Friday, October 25, 2013

အဝတ်လှမ်းခြင်းဋီကာ VS ကိုယ်ချင်းစာတရား


ဒီနေ့ ကျွန်မ အိပ်ရာကစောစောနိုးတာနဲ့ အိမ်ကလူ စက်ထဲထည့်လျှော်သွားတဲ့ အဝတ်တွေကို ထုတ်လှမ်းဖို့ ပြင်တယ် (နောက်ကျမှနိုးလည်း ကျွန်မပဲ လှမ်းပါတယ်)။ ထုံးစံအတိုင်းပေါ့၊  နောက်ဖေး မီးဖိုချောင်ဘေးနဲ့ တစ်ဘက်မျက်နှာချင်းဆိုင်မှာရှိတဲ့ ရေချိုးခန်းနဲ့ကို ဝါးလုံးတန်းထိုးပြီး လှမ်းရတာပါ။ လှမ်းနေတုန်းရှိသေး အပေါ်က ရေတစက်စက်ကျနေတာကို သတိထားလိုက်မိတယ်။ လုပ်ပြီ….။  အဲဒီအပေါ်က အဲလိုပဲ။ 

အတိအကျပြောရရင် ကျွန်မတို့အပေါ်ထပ်ရဲ့ နောက်အပေါ်က အထပ်ကပါ။ ဒါ တစ်ကြိမ်ထဲလည်း မဟုတ်တော့ဘူး။ ဟိုအရင်ခါတွေတုန်းကလည်း သူတို့အိမ်တံခါးခေါက်ပြီး သွားပြောပြီးပြီ။ သူတို့က ပြည်ကြီးတရုတ်တွေ ထင်ပါရဲ့(အဲလိုဆိုတော့ ကျွန်မကို ဒစ်-ခရီ-မီ-နိတ်လုပ်တယ် မြင်ကြဦးမယ်)။ စလုံးတရုတ်တွေက သူတို့လူနေမှုစနစ်နဲ့ သူတို့ အံဝင်ပြီးသား။  ဘာ မလုပ်ရဘူး၊ ဘာ လုပ်လို့ရတယ် နောကျေပြီးသား။ ကိုရွှေပြည်ကြီးတရုတ်တွေသာ ငါ့မြေ ငါ့ပြည် ငါ့အဖေဆိုပြီး ကိုယ်ပိုင်မြေပေါပေါကွင်းပြင်ကျယ်ကြီးထဲ အဝတ်အခြောက်လှမ်းတယ် မှတ်တတ်ကြတာကလား။ 

တခါတုန်းကများ အဝတ်တောင်မဟုတ်ဘူး။ ကြမ်းတိုက်တံ (Mop) ကို ရေစက်လက်နဲ့ ထုတ်လှမ်းထားတာ။ အဲဒီကနေ ကျွန်မတို့ အဝတ်တွေပေါ်ကျတဲ့ ရေစက်တွေက ဘာအရောင်ဖြစ်မယ် စဉ်းစားသာ ကြည့်ကြပါတော့ (အဖြူပေါ်မှာများဆို မီးခိုးရောင်အပွင့်ကလေးတွေ ရိုက်ပြီးသား)။  ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အိမ်ကလူကြီးကို လူမိုက်ငှားရတယ်။ အိမ်ကလူကြီးကလည်း "ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့တိုက်မယ်" သီချင်းလေးညည်းရင်း သူတို့ရှိရာ (၆) ထပ်အခန်းကို ချီတက်သွားပါရော။  ဟိုကျတော့ အဘိုးကြီးက နိုး-အင်းဂလရှ်၊ နိုး-ဘားမီးစ်ဆိုတာနဲ့ ခြေဟန်လက်ဟန်နဲ့ အင်တာနေရှင်နယ်လန်းဂွေ့ခ်ျ သုံးပြီး ပြောခဲ့ရသတဲ့။ အဲ့တစ်ခေါက် အဆင်ပြေသွားတယ်။ 

