Monday, September 10, 2012

မောဟမျဉ်းဖြောင့် တစ်ကြောင်း


(၁)
ကျွန်မနာမည်က စန္ဒာမြင့်တဲ့။ အိမ်မှာတော့ မိစန်လို့ပဲ ခေါ်ကြတယ်။ ကျွန်မက ဒီရပ်ကွက်လေးထဲမှာ မုန့်ဟင်းခါး ရောင်းတယ်။ ပုံ့ပုံ့ဆိုတဲ့ တူမလေးက ကျွန်မရဲ့ လက်ထောက် ဆိုင်အကူပေါ့။ အံမယ် မုန့်ဟင်းခါးသည်ဆိုပြီး လျှော့မတွက်နဲ့။ ကျွန်မက ဘီအက်စ်စီ သိပ္ပံဘွဲ့ ရပြီးသား၊ လမ်းထိပ်က ဆိုက်ကားသမားဦးလေးတွေက ကျွန်မရဲ့ မုန့်ဟင်းခါးကို ဘီအက်စ်စီ မုန့်ဟင်းခါးလို့ နာမည်တပ်ရင်းက ခုတော့ “မိစန် ဘီအက်စ်စီမုန့်ဟင်းခါး” ဆိုတာ ဆိုင်နာမည် အတည်ပေါက်ကြီးကို ဖြစ်လို့။

ကျွန်မ ကျောင်းပြီးတော့ ဘာလုပ်ရပါ့မလဲပေါ့၊ စဉ်းစားတယ်။ ၀င်ငွေလည်း ကောင်းရမယ်။ အိုးမကွာ အိမ်မကွာလည်း ဖြစ်ရမယ်။ ကုသိုလ်လည်း ရ၊ ၀မ်းလည်းဝတဲ့ အလုပ်ဖြစ်ရင် ပိုတောင် ကောင်းဦးမယ်ပေါ့။

ဒါနဲ့ပဲ စဉ်းစားရင်း စဉ်းစားရင်းက နောက်ဆုံးတော့ ကိုယ်ကလည်း အချက်အပြုတ် ၀ါသနာပါ၊ မလှူတတ်ရင် ဈေးရောင်းဆိုတာကလည်းရှိတော့ ကိုယ်ကျွမ်းကျင်တဲ့ မုန့်ဟင်းခါးပဲ အိမ်ရှေ့မှာ ချက်ရောင်းမယ်ဆိုပြီး ထလုပ်ခဲ့တာ။ အဖေတို့ အမေတို့ကတော့ ရုံးစာရေးမလေးပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းပဲ ဖြစ်ဖြစ် လုပ်စေချင်ကြတာပေါ့။ အဲဒါက ကြော့ကြော့မော့မော့လေး လှလှပပလေး ရှိတယ်။ လူအမြင်လည်း တင့်တယ်သတဲ့။ အမေတို့ ပြောသလိုသာဆို မုန့်ဟင်းခါးသည်တွေပဲ လူအမြင်မတင့်ဖြစ်ရတော့မဲ့ပုံ။ တကတည်း…။

အရေးကြီးတာက စားဝတ်နေရေး ပြေလည်ဖို့ပဲလေ။ သမ္မာအာဇီဝဖြစ်တဲ့ ဘယ်အလုပ်မဆို လုပ်ကောင်းတယ်လို့ ကျွန်မတော့ ယုံကြည်တာပဲ။ မဟုတ်ဘူးလားရှင်။

ဆိုင်ဖွင့်စကတော့ အရမ်းပင်ပန်းတာပဲ။ လုပ်ငန်းမကျွမ်းကျင်သေးတော့ကာ ဖတ်သီ ဖတ်သီပဲ။ လူလည်း မျက်ကွင်းတွေကို ညိုလို့။ အစားလျှော့စရာမလိုဘဲ ၀ိတ်ကျသွားလိုက်တာ။ နောက်တော့ မြင်လာတယ်။ အလုပ်တွင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ သိလာတယ်။ ငှက်ပျောအူတွေ အကွင်းလှီးပြီး ဆနွင်းမှုန့်လေး နဲနဲထည့် ရေစိမ်ထား၊ ဘဲဥ ၂ရက်စာလောက် ကြိုပြုတ်ထား၊ ကြက်သွန်နီဥ အသေးတွေ ကြိုခွာထား၊ ငါးဆီသတ်လည်း တစ်ခါတည်း ပိုလုပ်ထားရတာပေါ့။ တစ်အိမ်လုံးလည်း နားမနေကြရပါဘူး၊ နာမည်တပ်တော့သာ “မိစန် ဘီအက်စီ မုန့်ဟင်းခါး”။ ရေခဲသေတ္တာတော့ ၀ယ်လိုက်ရတယ်။ အဲဒီအထဲပဲ ထည့်သိမ်းရတာကိုး။ အင်ဗာတာလေးတစ်လုံးလည်း မဖြစ်မနေ ၀ယ်ထားလိုက်ရတယ်။ လူတွေသာ အမှောင်ထဲနေလို့ ရမယ်။ ရေခဲသေတ္တာတော့ အသက်ရှင်နေမှ ဖြစ်မှာ။

ခုတော့ လုပ်ငန်းကျွမ်းကျင်အဆင့် ရောက်လာတယ်။ အတွေ့အကြုံက လူကို သင်သွားတာပါပဲ။ အရင်ကလောက် မပင်ပန်းတော့ဘူး။ လူလည်း သနပ်ခါးလိမ်း ပန်းပန်လို့ ကြော့ကြော့လေး ဆိုင်ထွက်နိုင်သလို အလှူပွဲလမ်းတွေ အတွက် အော်ဒါတွေ ဘာတွေ လက်ခံနိုင်တဲ့အဆင့်ထိတောင် ရောက်လာခဲ့ပြီ။

