Tuesday, August 14, 2012

အကြေးခွံများ


ကျွန်တော် ဒီရုံးကိုရောက်တာ မကြာလှသေးသော်လည်း ခင်မင်ဖွယ်ကောင်းသော ရုံးသူရုံးသားများကြောင့် တခဏချင်းမှာပင် အားလုံးနှင့် ငယ်ပေါင်းပမာ ရင်းနှီးသွားခဲ့ရသည်။ အထူးသဖြင့် ကျွန်တော့်အထက်အရာရှိ ဦးကျော်ဇော။ လေးစားဖွယ် တည်တံ့သလို၊ ခင်မင်ဖွယ် ပျော်ရွှင်တတ်သော သူ့ဝသီကြောင့် လက်အောက်ငယ်သား အားလုံး၏ ချစ်ကြောက်ရိုသေခံလည်းဖြစ်သည်။

သို့သော် သေမင်းသည် အကောင်းကြိုက်သူပီပီ ကျွန်တော်နှင့်တကွ အားလုံးကချစ်သော ဆရာဦးကျော်ဇောကိုမှ စောလျှင်စွာ ရွေးခေါ်သွားခဲ့သည်။ သည်မှာပင် ကျွန်တော် ဆရာ့အိမ်ကို ရောက်ဖို့ ဖြစ်လာတော့သည်။

@@@@@@

ဆရာဆုံးပါးသွားချိန်မှာ သားတစ်ယောက်၊ သမီး သုံးယောက်၊ မြေး ငါးယောက်နှင့် ဆရာ့အိမ်သူတို့ ကျန်ရစ်ခဲ့သည်။

“မော်လီရေ အိုင် မအားလို့၊ ဒက်ဒီ့အတွက် ဘဲကင်နဲ့ ဒန်ပေါက် ကိုကို့ကို သွားဝယ်ခိုင်းပေးစမ်းပါ။ မြန်မြန်လေး သွားလို့…”

“နန်စီကလည်းကွာ နီးနီးနားနား လမ်းထိပ်ဆိုင်က ကြေးအိုးလေးပဲ ဒက်ဒီ့ကို ကျွေးလိုက်ပါလားဟင်”

“ကြေးအိုးက မနေ့က ကျွေးပြီးသားလေ မော်လီရယ်၊ ယူကလည်း ဒက်ဒီ အစားမက်တာ၊ သူ ဘာတွေ ကြိုက်တတ်တယ်ဆိုတာ သိရက်သားနဲ့”

“အိုခေ အိုခေ နန်စီရယ်၊ အိုင် ကိုကို့ကို ၀ယ်ခိုင်းလိုက်ပါ့မယ်”

ဆုံးပါးသွားသောအဖေအပေါ် အစားအသောက်ကအစ ဂရုတစိုက်ရှိတာ ချီးကျူးစရာ။ ကြေးအိုး၊ ဘဲကင်နှင့် ဒန်ပေါက်ဆိုတာ ဦးကျော်ဇောလို သေပြီးသူအတွက် နေ့စဉ်စာတဲ့၊ ကျွန်တော်တို့လို လူတွေအတွက်တော့ တခါတရံစာ၊ ပွဲလမ်းစာသာ ဖြစ်လေသည်။ ပိုက်ဆံရှိရင်တော့ အဲလို ပွဲလမ်းစာတွေ တစ်ပတ်လောက်တော့ နေ့စဉ် ၀ယ်စားကြည့်ချင်သေးသည်။

“ကိုကို မမနန်စီက ဒက်ဒီ့အတွက် ဘဲကင်နဲ့ ဒန်ပေါက် သွားဝယ်ပေးပါတဲ့”

“သွားဝယ်ပေးမယ်လေ၊ ဒါပေမဲ့ အိုင့်ကားက ဒီနေ့ ၀ပ်ရှော့ပို့ထားတာ။ ဒက်ဒီ့ကားပဲ ယူသွားလိုက်မယ်။ နန်စီရေ အိုင် ဒက်ဒီ့ကား ယူသွားမယ်နော်၊ သော့ပေးလိုက်ဦး”

“ပက်ထရစ်ရယ် အဲဒီကားက အိုင့်နာမည်ပေါက်နဲ့ ဒက်ဒီ အိုင့်ကို ပေးခဲ့တာနော်၊ ယူ ကားမောင်းကြမ်းပုံနဲ့တော့ အိုင့်ကား ပွန်းလာဦးတော့မှာပဲ”

“အေးပါ နန်စီရာ ယူကလည်း အိုင် ဖြေးဖြေးပဲ မောင်းမှာပါ၊ ပေး  သော့”