မှတ်သားသွားလောက်ပါပြီလေလို့ ထင်တာ။  နောက်ထပ်အကြိမ်တွေမှာလည်း အဲသလိုပဲ ထုတ်လှမ်းထားပြန်တယ်။ ငါ့နှယ်နော် ဒီလူတွေနဲ့ ခက်ပြီလို့ တွေးမိရတယ်။ အိမ်ကလူများ အပြောအဆို လိုလေသလား၊ အဘိုးကြီးနဲ့ ဘယ်လိုများ နားလည်မှုတွေ လွဲလာခဲ့တယ် မသိ။

နောက်ဆုံးတော့ ခဏခဏ အပေါ်ထပ်တက်တက်ပြီး ပြောရတာ မောလာတဲ့အခါ ကိုယ့်ဖာသာပဲ ရှောင်ကွန်နရီ လုပ်တတ်လာတော့တယ်။ ရေစက်က ဒီဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဟိုဘက်နည်းနည်းရွှေ့လှမ်း၊  ရေစက်က ဟိုဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဒီဘက်နည်းနည်းရွှေ့လှမ်းပေါ့၊ အဲသလိုကလေး ရှောင်လှမ်းပြီး ယောနိသော မနသိကာရလိုက်ရတော့တာပဲ။

ခုလည်း ဒီလိုပဲ လှမ်းလိုက်တော့တယ်။ အေးတာပဲ။ လောကကြီးကို တနည်းမဟုတ် တနည်း ငြိမ်းချမ်းစေချင်လို့ ကွန်ပလိန်းတွေ ဘာတွေ တက်မနေတော့ပါဘူး။

ပြောချင်တာက ကိုယ်ချင်းစာတရား။ လူတွေမှာသာ ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားရင် (အင်း လက်ကတော့ ကိုင်ထားပါရဲ့၊ ထုတ်မသုံးဖြစ်တာ) ဒါမျိုးတွေ ဖြစ်စရာ အကြောင်းကို မရှိဘူး။ စား-ဝတ်-နေ ဘယ်နေရာမှာမဆို ကိုယ်ချင်းစာတတ်ဖို့ပဲ။ စားတဲ့နေရာမှာလည်း ကိုယ်ချင်းစာတတ်ဖို့၊ ဟိုလူကြီး ပြောသလို တစ်နပ်လျှော့စားလို့တော့ ပြောနိုင်ပေါင်တော်။  ကိုယ်တွေလည်း လျှော့စားနိုင်တာမှ မဟုတ်။ ဝတ်တဲ့နေရာ၊  နေတဲ့နေရာ အတူတူပါပဲ။ ဘယ့်နှယ် ဖယောင်းတိုင်လေးထွန်းပြီး ကိုယ့်အိမ်ထဲ ကိုယ်နေကြလို့လည်း ပြောနိုင်ပါဘူး။ ဖေ့စ်ဘုတ်က ဖယောင်းတိုင်နဲ့မှ သုံးမရတာပဲ။ ဆိုတော့ကာ အဲသလို အင်-ခွန်-ဆီး-ဒရိတ်-ဘီဟေဗီယာသမားတွေ လောကကြီးထဲမှာ လျော့သထက် လျော့လာဖို့ အတော်လိုပေတာပဲ။

ကိုယ်ချင်းစာတရားလို့ဆိုတဲ့အတိုင်း ကိုယ်က စတယ်။ ကိုယ်သာဆိုရင်…..ဆိုတာကနေ စတယ်။ ကိုယ်သာဆိုရင် ကိုယ့်အပေါ်ထပ်ကနေ အဲသလို အဝတ်ရေစက်လက်တွေ လှမ်းရင် ကြိုက်ပါ့မလား….။ ဒီလောက်ကလေး တွေးလိုက်မိဖို့ပဲ။ ဒါဆို လောကကြီးထဲနေရတာ သာသာယာယာရှိသွားပြီ။

ဒါပါပဲ။ ကျွန်မလည်း ကျွန်မလောကကြီး သာသာယာယာရှိချင်ပါတယ်။  မိတ်ဆွေတို့အားလုံးရဲ့ လောကကြီးလည်း သာသာယာယာရှိကြပါစေ…..။

တရားဝင်ဖြစ်သွားအောင် အခမ်းအနားကို ကြွေးကြော်သံလေးနဲ့ ရုတ်သိမ်းကြရအောင်.... 
"ကိုယ်ချင်းစာတရားရှိကြဖို့အရေး  တို့အရေး  တို့အရေး" (၃ကြိမ်၃ခါ အော်ကြစေ)


ကိုယ်ချင်းစာတရားများနှင့် သင်တို့ရဲ့.... 
ချစ်ကြည်အေး  
:)


7 comments:

ဆွေလေးမွန် said...