သိသိသာသာ တိုးတက်လာတာက PR လို့ ခေါ်ကြတဲ့ Public Relation လူမှုဆက်ဆံရေးပဲ။ အဟုတ် ပြောတာ။ အရင်က လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွန်မက သည်းမခံတတ်ဘူး။ စိတ်တို စိတ်ဆတ်တယ်။ ဒုန်းကနဲဆို ကိုယ်ကလည်း ပြန်ဒိုင်းလိုက်ရမှ။ အဖေကတောင်မှ “ညည်း ဆိုင်ဖွင့်စားလို့ ဖြစ်ပါ့မလား ငါ့သမီးရယ်” တဲ့။

မနက် မနက်ဆို တစ်ခြားရပ်ကွက်နီးချင်းတွေကနေ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ပါဆယ်လာဆွဲကြတာကပဲ ဆိုင်မှာ လာစားတာထက်တောင် ပိုများသေး။ တစ်နေ့တစ်နေ့ မုန့်အချိန် ၁၀လောက် အေးဆေးကုန်သွားသလို လူမှူဆက်ဆံရေး နယ်ပယ်မှာလည်း ရွှေတံဆိပ်ရ မိစန် ဖြစ်လာပါရော။

စကားစပ်ပြီးတော့ကို ပြောပြရဦးမယ်၊ ကျွန်မတို့ ရပ်ကွက်ထဲက မုန့်ဟင်းခါးစားသုံးသူ ပရိသတ်ကြီးအကြောင်း တစ်စေ့ တစ်စောင်းပေါ့ရှင်။

မုန့်ဟင်းခါးတစ်ပွဲ လေးရာ၊ အကြော်ပါရင် ငါးရာ ကျွန်မက အဲသလိုရောင်းတာ။ အဲဒါကို ရပ်ကွက်ထဲက အန်းမကြီးလို့ ကျွန်မတို့ ခေါ်ကြတဲ့ တရုတ်သူဌေးမကြီးက ပွဲဝက် မှာစားတယ်ရှင်။ ပွဲဝက်ဆိုရင် နှစ်ရာ့ငါးဆယ်လေ။ ဆင်းရဲလို့၊ မုန့်တစ်ပွဲစာပိုက်ဆံ မတတ်နိုင်လို့ဆိုလည်း ထားပါတော့။ အခုဟာက သက်သက် စေးနှဲတာ။ “တစ်ပွဲဆို မကုန်နိုင်ဘူး မိစန်ရဲ့” တဲ့။ အဲလိုသာပြောတာ၊ ပွဲဝက်ကုန်တော့ သူပဲ မုန့်ဖတ်အဖြူတွေ နှိုက် နှိုက်ပြီး ငံပြာရည် စွတ်ရုံ အစက်ချ၊ ပါးစပ်ထဲ ထိုး ထိုးသွင်းနေတာကိုက မုန့်တစ်ပွဲစာလောက် ရှိတယ်။ ပါးစပ်ကလည်း ကြွားသေးတာ၊ သားတွေ သမီးတွေက နိုင်ငံခြားမှာ၊ တစ်လ တစ်လ ပိုက်ဆံ ဘယ်လောက်ပို့တာ။ အိမ်မှာက သူရယ် သူ့ယောကျာ်း အန်းကုံးကြီးရယ် ၂ယောက်ထဲရှိတာမို့ ဘယ်လိုမှ သုံးမကုန်ဘူးပေါ့။ သုံးသာ မကုန်တယ်၊ မုန့်ဟင်းခါးများ ဘယ်တော့မှ တစ်ပွဲ ၀ယ်မစားဘူး။

ရှိသေးတယ်။ မုန့်အလွတ် မှာစားပြီး ပဲကြော်တွေ ဖဲ့ဖဲ့ စားတတ်သူ။ အကြွေးမရောင်းပါဘူးဆိုလည်း လကုန်မှ ယူအေ ဆိုတာတွေ။ အကြွေးမရောင်းဘူးလေဆိုပြီး ဗိုက်ထဲက ပြန်ထုတ်ခိုင်းလို့ကလည်း မရ။ ငံပြာရည်ထည့်တာ များသွားလို့ မုန့်ဖတ်လေး နဲနဲထပ်ထည့်ပေး၊ မုန့်ဖတ်များသွားတော့ ဟင်းရည်လေး ထပ်ထည့်ပေးပါဦး ဆိုတာတွေ။ ဟင်းရည် နှစ်ခါ သုံးခါ အဆစ်တောင်းတတ်တာတွေကတော့ ရိုးများတောင် ရိုး ဟိုး ဟိုး နေပြီ။ ဘယ်တတ်နိုင်မလဲနော်။ ကျွန်မတို့ ရပ်ကွက်က ဆင်းရဲ ချမ်းသာ လူစုံရောနေတဲ့ဟာ။

ပြောရဦးမယ်။ ကျွန်မမှာ မုန့်ဟင်းခါးရောင်းတဲ့ အလုပ်အပြင် မြောင်းရှင်းတဲ့ အလုပ်လည်း လုပ်ရသေးတယ်။ ကျွန်မတို့ဆိုင်က  အိမ်ဝင်းခြံကို နောက်ထား၊ အိမ်ရှေ့ရေမြောင်းကို ခွပြီး ခုံခင်းထားတာ။ သိကြတဲ့အတိုင်း ကျွန်မတို့ မြန်မာများက ဧရာဝတီ မပြောနဲ့၊ မြောင်းသေးသေး မြင်ရင်တောင် အမှိုက်ပစ်ဖို့လောက် သိကြတာရယ်။

