝေးကြီးမှာ…

ဟိုးအဝေးကြီးမှာ…



















စိတ်လက်တံတွေကို နာရီတွေလို ပြောင်းပြန်လှည့်ပစ်မိတိုင်း
ကြယ်ရောင်လား မီးဝါဝါတွေလား အလင်းကလေး ဖြိုးဖြိုးဖျောက်ဖျောက်
ရိုးတံကျဲကျဲ ပိန်ရှည်ရှည်ပင်ကလေးတွေအောက်မှာ
သူက.... 
ကိုယ့်လက်ကို ပိုင်ပိုင်တွဲလို့ နှစ်ယောက်သား တယောက်ကိုတယောက်မီနွဲ့
ညနက်နက်ထဲ လျှောက်ခဲ့ကြပုံတွေ
ပျော်ခဲ့တယ်ဟုတ်လားဟင်...။
ဒီလိုအချိန်တွေ ရောက်တိုင်း
ရူးတော့မတတ်ဒဏ်ရာတွေနဲ့ စံပယ်ဟာ
သူ့ရနံ့တွေကို သူ သိမ်းထုတ်လို့ သီချင်းလေးတပုဒ်နဲ့
မျက်ရည်တွေသာ ကျရရှာတယ်
မေ့လိုက်ပါတော့ကွယ်
ဘယ်ကိုမှ မရောက်မယ့်ခရီးတွေ
ဘယ်လိုမှ မကြားနိုင်တော့မယ့်အသံတွေအတွက်
နာကျင်မနေစေချင်ဘူး။
ကိုယ့်ဘက်က နာနာကျင်ကျင်ဖောက်ချမှုတိုင်းအတွက်
မင်းဘက်က ရယ်မောပျော်ရွှင်နေလိုက်ပါ
ဘဝတခုခုမှာ ပြန်တွေ့ကြတဲ့အခါ ကိုယ့်ကို
သူစိမ်းတယောက်လို ပြုံးပြနှုတ်ဆက်ရုံ
လမ်းခွဲ ဆက်လျှောက်ရုံ ဒီလောက်ပါပဲ
ဘယ်လိုအမျှင်မှ တန်းမနေစေချင်ပါဘူး
Ctr+Z တွေက အလုပ်မလုပ်တော့တာ ကြာပြီပဲကွယ်။
ရှေ့ဆက်လျှောက်ရမယ့် မင်းလမ်းခရီးတွေမှာ
ကိုယ့်နာမည်ကအစ မေ့လျော့နေပါစေ
နာကျင်မှုကင်းပါစေ
ငြိမ်းအေးသာယာပါစေကွယ်


ကြည်~

Tuesday, December 1, 2020

ဘဝမှတ်စု - ၉

 ကျွန်မက ဘဝမှာ ဘယ်အရာက အရေးကြီးပါလိမ့်လို့ တွေးမနေပါဘူး။ ဘယ်အရာက အရေးကြီးတယ်ဆိုတာ သိရလည်း လုပ်ချင်မှ ထလုပ်မှာပဲ။ ကျွန်မဘဝမှာ အချိန်နာရီတွေ မသိချင်ဘူး၊ စားချင်ရင် စားမယ်၊ အိပ်ချင်မှလည်း အိပ်မှာပေါ့။ လူတွေသတ်မှတ်တတ်ကြတဲ့ ဂုဏ်တွေ ပညာတွေ ကလပ်စ်တွေ အမြင့်တနေရာတွေ...ကျွန်မ ဂရုမစိုက်ဘူး။ ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမယ့် အလုပ်မျိုးကလွဲလို့ ကျွန်မကြိုက်တာ ကျွန်မ လုပ်မယ်။ ဘယ်သူ့လောင်းရိပ်အောက်မှာမှ မနေခဲ့ဘူး။ မနေလိုဘူး။ ရှေးရိုးစကားတွေ ဆိုရိုးတွေ လမ်းဟောင်းတွေ ပုံသေကားချတွေ ဘာတခုမှ မလိုက်ချင်ပါဘူး။ ကိုယ်သွားရာလမ်း ကိုယ်လုပ်တဲ့အလုပ် ကိုယ်တိုင်သာ တွေ့ကြုံ ခံစား နာကျင်လိုတယ်။ မီး ပူမှန်းသိလျက်နဲ့ ကိုင်ကြည့်ရလောက်အောင်တော့ မမိုက်မဲဘူးပေါ့။ နားကကြားတိုင်း ပြုံးနေလိုက်ရုံ၊ မယုံတတ်တော့တာ။ အနာကျင်ရဆုံးက unwanted ဆိုတဲ့ စကားလုံးပဲ၊ မလိုအပ်ခြင်း၊ အပိုလူဖြစ်ခြင်း၊ ရတာ မလိုတဲ့မျက်လုံးအကြည့်တွေထဲ ပါဝင်နေခြင်း၊ ဘာကျန်သေးလဲ...၊ လူတယောက်ရဲ့စိတ်အတွင်းသားတွေထဲအထိ ထိုးဖောက်နာကျင်စေနိုင်မယ့် ပြန်ရလိုက်ခြင်းတွေ...။ ဒါပဲလား...။ ကျွန်မ ပေးခဲ့သမျှ တန်ဘိုးထားဖို့ မဆိုချင်ပါဘူး၊ တကယ်တော့...။ ထားပါလေ...။ လွှတ်ချလိုက်သင့်တာတွေအတွက် ကျွန်မ လေးကန်မနေချင်တော့ဘူး။ လွှတ်ချလိုက်မှ အပြည့်အဝရလာမယ့် လွတ်မြောက်ခြင်းအတောင်ပံတွေ...။ ကျွန်မ လေးလံလှပြီ...

ကိုယ်တိုင် ခေါင်းရွေ့ခဲ့လို့ ပျက်ခဲ့ရတဲ့ အဖြစ်တွေ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ အရေးကြီးတယ်လေ...။ လူတွေသတ်မှတ်ထားတဲ့ လောကနီတိတွေနဲ့ ကင်းလွတ်တိုင်း မမှန်တော့ဘူးလား...။ ကျွန်မ မမှားခဲ့ဘူး၊ ကျွန်မဘက်ကကြည့်ရင် ကျွန်မ အရိုးသားဆုံး နေပေးခဲ့ပါတယ်။ ဘယ်သူမှလည်း မမှားခဲ့ဘူး...၊ ကျွန်မတို့ မသိနိုင်တဲ့ အကြောင်းတရားတွေ ဒီလောကကြီးထဲ ရှိနေကြတာ၊ အဲဒီကနေ မြစ်ဖျားခံလာတဲ့ အကျိုးဆက်တွေ ဖြစ်ကောင်းဖြစ်မယ်။
ကျောခိုင်းလိုက်ရုံနဲ့ ကျန်ရစ်ခဲ့မှာမျိုး မဟုတ်တာတော့ သေချာပါတယ်...
ရည်ရွက်ချက်ရှိရှိ နာကျင်စေခဲ့တာမျိုး ဟုတ် မဟုတ် ကျွန်မ သိဖို့ လိုအပ်သေးရဲ့လား...



ချစ်ကြည်အေး
၁ ဒီဇင်ဘာ ၂၀၂၀

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...