တစ်အိမ်လုံးတွင် ဆရာဦးကျော်ဇောနှင့် ကြောင်မလေးနက်နက်တို့သာ မြန်မာနာမည် ရှိပုံပေါ်လေသည်။ ဆရာ့အိမ်သူ မှာ မေးရိုးလေးထောင့်စပ် ၊နှာရိုးမြင့်မြင့်နှင့် ဖြူသောအသားအရည်ရှိ၍ ဘိုဆန်ဆန် ချောမောသော မိန်းမကြီး တစ်ယောက်ဖြစ်သည်။ ငိုရလွန်းသောကြောင့် ဖြူသောအသားတို့ နီမြန်းနေကာ နှာခေါင်းထိပ်တွင် အသားတွေတောင် ပွန်း၍နေသည်။ ဧည့်သည်တစ်စု လာလိုက်၊ ဖြစ်ကြောင်းကုန်စင် ဇာတ်စုံခင်းပြလိုက်တာဝန်ကို အကြီးမ နန်စီနှင့် ဆရာ့အိမ်သူတို့ တာဝန်ယူပြီး အလတ်မ မော်လီနှင့် အငယ်မ အေမီတို့က အကျွေးအမွေး တာဝန်ယူထားကြလေသည်။

လာသမျှဧည့်ပရိသတ်များအား နေကြာစေ့၊ ဖယုံစေ့၊ ရေနွေးကြမ်းနှင့် လဖက်သုတ်တို့ ကျွေးမွေးဧည့်ခံရာ ရေနွေးကြမ်း အိုးလိုက်ဖြည့်ရသည်မှာ လမ်းဘေးလဖက်ရည်ဆိုင်ထက်ပင် ပိုမြန်ဆန်သေးတော့သည်။ အသုဘပို့လာသူများမှာကား ၀မ်းပန်းတနည်းဖြစ်လျှက်က စားဝင်ကြပုံရသည်ဟု တွေးကာ ကျွန်တော့်ဖာသာ ပြုံးမိသေးသည်။

မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဟု ခုနက ပြောနေကြသော မိန်းမကြီးတစ်အုပ်မှာ ဖယုံစေ့ တခွပ်ခွပ်ဝါးရင်း ချန်နယ်ပြောင်းကာ ကိုရီးယားကားအကြောင်း ခပ်တိုးတိုးပြောနေကြပြီ။ အိမ်ရှေ့ ရွက်ဖျင်တဲထဲက လူတစ်စုကမူ ဂဏန်းနှစ်လုံး၏ ဖြစ်နိုင်ခြေအကြောင်း အာဘောင်အာရင်းသန်လျက်ရှိကြသည်။ ဒါသည်ပင် သူတို့ရဲ့ မရဏာနုဿတိ ဖြစ်မည်။

“အီး ဟီး ဒက်ဒီသနားပါတယ် နေမယ်ဆို နေနိုင်သေးတဲ့ဟာ၊ ခုတော့ နန်စီတို့ကို ထားသွားခဲ့ပြီပေါ့ အန်တီရယ်”

“အေးလေ ၅၈နှစ်ဆိုတာ ငယ်သေးတာပဲကွယ်၊ ဒါပေမဲ့ သမီးရယ် သေခြင်းတရားက ကြီးငယ်မရွေးဘူးလေ သမီးရဲ့ နော်”

“ဟုတ်ပါတယ် အန်တီရယ် ဒါပေမဲ့ ဒက်ဒီ ပင်စင်ယူပြီးရင် သားအဖတွေ အမေရိကားသွားလည်ဖို့ လုပ်ထားတာ၊ ခုတော့ ဟင့် အင့်…။  ဟဲ့ မိဥတို့ မိစုတို့ ဟိုမှာ လက်ဖက်လိုက်ပွဲ လုပ်ဦး၊ အေမီရေ ဒီမှာ ဒက်ဒီ့ ဆေးလိပ် ကုန်ပြီ၊ နောက်အသစ်တစ်လိပ် မီးညှိပေးလိုက်ဦး၊ အီး ဟီး ဟီး အန်တီရယ် သမီးတို့ ဘယ်လို ဖြေရမှာလဲ အီး ဟီး…”

သေမဲ့သေ အမေရိကားသွားလည်ပြီးမှ အဖေကို သေစေချင်ပုံရသော အကြီးမ မနန်စီမှာ တစ်အိမ်လုံးတွင် အခရာ ဖြစ်ပုံရသည်။ ဧည့်သည်နှင့် စကားပြောလိုက်၊ အိမ်ဖော်ကောင်မလေးတွေကို လှမ်းခိုင်းလိုက်၊ အဖေလုပ်သူ အလောင်းပြင်ထားသောနားမှာ လိုတာတွေကို လုပ်ပေးဖို့ပြောလိုက်နှင့် နှုတ် မလည်နိုင်အောင် ကရားရေလွှတ် နေလေသည်။