တခါတလေ အမှိုက်တွေ မဆင်းဘဲ ပိတ်နေရင် မကောင်းတဲ့အနံ့အသက်တွေကြောင့် မုန့်လာစားသူတွေ အစားပျက်မှာ စိုးတော့ ကိုယ့်ဘာသာပဲ အမှိုက်ရှင်း မြောင်းဖော် လုပ်ရတော့တာပဲ။ အဲသလို မုန့်ဟင်းခါးသည် တစ်ဖြစ်လဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူလည်း ဖြစ်ပြန်သေးတယ်။

(၂)

တစ်နေ့တော့ ဆိုင်သိမ်းခါနီးလောက်မှ အဖွားအိုတစ်ယောက် ဆိုင်နား မယောင်မလည် လာရပ်နေလို့ မေးကြည့်မိတော့ သူ ဘာမှ မစားရသေးတဲ့အကြောင်း၊ ပိုက်ဆံလည်း မပါတဲ့အကြောင်း၊ စားလည်း စားချင်တဲ့အကြောင်း သနားစဖွယ် ပြောရှာတယ်။
ဒါနဲ့ပဲ ကျွန်မက မိပုံ့ကို အဖွားအတွက် မုန့်တစ်ပွဲပြင်ခိုင်းပြီး စားစေတယ်။ အဖွားခမျာ စားလိုက်တာ ခေါင်းကို မဖော်ဘူး။ ကျွန်မကတော့ ကြည့်ရင်းက ၀မ်းနည်းဝမ်းသာရယ်။ ၀မ်းနည်းတာက ဘယ်ကမှန်း မသိတဲ့ ကိုယ့်အဖွားအရွယ်တစ်ယောက် ၀မ်းမီးတောက်နေရှာတာကို ဂရုဏာသက်မိလို့၊ ၀မ်းသာတာက လူအိုတစ်ယောက်ရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်လို့ပါ။ သူ့ ကြည့်ပြန်တော့လည်း ပေပေတူးတူးနဲ့ရယ်။ တောင်းစားနေတဲ့ ရုပ်မျိုးထဲကလည်း မဟုတ်နိုင်ပြန်ဘူး။

စားပြီးတာနဲ့ ပန်းကန်ကို ဂွပ်ကနဲချရင်း ထွက်သွားတဲ့ အဖွားအိုကိုကြည့်ရင်း ကျေးဇူးတင်စကားလေးတောင်မှ ပြောမသွားဘူးလို့ စိတ်ထဲ ငြိုငြင်မိသလိုလို ဖြစ်မိသား။ အို ကျေးဇူးတင်ခံချင်လို့ ကျွေးတာမှ မဟုတ်တာပဲလေ၊ ဒီလိုစိတ်တွေ မထားကောင်းပါဘူး။ သက်ကြီးရွယ်အိုတစ်ယောက်ကို တစ်နပ်စာ လှူခွင့်ရတာကိုပဲ ကြေနပ်ရမှာမဟုတ်လား။ အဲသလိုလေးတွေးပြီး ကျွန်မရဲ့ စိတ်တွေကို အသာအယာ ချွန်းအုပ် သိမ်းဆည်းလိုက်နိုင်ပါတယ်။

ဒီလိုနဲ့ တစ်နေ့ တစ်နေ့ ရောင်းရေးဝယ်တာတွေကြား မေ့မေ့ပျောက်ပျောက် နေလာရာက နောက်တစ်ပတ်လောက် ကျတော့ အဖွားက ဆိုင်ရှေ့ရောက်လာပြန်တယ်။ သူ့ဘေးမှာလည်း သူ့မြေးကလေးထင်ပါရဲ့၊ ဆယ့်နှစ်နှစ် အရွယ် လောက် ကောင်ကလေးတစ်ယောက် ပါလာတယ်။ ခပ်တည်တည်ပဲ “မုန့်ဟင်းခါးစားမယ် ထိုင်” ဆိုပြီး ကောင်ကလေး ဖင်အောက်ကို ခွေးခြေ ထိုးပေးတယ်။ 

ကျွန်မစိတ်ထဲ နည်းနည်းတော့ တင်းကနဲရယ်။ တော်တော်လေး ပိုင်စိုးပိုင်နင်း နိုင်လှချည်ရဲ့။ ကလေးကို တစ်ပွဲစာ ပိုကျွေးရလို့လည်း ကိုယ်တွေက ပိုပြီးဆင်းရဲသွားမှာမှ မဟုတ်တာဘဲ။ ဒါပေမဲ့ ကလေးကို မုန့်ဟင်းခါးလေး ကျွေးချင် လို့ပါကွယ် အဲလောက်တော့ ပြောသင့်တယ် ထင်မိတာပဲ။ ကဲ  စားပါစေလေ၊ စိတ်လျှော့ စိတ်လျှော့ သူက ကိုယ့်အဖွားအရွယ်လို့ အသာလေး လျှော့ချလိုက်ရတယ်။ အဲဒါကြောင့် ကျွန်မ ပြောတာ၊ လူမှုဆက်ဆံရေးပိုင်းမှာ ကျွန်မ တိုးတက်လာပါတယ် လို့။
သူတို့ လာစားချိန်က လူစည်နေတဲ့ အချိန်ဖြစ်လေတော့ ခဏနေ တစ်ခြားလူတွေဆီ အာရုံရောက်သွားတော့လည်း ပြီးသွားတာပါပဲ။ ကျွန်မစိတ်က အဲသလို။ ၀ုန်းကနဲ ထောင်ထတတ်ပေမဲ့ ခဏကလေးပဲ။ ပြီးတော့လည်း မေ့မေ့ ပျောက်ပျောက်ရယ်။

