Thursday, October 11, 2012

ပုဇွန်ထုပ်ကြီးများလည်း ကူးခတ်ဆဲဖြစ်သော ထိုပင်လယ်



၁)
“ညည်းနာမည် ဘယ်လိုခေါ်လဲ”

“မြရည်ပါ မမကြီး”

 “အဖေက ဘာလုပ်တုန်း”

“အဖေက ထန်းလျှောလို့ သေပြီ”

“ထန်းလျှောတယ်ဆိုတာ တန်းပင်ပေါ်က ပြုတ်ကျပြီးသေတာကိုပြောတာ ခင်လေးခန့်ရဲ့”

ထန်းလျှောဆိုတဲ့အဓိပ္ပါယ်ကို မျက်မှောင်ကုတ်ရင်း စဉ်းစားနေဟန်ကြောင့် ပွဲစားမမမြတ်က ၀င်ရှင်းပြတယ်။

“သြော်… ဒါနဲ့ အမေကရော”

“အမေက အငြိမ့်ကရင်း နောက်ယောက်ျားယူသွားပြီ”

“သြော်…”

ခင်လေး ဒုတိယအကြိမ် သြော်လိုက်မိပြန်တယ်။ ကလေးမလေး ရုပ်ကလေးသနားကမားနဲ့ အဖေကလည်းသေ၊ အမေကလည်း နောက်ယောကျာ်းယူသွားနဲ့ သနားစရာရယ်။

“ထမင်း ဟင်းရော ချက်တတ်ရဲ့လား”

“ချက်တတ်ပါ့ မမကြီးရယ်။ မြရည်က လေးတန်းကတည်းက ထမင်းအိုးတည်၊ ဟင်းချက်ခဲ့ရတာ။ တောချက်တော့ တောချက်ပေါ့ မမကြီး။ မမကြီးတို့ စားချင်တဲ့ဟင်းစပ်ရှိရင် သင်ပေးလေ၊ မြရည်က တတ်လွယ်ပါတယ်”

အင်း ဒီကလေးမ မဆိုးဘူး။ ခင်လေးတို့အရွယ် သုံးဆယ့်သုံးနှစ်ကို သူ့တို့လို ဆယ့်ရှစ်ဆယ့်ကိုးတွေက အန်တီတို့၊ ကြီးကြီးတို့ခေါ်နေကြချိန်မှာ သူက မမကြီးတဲ့။ ငယ်ရွယ်ပေမဲ့ လူ့သဘောလူ့မနော သိတတ်ပါပေတယ်။ ခင်လေးစိတ်ထဲက ကြိတ်အမှတ်ပေးနေမိတယ်။

“အော်…အေး၊ ကောင်းတာပေါ့ မြရည်ရယ်”

 “ထားခဲ့လေ မမမြတ်၊ ခင်လေး ယူလိုက်ပါ့မယ်”

မဆိုးပါဘူး။ ကလေးမလေးက သွက်သွက်လက်လက် ချက်ချက်ချာချာလေး။ တစ်လက်စထဲ မမမြတ်အတွက် ပွဲစားခရယ်၊ မြရည်အတွက် တစ်လစာအကြိုငွေရယ်ကို မမမြတ်လက်ထဲ ထည့်ပေးလိုက်တယ်။

“ဒါဆို ငါပြန်တော့မယ်၊ ခင်လေးခန့်တို့ ခင်ဦးသန့်တို့ညီအစ်မက သဘောကောင်းတွေ၊ ညည်းသာလိမ္မာရင် သမီးလို ထားမှာ၊ နားလည်လားမြရည်၊ အေး အေး  ဒါပဲမြရည် ငါပြန်ပြီ”

မမမြတ်က မြရည်ကို မှာစရာရှိတာမှာပြီး ပိုက်ဆံအိတ်ကြိုးကလေး ပခုံးပေါ်ကောက်တင်ပြီး ထွက်သွားတော့တယ်။
ခင်လေးလည်း မြရည်ကို သူနေရမဲ့အခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာတွေလိုက်ပြရင်း ဒီနေ့တော့ ခဏနားပါစေလေ ဆိုတဲ့စိတ်နဲ့ သူ့အခန်းထဲထားခဲ့ပြီး မမခင်ဦးရှိရာဆိုင်ကို သွားဖို့ပြင်ရတယ်။ ခင်လေးတို့မှာ ပြေးကြည့်မှ ဒီညီအစ်မနှစ်ယောက်ထဲ။ မိဘလက်ငုတ်လက်ရင်း ရွှေဆိုင်လေးကျန်နေလို့သာ အခြေမပျက်နေနိုင်ခဲ့ကြတာ။ မနက်ဆို မမခင်ဦးက မြို့မဈေးကြီးထဲမှာ ရွှေဆိုင်လေးသွားဖွင့်၊ ဈေးကြီးက မနက် ၆နာရီခွဲလောက်ဆို ဈေးဝယ်တွေနဲ့ စည်ကားစပြုပြီ။ ခင်လေးကတော့ မနက်ဆို အိမ်ကကောင်မလေးနဲ့ ဈေးသွား၊ ဟင်းစားဝယ်၊ ပြန်လာ ချက်ပြုတ်၊ ပြီးမှ ထမင်းချိုင့်လေးဆွဲပြီး မမခင်ဦးရှိရာ ဆိုင်နောက်လိုက်ရတာ။ တစ်နေ့လုံးဆိုင်မှာနေကြပြီး ညနေဈေးပိတ်မှ ညီအစ်မနှစ်ယောက်သား ဒရိုင်ဘာမောင်စိုး လာကြိုတဲ့ကားနဲ့ အိမ်ပြန်ကြရတယ်။