ရွှေဘောင်ကွတ်ထားသော ဆရာ့ဓါတ်ပုံရှေ့တွင် ဆရာသောက်နေကျ မာဘိုလိုစီးကရက်ဘူး ရှိသည်။ အသစ်တစ်လိပ် ကို မီးညှိပေးထားပြီး ဖွင့်ထားသောဘူးခွံနှင့် ဇစ်ပိုမီးခြစ်ကိုမူ ဘေး၌ချထားလေသည်။ သွားတိုက်ဆေးထည့်ထားသော သွားတိုက်တံ တစ်ချောင်းလည်း တွေ့သေးသည်။ ဘေးမလှမ်းမကမ်းမှာ ဆရာ့ ဂေါက်အိတ်ကြီး ချထားတာတွေ့သော် အဲဒါကြီးများ မီးထဲထည့်ရှို့ဦးမှာလား တွေးမိစဉ် ဘဲကင်နှင့် ဒန်ပေါက်သွားဝယ်သော ဆရာ့သား ပြန်လာကာ ခပ်ကျယ်ကျယ် အော်ပြောလေမှ စိတ်ထဲအေးသွားရသည်။

“ကိုထွေးရေ ပြန်ကာနီးရင် ဒီဂေါက်အိတ်ကို ကားပေါ်တင်ပေးဦးနော်၊ ကျွန်တော့်အတွက် ဒက်ဒီ့အမွေ Adams ဂေါ့ဖ်ဆက်လေး”

တော်ပါသေးရဲ့၊ နို့မဟုတ်ရင် ကျွန်တော့်မှာ ကြားက နှမျောမဆုံး ဖြစ်ရဦးတော့မည်။

“ဒက်ဒီတို့များ သူ့သမီးတွေပဲ အမွေတွေ ပေးသွားလိုက်တာ၊ အိုင့်ကျတော့ ဒီ ဂေါ့ဖ်စက်လေး တစ်ခုပဲ”

“အံမယ် ယူနော်၊ ယူ မိန်းမရတုံးက တိုက်တစ်လုံး လက်ဖွဲ့ခဲ့တာရော၊ ပြီးတော့ ဒက်ဒီ့ရော်ဘာခြံတွေ ရလိုက်တာ ဘယ်သူလဲ ပြောပါဦး”

“အေးလေ ကိုကို ယူကလည်း အကုန်လိုချင်နေတာပဲ”

“နန်စီ မော်လီ သားပက်ထရစ် တော်တော့၊ မာမီ စိတ်ဆင်းရဲနေရတဲ့အထဲနော်၊ မင်းတို့ ဒက်ဒီကြားရင် စိတ်ကောင်းမယ်များ ထင်နေသလား ဟင်”

မအေဖြစ်သူဝင်ပြောတော့ သူတို့ မဟုတ်သလို အသံတွေ တိတ်သွားကြပြန်သည်။ သြော်…ရှိသူတို့၏ ဒုက္ခတွေ။ မရှိလျှင်ဖြင့် သားသမီးတွေ ခုလို အမွေလုနေစရာ လိုမှာမဟုတ်။ တစ်ချို့ဆို မိဘမသေခင်ကတည်းက အမွေလုနေကြတာ၊ ဒါနဲ့ စာရင်တော့ သေမှ အမွေလုတာ တော်သေးတာပေါ့ဟု  ဆရာ့သံယောဇဉ်နှင့် ဆရာ့သားသမီးတွေအပေါ် ပိုပိုသာသာလေး တွေးပေးနေမိသည်။

“အင့် အဟင့် ဟင့် ဟုတ်တယ် မမမြရယ်၊ အကောင်းကြီးမှ အကောင်းကြီးပါပဲ။ အဲ့ဒီညက အုန်းနို့ခေါက်ဆွဲပဲ ထမင်းလွတ်စားမယ်ဆိုပြီး စားသေးတာ”

“အင်း တရားနဲ့သာ ဖြေပါကွယ် ဂျင်နီရယ်၊ ကိုကျော်ဇောက ဘ၀မှာ သူနေချင်သလို နေ၊ စားချင်သလို စားသွားခဲ့ရတာပဲ မဟုတ်လား၊ သေတော့လည်း နာတာရှည်ကြီး ခံစားသွားရတာမဟုတ်ဘဲ ခုလို ဗြုန်းကနဲ ဖြစ်သွားတာ သူ့အတွက် ကောင်းတာပေါ့ကွယ်”

