Saturday, April 7, 2018

ကောင်းကင်ဘုံကို ရေးတဲ့စာ

(အစ)

သူငယ်ချင်းတွေ ပြန်ကုန်ကြပြီ။ အပြင်မှာ လမ်းမီးတွေလည်း မှိန်စပြုပြီ။ ပြတင်းတံခါးတွေကို အသေအချာလိုက်ပိတ်နေမိတယ်။ တအိမ်လုံးမှာ ဧည့်ခန်းမှာ ၂ပေါက်၊ အိပ်ခန်းမှာ ၁ပေါက်နဲ့ မီးဖိုချောင်မှာ ၁ပေါက်၊ တံခါးမကြီးနဲ့ပါဆို ၅ပေါက် လိုက်ပိတ်ရလေ့ရှိတယ်။ တအိမ်လုံးတိတ်ဆိတ်ငြိမ်သက်သွားလိုက်ပုံက သံပတ်နာရီလေးထောင့်လေးဆီက စက္ကန့်တံတချက်ချက်ကလွဲလို့ ပကတိအငြိမ်။ ဧည့်ခန်းထဲကဆိုဖာအရှည်ပေါ်မှာ ခေါင်းအုံးတလုံးနဲ့ လှဲအိပ်နေလိုက်ရင် ကောင်းမလား။ အိပ်ခန်းထဲ မဝင်ချင်သေးတဲ့စိတ်နဲ့ လူက လေးကန်နေပြန်တယ်။ မဖြစ်သေးပါဘူး အချိန်က မနည်းလှတော့ဘူး။

အတွေးဆုံးတာနဲ့ အိပ်ခန်းထဲတန်းဝင်ရင်း အိပ်ယာဘေးက မီးသီးအဝါရောင်လဲ့လဲ့ကို ဖွင့်လိုက်တယ်။ အိပ်ခန်းတခန်းလုံးမှာ အဝါရောင်ကြည်မှုန်မှုန်တွေ တခန်းလုံးဖြည့်ထည့်လိုက်သလို ဝါပြည့်သွားတယ်။ လေသန့်စက်ဖန်အိုးလေးထဲ ရေလိုသလောက်ဖြည့်ပြီး စပါးလင်အနံ့လေး လေး-ငါးစက်လောက် ထည့်လိုက်တယ်။ စပါးလင်အနံ့ပျင်းရှရှဟာ စိတ်ကို ကြည်စေသလို အသက်ရှူလည်းဝစေတယ်။ အသက်ကို ခပ်ပြင်းပြင်းလေး လေး-ငါးချက်လောက် ရှိုက်လိုက်တယ်။ ပြီးတော့ ကုတင်ပေါ်တက်၊ ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးကို ထောင်ပြီး မှီနေလိုက်တယ်။ မောလိုက်တာ…။
ကုတင်ခြေရင်းက နံရံအဖြူကို စိတ်မှတ်မဲ့ငေးနေမိပြန်တယ်။

ဘာတွေအရိပ်ထင်နေတာလဲ၊ နံရံအဖြူပေါ်မှာ လူလိုလိုအရိပ်တွေ…၊ ယိမ်းနွဲ့နေသလို၊ သူတို့လက်တွေက ရှည်မျောရစ်ပတ်နေကြပြန်။

ခုနကပဲ သူငယ်ချင်းတွေနဲ့ရယ်မောလို့၊ သူမမျက်နှာပေါ်မှာ မျဉ်းကွေးတွေ လူးလွန့်ခုန်ပေါက်ခဲ့ကြသေးတာ။ ခုတော့ သူမမျက်နှာက ကြွက်သားတွေဟာ ရုတ်ချည်းဆိုသလို တင်းမာဖြောင့်တန်းကုန်ကြတယ်။ နှုတ်ခမ်းတွေ တင်းတင်းစေ့လို့၊ မျက်ဝန်းတွေ မှိန်ဖျော့အားနည်းလာရာက ဝေသီနီဝါးလာကြတယ်။ ခုနလေးတင်က ပျော်သလိုလိုပါပဲ၊ အပူအပင်မဲ့ ဝိုင်းဖွဲ့စားသောက်ခဲ့ကြသေးတယ်။ ဝယ်လာသမျှတွေ ကုန်တဲ့အထိ စားသောက်ကြ၊ ပြောစရာတွေမရှိလောက်တော့တဲ့အထိ လုယက်ပြောကြနဲ့၊ အချိန်တန်တော့ ဆေးကြောစရာတွေ ဆေးကြောသိမ်းဆည်းပေးပြီး သူတို့ ပြန်သွားကြတယ်။