နေ့လည်နေ့ခင်းတွေဆို မမခင်ဦးက ဆိုင်မှာနေရင်း လက်ဝတ်လက်စား ဒီဇိုင်းအသစ်လေးတွေ ဆွဲကြည့်နေတတ်တယ်။ ဘယ်နေရာမှာ ကျောက်ဘာရောင်လေးနဲ့ စပ်သုံးရင်ကောင်းမလဲ။ သတို့သမီးတွေက အဖြူဝတ်ကြတာများတာမို့ ပတ္တမြားလို အရောင်ရဲရဲနဲ့၊ ဒါမှမဟုတ် မဟူရာလို အရောင်နက်နက်နဲ့ တွဲဖက်ပြီး ခေတ်မီဒီဇိုင်းလေးတွေ စိတ်တိုင်းကျ ပုံဖော်တာပဲ။ ခုတော့ဖြင့် အ၀ါရောင်ပယင်းကျောက်တွေနဲ့ စပ်ဝတ်နေကြပြန်ပြီ။ အ၀ါရောင် ခေတ်စားနေတာပေါ့။ အရင်က ပြောင်ခေါင်းစိမ်းတွေ ခေတ်စားသေးတယ်လေ။ ဒီလိုပဲ ရတနာလုပ်ငန်းက ဖက်ရှင်ရေစီးကြောင်းနဲ့ ဆက်စပ်နေတာ ဆိုတော့ ခေတ်နဲ့ မျက်ခြေပြတ်လို့မရဘူး။ မမခင်ဦးကြိုးစားလွန်းလို့သာ ခင်လေးတို့ရတနာဆိုင်လေး သက်ဆိုးရှည်နေတာ။

နိုင်ငံခြားကသူငယ်ချင်းတွေဆီက ကတ်တလောက်တွေ ပို့ပေးလေ့ရှိတော့ ခင်လေးတို့ဆိုင်လက်ရာပစ္စည်းတွေဟာ ခပ်ပါးပါး ဘိုဆန်ဆန်ဒီဇိုင်းလန်းလန်းလေးတွေ များတယ်။ တစ်ခါတစ်လေလည်း ဒီဇိုင်းက အနုစိတ်လွန်းပြီး ရွှေလေများနိုင်တာ၊ အလျော့တွက်များသွားနိုင်တာမျိုးဆို ဒီဇိုင်းကို ပြန်စဉ်းစားရတယ်။ မမခင်ဦးက ပန်းထိမ်ဖိုထဲကို တစ်ပတ်တစ်ခါလောက်တော့ သွားလေ့ရှိတယ်။ အဲဒီပန်းထိမ်ဖိုရဲ့ရှေ့အိမ်မှာ မမခင်ဦးရဲ့ အချစ်ဟောင်း ကိုမြတ်တို့အိမ် ရှိတယ်။ အချစ်ဟောင်းလို့ပြောရတာက မမခင်ဦးနဲ့လွဲပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားလို့ပဲ။ မမခင်ဦးခမျာ လိမ့်နေအောင် ခံခဲ့ရရှာတာပေါ့။ အဲ့တုန်းက ခင်လေးက ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးတာ။ မမခင်ဦးက နှစ်ဆယ့်တစ်နှစ်။ ချစ်သူနဲ့ကွဲရလို့ တငိုငို တငိုင်ငိုင်ဖြစ်နေတဲ့ မမခင်ဦးကိုကြည့်ပြီး နားမလည်ပါးမလည် ၀င်ပြောခဲ့လို့ ခင်လေးခေါင်းကို ပူကနဲနေအောင်ခေါက်ခံလိုက်ရတာ မှတ်မိသေးတယ်။ ခင်လေး ပြောလိုက်တာကိုလည်း ကြည့်ဦးလေ။ “မမခင်ဦးရာ ကိုကိုမြတ် မိန်းမယူသွားလည်း သွားပါစေပေါ့၊ ငိုမနေပါနဲ့၊ ယောကျာ်းများ စားကောင်းတဲ့ အသီးမှတ်လို့”  တဲ့။ ခုနေ ပြန်တွေးတော့ ရယ်ရသေးတယ်။

ခင်လေးအရွယ်လေးရောက်လာတဲ့အချိန်မှာ မိဘတွေဆုံးပါးသွားတော့ မမခင်ဦးအဆုံးအမနဲ့ပဲ အပျိုဖြစ်လာခဲ့ရတာ။ အဲဒါကြောင့်နဲ့တော့ ခင်လေးအပျိုကြီးဖြစ်တာနဲ့ မဆိုင်ပါဘူးနော်။ ခင်လေးတို့ ညီအစ်မနှစ်ယောက်က ကံတူအကျိုးပေးတွေ ထင်ပါရဲ့။ ခင်လေးရည်းစားလည်း အိမ်ကပေးစားတဲ့သူနဲ့ ယူသွားခဲ့တာပဲ။ ခင်လေးက ဘွဲ့မရလို့ တဲ့။ ဒီလိုနဲ့ပဲ ခင်လေးတို့ ညီအစ်မနှစ်ယောက် တစ်ယောက် တစ်ယောက်အားပြုပြီးနေလာကြရတယ်။