“ဟုတ်ပါတယ် မမမြရယ်၊ သူကလေ အမြဲပြောတယ် သိလား၊ ကိုယ် အရင်သေမှာပါ ဂျင်နီရယ် တဲ့၊ အဲဒါကို သူ သေချာသိနေလို့ပဲလား မပြောတတ်ဘူး၊ ရှေ့နေနဲ့ သေတမ်းစာ အသေအချာ ရေးသွားခဲ့တာ”

ပိုင်ဆိုင်သမျှတွေကို နံပါတ်စဉ်ထိုးကာ ဇနီးနှင့် သားသမီးများကို ခွဲဝေပေးခဲ့သည်အထိ ဆရာက အကွက်စေ့စေ့ စီစဉ်ခဲ့လေသည်။ သေရင်တောင် မီးသဂြိုလ်ဖို့ပဲ မှာထားခဲ့တာသည်ပင် ကျန်ရစ်သူမိသားစုတွေ နှစ်ပတ်လည်တိုင်း ဆွေးမြေ့တမ်းတ မနေကြရအောင် ဖြစ်လိမ့်မည်။

အသုဘချမည့်အချိန်က နေ့လည် ၂နာရီ၊ ခဏနေတော့ အားလုံး ပြင်ကြ ဆင်ကြနှင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

ခေါင်းထဲ ထည့်ကြတော့မည်မို့ ခုမှပဲ ခေါင်းကို အသေအချာ ကြည့်မိရာ အလူမီနီယမ်ခေါင်းကို အတွင်းပိုင်းမှာ ကတ္တီပါအဖြူစွတ်စွတ်ခင်းနှင့်မို့ အနောက်တိုင်းဝတ်စုံအနက် ဆင်ပေးထားသော ဆရာဦးကျော်ဇော၏ အလောင်းမှာ ထင်းကနဲ ထင်သာမြင်သာရှိသည်။ ထို့အပြင် မိတ်ကပ်ပြင်သူ အသေအချာ ပြင်ဆင်ဖီးလိမ်းပေးထားသောကြောင့် ဆရာ့နှုတ်ခမ်းသွေးများပင် ပန်းနုရောင်သမ်းနေသလို ထင်ရလေသည်။

ငွေကြေးချမ်းသာသောအခါ မကြာခင် ပြာဖြစ်မည်ကိုပင် တန်ဆာဆင်ချင်ကြသေးသည်ကို ထူးဆန်းသလိုဖြစ်လျှက်က အံ့သြပြီး မနေတော့။

@@@@@@

အသုဘယာဉ်နောက်မှ ဆလွန်းကားလေးပေါ်တွင် ဆရာ့အိမ်သူနှင့် သမီးအငယ်လိုက်ပါပြီး ဆရာ့သားမောင်းသော နောက် ကားကြီးပေါ်တွင် အကြီးမနှင့် အလတ်မတို့ လိုက်ပါလာကြသည်။ သူတို့ နှစ်ယောက်လုံးပင် အထက်အောက် ဆင်တူ အနက်ရောင်နှင့် နေကာမျက်မှန် အနက်ရောင်ကြီးများ တပ်ထားကြလေသည်။ လက်ကိုင်ပုဝါလေးနှင့်တို့ကာ တို့ကာ တအိအိ ငိုလာလိုက်ကြသည်မှာ သုဿာန်ရောက်သည် အထိပင်။

သုဿန်ရောက်လျှင် ဇရပ်ထဲမှာ တရားနာကြသည်။ ခေါင်းထဲငြီးစီစီဖြစ်လာ၍ ဇရပ်အပြင် ခဏထွက်လာစဉ် ကျွန်တော့်မျက်လုံးထဲ တန်းဝင်လာတာက ကလေးငယ်လေးတစ်ယောက်ရဲ့ အသုဘတစ်ခု။ ခေါင်းမှာ ရေးထားတာက မောင်မြတ်ဝေ-အသက် ၈နှစ်။ ခေါင်းဘေးပတ်ပတ်လည်မှာ ပန်းနုရောင် ဖဲပွင့်ကလေးတွေ လေးငါးဆယ်ပွင့် ခပ်ကျဲကျဲ ဖြစ်သလိုကပ်ထားသော ထင်းရူးသားခေါင်းကလေး။