စားပြီးသွားတော့ အဖွားက ခပ်တည်တည်ပဲ ပိုက်ဆံ ငါးထောင်တန်ကြီး ထုတ်ပေးလာတာမို့ ကျွန်မမှာ မျက်လုံးပြူး ရပြန်တယ်။ သူ့ကြည့်တော့ ဖိနပ်တောင် မပါဘူး။ လူအိုစော်နံနေတဲ့ အ၀တ်အစားတွေကလည်း ရေမိုးမှ မှန်အောင် ချိုးပါရဲ့လား တွေးချင်စရာ။ အဖွား ပိုက်ဆံ ဘယ်ကရလဲ မေးတော့ကာ “ကိုသိန်းမောင် ပေးတာ” တဲ့၊ “ကိုသိန်းမောင် က ဘယ်သူလဲ အဖွား” လို့ထပ်မေးလိုက်တော့ “ငါ့ယောကျာ်း”တဲ့ ပြုံးစေ့စေ့နဲ့။

ကျွန်မက “ပိုက်ဆံ မယူပါဘူးအဖွား၊ အလကားသာ စားသွားပါ” ဆိုတော့မှ တစ်ချက်ပြုံးပြပြီး ကောင်ကလေးကို လက်ဆွဲလို့ ဆိုင်ထဲက ငေါက်ကနဲ ထထွက်သွားလေတယ်။

အဲဒီတော့မှ တွေးမိရတယ်။ ဒါကြောင့်ကိုး၊ လက်ထဲမှာ ပိုက်ဆံပါလာတော့ သူက ခပ်တင်းတင်းရယ်။ အဖွား ထွက်သွား မှ ကျွန်မလည်း မိပုံ့နဲ့ ပြောရင်း ရယ်မိကြသေးတယ်။ သြော်…ငွေ ငွေ၊ ငွေဆိုတာက ကြီးကြီးငယ်ငယ် ဘယ်သူမဆို လက်ထဲ ခပ်များများကိုင်မိရင် ပါဝါတစ်ခုခုပဲ ရှိနေသလိုလို၊ လူ့စိတ်ကို ပြောင်းလဲသွားစေတတ်တဲ့အရာ မဟုတ်လား။


(၃)

တစ်နေ့ကပဲ မိတ်ဆွေတစ်ယောက်ရဲ့ အဖေဆုံးသွားလို့ သတင်းသွားမေးတော့ အသက် ၅၉နှစ်ပဲ ရှိသေးတာ တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာမို့ သေဆုံးချိန်မှာ သားတွေ သမီးတွေက ကျွန်မတို့နဲ့ ရွယ်တူ၊ အလုပ်အကိုင် တွေ အခြေကျကုန်ကြပြီ။ သားသမီးတွေက ငိုလိုက်ကြတာ။ အဖေ့မှာ သားသမီးလုပ်စာမှ ၀အောင် မစားရသေးဘူး တဲ့၊ အဖေ့ကို ၀အောင်မှ မပြုစုလိုက်ရဘူး တဲ့။ နေမယ်ဆို နေနိုင်သေးတဲ့ အရွယ်ဆိုတော့လည်း သားသမီးတွေက အရူးတစ်ပိုင်း တမ်းတငိုကြွေးလိုက်ကြတာ။

အဲဒီနေ့က ပြန်လာပြီး အိမ်ရောက်တော့ အဖေ့ကို “အဖေရယ် ဆေးလိပ်တွေ လျှော့သောက်ပါနော်” လို့ ပြောရင်း မျက်ရည်ဝဲမိ ခဲ့သေးတာ။ အမေနဲ့ အဖေသာ လောကကြီးထဲမရှိတော့ရင် ကျွန်မဖြင့် တွေးတောင် မတွေးရဲဘူး။ သေခြင်းတရားကို တွက်ချက်ခန့်မှန်းဖို့ဆိုတာ ကိုယ်မတတ်နိုင်တဲ့အရာပေမဲ့ သေမင်းနဲ့သာ ကတိက၀တ်ထားလို့ ရကြေးဆို မိဘတွေကို အသက်ရာကျော် ရှည်စေချင်လှပါရဲ့။

ခုတစ်လော မိတ်ဆွေတစ်ချို့ရဲ့မိဘတွေ နာရေးတွေချည်းပဲ သွားနေရတော့ ကိုယ့်မိဘတွေ ကျန်းမာရေးကို အရင်ကထက် ပူပူပင်ပင်ရှိလာမိတယ်။ သူတို့မိဘတွေထဲမှာ အသက်ငယ်ငယ်နဲ့ ဆုံးသွားတာရှိသလို သက်တမ်းစေ့နေသွားကြသူတွေလည်း ရှိတာပါပဲ။  ပြီးခဲ့တဲ့ တစ်ပတ်က နှစ်လည်ဆွမ်းကပ်မှာ မုန့်သွားပို့တဲ့အိမ်က အဖွားကြီးဆို အသက် ၉၀ကျော်မှ ဆုံးရှာတာလေ။

 “ငါ မုန့်ဟင်းခါး စားမယ်နော်” ဆိုတဲ့ အသံကြောင့် အတွေးစတွေပြတ်လို့ မော့ကြည့်မိတော့ လာစားနေကျ အဖွား။ သူက ခွေးခြေခုံလေးမှာ ထိုင်တောင်ပြီးနေပြီ။