ဘဘကြီးအကြောင်းပြောရဦးမယ်။ အဖေ့အစ်ကို ဘဘကြီးကျပြန်တော့ ကျန်းမာရေးကောင်းလိုက်တာများ ခုထိ သံတစ်ချက်ရိုက်၊ သစ်တစ်ချောင်းကာ။ အုန်းပင်တောင် တက်မယ်တကဲကဲလုပ်နေလို့ တားယူရတယ်။ ခြံထဲက အုန်းပင်ချတော့မယ်ဆို လမ်းထဲက အုန်းသီးလိုက်ချပေးတဲ့ မောင်ဋ္ဌေးလေး ခေါ်ချခိုင်းလိုက်တာပဲ။ မတော်လို့ ဘဘကြီးကျိုးပဲ့သွားရင် မခက်ပါလား။ ခင်လေးတို့ညီအစ်မမှာ လူရိုသေရှင်ရိုသေ ဘဘကြီးတစ်ယောက် မားမားမတ်မတ်ရှိနေတာကိုပဲ ၀မ်းသာရတယ်။

ဘဘကြီးက မိန်းမနှစ်ယောက်တောင် ရှိခဲ့ဖူးတာ။ ဖူးစာရေးရာမှာ ခင်လေးတို့ ညီအစ်မနဲ့မတူဘဲ စွံတယ်ဆိုရမယ်။ ပထမမိန်းမဆုံးသွားတော့ မိန်းမရဲ့ ညီမကို လက်ထပ်ခဲ့တာ။ ကလေးတွေမျက်နှာနဲ့ပေါ့။ ခုတော့ အဲဒီမိန်းမကလည်း မီးယပ်ရောဂါနဲ့ ဆုံးသွားရှာ၊ သမီးနှစ်ယောက်ကလည်း အိမ်ထောင်တွေကျပြီး ယောကျာ်းအိမ်တွေမှာ လိုက်နေတာမို့ နောက်ဆုံးတော့ ဘဘကြီးက ခင်လေးတို့ညီအစ်မတွေနဲ့ပဲ လာနေဖြစ်တော့တာ။ ခင်လေးတို့ကလည်း ဘဘကြီးလက်ပေါ်ကြီးလာရတာမို့ ဘဘကြီးကိုတော့ ချစ်တယ်။ သံယောဇဉ်လည်း ရှိတယ်လေ။

၂)

“ဟုတ်ရဲ့လားစိန်စိန်ရယ် ဖြစ်မှဖြစ်ရလေ”

“ဟုတ်ပါ့ ခင်ဦးရယ်၊ အဲဒီကောင်မလေးမိနွေဟာလေ အခု ပြန်ရောက်လာပါရောလား ကိုယ်ဝန်ပါလာတယ် တဲ့”

“အဲဒီတော့ ယောကျာ်းလေးမိဘဘက်က ဘာလုပ်ပေးမယ်တဲ့လဲ”

“ဘာမှ လုပ်ပေးချင်ပုံမရလို့ ခက်နေတာပေါ့ ခင်ဦးရယ် သူတို့သားနဲ့ သဘောမတူပါဘူးဆိုနေတာ”

“ခက်တယ်နော် စိန်စိန်ရယ် မိန်းကလေးတွေများ သိတ်ခက်တာပဲ”

“ကဲပါအေ ငါလည်း ပြန်လိုက်ပါဦးမယ် ဒီနေ့ ကျေးဇူးရှင်က ငါးရံ့လေးနဲ့ ဒန့်ဒလွန်သီးနဲ့ စားချင်လှ ချည်ရဲ့ သွေးတောင်းနေတော် မူလို့  အဲဒါအိမ်ပြန်ရောက်မှ ချက်ရမှာ၊ သွားပြီဟေ့”

ခင်လေးကတော့ ဘာမှဝင်မပြောဖြစ်ပါဘူး။ မမခင်ဦးနဲ့ အန်တီစိန်စိန်ပြောနေကြတာကိုပဲ နားထောင်နေလိုက်တယ်။ ဒီလိုပဲ အန်တီစိန်စိန်ဈေးကပြန်လာတိုင်း ရပ်ကွက်ထဲကသတင်း တစ်ခုမဟုတ် တစ်ခု ပါလာတတ်တာ။ ခုလည်း မိနွေဆိုတဲ့ကောင်မလေး ခိုးရာလိုက်တာ အထက်မြန်မာပြည်ဘက်ထွက်ပြေးတယ်။ အဲဒါမိဘတွေက စိတ်ဆိုးဆိုးနဲ့ လိုက်မရှာကြဘဲပစ်ထားလိုက်တော့ သူတို့ဘာသာပြန်ရောက်လာကြတာ ခုကိုယ်ဝန်တောင်ပါလာတယ်တဲ့။ သားရှင်ဘက်ကလည်း သဘောမတူတာမို့ ကလေးတွေ ဒုက္ခရောက်နေကြတာပေါ့။ အဓိကကတော့ မိန်းကလေးဘက်က နစ်နာတာပဲလေ။