ခေါင်းဘေးမှာ မအေဖြစ်သူဟုထင်ရသော ပိန်ပိန်ပါးပါး အရွယ်ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက် အံကို တင်းတင်းကြိတ်လျှက်။ အမျိုးသမီး၏ရင်အောက်မှာ ပုဝါတစ်ထည် စည်းနှောင်ပေးထားသေးသည်။ ဖအေဖြစ်ပုံရသော အမျိုးသားက သူ့လက်မောင်းကို တွဲကာ ဘေးမှ လိုက်ပါလာလေသည်။ လင်မယားနှစ်ယောက်စလုံးမှာ ခပ်နွမ်းနွမ်းလေးတွေဝတ်ထား၍ လူရောင်မွဲသော အသုဘပို့လာသူများမှာ ချောက်တီးချောက်ချက်နှင့် ဘတ်စ်ကား တစ်စီးစာပင် မပြည့်တတ်။

“မ၀င်း၊ ညီမ ငိုချလိုက်နော် ငိုချလိုက် တင်းမထားနဲ့”

ဘေးမှ ညိုညိုပိန်ပိန် မိန်းမကြီး အသံ။

သို့သော် မ၀င်းဆိုသော ကလေးအမေက မငိုပါ။

“ကျွန်မ ဖြေနိုင်ပါတယ် အစ်မရယ်၊ သားလေးကိုပဲ သနားတာပါ။ နေမကောင်းလို့မှ သေချာ ဆေးမကုပေးလိုက်နိုင်တဲ့ ဘ၀”

ကလေးအမေက ပြောရင်းမှ လည်ပင်းကြောများပင် ထောင်ထလာအောင် အံကို ကြိတ်လိုက်ပြန်သည်။ ကလေးအဖေ ကတော့ မျက်ထောင့်နီကြီးများနှင့် သားအခေါင်းကိုသာ စိုက်ကြည့်နေဆဲ။ ဖြစ်ရလေ။ ဆေးကုသစရိတ် မရှိရှာလို့ ဒီကလေး ပစ်လိုက်ရတာလို့ နားလည်လိုက်မိတော့ ကျွန်တော့်ရင်ထဲ ကျင်ကနဲ ခံစားလိုက်ရသည်။ အိတ်ကပ်ထဲ စမ်းကြည့်မိတော့ ငွေလေး ငါးရာခန့် ရှိနေသည်။ ထိုအထဲမှ ငွေတစ်ရာ ရေတွက်ကာ ကလေးအဖေလက်ထဲ ထည့်ပေးလိုက်မိသည်။

“ကလေးအတွက် ဆွမ်းသွတ်အလှုထဲ ထည့်လှုပေးပါဗျာ”

စိုစွတ်သော မျက်ဝန်းများနှင့် ကလေးအဖေက ကမ်းပေးသောငွေကို လှမ်းယူရင်း မျက်နှာပေါ်မှာ အပြုံးတစ်ခု ကြိုးစားတင်ရှာသည်။ မပြုံးပြပါနဲ့ဗျာ၊ ကလေးအဖေအပြုံးကို ကျွန်တော့်စိတ်က လှမ်းတားပါသေးသည်။ ကျွန်တော်တောင်မှေ၀၀ါးလာသောမျက်ဝန်းတို့ကို အနိုင်နိုင် ထိန်းနေရတာ၊ ကလေးအဖေ၏ မပီသောအပြုံးကို ကျွန်တော် မမြင်လိုတော့ပါ။

သူတို့သားကလေးကို မီးသဂြိုလ်စက်ထဲ ထည့်ကြတော့မည်။

“ခဏလေး”

ကလေးအမေ အသံ။

သဂြိုလ်စက်ထဲမသွင်းမီ ကလေးအမေသည် အခေါင်းကို ဖွင့်ခိုင်းကာ သားကလေးမျက်နှာကို နောက်ဆုံးအကြိမ် ၀အောင် ရှု့သည်။ ခေါင်းဖျားကနေ သားခြေဖ၀ါးကလေးတွေအဆုံး တရှုံ့ရှုံ့နမ်းရှိုက်သည်။ ကလေးအဖေကမူ မျက်နှာကို တဖက်သို့သာ လွှဲထားလေသည်။

“ရပါပြီ ထည့်ကြပါတော့”

ကလေးအမေဆီမှ တိုးလျသောအသံလေး ထွက်လာခိုက် တာဝန်ရှိသူတို့က ခေါင်းကိုပိတ်ကာ ဂျိုင်းကနဲ အသံနှင့်အတူ အခေါင်းအား မီးညွန့်မီးစွယ်များထဲ တည့်သွင်းလိုက်ကြတော့သည်။ ထိုအခါမှ ကလေးအဖေသည် ခေါင်းကို အုတ်နံရံနှင့် အုန်းကနဲ ပြေးဆောင့်ရာ ကလေးအဖေကို ၀ိုင်းဆွဲသူက ဆွဲ၊ အော်ငိုသူတွေက ငိုနှင့် ပွက်လောရိုက် ကုန်ကြလေသည်။