အဖွားကို မုန့်ပြင်ကျွေးရင်း ကျွန်မမိဘတွေသာ အိုကြီးအိုမနဲ့ ဒီလိုပဲ လမ်းပေါ်မှာ လိုက်စားနေကြရရင် ဆိုတာကို တွေးမိပြန်တော့ ရင်ထဲ နင့်ကနဲပဲ။ အဖွားကတော့ မုန့်ဟင်းခါးပဲ ငုံ့စားနေရှာတယ်။ သူ မုန့်ဟင်းခါးတော့ အတော်လေးကြိုက်တယ် ထင်ပါရဲ့။
ခဏနေ မိပုံ့ ကျူရှင်က ပြန်လာတော့ မိပုံ့ကို ဆိုင်အပ်ရင်း အ၀တ်အစားလေးလဲလို့ အလှူအိမ်ကို အပြေးတစ်ပိုင်းလေး သွားရတယ်။ ခုဆို ကျွန်မက လူကြီးနေရာမှာ ရောက်ပြီလေ။ ဖိတ်စာတွေမှာ ကျွန်မကို နာမည်တပ် ဖိတ်ခံနေရပြီ။ ရပ်ကွက်ထဲ လူတောသူတောတိုးနေရပြီပဲ ပြောပါတော့။

အလှူအိမ်ရောက်တော့ ကျွေးတာမွေးတာလေး စား၊ စကားလေးဘာလေး ပြော၊ ဘုန်းကြီး တရားပေးအပြီးမှာ အိမ်ရှင်တွေ ကို နှူတ်ဆက်လို့ ဆိုင်ကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့လိုက်တယ်။ မိပုံ့က တစ်ခါတစ်လေ ပိုက်ဆံတွေ မှားမှားအမ်းတတ်တာမို့၊ လိုသွားလည်း မကောင်း၊ ပိုသွားတာမျိုးလည်း ကျွန်မက မလိုချင်ပါဘူးလေ။

လမ်းလျှောက်ပြန်လာရင်း ခပ်လှမ်းလှမ်းကနေ ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်ထဲကနေ ငေါက်ကနဲ ထထွက်သွားတဲ့ အဖွားကို တွေ့လိုက်ရတယ်။

“အဖွားတော့ ခုလေးပဲ စားပြီး ထွက်သွားပြီ အန်တီစန်” တဲ့ မိပုံ့က မေးငေါ့ရင်း လှမ်းပြတယ်။ ကျွန်မစိတ်ထဲ ဇဝေဇ၀ါနဲ့ ထပ်မေးမိပြန်တယ်။

 “မုန့်ဟင်းခါး လာစားတာလား”

“အင်းလေ အန်တီစန်ရဲ့ ခုပဲ စားသွားတာ”

“ဟဲ့  မနက်ကပဲ ခပ်စောစော လာစားသွားသေးတာ မိပုံ့ရဲ့”

“ဟင် ဟုတ်လား အန်တီစန်၊ မိပုံ့ကိုတော့ သူ ဘာမှ မစားရသေးလို့ ဗိုက်ဆာလှချည်ရဲ့ဆိုလို့ မိပုံ့ကတောင် သနားနေတာ”

“ဒီအဖွားကြီး မဟုတ်တော့ဘူး”  “သဘောကောင်းတာဟာ လူတိုင်းနဲ့ မတန်ဘူး”

နှူတ်က လွှတ်ကနဲ ထွက်သွားတဲ့အထိ ကျွန်မစိတ်တွေ အတော်လေး ပေါက်ကွဲသွားတော့တယ်။

ဘယ့်နှယ်၊ မလှူတတ်ဈေးရောင်းဆိုတာကို သဘောကျလွန်းလို့ မုန့်ဟင်းခါးရောင်းစားနေတဲ့ မိစန်ပါ။ အလကားကျွေးနေပါလျက်နဲ့ ခုလို မလှိမ့်တစ်ပတ် အလုပ်ခံရတာကို စိတ်တိုမိတယ်။ ဈေးရောင်းရင်း အကုသိုလ်ရနေတာမျိုးကိုတော့ စိတ်ထဲက တော်တော်လေး မခံစားနိုင်ဘူး။

အဲဒီနောက်ပိုင်း အဖွားကြီး ရောက်မလာတော့ဘူး။ သူ့ကိုယ်သူ မလုံဘူး ထင်ပါရဲ့။ တစ်ခါတစ်ခါတော့လည်း အဖွားကြီးလို မျက်လုံးစူးစူးတောက်တောက်၊ ပိန်ပိန်ပါးပါးတွေ တွေ့တဲ့အခါ မိပုံ့နဲ့ ပြောဖြစ်ကြပါသေးတယ်။ ကြာပါပြီလေ။ ခုတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါပြီ။

(၄)

 “မမြင့်ခင်ပြောတာတော့ ဒီအိမ်နံပါတ်ပဲ သမီးရဲ့”

ညနေ ညနေတွေမှာ အမေနဲ့အတူ လမ်းလျှောက်ဖြစ်နေတာ တစ်လလောက်ရှိပြီ။ ဒီနေ့တော့ နေ့လည်က အမေ့သူငယ်ချင်းနဲ့ ဖုန်းပြောအပြီးမှာ အမေက အဲဒီဘက်လမ်းလျှောက်ကြရအောင်လို့ ပြောလာတာ။ နာရီဝက်လောက် လမ်းလျှောက်အပြီးမှာ တိုက်ခံအိမ်လေး တစ်လုံးရှေ့ကိုရောက်တော့ အမေက အိမ်ရှေ့တံခါးဝမှာ ရပ်ရင်း အိမ်ထဲ မျှော်ကြည့်တယ်။

