Monday, October 21, 2019
ဘဝမှတ်စု ၅
မြင်မှု သိမှုဟာ ယုံကြည်မှုကို ဖြစ်စေတယ်လို့ ဆိုကြတယ်။ မြင်မှုတိုင်းမှာ ယုံကြည်မှုထည့်သင့်ရဲ့လား...။ အာရုံသိတွေက လောကရဲ့မမှန်မကန်ရုပ်ပုံလွှာတွေ၊ ဆင်ခြင်တုံနဲ့ အံမဝင်တဲ့ရုပ်ပုံလွှာတွေကို ပေးတယ်လို့ ဒဿနဆရာ ပာရမဲနိဒဲစ်က ဆိုတယ်လို့ ဆရာမောင်သာနိုးရေးတဲ့ ဆိုဖီရဲ့ကမာမှာ ဖတ်ဖူးခဲ့တယ်။ သေချာတာကတော့ လူတယောက်နဲ့ပေါင်းသင်းဆက်ဆံရာမှာ ချစ်ခင်လှချည်ရဲ့ဆိုပေမယ့် မမြင်ရတဲ့သူ့စိတ်ကို အရင်းအတိုင်း ဘယ်သူသိနိုင်မှာလဲ...။ သိမှုဆိုတာကရော ယုံကြည်မှုကို ဖြစ်စေတာပဲလား...၊ ဖတ် မှတ်ထားတဲ့အသိတွေဟာ ဘယ်လောက်များ စိတ်ချလက်ချ ယုံကြည်မှုကို ဖြစ်စေမှာလဲ။ ဖတ်ရုံနဲ့ သိသွားနိုင်ပြီလား။ သူတပါးဦးနှောက်၊ သူတပါးလက်တွေ့ထဲက စစ်ယူရေးသားထားတဲ့ ထုတ်နှုတ်ချက်တွေဟာ ကိုယ့်ဘဝနဲ့ ဘယ်လောက်အံဝင်ခွင်ကျ ရှိနေနိုင်မှာလဲ။ ယေဘူကျသိပ်ဆန်မနေဘူးလား။   မြတ်စွာဘုရားဟောခဲ့တဲ့ ကာလာမသုတ်တော်ဟာ အကြောင်းမဲ့ဟောခဲ့တာ မဟုတ်ဘူး။ ငါ ဘုရားပြောစကားကိုမှ မယုံလင့်၊ လာလော့ ကြည့်လော့ ရှုလော့ ကိုယ်တိုင် သိအောင် ကျင့်လော့၊ ပြီးမှ ယုံလို့ ဆိုခဲ့တာ ဟုတ်လား။ ဒီနေရာမှာ ယုံကြည်၊ လက်ခံ၊ ကျင့်သုံးတယ်ဆိုတဲ့နေရာမှာ...၊ ကိုယ်ပိုင်အသိ ကိုယ်ပိုင်ဆင်ခြင်တုံတရားသာလျင် ကိုယ့်ကို ရွေ့စေနိုင်တယ်လို့  ကိုယ်က လက်ခံထားတယ်။ ဘယ်သူ တဦးတယောက် ဘယ်ပညာရှိရဲ့ အဆိုအမိန့်ကိုမှ ဒီနေ့အထိ မကိုးကွယ်ခဲ့ဖူးဘူး။ ဖတ်တယ် သိမှတ်ထားလိုက်တယ်၊ ဒီလောက်ပဲ။ ကိုယ့်ဘဝကို အဲသလောက် လွတ်လပ်ချင်တယ်။ ဘယ်လောင်းရိပ်အောက်မှာမှ၊ ယုတ်စွအဆုံး ဒီလမ်းဆုံးမှာ ချောက်ကမ်းပါးရှိတယ်ဆိုတောင်မှ သွားကြည့်လိုက်ချင်သေးတာမျိုးအထိပေါ့။ လူအများစုရဲ့အယူအဆ၊ လူအများစု သွားရာလမ်းအတိုင်း အားလုံးနဲ့ဆိုင်တဲ့ ဘုံသဘောတွေကို ကိုယ်က မနှစ်သက်တတ်ဘူး။ ကိုယ်မှားရင်လည်း  ခေါင်းမာမာနဲ့ တော်တော်မှားတဲ့အထိသွားပြီးမှ၊ အမှားကို မြိန်ရည်ယှက်ရည်လက်ခံပြီးမှ ပြန်လှည့်ချင်တာမျိုး။ သူများထက် နာကျင်ရတာပေါ့လေဆိုလည်း ကိုယ်က ဒါ ကိုယ့်ဘဝပဲလို့ ပြုံးပြီး လက်ခံလိုက်မယ်။ အများနဲ့မသက်ဆိုင်သော ကိုယ့်ဘဝဟုတ်လား...။
ချစ်ကြည်အေး
၂၁ အောက်တိုဘာ ၂ဝ၁၉
Friday, October 11, 2019
ဘဝမှတ်စု ၎
ပျော်ရွှင်ရိပ်...