ဆက်မကြည့်ရက်တော့ပါ။ ကျွန်တော့်သားနှင့် ရွယ်တူဖြစ်သော ကလေးတစ်ယောက်၏ နောက်ဆုံးခရီး။ ကျွန်တော့်ထက် ငယ်ရွယ်ပုံရလျှက် ပိုမိုအိုစာပုံပေါက်နေသော ကလေးမိဘနှစ်ပါး။ သီးကင်းလေးတွေလည်း တဖြုတ်ဖြုတ်ကြွေတတ်သော သေခြင်းတရား။ ကျွန်တော်တို့အားလုံး ဘယ်သူမှ ရှောင်လွှဲမရနိုင်သော လမ်းပင်။

@@@@@@

“ခေါင်းပိတ်တော့မယ်တဲ့ ဘယ်သူတွေ ကြည့်ကြဦးမလဲ”
  
“မကြည့်တော့ပါဘူး သား ပက်ထရစ်ရယ်။ နန်စီတို့ မော်လီတို့ လာကြ၊ ဒက်ဒီ့ကို နောက်ဆုံးကန်တော့ကြ”

“အီးဟီးဟီး ဒက်ဒီရေ ဒက်ဒီ ဖြစ်ရလေ ဒက်ဒီရဲ့”

“ဒက်ဒီ့ကို ထည့်တော့မလို့လားဟင်၊ ဟင့်အင်း ဒက်ဒီ နေပါဦး ဒက်ဒီရဲ့၊ သမီးတို့ကို ထားမသွားပါနဲ့နော်”

“ဟင့်အင်း ဒက်ဒီ့ကို မထည့်ကြပါနဲ့ မထည့်ကြပါနဲ့နော်”

သားသမီးများက ဆရာ့ခေါင်းကို စက်ထဲထည့်ဖို့ပြင်နေသော တာဝန်ရှိသူထံမှ ၀ိုင်းဆွဲနေကြတာ မြင်ရတော့ ကျွန်တော်ပင် စိတ်ထဲ မကောင်း။ သွားနှင့်တော့ ဆရာရေ…။

တာဝန်ရှိသူသည် အလိုလိုက်ဟန်နှင့် ခဏမျှ တန့်သွားသေးသည်။ ပြီးမှ…

“ကဲ ကျေနပ်ကြပါတော့၊ နောက်မှာ တစ်ခြား အသုဘရှင်တွေ ရှိသေးတယ်ဗျ။ ဒါနဲ့ သေစာရင်းလေး တစ်ချက်လောက် ပြလို့ရမလားဗျာ”

“ပက်ထရစ် ဒက်ဒီ့ သေစာရင်းရော”

“ရှိတယ် ရှိတယ် ခဏလေး”

ဆရာ့သားက သူ့ဘောင်းဘီအိတ်ထဲ နှိုက်ကြည့်သည်။ သို့သော် ဘာမှ ပြန်ပါမလာ။ အင်္ကျီအိတ်ထဲ နှိုက်ကြည့်ပြန်သည်။ ဘာမှ ပါမလာပြန်။

“ဟာ ပြဿနာပဲ အိမ်မှာ ကျန်ခဲ့ပြီ ထင်တယ်ဗျာ”

“အာ ဒါဆိုရင်တော့ ကျွန်တော်တို့ သဂြိုလ်ပေးခွင့် မရှိဘူး၊ စက်ထဲထည့်လို့ မရပါဘူးခင်ဗျာ”

“အို ဘယ်ဖြစ်မလဲ၊ ထည့်ပါရှင့်”

အကြီးမ နန်စီ့ အသံ။

“မထည့်လို့ ဘယ်ဖြစ်မလဲဗျာ”

ဆရာ့သား အသံ။

“အင်းလေ မော်လီတို့က ဒက်ဒီ့ကို ပြန်သယ်သွားရမှာလား လို့”

အသုဘပို့ ပရိသတ်အားလုံး ငိုသံတွေ ရှဲကနဲ ရပ်သွားကာ စို့လာသော မျက်ရည်တို့ပင် ပြန်ဝင်သွားချင်ချင်။ ဆရာသာ ကြားနိုင်ရင်တော့ ခုမှပဲ ရင်ကွဲ သေချင်စရာဖြစ်လေသည်။

“ဒါဆိုလည်း ခဏလေး ဘေးဖယ်ကြပါဦးဗျာ၊ နောက်က အသုဘတွေ အရင် သဂြို င်္လ်ပါစေ”