စိတ်ချမ်းသာတယ် ဟုတ်၊ အိပ်ပျော်အောင် အိပ်နော်၊ တရားမှတ် အိပ်၊ သိုးကောင်တွေ ရေတွက်၊ ကြယ်တွေကို မော့ကြည့်…၊ တထောင်ကနေ တစ်အထိ နောက်ပြန်ရေတွက်၊ အဲသလို  အကြံမျိုးစုံပေးပြီး အိမ်ပြန်သွားကြတယ်။ ခု သူမ တယောက်ထဲ။ အရင်အတိုင်းပါပဲ။

နံရံပေါ်က အရိပ်တွေ အရောင်ပိုစုံလာတဲ့အခါ သူမခေါင်းတွေ မူးနောက်လာတယ်။ သဲကြိုးအနီလေးနဲ့ဖိနပ်လား၊ အရိပ်ထဲမှာ သူမတွေ့လိုက်တယ်။ ပြီးတော့ ပန်းအဖြူသေးသေးကလေးတွေ၊ ပန်းရနံ့လေးတောင် သင်းကနဲပျံ့လာသလို၊ သူမ ခံစားလိုက်ရတယ်။ ပြီးတော့ လက်ဖဝါးတစုံ…၊ ဘုရားဝတ်ပြုကန်တော့လိုက်တဲ့ သူမလက်ဖဝါးတွေကို အောက်ကနေ ဆီးခံထားတဲ့ လက်ဖဝါးနွေးနွေးတစုံ…။ အထိအတွေ့…၊ ချက်ချင်းပဲ အဲဒီအတွေ့နွေးနွေးဟာ သူမစိတ်နှလုံးအိမ်ကိုပါ နွေးထွေးလာစေတယ်။ အရိပ်တွေ…၊ လူးလွန့်ဝေဝါးလျက်က ပြတ်သားထင်ရှားနေတုန်းပဲ။ စိတ်တွေကို ဆစ်ကနဲထိုးဆွတယ်။

အိပ်ယာခြေရင်း စားပွဲပေါ်က ကွန်ပြူတာကို ဖွင့်လိုက်တယ်။ အီးမေးလ်ရေးရမယ်။ သူမစိတ်ထဲရှိတာတွေ ဖောက်ထုတ်ချပစ်ဖို့၊ မွန်းကြပ်လာသမျှတွေ ဖွင့်အန်ဖို့ ကောင်းကင်ဘုံဆီ သူမ စာရေးရမယ်။ ခုလက်ရှိ မပျော်ရွှင်နိုင်သမျှတွေကို တလုံးချင်း သေသေချာချာရေးချရတယ်။