“ ဒါ ဆရာမဒေါ်သင်းမြမြအိမ်လား”

အိမ်ထဲကနေ အမျိုးသမီးက တစ်ချက်ငေးကနဲ ကြည့်ပြီးမှ “ဟုတ်ကဲ့ အိမ်ထဲဝင်ပါဦးလား” တဲ့။
အိမ်ထဲရောက်လို့ ဆက်တီပေါ်ထိုင်ပြီးကြတဲ့အထိ အမျိုးသမီးက စကားတစ်လုံး မပြောသေးဘူး။ အအေးနှစ်ခွက် ချတိုက်ထားပြီး အခန်းထဲ ၀င်သွားလိုက်တာ တော်တော်နဲ့ ပြန်ထွက်မလာတော့ဘူး။ ကျွန်မက ပြန်ချင်လှပြီ။ အမေကတော့ ဧည့်ခန်းထဲထိုင်ရင်း ဟိုဒီဝေ့၀ိုက်ကြည့်နေတာပဲ။

ခဏနေတော့ အမျိုးသမီးလက်ထဲမှာ အယ်လ်ဘမ်တစ်အုပ်ကိုင်ရင်း ပြန်ထွက်လာတယ်။ “အဖွားသင်း ဒီမှာလေ” တဲ့။ ဓါတ်ပုံက ရှေ့ဆံပင်တွေကို သေသပ်အောင် နောက်လှန်ပြီး အပြောင်သိမ်း၊ နောက်မှာ နောက်တွဲလေးထုံး ပန်းပန်ထားတဲ့ အဖြူအစိမ်းဝတ် ကျောင်းဆရာမလေးတစ်ယောက်ပုံ။ အိုး  ဒီမျက်နှာ၊ ဒီအပြုံး…ကျွန်မ သိတ်ရင်းနှီးနေခဲ့တာပဲ။ သူဟာ အမေငယ်ငယ်က အမေတို့ကျောင်းက အထက်တန်းပြဆရာမတဲ့လေ။

“ဘယ်လိုများ ဖြစ်ရတာလဲကွယ်”
အမေမေးတော့မှ အမျိုးသမီးက မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်လိုက်ရင်း တစ်လုံးချင်း ပြောတယ်။                                 
“ဖွားသင်းဆုံးသွားတာ နှစ်လ ပြည့်တော့မယ်။ ကျွန်မတို့လည်း အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်လိုက်ရပါတယ်။ ဒါပေမဲ့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတာလိုပါပဲ”

“ဖွားသင်းက ကြည့်လိုက်ရင် ၇၀ ကျော်လောက်ပဲ ထင်ရပေမဲ့ တကယ်က ၈၃နှစ်ကျော်နေပြီ။ ဖွားသင်းအသက် ၈၀က စပြီး အသိဉာဏ်တွေ ပုံမှန် မရှိရှာတော့ဘူး။ ကလေးတွေဆီက ကစားစရာ အရုပ်တွေကို လုယူတယ်။ ရေချိုးပေးရင် အသံကုန် အော်ဟစ်ပြီး ငိုတယ်။ ထမင်းကျွေးရင်လည်း ကလေးတွေလိုပဲ ငုံထားပြီး ဖူးကနဲ ထွေးထုတ်တယ်။ ထမင်းပန်းကန်ကို မှောက်ပစ်တယ်”

“အပေါ့အလေးလည်း မထိန်းနိုင်တော့ဘူး။ မကြည့်မိရင် သေးတွေ ချေးတွေကို ကြမ်းပေါ်မှာ လက်ဝါးနဲ့ တစ်ဖတ်ဖတ် ရိုက်နေတော့တာ။ ဖွားသင်း အသက်ရှည်တာ ၀မ်းသာစရာပေမဲ့ ခုလို သူ့ အသိဉာဏ်တွေ ပုံမှန်အဆင့်မှာ မရှိတော့တဲ့အခါ အလုပ်တစ်ဘက်၊ စားရေးသောက်ရေးတစ်ဘက်နဲ့ အိမ်သားတွေလည်း စိတ်ဆင်းရဲရတာပေါ့။ အစပိုင်းကတော့ သီချင်းဖွင့်လို့ ဖွားသင်း ကွေးနေအောင်ကရင် ကလေးတွေကလည်း ပျော်၊ အိမ်သားတွေကလည်း လက်ခုပ်လက်ဝါး တီးလို့ပေါ့။ နောက်ပိုင်းတော့ တဖြည်းဖြည်း ပို ပိုဆိုးလာတယ်”

“လှေကားထစ် သုံးထစ်ရှိတဲ့ အိမ်ရှေ့ လှေကားကနေ သူ့ဖိနပ် နှစ်ဘက်ကို အရင် ပစ်ချတယ်။ ပြီးတော့ သူပါ ခုန်ဆင်းတယ်။ ကံကြီးပေလို့ မကျိုး မပဲ့တာပေါ့။ တစ်ယောက်ယောက်က မျက်ခြေမပြတ်ကြည့်နေမှ၊ နို့မိုဆို အိမ်ကနေ ထွက်ထွက်သွားတယ်။ တစ်ခါတစ်လေ အိမ်သားတွေ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ နှိုက်ယူ သွားတတ်တော့ လူမသမာတွေနဲ့ တွေ့မှာ စိုးရပြန်တယ်”

ကျွန်မမျက်လုံးထဲ ငါးထောင်တန်ကြီး ထုတ်ပေးတဲ့ ဖွားသင်းမျက်နှာ ကွက်ကနဲ။

“ဒါနဲ့ ဆရာမရဲ့ အမျိုးသားကရော”