“မြရည် ကြားလိုက်လား ဟိုမှာ ပြောသွားတာ”

“ဟုတ် ကြားပါတယ် မမကြီး”

“အဲဒါပဲနော် ယောကျာ်းတွေဆိုတာ၊ ခုသူ့မိဘတွေက သဘောမတူတော့ မိန်းကလေးကိုတာဝန်မယူနိုင်သလိုလိုနဲ့ ပြောနေတာတဲ၊့ ခိုးပြေးတုန်းက သူပဲ ခိုးပြေးပြီး။ ညည်း မှတ်ထားနော် မြရည်၊ အဲလိုတော့ ဘယ်တော့မှ မလုပ်နဲ့ လိုချင်ရင် မမကြီးတို့ကိုပြော၊ မမကြီးတို့ကောင်းအောင် စီစဉ်ပေးမယ် ကြားလား”

“ဟုတ် ကြားပါတယ် မမကြီး”

“မယူရဘူးလို့ မပြောဘူး၊ ကိုယ့်မှာ မျက်စေ့ရှိတယ်၊ နားရှိတယ် ကြည့် စဉ်းစား ရွေးချယ်။ မမကြီးတို့က မယူချင်လို့ အပူမရှာချင်လို့ကို ဒင်းတို့နဲ့ ဝေးဝေးနေတာ။ ကြားတယ်နော် မြရည်”

“ဟုတ် ကြားပါတယ် မမကြီး”

ခင်လေးစိတ်ထဲ ရယ်ချင်ပက်ကျိပေမဲ့ မမခင်ဦးရှေ့မှာ ပြုံးစေ့စေ့တောင် မလုပ်ရဲပါဘူး။ မမခင်ဦးအတည်ပြောနေတာ သိနေတာကိုး။ အရင် အိမ်မှာခေါ်ထားတဲ့ကောင်မလေးနှစ်ယောက်က ရှေ့မှာ သင်ခန်းစာ တစ်နဲ့ နှစ်ပေးသွားကြတာ။ ဒီတော့ မမခင်ဦး စိတ်ပူမယ်ဆိုလည်း ပူစရာ။

ပထမကောင်မလေး ညိုညို့တုန်းက အိမ်ရှေ့ခြံလာပြင်နေတဲ့ ပန်းရံသမားလေးနဲ့ လိုက်ပြေးသွားတာ။  ပြီးတော့ယောကျာ်းလေးရှင်ကပဲ တစ်ပြန်စီး အပေါ်ကနေသေးတာ။ မမခင်ဦးမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်။ ဒုတိယကောင်မလေး ၀င်းမာတုန်းကကျတော့ သူ့ရွာက ယောကျာ်းပေးစားဖို့ဆိုပြီး လာပြန်ခေါ်သွားပြန်ရော။ ၀င်းမာနဲ့တုန်းကဆို မမခင်ဦးတော်တော်လေး ခံစားလိုက်ရသေးတယ်။

ဝင်းမာက လိမ္မာသိတတ်မှုရှိတယ်။ အိမ်မှာ ၂နှစ်ပြည့်တော့ မမခင်ဦးက နားကပ်ကလေးတစ်ရံတောင် ဆင်ရှာတာ။ ပြောရရင် သမီးလိုပါပဲ။ အိမ်မှာရှိတဲ့ လူသုံးယောက်ရဲ့အကြိုက်တွေကို ၀င်းမာက အကုန်သိတယ်။ သံပုရာရည်ကအစ ဘဘကြီးအတွက် အချိုပေါ့၊ ခင်လေးအတွက် ချိုချိုနဲ့ မမခင်ဦးအတွက် အချဉ်ကဲအောင် သုံးယောက် သုံးမျိုးဖျော်ပေးရှာတာ။ ဟင်းတွေဘာတွေ ခိုးဝှက်လည်း မစားတတ်ဘူး။ အသားကလေးညိုပေမဲ့ ညိုပြောင်ပြောင်လေး၊ မျက်လုံးကြည်ကြည်ကလေးတွေနဲ့ ရုပ်ရည်သန့်ကလေး။ အိမ်ရောက်လို့မှ လေး ငါးလရှိသေး မမခင်ဦး ဘာကြိုက်တယ်၊ ခင်လေးဘာကြိုက်တယ်၊ ဘဘကြီးကဘယ်လိုဆိုတာ အကုန်ကြေညက်နေအောင် သိတော့တာ။