သူမစိတ်တွေ ထုံခဲနေတာတွေ၊ ညညဆို သူမ အိပ်မပျော်တာ ကြာပြီဆိုတဲ့အကြောင်းတွေ၊ သူမ ဆေးတွေအများကြီး သောက်နေပါလျက်နဲ့ မကျန်းမာသေးတဲ့အကြောင်းတွေ၊ စားသောက်စရာတွေ အများအပြားပြည့်စုံရှိပါလျက်နဲ့ သူမရဲ့စိတ်ဆာလောင်မှု မပြည့်ဝတာတွေ၊ လိုတရနေတဲ့ဘဝထဲက ပြည့်စုံလွန်လွန်းလို့ မည်မည်ရရ စောက်လုပ်စောက်ကိုင်မရှိတဲ့ ပြဿနာတွေ၊ တညလုံးမအိပ်ဘဲ တနေ့ခင်းလုံး အိပ်နေရတဲ့အကြောင်းတွေ၊ တခါတလေ တညလုံးလည်းမအိပ်၊ တနေ့ခင်းလုံးလည်း မျက်လုံးကြောင်တောင်လင်းနေရတဲ့ အကြောင်းတွေ၊ သူမမျက်လုံးတွေ အရောင်မှိန်လာပုံတွေ၊ ဘာမှမလုပ် မလှုပ်မယှက်ဘဲ အချိန်အတော်ကြာကြာ ငေးထိုင်နေနိုင်ပုံတွေ၊ အစားအသောက်တွေကို ပန်းကန်တခုထဲ အကုန်လုံးမှောက်သွန်ပြီး ခွေးတကောင်လို တရှူးရှူးစားသောက်နေတာတွေ၊ စိတ်တချက်အလွင့်မှာ ကျလာတဲ့မျက်ရည်တွေနဲ့လူးပြီး ရယ်မောနေမိသေးတာတွေ၊ နာကျင်စူးနင့်လာကာ အသက်ရှူဖို့ခက်ခဲရပုံတွေ၊ လဲမှို့တွေ လေဝှေ့သလို ရည်ရွယ်ချက်မဲ့ ပေါ့လျှပ်လွင့်ပျံနေတတ်ပုံတွေ၊ ခုပဲ ရယ်မောရ၊ ခုပဲ ငိုယိုမျက်ရည်ကျနဲ့ အပြောင်းအလဲမြန်ပုံတွေ၊ စိတ်သွားရာနောက် ဘယ်လိုမှလိုက်မမီနိုင်ဘဲ တဖျတ်ဖျတ် အလွန့်အလူးမှာ ရူးနှမ်းချင်မိပုံတွေ….။
အစွန်းနှစ်ဘက်ကြားမှာ မွမွကြေသွားခဲ့ရတဲ့ သူမစိတ်အကျိုးအပဲ့တွေ...။

စိတ်ရှိတိုင်းရေးချင်ပေမယ့် ကောင်းကင်ဘုံက သူမစာကို ဖွင့်ဖတ်ပါ့မလား…။

🎼🎵 မင်းကြောင့် ငါရင်ထဲမှာ ကွဲကြေပြီ.... မင်းကြောင့် ရင်မှာ မချစ်ဖူးသော ဘဝသည်…🎶   

နေနေ့သီချင်းတပုဒ် နားနဲ့ဆတ်ဆတ်အကြားမှာ လူဟာ ရိုက်ချခံလိုက်ရသလို အရှိန်ပြင်းပြင်းနဲ့နာကျင်ရတယ်။ ဘယ်ကလဲ…၊  သီချင်းသံဆီ သူမနားတွေစွင့်လိုက်ရင်း အသံလာရာ ဧည့်ခန်းဆီ  ပြေးထွက်လာမိတယ်။ ဧည့်ခန်းအမှောင်ထဲမှာ အပြာရောင်တလဲ့လဲ့လင်းနေတဲ့ လက်ကိုင်ဖုန်းဆီက အသံ…။

“ဟဲ့ ငါ့ဖုန်း နင့်အိမ်မှာ ကျန်ခဲ့သလား…”

“အေး အေး နင် အိပ်တော့၊ ငါ မနက်ဖြန် အလုပ်မသွားခင် နင့်အိမ် ဝင်ယူလိုက်မယ်၊ ဂွတ်နိုက်မိုင်ဖရန့်”

သွားပြီ…။ သူမ ရှိုက်ရှိုက်ငိုမိတော့တယ်။
ဆူးတချောင်းနဲ့ တစွပ်စွပ်စိုက်ချခံလိုက်ရတဲ့ရင်အစုံဟာ ဘယ်လိုမှ သက်သာစရာ ရှာမတွေ့နိုင်ဘူး။

“အဲ့သီချင်းတပုဒ် နားထောင်ကြည့်လိုက်…”  နားထဲမှာ ပြန်ကြားတယ်။

အရိပ်တွေဟာ တဖျတ်ဖျတ် လူးလွန့်ရှင်သန်လာပြန်တယ်။ ဘယ်လိုလုပ် အိပ်ရမလဲ…၊ ဆင်းရဲခြင်းကြီးလိုက်တာ၊ ဖောင်းမို့လာတဲ့မျက်ခွံတွေဟာ စူးကြပ်အောင့်လာကြပြန်တယ်။ မငိုချင်တော့ပါဘူး….