“အဖိုးဦးသိန်းမောင်က ဆုံးသွားတာကြာပါပြီ၊ ငါးနှစ်လောက်တောင် ရှိပြီ”

“သြော်”

ကျွန်မ ပြုံးမိတယ်။ ဖွားသင်းက သူ့ယောကျာ်းဦးသိန်းမောင် ဆိုတဲ့ နာမည်တော့ မှတ်မိသေးသား။ သူ့စိတ်ထဲက ကိုသိန်းမောင်ဟာ ဘယ်တုန်းကမှ မသေခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။

“ည ညအေးလို့များ အနွေးထည် ထပ်ဝတ်ပေးတဲ့အခါ အိပ်နေရာက နိုးလာပြီး အာခေါင်ခြစ်အော်တော့တာ။ သူ့ကို ၀ိုင်းသတ်နေကြတယ်၊ လာကြပါဦးလို့ အော်တော့တာလေ။ ခုတစ်လော ဖွားသင်း အပြင်ကို ခိုး ခိုးထွက်ပြီး အိမ်ပြန်လာရင် နတ်သမီးက ငါ့ကို မုန့်ဟင်းခါး ကျွေးတယ်လို့ ကလေးတွေကို ပြောပြောပြနေတတ်တာ”

နတ်သမီး၊ နတ်သမီးတဲ့လား…။ ကျွန်မ ရင်ထဲမှာ တင်းကနဲ။ နောက်တော့ အမေနဲ့ အဲဒီအမျိုးသမီးနဲ့ ဘာတွေ ဆက်ပြောကြတယ်ဆိုတာ မကြားတစ်ချက် ကြားတစ်ချက်။  ဖွားသင်းက ကျွန်မကို နတ်သမီးတဲ့လား။ ဖွားသင်းရေ ခွင့်လွှတ်ပါနော်။ နတ်သမီးဆိုတဲ့ ကျွန်မမှာလည်း အတိုင်းအတာတစ်ခုထိပဲ စိတ်ကောင်းမွေးမြူနိုင်သေးတော့ မသိမှု မောဟ ဦးစီးနေတဲ့အခါ ဒေါသက အလစ်ဝင်တိုက်ခိုက်တတ်တော့တာ။

“ဖွားသင်းက ထမင်းစားပြီးလည်း ငါ့ကို ဘယ်သူကမှ ထမင်းမကျွေးရသေးဘူး လုပ်တတ်တာ၊ တခါတခါတော့လည်း စိတ်က မရှည်နိုင်တော့ဘူး၊ လွှတ်ကနဲ ပြောမိ၊ ငေါက်မိတယ်။ စိတ်တိုမိတာပေါ့။ ကျွန်မတို့မှာလည်း ဖွားသင်းနဲ့ အတူနေရတာ ငရဲကြီးပါတယ်လေ၊ ခုလို သူဆုံးသွားတော့ သူ့အပေါ်အကြွေးတွေရှိနေသလို ခံစားနေရတယ်”

အမျိုးသမီးက ပြောရင်းနဲ့ မျက်ရည်ကျရှာတယ်။ ကျွန်မရော ဖွားသင်းအပေါ် အကြွေးမှ ကင်းပါရဲ့လား။ သိရင်တော့ ခွင့်လွှတ်နိုင်စရာပေမဲ့ အကြောင်းရင်းမှန်ကို မသိတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေ တက်တက်စင်အောင် လွှဲသွားနိုင်တာ။ ဖွားသင်းရယ်….။

အတွေးကိုယ်စီနဲ့ အိမ်အပြန်လမ်းမှာ သားအမိနှစ်ယောက် စကားတောင် မပြောနိုင်ကြဘူး။ အသက်ရှည်တာ မရှည်တာထက် ကျန်းကျန်းမာမာရှိရင်ပဲ ကံကောင်းလှပါပြီ။ အသက်ရှည်ရှည် ကျန်းကျန်းမာမာဆိုရင်တော့ ပိုကောင်းတာပေါ့လေ။  ဒါပေမဲ့ အသက်ရှည်ချင်တိုင်းရော ရှည်ကြရလို့လား။ ကျန်းမာချင်တိုင်းရော ကျန်းမာကြရလို့လား။ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်းတွေက ကိုယ်ပြုခဲ့သမျှတွေရဲ့ ချယ်လှယ်မှုတွေပဲလား။ ပြီးတော့ သေခြင်းတရားရဲ့ အချိန်ကန့်သတ်မှုကရော ကိုယ်တိုင်ပြုခဲ့ဖူးတဲ့ ကံစီမံရာလား။

ကျွန်မအသက်ကြီးလာတဲ့အခါ သားသမီးတွေကအစ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ အို…တော်ပါပြီလေ၊ ကျွန်မအလှည့်ကျရင် အသက်ရှင်နေစဉ်မှာ ကျန်းကျန်းမာမာနဲ့ ၆၀လောက်ထိ နေရရင်ကိုပဲ….၊ တော်လှပါပြီ။

ဘေးနားက အမေ့ကို ငေးကနဲကြည့်လိုက်မိတော့ မျက်နှာပေါ်မှာ ဇရာရဲ့အရိပ်တွေ ထင်းနေပေမဲ့ ကျန်းမာနေသေးတယ်လို့ ကျွန်မကတော့ ထင်မိတာပါပဲ။


မဟေသီ-စက်တင်ဘာလ-၂၀၁၂

11 comments:

Yan said...