အိပ်ရာခင်းတွေဆို လျှော်ဖွတ်မီးပူထိုးပြီးတာနဲ့ ပရုတ်လုံးလေးတွေထည့်ပြီး ပလပ်စတစ်အိတ်ထဲ ထည့်သိမ်းတာ။ မျက်နှာသုတ်ပုဝါကို တစ်ပတ်တစ်ခါလဲတယ်။ မီးဖိုချောင်ဆို အမြဲသန့်ရှင်းနေတာမျိုး။ ဟင်းဆိုလည်း မမခင်ဦးအကြိုက် ငါးနုသန်းရေချိုကလေးကို ရှမ်းနံနံအုပ်ပြီးချက်တာ တစ်မျိုး၊ ခင်လေးအကြိုက် ကြက်သားကို ခပ်စပ်စပ်ချက်ပြီး ပဲသီးတောင့်လေးတွေကို လက်တစ်ဆစ်လောက်ဖြတ်ထည့်ချက်တာက တစ်မျိုး၊ ဘဘကြီးအကြိုက် ငါးရံ့ပေါင်းထုပ်က တစ်မျိုး အဲသလို။

အံမာလေး အဲဒီလိုအချိုးတကျဖြစ်လာဖို့ ခင်လေးရော မမခင်ဦးပါ ပါးစပ်ကအမြှုတ်ထွက်မတတ် သင်ရတာ။ တစ်ခုက ၀င်းမာဟင်းချက်ရင် ဆနွင်းမှုန့်တွေများလွန်းလို့ ဟင်းတိုင်း ၀ါဝါ၀င်းရွှေဖြစ်တော့တာရယ်၊  ဘယ်ဟင်းမဆို ခရမ်းချဉ်သီးထည့်ချက်ပစ်လိုက်တတ်တာရယ် အဲဒီနှစ်ခုကို တော်တော်လေး ဖျောက်ယူရတယ်။ ထမင်းကြော်ရင်တောင် ဆနွင်းတွေနဲ့ဝါထိန်နေတာကို ပဲငံပြာရည်လေးနဲ့ ခရုဆီလေးထည့်ပြီး ကြော်တတ်အောင် သင်ပေးခဲ့ရတာ။

ဟော အားလုံးလည်း အချိုးတကျတတ်မြောက်ပါလေရော၊ သူ့မိဘတွေက ရွာမှာ ယောကျာ်းပေးစားဖို့ဆိုပြီး ပွဲစားမမမြတ်ကတစ်ဆင့် ပြန်ခေါ်သွားပါလေရော။ မမခင်ဦးခမျာ ၀င်းမာအပေါ် သနားတာအပြင် ချစ်တာပါပိုလေတော့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တာပေါ့။ ရွာမှာ သူများမိန်းမတွေလို ချက်ပြုတ်၊ လယ်ထဲဆင်းတဲ့ ယောကျာ်းကို အိမ်ကနေ ထမင်းတောင်းလေးလယ်ထဲလိုက်ပေး၊ နောက်တော့ ကလေးတွေတစ်ပြုံကြီးနဲ့ ဖတ်သီ ဖတ်သီဖြစ်ရှာတော့မယ် ရယ်လို့ တွေးပူနေသေးတာ။ ခင်လေးကတော့ မပူပါဘူး၊ သူ့ဘ၀နဲ့ သူပဲလေ။

ခု နောက်တစ်ယောက် မြရည်။ မမခင်ဦးက အရင်နှစ်ယောက်တုန်းကလိုပဲ သူစံနစ်တကျ သင်ကြားပြုစုလာပြီးမှ လင်ရသွားမှာ စိုးတော့ လက်ချာတွေ စွတ်ပေးတော့တာပဲ။ ခင်လေးကတော့လေ မမခင်ဦးရင်ထဲကအနာကိုလည်း သိ၊ ရှေ့ကနှစ်ယောက် လုပ်သွားတာတွေလည်း သိနေတော့ မမခင်ဦးအပေါ် အဆိုးမဆိုသာပေမဲ့ ဒါတွေဟာ တားမရဘူးလို့ ထင်တာပါပဲ။ အချိန်တန်လို့ ယူချင်လည်း ယူပါစေပေါ့။ ကိုယ့်သားသမီးလည်း မဟုတ်၊ ကိုယ့်သားသမီးဆိုရင်တောင် သီးချိန်တန် သီးရမဲ့ကိစ္စမဟုတ်လား။

၃)

မြရည်ကလေးဟာ အရိပ်အောက်မှာနေရလို့မှ မကြာခင် အသွေးအမွေးပြောင်းလာတယ်။ စိုစိုပြေပြေနဲ့ ကိုယ်လုံးကိုယ်ပေါက်လေးဆို လာကာစနဲ့တောင်မတူဘဲ တင်းတင်းရင်းရင်းလေးနဲ့ လှလာတယ်။ အဲဒီလိုဖြစ်လေ မမခင်ဦးက စိတ်ပူလေ။ အိမ်အနီးအနားမှာများ အိမ်ပြင်ဆောက်နေတာ ရှိသလား၊ ပန်းရံအလုပ်သမားတွေ ဘာတွေများ ရှိသလား၊ လမ်းထိပ်က ဆိုက်ကားဂိတ်မှာ မြရည်နဲ့ ရွယ်တူလူငယ်တွေများ ရှိနေသလား။ သူ့မှာ ကျီးကြည့်ကြောင်ကြည့်ရယ်။ ဒရိုင်ဘာမောင်စိုး နဲ့တောင် နှစ်ယောက်ထဲ သိတ်မလွှတ်ဘူး။ မဖြစ်လွန်းမှသာ။