ဘုရားရှိခိုးပါလား၊ တရားလေးမှတ်လိုက်…
မေတ္တာပို့တဲ့အခါ ပို့နေကျအတိုင်း နာမည်လေးတခုကို တ ပြီး မေတ္တာပို့သရတယ်။ ကျန်းမာစေဖို့ ချမ်းသာစေဖို့ အကြံအစည်မှန်သမျှ အောင်မြင်တိုးတက်ပါစေဖို့အကြောင်းတွေ ဆုတောင်းပေးရတယ်။ စိတ်သက်သာရာရမလိုလိုနဲ့ မျက်ရည်က ကျလာရပြန်တယ်။

မေတ္တာပို့တိုင်းရောမေတ္တာရောက်သလား…။ သူမပို့တဲ့မေတ္တာဟာဖြင့် အလုပ်ကောင်းကောင်း မလုပ်ဘူးထင်ပါရဲ့၊ သူမပို့သတဲ့မေတ္တာဟာ အသွင်ပြောင်းပြီး မုန်းတီးမှုတွေသာ ပြန်လည်ရရှိခဲ့တယ်။ ကြောက်တယ် သူမ သိပ်ကြောက်တာပဲ။ မျက်လုံးတွေထဲမှာ သူမအတွက် နွေးထွေးမှု မရှိဘူး၊ ပြောတဲ့စကားတွေ၊ အပြုအမူတွေမှာ သူမအတွက် ငဲ့ညှာခြင်းတစွန်းတစမှ မတွေ့ရဘူး။ ရက်စက်လိုက်တာ….။

အပြင်သွားတိုင်း လူတွေရဲ့မျက်နှာကို မကြည့်ဖြစ်အောင်နေရတယ်။ ဒါတောင် သူမနောက်ကျောကို ဝင်ဝင်စိုက်လာတဲ့အကြည့်တွေကို ဆွဲနှုတ်ပစ်နေရသေးတယ်။ နာကျင်လိုက်တာ၊ အရာရာနဲ့နေသားမကျဘဲ အံချော်နေတဲ့ဘဝကြီးထဲမှာ သူမ ဘယ်လောက် တောင့်ခံထားနိုင်မှာလဲ။ သူမဘက်မှာ ဘယ်သူမှ မရှိကြဘူး။ ဘယ်သူကမှ သူမကို စာနာနားလည်မှု မပေးနိုင်ကြဘူး။

ဘာများနာကျင်စရာရှိလဲကွယ်…။ မျှော်လင့်ခဲ့ပြီးသားမို့ ခံနိုင်ရည်ရှိမယ်ထင်ခဲ့တာ အမှား…။ ဒီလိုနဲ့ပဲ မိုးလင်းတော့မယ် ထင်ပါရဲ့။
ဆေးလုံးတွေကို ထုတ်သောက်လိုက်ပြီး အိပ်ယာပေါ် ငြိမ်ငြိမ်လေးလှဲနေလိုက်တယ်။ စိတ်တွေ ဂယောက်ဂယက်ပြေးလွှားနေတာကို မျက်ခွံထဲကနေ တွေ့နေရတယ်။ မုန်းလိုက်တာ…။ တွန်းထိုးကိုင်ဆောင့်ပြီး ပြစ်တင်လိုက်ချင်စိတ်တွေနဲ့ အမုန်းတရားတခုဟာ လက်ညှိုးငေါက်ငေါက်ထလာပြန်တယ်။ မောလိုက်တာ။ သိပ်ပင်ပန်းတာပဲ။ နားမလည်နိုင်ဘူး မဟုတ်လား၊ နေပါစေတော့။ ပစ်ချခဲ့ပြီးသား သားကောင်တကောင်ထက် နောက်ထပ်အမိဖမ်းရမယ့် သားကောင်တကောင်ကသာ မုဆိုးတယောက်အတွက် ပိုအရေးကြီးတယ်မဟုတ်လား။ သူမဟာ ပစ်ချခဲ့ပြီးတဲ့ အသေသား။ အရေးတကြီး ဘာမှမလိုတော့ဘူးလေ။ အရေးမပါတော့ဘူးလေ။
အသုံးမလိုတဲ့သူ၊ အသုံးမဝင်တော့သူဆိုတဲ့ စကားလုံးနောက်က ခံစားရတဲ့ ခံစားချက်ကို မြင်အောင်ကြည့်နိုင်ရင် ဘယ်လောက်သိမ်ငယ်ရတယ်ဆိုတာ မြင်မှာပါ။ စိတ်ဒဏ်ရာဟာ တသက်စာ၊ ဘယ်လိုဆေးမှမတိုးတော့တဲ့အခါ သူမဟာ အားမတန်လို့ ကံကိုသာ ပုံချရတော့တယ်။