ဖူး....
ဖတ်ပြီး ရင်ထဲမောသွားတယ်ပဲ ပြောရတော့မယ်...
ဇာတ်လမ်းဇာတ်ကွက် ဖန်တီးသွားပုံလေးနဲ့ စကားအသုံးအနှုန်းလေးတွေ သေသပ်ပိရိတယ်. စာမူကောင်းလေးတစ်ပုဒ်ပါပဲ မချစ်ကြည်အေးရေ.

ခင်မင်လျက်

Y.

Latt Latt said...

ရေးထားတာ ကောင်းလိုက်တာ။"သိရင်တော့ ခွင့်လွှတ်နိုင်စရာပေမဲ့ အကြောင်းရင်းမှန်ကို မသိတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေ တက်တက်စင်အောင် လွှဲသွားနိုင်တာ။" စကားကို အကြိုက်ဆုံးပဲ။

မြသွေးနီ said...

အစ်မရေ...
စာအုပ်ထဲမှာ ဖတ်ပြီးပေမယ့် အွန်လိုင်းမှာလည်း ထပ်ဖတ်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီမ ဒီနေ့တင်ခဲ့တဲ့ စာမူလေးက အဲ့ဒီလိုပဲ အထင်လွဲတဲ့စိတ်အခြေခံကနေ ရေးဖြစ်ခဲ့တာ။ လူတိုင်းမှာ ကိစ္စတစ်ရပ် ဖြစ်လာဖို့ စေ့ဆော်တဲ့ အကြောင်းရင်းခံလေးတွေ ရှိနေနိုင်တယ်။ အဲ့ဒီအကြောင်းရင်းလေးတွေကို မသိသူက အပေါ်ယံအမြင်နဲ့ ဆုံးဖြတ် သတ်မှတ်မိတတ်ကြတယ်။ မသိခင်စပ်ကြားမှာ စိတ်အထင်နဲ့ ပြုမူဆက်ဆံ ပြောဆိုမိတတ်တာတွေက တစ်ယောက်နဲ့တစ်ယောက်ကြား လွဲမှားတဲ့ နားလည်မှုတွေ ဖြစ်စေနိုင်တယ်နော်...။

mstint said...

ပုထုဇဉ် လူသားတိုင်းအတွက် အခြေအနေ တစ်ရပ်ရဲ့ လှုံ့ဆော်မှုပေါ် မူတည်ပြီး ဒေါသ လောဘ မောဟ မာန်မာနတရားတွေဟာ မထင်မှတ်ရင်မထင်မှတ်သလို ထိုးထွင်းဝင်ရောက်လာတတ်လေ့ရှိတာဟာ သဘာဝပါ မချစ်ရေ။ ဇာတ်အိမ်လေးကကို သဘာဝကျကျ တည်ဆောက်ထားသလို အရေးအသားတွေ သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

ကောင်းလိုက်တဲ့ စာမူလေး အမချစ်ကြည်အေးရေ...၊ ဘီအက်စ်စီ မုန့်ဟင်းခါး သည်လေးရဲ့ ရိုးရိုးရှင်းရှင်း ဖြတ်သန်းမှုလေးကို ဖတ်ရတာ အနားမှာ လာထိုင်ပြီး ပြောနေသလိုပဲ..၊

ဟိုတစ်ခါ ပို့စ်တစ်ပုဒ်မှာ အမချစ်ကြည်အေးက ဇတ်ကောင်တွေနေရာမှာ ကျမက ဝင်,ဝင်ပါသွားလို့ အားမရဘူးလို့ နှိမ့်နှိမ့်ချချ ရေးခဲ့သေးတယ်၊ ဒီမှာတော့ ကျနော်မြင်တာ ‘စန္ဒာမြင့်’ ပဲ၊ ‘ချစ်ကြည်အေး’ ကို လုံးဝ မတွေ့ပါဘူးဗျာ...။း)

MG THANT said...

ပုံနှိပ်ထဲမှာ ဖတ်ချင်လိုက်တာ တီတီချစ်... နောင်တ ဆိုတာ မောဟ တွေရဲ့ အနာဂါတ်ဆိုတာ လူတွေက အချိန်နှောင်းမှ သိတတ်ကြတယ်...

ဒီလို စာမျိုးတွေ မြောက်မြားစွာ ထပ်ဖတ်ချင်တယ်... :)

အညာမြေ အရှင်သုမန(ရွှေပင်မြေ) said...

လာလည်သွားပါတယ်နော်

An Asian Tour Operator said...

ပတ်ဝန်းကျင်မှ ကြုံလေ့ရှိတတ်တဲ့ ဖြစ်ရပ်လေးတွေက အစ်မချစ်လက်ရာ နဲ့ ၀တ္တုတို ကောင်းလေးတစ်ပုဒ်ဖြစ်သွားပြီ။ ရသ နဲ့ အတူသံဝေဂ လဲယူစရာ ပါသေးတယ်။

ညိုလေးနေ said...

သိပ်ကြိုက်တာပဲ အမချစ်
ဖတ်ရင်းနဲ့ အဖိုးကိုတောင် သတိရလာတယ်

ရိုးမြေကျ said...

မနေ့ကငှားဖတ်တဲ့ မဟေသီမဂ္ဂဇင်းထဲမှာ အစ်မ၀တ္ထုလေးတွေ့လိုက်ရတာ။ ချစ်ကြည်အေးဆိုတော့ နာမည်တူများလားလို့ ဒီနေ့မှအတူတူပဲဆိုတာ ပိုသေချာသွားတယ်အစ်မ။

san htun said...

ကောင်းလိုက်တယ့်ပို့ စ်လေး မမချစ်..လူ့ လောကရဲ့  မောဟတွေ၊ လူ့ စိတ်တွေကို အကောင်းဆုံး ပုံဖော်သွားနိုင်တယ်..thumbs up..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်