မြရည်က သူ့အမေသွေးအပြည့်ပါတယ်ထင်ပါရဲ့။ ပိုက်ဆံစုပြီး ပန်တျာကျောင်းတက်မတဲ့၊ ကျောင်းကဆင်းရင် သူ့အမေလို အငြိမ့်မင်းသမီးလုပ်မတဲ့။ ယောကျာ်းမယူဘူးတဲ့။ ဟုတ် မဟုတ်မသိနိုင်ပေမဲ့ အဲဒါကိုပဲ မမခင်ဦးက သဘောခွေ့နေတာ။ တီဗီမှာ အငြိမ့်များလာလို့ကတော့ အထဲကမင်းသမီးကြည့်ရတာတစ်မျိုး၊ မြရည် ထ ကနေတာကို ကြည့်ရတာ တစ်မျိုး။ အဲလိုအချိန်မျိုးမှာ ဘဘကြီးကတောင် လက်ခုပ်လက်ဝါးတီးပြီး ပျော်လို့ ပြုံးလို့။ တစ်အိမ်လုံးလည်း မြရည်ရောက်မှ စိုပြည်လာတယ် ထင်ရတယ်။

“မြနဲ့မောင်နဲ့ ခုမှတွေ့တာ  လူပါးမ၀ခင်သေးတော့ ပြောရတော့ ရယ်စရာပါ အာ..ဟာ…အာ…ငှာ  ငှာ  ငှာ”

မြရည်က မေးရိုက်သံတွေဘာတွေထည့်ပြီး အဟုတ်ဆိုတော့ ခင်လေးတို့မှာ တစ်ဝါးဝါးပွဲကျရတာ။ မြရည် ကံကောင်းပါတယ်လေ။ ဒီလိုပဲ ခင်လေးတို့လည်း ကံကောင်းတာပါပဲ။ မြရည်က ငယ်ပေမဲ့ အိမ်လုံတယ်။ ထမင်းဟင်းချက်ပြုတ်တာရော၊  သိမ်းဆည်းတာရော ပြန်ကြည့်စရာမလိုတော့အောင် စိတ်ချနေရပြီ။ မြရည်အိမ်ရောက်တာလည်း ဘာလိုလိုနဲ့ ၂နှစ်နီးပါးရှိခဲ့ပြီလေ။

၎)

“မမခင်ဦး မနက်ကလေ ပွဲစားမမမြတ် ဖုန်းဆက်တယ် သိလား”

မမခင်ဦးက ခင်လေးပြောတာကို ဆတ်ကနဲခေါင်းညိတ်ပြရင်း သောက်နေတဲ့လက်ထဲကခွက်ကို ဆောင့်ချရင်း ပြောလိုက်တယ်။

“အင်း ညိုညိုတစ်ယောက် သူ့ယောကျာ်းပန်းရံသမားနဲ့ အဆင်မပြေဘူး၊ ကလေးနှစ်ကောင်နဲ့။ ယောကျာ်းကလည်း သောက်လာရင် သွေးဆိုးပြီး ရိုက်ဟယ်နှက်ဟယ်နဲ့။ ဖြစ်နိုင်ရင် မမခင်ဦးတို့အိမ်ပြန်လာ လုပ်ချင်လို့တဲ့ အဲဒါပြောတာ ဟုတ်တယ်မှတ်လား။ ငါ သိသားပဲ ငါ့ကိုလည်း ဖုန်းဆက်ပြောသေးတယ်”

မမခင်ဦးအသံက လင်ရကံဆိုးတဲ့ သမီးအရင်းတစ်ယောက်အကြောင်းကြားရသလို မသက်မသာရှိလှတယ်။

“ငါ့လည်း ယောကျာ်းလာစပ်နေသေးတယ်၊ အဲဒီမမမြတ်တစ်ယောက်ဟာ ပွဲစားလို့ မပြောရဘူး။ ငါ စိတ်မ၀င်စားတော့ပါဘူးခင်လေးရယ်၊ ဒီအရွယ်ရောက်မှ ငါရှာသမျှ လင်က ဖြုန်းတီးနေတဲ့ဟာမျိုး မလိုချင်ပါဘူး၊ ကိုယ့်ဟာကိုယ်အေးအေးပဲ ထမင်းကြမ်း ယပ်ခပ်စားနေလိုက်မယ်”

“ဟုတ်တယ်မမခင်ဦး၊ ဘဘကြီးလည်း ရှိတယ်၊ ခင်လေးလည်း ရှိတာပဲဟာ”

“မြရည် ကြားလား၊ အဲဒါ မမကြီးတို့အိမ်မှာ အရင်ကလုပ်သွားတဲ့ ကလေးမ၊ လင်ကို ရွေး မယူလို့၊ အချစ်မှာ မျက်စေ့မပါတဲ့ မိန်းကလေး ခု ဒုက္ခတွေ့နေပြီလေ”