ကိုယ်ချင်းစာတရားရှိကြဖို့အရေး တို့အရေး တို့အရေး..(၃) ခေါက် အော်သွားပြီ.
ဒီမှာလဲ အလိုပဲ မချစ်ရဲ့ ပိတ်ရက်များများရတဲ့နေ့ဆို အပြင်မသွားချင်ဘူး..ပြည်မကြီးက တရုတ်တွေအများကြီးပဲ တစ်ခါတစ်လေ ထမင်းလေးအပြင်မျာစားဖို့ဆို တန်းစီရတယ် ဒီက ဆိုင်တွေက.. ကြားဖြတ်တဲ့တရုတ်တွေကြည့်လိုက် အဲ..ပြည်မကြီးကတရုတ်ဗျာ....လူကြားထဲ တိုးဝှေ့ တွန်းတိုက်သွားတယ် ဆိုကြည့်လိုက် အဲ..ပြည်မကြီးကတရုတ်ပဲ.. :) :)

ချစ်ကြည်အေး said...

ညီမဆွေလေးမွန်.....:)

San Htun said...

ကိုယ်ချင်းစာတရားရှိကြဖို့ အရေး တို့ အရေး...တို့ အရေး..(၃ခါ အော်သွားပြီ) ...မြန်မာပြည်ကရောက်စ ကလေးတွေ မသိလို့ အဲဒီလိုလှမ်းတာ အိမ်အောက်ထပ်က လာတက်ပြောတယ်...တခါပဲ ပြောရတယ်...နောက်ဆိုလုံးဝမဖြစ်တော့ဘူး...ပြည်ကြီးတရုတ်တွေက လူမူရေးအသိ၊ ကိုယ်ချင်းစာတရား နည်းတယ် ကိုယ်တွေ့ ...မမချစ် ရေးတတ်ပါ့...း)

ချစ်ကြည်အေး said...

ညီမ စန်းထွန်း....ပြည်ကြီးတရုတ်ရယ် ဘာရယ်လည်း ဟုတ်ပါဘူးလေ(ခုက သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်)။ တကယ်က ကိုယ်ချင်းစာတရားမရှိတဲ့သူက မရှိတာပါပဲ....(ဟမ်းးးးး) သက်ပြင်းအကြီးအကျယ်ချသည် :)

မိုးငွေ့........ said...

ဟုတ်တယ်မကြီး ကိုယ်ချင်းစာတရားက ခုခေတ်မှာ တော်တော်ခေါင်းပါးနေကြပါကလား....

ချစ်ကြည်အေး said...

ဟုတ်တယ် ညီမမိုး....။ တကယ်တော့ ကိုယ်ချင်းစာတရားဆိုတာ ပူလောင်ခြင်းအားလုံးအတွက် ရေချမ်းစင်ပါပဲ.....

Phyo Maw said...

ရုံးမှာ black & white လုပ်ရတာ များလာတော့ တစ်ခုခုဆိုရင် တစ်ယောက်ယောက် တစ်နေရာရာကိုများ အမြဲ အသိထည့်ပေးရမလား တွေးတတ်လာတာမျိုး အပေါ်က အဖြစ်မျိုး စလုံး တွေသာဆို တစ်ခုခုကိုများ သွား ကွန်ပလိန့်တက်မလား တွေးမိတယ်။ မြန်မာပြည်ပြန်ဖြစ်ရင်တော့ ကိုယ့်အားကိုယ်ကိုး စနနစ်တွေ ပြန်သုံးရမယ်ထင်တယ်။ ကြားဖူးတဲ့ ဟာသ တစ်ခုလိုပေါ့ ကိုယ်ချင်းစာတာထက် ကိုယ်စားချင်တာတွေ များကြတယ် မဟုတ်လား အမ =D

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်