အခေါင်းကို တရားနာဇရပ်ဆီသို့ ပြန်သယ်လာကြကာ ဆရာ့သားက အိမ်ကို ဖုန်းဆက်မေးသည်။ ဆရာ့သမီး အကြီးမနှစ်ယောက် ကတော့ အငိုရပ်သွားကာ သူတို့အစ်ကိုကို စောင်ပေပေ ကြည့်လျှက်ရှိသည်။

“ဟဲ့ မိဥ တီဗီနားတို့၊  အိမ်ရှေ့က စားပွဲခုံပေါ်တို့ ရှာကြည့်စမ်း၊ ဒက်ဒီ့ သေစာရင်းစာရွက်များ ငါ တင်ထားခဲ့မိ သလားလို့၊ အေးလေ အိမ်က မထွက်ခင်ကပဲ အသုဘကားလာတော့ ငါ ထုတ်ပြလိုက်သေးတာ။ ဟမ် တွေ့လား တွေ့ပြီလား၊ အေး အေး အဲဒါ သုဿန်ကို အမြန်လာပို့ပေးစမ်း ကြားလား ဒါပဲ ဒါပဲ”

ခဏကြာတော့ ဆရာ့သားဖုန်းက မြည်လာပြန်သည်။

“ဘာ ကားမောင်းပို့မဲ့သူ မရှိဘူး ဟုတ်လား။ ဟာ ဦးနှောက်မရှိတဲ့ဟာတွေ၊ တွေ့ရာတက်စီ ငှားလာခဲ့ပေါ့ဟ။ အရေးထဲ လာ လာ မြန်မြန်သာ လာခဲ့”

ဖြူသော ဆရာ့သားမျက်နှာမှာ နီမြန်းလာလျှက် ကျန်သူတွေအားလုံး၏မျက်နှာများမှာကား ရယ်ချင်ပက်ကျိနှင့် မကောင်းတတ်လို့ မြိုမြိုချထားရတဲ့ ရုပ်တွေနှင့် ဖြစ်လေသည်။

ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညမီးလုံးများပင် ထွန်းညှိချိန်။ မိန်းမက သောက်ရေတစ်ခွက် ကမ်းပေးရင်း ဆိုသည်။

“ကြာလိုက်တာ ကိုရယ်၊ အသုဘက နေ့လည် နှစ်နာရီဆို”

မိန်းမအမေးကို ပြန်မဖြေနိုင်သေးဘဲ ရေကိုသာ အငမ်းမရ သောက်ချလိုက်မိသည်။ ပူလိုက်တဲ့ ရင်။ အဖြစ်အပျက်တို့ကို အတိုချုံးကာ မိန်းမကို ပြောပြလိုက်တော့ မိန်းမခမျာ ဖြစ်နိုင်ခဲလှပေခြင်းရယ်လို့ အံ့သြဘနန်း ရင်ဘတ်ဖိရှာသည်။

@@@@@@

နှစ်တွေတော်တော်လေး ကြာခဲ့ပါပြီ။ သူ့သားတွေ သမီးတွေတောင် အရွယ်ရောက်လို့ အိမ်ထောင်ရက်သားတွေ ကျကုန်ကြပြီ။ နယ်မြို့လေးတစ်မြို့ဆီ ပြောင်းရွှေ့တာဝန်ကျတုန်းက သူ့ဆရာဦးကျော်ဇော အသုဘမှာ ဖြစ်ခဲ့တာတွေကို ဒီကနေ့မှ သူ့စိတ်ထဲ ထူးထူးလည်လည် အမှတ်ရနေမိတယ်။ ခုတော့ သူရော သူ့မိန်းမရော လူအိုတွေ ဖြစ်ကုန်ကြပြီ။ ဆေးခန်း ဆေးရုံတွေဆိုတာကတော့ ၀င်တစ်ခါ ထွက်တစ်လှည့်ရယ်။ မိန်းမအသုဘကိုပဲ သူ အရင် ရေစက်ချရမလား၊ သူ့အသုဘကိုပဲ မိန်းမက ရေစက်ခွက်ကိုင်ရမလားဆိုတဲ့ အခြေအနေမျိုးက အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထား။

သားသမီးတွေကို အမွေတွေ ဘာတွေ ခွဲဝေပေးနေစရာလည်း များများစားစားတော့ မရှိလှပါဘူး။ ဒီအိမ်လေးတစ်လုံးရယ်၊ သူ့မိန်းမ လက်ဝတ်လက်စားလေး နည်းနည်းရယ်၊ တီဗီလေး ကက်ဆက်လေးရယ် ဒီလောက်ပါပဲ။ သေတမ်းစာတွေ ဘာတွေ ရေးရလောက်တဲ့အထိမှ မဟုတ်တော့လည်း ခပ်အေးအေးပဲ။ ဘာမှ နောက်မှာ ဆံချည်တစ်မျှင် တင်းနေစရာမရှိဘူးပေါ့။