မြရည်ကို မမကြီးရဲ့ ဓါတ်ပြားဟောင်းဖွင့်ပြနေတာတွေ ကျွန်မ ကြားရပြန်ပြီ။ မြရည်မျက်နှာကလေးက မျက်နှာပိုးသေသေလေးနဲ့ မမကြီးပြောသမျှ ဟုတ်ကဲ့ပါ မမကြီးပဲလုပ်နေတော့ မမကြီးမျက်နှာက သဘောတကျ ပြုံးလို့။

၅)

တစ်မနက် အိပ်ယာက မနှိုးစဖူး မမခင်ဦးလာနှိုးတာမို့ ခင်လေးလည်း မထချင်ထချင်နဲ့ လူးလဲပြီး အိပ်ယာက ထလိုက်ရတယ်။ ခင်လေးက မနက်အစောကြီး အိပ်ယာထနေကျမှ မဟုတ်တာပဲလေ။

“ခင်လေးရေ မြရည်လေ မြရည် သူ့အခန်းထဲမှာ မရှိတော့ဘူး”

“ဟယ် မမခင်ဦး သေချာရဲ့လား၊ ခြံထဲမှာများ ဘုရားတင်ဖို့ စပယ်ပန်းခူးနေတာများလား၊ ဒါမှမဟုတ် ဘဘကြီးဘုရားရှိခိုးဖို့ ဆွမ်းတော် ကူပြင်ပေးနေတာများလား၊ ခြံထဲမှာရော ဘုရားခန်းထဲမှာရော ရှာပြီးပြီလား မမခင်ဦး”

“ရှာပြီးပြီ  ဘယ်မှာမှ မတွေ့ဘူး။ ဘဘကြီးလည်း ဘုရားဆွမ်းတော်ကပ်ပြီးလို့ ဒီအချိန်ဆို လမ်းလျှောက် ထွက်သွားရောပေါ့”

“နေဦး၊ ဒရိုင်ဘာမောင်စိုး  မောင်စိုးများလား၊ ခဏနေ ငါ ဆိုင်သွားဖို့ မောင်စိုးကားသွားထုတ်လာတဲ့အခါ သိရမှာပ၊ဲ ဟင်း  ငါသေချင်တယ် သေချင်တယ် ခင်လေးရဲ့၊ ဒီကောင်မလေးက လင်မယူပါဘူးမမကြီးရယ် ဘာရယ်နဲ့ ခု ကြည့်စမ်း၊ မောင်စိုးရော ဒင်းလည်း လာပါစေဦး”

“ဟာ မမခင်ဦးရယ်  ဘာမှမသေချာသေးတဲ့ဟာကို၊ ခဏလေးတော့ စောင့်လိုက်ပါဦးလေ”

မီးဖိုချောင်ထဲဝင်ကြည့်တော့ မနက်စာ ပဲပြုတ်ထမင်းကြော်က နွေးနွေးလေး ရှိနေတုန်း။ ဘုရားစင်ပေါ်မှာလည်း သစ်သီးဆွမ်းနဲ့ ထမင်းဖြူကို ခါတိုင်းလိုပဲ ကပ်ထားတယ်။ မမခင်ဦးနဲ့ ညီအစ်မနှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် မနက်စာစားရင်း ဖြစ်နိုင်ခြေတွေကို ခင်လေးစိတ်ထဲက တွေးနေမိတယ်။

ခုတစ်လော မောင်စိုးနဲ့ မြရည် အပြင်တွေဘာတွေ သွားလာတတ်သလားပေါ့။ စဉ်းစားတယ်။ တစ်နေ့က ဘဘကြီး ခြံထဲက မြက်တွေခုတ်နေလို့ ခင်လေးတို့ကတားတော့ မောင်စိုးလည်းရှိနေချိန်မို့ သူပဲခုတ်ပေးပါ့မယ်ဆိုပြီး မြက်တွေ ရှင်းပေးသွားတာ။ မောင်စိုးအင်္ကျီလက်မောင်း ပင့်တင်လိုက်တော့ လက်မောင်းသားညိုညိုကြီးတွေကို မြရည်ငေးကနဲ စိုက်ကြည့်နေ တာ ခင်လေးသတိထားမိလိုက်သလိုပါပဲ။ အို မထင်ကောင်းပါဘူးလေ။ မြရည်က အပြင်လည်း ထွက်နေတာ၊ ဈေးတွေ ဘာတွေလည်း သွားလာနေတဲ့ဟာ။ အပြင်က တစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲ။

ခဏနေတော့ မောင်စိုးခြံထဲဝင်လာတယ်။ ခါတိုင်းလို အေးအေးဆေးဆေးပဲ၊ ကားကို ခြံဝမှာရပ်ခဲ့ပြီး သရက်ပင်အောက်က ခုံဝိုင်းလေးမှာ မမခင်ဦးကိုထိုင်စောင့်တယ်။ ခင်လေးက မောင်စိုးမျက်နှာကို သေချာ အရိပ်အကဲခတ်ရင်း စိတ်ထဲက တစ်ခုခုကို တွေးလိုက်မိသလိုလို။

အဲဒီအချိန်မှာပဲ မမခင်ဦးက လက်ထဲမှာစာတစ်စောင်ကိုင်လာရင်း ခင်လေးကိုပြတယ်။ မမခင်ဦးမျက်နှာက မှုန်မှိုင်းနေတဲ့ မိုးလိုပဲ။ ခုချက်ချင်းပဲ အရှက်တွေနဲ့ ပြိုအုံ့ကျလာတော့မယ့်အတိုင်း။