စာတွေ တစောင်ပြီးတစောင် ကောင်းကင်ဘုံဆီ ရေးရတယ်။ သူမဆီ ဘယ်တော့မှ ပြန်စာ မလာတဲ့ စာတွေပေါ့။ ကောင်းကင်ဘုံဟာ အသိအမှတ်ကလေးတချက်မှ သူမအပေါ် မပြုလေဘူး။

သူမခေါင်းထဲမှာ အရိပ်တွေ ပြည့်နှက်လာပြန်ပြီ။ ရာသီစာလို သွေးကြောထဲ ကျော့ကျော့လာတတ်တဲ့ အရိပ်တွေကို သူမ မုန်းတယ်။ ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့အခါတိုင်း သူမစိတ်တွေ ထက်ပိုင်းကျိုးရတယ်။ သောက်ထားတဲ့ဆေးတွေဟာ သူမကို လေးလံလာစေတယ်။ မျက်ခွံတွေ အနက်ရောင်မှောင်ပိန်းလာတဲ့အခါ အိပ်စက်ခြင်းက သူမဆီရောက်လာတယ်။ 

နောက်တနေ့မနက်အလင်းမှာ သူ့ခန္ဓာကိုယ်ကို တလျဥ့်တိုက်ဆွဲပြီး ရေမိုးချိုး အဝတ်အစားလဲနေတဲ့ သူမကို အခါများစွာအတိုင်း တွေ့နေရပြန်တယ်။ ပြည့်ပြည့်ဝဝအိပ်မရသူတွေရဲ့ ကြောင်စီစီမျက်လုံးနီနီနဲ့  သူမမျက်နှာက လုံးဝ အသေ  အငြိမ်....။

(အဆုံး)

"Bipolar disorder is an illness that produces dramatic swings in mood (amongst other symptoms). A person with bipolar disorder will alternate between periods of mania (elevated mood) and periods of depression (feelings of intense sadness). In between these two extremes, a person will have periods of normal mood."

Bipolar disorder ဆိုတာ စိတ်ခံစားချက်အပြောင်းအလဲလွန်စွာမှ လျင်လျင်မြန်မြန်ပြောင်းလဲ တက်ကျနေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာနာဖျားခြင်းတမျိုးပါပဲ။ တခြားအပြုအမူတွေလည်း လိုက်ပါပြောင်းလဲဆိုးဝါးနိုင်ပါသေးတယ်။ သူဟာ စိတ်ဓါတ်မြင့်မားတက်ကြွနေတဲ့ အပိုင်းအခြားကာလနဲ့ အင်မတန်လွန်လွန်မင်းမင်း ဝမ်းနည်းစိတ်ကျနေတဲ့ကာလအပိုင်းအခြားနှစ်ခုတို့ တပြန်စီဖြစ်ပေါ်ပြောင်းလဲခြင်းကို ခံစားနေရတဲ့သူပါပဲ။ အဲဒီခံစားချက်အစွန်းနှစ်ဘက်ကြားထဲမှာ တခါတရံတော့ သူလိုကိုယ်လို ပုံမှန်စိတ်ခံစားမှုလည်း ရှိနေတတ်ပါသေးတယ်။

psychotherapy
lithium carbonate
divalproex


အဲဒီစကားလုံးတွေ၊ အဲဒီဆေးနာမည်တွေ တွေ့တိုင်း သူမတကိုယ်လုံး ကျုံ့ဝင်သွားသလို နာနာကျင်ကျင်သိမ်ငယ်နေရတုန်း…။ နာကျင်စရာတွေကို နာကျင်စရာရယ်လို့ သိနေနိုင်သေးတာကတော့ သူမကိုက ကံဆိုးလို့ပဲပေါ့လေ....။ 

ကံကောင်းတာက  ခုချိန်ထိ သူမ ရူးမသွားသေးတာပါပဲ…။ 


ချစ်ကြည်အေး
ဝ၇ဝ၄၂ဝ၁၈

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်းကအထ...