ပျော်ရွှင်ရိပ် တဲ့
ကျွန်မ ပြုံးမိပါတယ်။
လူသားဆန်မှု
ကိုယ်ချင်းစာတရား
သိမှုပညာ
ကိုယ် စိတ် ကျန်းမာရေး
လုံလောက်ပါပြီ...ကျွန်မအတွက် ဘဝကြီးထဲ နေသားတကျရှင်သန်ဖို့၊ ကျွန်မမျက်နှာမှာ အပြုံးကလေးတင်နိုင်ဖို့၊ တယောက်တည်းတရားနဲ့နေတတ်ဖို့
ချစ်ကြည်အေး
၁၁၁ဝ၂ဝ၁၉ 
---------------------------
တနေ့က ညီမတယောက်နဲ့ ဆုံဖြစ်တော့ စကားပြောဆိုနေကြရင်း သူက ကျွန်မမျက်နှာကိုကြည့်ကာ ရုတ်တရက် ဆိုလာတယ်။
အမမျက်နှာမှာ အရင်ကလို ပျော်ရွှင်ရိပ် မတွေ့ရဘူးနော်တဲ့....
ပျော်ရွှင်ရိပ်...
ပျော်ရွှင်ရိပ်ဆိုပါလား...
သူ့အသုံးအနှုန်းကို ကျွန်မ သဘောကျသွားမိတယ်။
ဘယ်လောက်လှတဲ့အသုံးအနှုန်းလေးပါလိမ့်...
ပျော်ရွှင်ရိပ် တဲ့
အရိပ်ဆိုတာ အထည်ရှိလို့ အလင်းအောက်မှာ ထင်ဟပ်လာရတဲ့သဘော ဟုတ်လား...
ကျွန်မ ပြုံးမိပါတယ်။
အင်း အသက်အရွယ်ကြောင့်ဖြစ်မယ် ထင်ပါရဲ့
ခပ်တိုတိုပဲ ကျွန်မဖြေမိတယ်။
တကယ်တမ်း ပျော်ရွှင်မှု မပျော်ရွှင်မှုဆိုတာတွေက ကျွန်မအတွက် အရေးမပါတော့တာ။
ဘဝမှာ ပျော်ရွှင်မှုထက်အရေးကြီးတာတွေ ရှိနေသေးကြောင်း ကျွန်မ သိခဲ့ပြီလေ...
လူသားဆန်မှု
ကိုယ်ချင်းစာတရား
သိမှုပညာ
စိတ်နဲ့ကိုယ် တသားထဲကျမှု
ကိုယ် စိတ် ကျန်းမာရေး
လုံလောက်ပါပြီ...ကျွန်မအတွက် ဘဝကြီးထဲ နေသားတကျရှင်သန်ဖို့၊ ကျွန်မမျက်နှာမှာ အပြုံးကလေးတင်နိူင်ဖို့၊ တယောက်တည်းတရားနဲ့နေတတ်ဖို့
ကျွန်မ သင်ယူခဲ့ပြီးပြီပဲ။ တရားသည်သာ အကောင်းဆုံးအဖော်ဖြစ်တာကို အကြည်လင်ဆုံးစိတ်နဲ့ ကျွန်မ သိခဲ့ပြီ။ ရုပ်ဝတၳုတွေ ဂုဏ်ပုဒ်တွေ အမြင့်ဆုံးနေရာတွေ ဘာတခုကမှ ကျွန်မအတွက် မက်လောက်စရာမဟုတ်တာ အရင်ကလည်း သိခဲ့သလို၊ အခုလည်းပိုလို့ သေချာလာပြန်တယ်။ ဘာတခုမှမမြဲတဲ့ လောကနိယာမထဲ အမြဲရှိနေမယ့် မမြဲခြင်းတရားကိုသာ ဆင်ခြင်နေမိတယ်။
ပြုံးသူတွေ ပြုံးကြပါစေ
ပျော်သူတွေ ပျော်ကြပါစေ...
ဘေးမှာ ဘယ်သူမှ မရှိလည်း နေပါစေ၊ တကိုယ်တည်း တစိတ်တည်း မမြဲခြင်းတရားကို ဆင်ခြင်နေရင်းက လူဖြစ်ရတဲ့အရသာနဲ့ ဘဝရဲ့လှပခြင်းကို သိစိတ်နဲ့ ရွက်ကုန်လွှင့်နေလိုက်မယ်....
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...