စာကတိုတိုလေးရယ်။ စာကိုဖတ်အပြီးမှာ မမခင်ဦးနဲ့ ခင်လေးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြိုင်တူလိုလို ပြောမိကြတယ်။

“ဖွဲတစ်ဆုပ်နိုင်သေးတယ်တဲ့ နော်၊ ယောကျာ်းတွေ အံ့များလည်း ဩရပါရဲ့”

ငိုရမလို ရယ်ရမလိုနဲ့၊ ခင်လေးမျက်လုံးထဲမှာတော့ ဓါးကြီးတစ်ဝင့်ဝင့်နဲ့ မြက်ခုတ်နေတဲ့၊ အုန်းပင်တက်နိုင်လောက်အောင်တောင် အင်အားတွေရှိပါသေးတယ်ဆိုတဲ့၊ လူပျိုလေးလိုဟန်ရေးပြပြနေတဲ့ ဘဘကြီးရဲ့ မျက်နှာ…။ မြရည်ဟာ အရင်က ကလေးမတွေလို အချစ်မှာ မျက်စေ့မပါတာမျိုး မဟုတ်ဘူး၊ သေချာတယ်။ မျက်မှန်ကြီးတပ်ပြီးတော့ကို အသေအချာ ရွေးသွားခဲ့တာ။


စတိုင်သစ် မဂ္ဂဇင်း - အောက်တိုဘာလ- ၂၀၁၂


12 comments:

Thandar Lwin said...

ဟောတော့..ရက်စက်ပါ့ အမချစ်ကယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟယ် မှန်းချက်က တက်တက် စင်ကို လွဲပါလားနော်...
ဘဘကြီးနဲ့ရယ်လို့ ဘယ်လိုမှ ထင်မထားပေါင်တော်...
အင်းလေ မမခင်ဦးတို့နဲ့ အတူ အိုးမကွာ အိမ်မကွာ ဆက်ပြီးနေခွင့်ရအောင် အကြံကြီးကြီး ကြံလိုက်တာ ထင်ပါရဲ့..း)

witch83 said...


ဝတ္ထုအလယ်လောက်ကတည်းက ဇာတ်သိမ်းကို ကြိုသိနေသလိုလို..း)

မြသွေးနီ said...

အဆုံးသတ်အလှည့်လေး ပေးလိုက်တာ သဘောကျတယ် ..
ပုဇွန်ထုပ်ကြီးများ တကယ်ကို ကူးခတ်နေတတ်တာ ပတ်ဝန်းကျင်မှာ မမြင်ချင်မှအဆုံးပဲ အစ်မရေ..

chocothazin said...

အင်း .. ပုဇွန်ထုပ်ကြီးတွေ ပုစွန်ထုပ်ကြီးတွေ ...

Vista said...

ပုစွန်ထုပ်ကြီး ပုစွန်ထုပ်ကြီး ဖတ်ရင်း ထင်တော့ ထင်မိသား လူကြီးမထင်ကောင်းဘူးဆို ဆက်ဖတ်နေတာ အာဟိ သိပ်ကောင်းတယ်မချစ်

ဇွန်မိုးစက် said...

စိတ်ထဲမှာ ထင်တော့ထင်မိတယ်၊ ဘဘကြီးများလားလို့... :D

ဖတ်လို့ကောင်းတယ် အမချစ်။း)

မေဓာဝီ said...

ရှေ့ပိုင်းမှာ ဘဘကြီးအကြောင်း ရိုးတိုးရိပ်တိတ် ထည့်ထားကတည်းက ဒီလိုမျိုး ဇာတ်သိမ်းလိမ့်မယ်လို့ ထင်နေတာ။ ဒါမျိုးဇာတ်လမ်းတွေက အပြင်မှာလဲ မနည်းဘူး။ ဒီဝတ္ထုအတွက် အမချစ် နာမည်ပေးတာလေး သဘောကျတယ်။

mstint said...

လက်တွေ့ဘဝနဲ့ယှဉ်နေတဲ့ ဇာတ်အိမ်လေး မချစ်ရေ။ အဲဒီလို ဇာတ်လမ်းမျိုး ကြားဘူးတယ်။ မဖိတ်ခေါ်ပဲရောက်လာတဲ့ ရှုပ်ထွေးမှုတွေပေါ့နော်။ ခေါင်းစဉ်လေးသဘောကျတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thu said...

I convince since beginning, Ba Ba Gyi should not run away, probably they shall be return to home in next episode.

san htun said...

ပို့ စ်ခေါင်းစဉ်ကအစ ဇာတ်လမ်းအဆုံး ရေလည်ခိုက်တယ်..

Ingjin Thant said...

အင်း....ဒါ့ကြောင့် ဘယ်လောက်ပဲ အသက်ကြီးကြီး ဖွဲတစ်ဆုပ်နိုင်သေးရင်တောင်စိတ်မချရဘူးဆိုတဲ့စကားကို အဘွားတို့ အမေတို့ပြောပြောနေကြတာကိုး.... :))

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်