ထမင်းစားနေတဲ့ သူ့သားကြီးမိသားစုကိုတွေ့တော့မှ သူ့ မသိစိတ်ထဲမှာ ကပ်ငြိနေတဲ့ ပူပန်မှုတစ်ခုက စကားလုံးတွေအဖြစ်နဲ့ သူ့နှုတ်က လွှတ်ကနဲ ထွက်ကျသွားတယ်။
  
“မိန်းမရာ ငါများသေရင်လေ သုဿန်ကို သေစာရင်းယူခဲ့ဖို့ မမေ့နဲ့လို့ မင့်သားကြီးကို အသေအချာ မှာထားစမ်းပါကွာ နော်”

ရုတ်တရက်မို့ သူ့မိန်းမအဖွားကြီးက ဒီအဘိုးကြီးနှယ် ဘာစိတ်ကူးများပေါက်ရပြန်သတုန်းဆိုတဲ့ မျက်နှာပေးနဲ့ သူ့ကို တစ်လှည့်၊ သားကြီးကို တစ်လှည့် ဂြိုလ်ကြည့် ကြည့်နေလေတော့တယ်။


Faces - မုခ မဂ္ဂဇင်း - သြဂုတ်လ-၂၀၁၂



15 comments:

မြသွေးနီ said...

လူထဲက လူတွေအကြောင်း ဖတ်ရတာ ဘယ်တော့မှ ရိုးမသွားဘူးနော်..။
ဒီလို မလိုတဲ့နေရာ တန်ဆာဆင်တဲ့ လူတွေ ပတ်ဝန်းကျင်မှာ တွေ့ဘူးတယ်အစ်မ။ ကြက်ဆူသီးလို လူစားမျိုးတွေပေါ့နော်။ အဆုံးသတ်လေးကို နှစ်သက်မိတယ်။ အစ်မချစ် လက်သွက်သွက်နဲ့ ရေးတဲ့အထဲမှာ ဒါလေးကို သဘောတွေ့တယ်။ ဘေးလူကနေ မြင်တဲ့ အမြင်နဲ့ ရေးတာမို့ ဇာတ်ကောင်တွေ ကြွနေတာပဲနော်။ ဆက်ပြီး စာတွေ အများကြီး အားကြီး ရေးနိုင်ပါစေလို့..။

သက်ဝေ said...

Bravo ချစ်...
သိပ်ရေးတတ်တာပဲ... ဇာတ်လမ်း ဇာတ်ကွက် အလှည့် အချိုး၊ စကားလုံး အသုံး အနှုန်း အရေးအသား အားလုံး လှလှပပနဲ့ ဖတ်လို့ သိပ်ကောင်းတယ်...း)

Nyi Linn Thit said...

ဒီလို အသုဘမျိုးကတော့ မသာတစ်ခေါက်၊ ကျောင်းအခေါက်နှစ်ဆယ် လို့တောင် ဆိုရမယ် ထင်တယ်၊ တရားကျစရာ၊ သံဝေဂ ရစရာတွေက ပိုများလို့..၊ ဇတ်လမ်းထဲက ပြောကွက်၊ ပြကွက်တွေက တစ်ခုချင်းကို ရှင်းရှင်းလင်းလင်းနဲ့ တစ်ရစ်ချင်း ဆွဲတင်သွားခဲ့တယ်၊ အမချစ်ကြည်အေးကတော့ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲဗျာ..၊ Two Thumbs up sis...!!!

ကိုကိုမောင်(ပန်းရနံ့) said...

သွားသူနဲ့ကျန်ရစ်သူတွေအကြား
အခုလို အဖြစ်အပျက်မျိုးတွေ အတော်များနေဦးမှာပါဘဲ။
တရားရဖို့ ကောင်းတယ်နော် အမ။

aung moore said...

ရေးအားကောင်းလှချည်လား ....

AUNG -Spore said...

very nice .......................(Min Aung Khaing)

mysterysnow said...

မမချစ်

ဒီတစ်ပုဒ်ကို အရမ်းသဘောကျတယ်။
အရမ်းရေးတတ်တာပဲ။
ဒီလိုမျိုး စာကောင်းကောင်းတွေ များများ ရေးနိုင်ပါစေ။

ညီမ နှင်း

Thandar Lwin said...

အမချစ် အရမ်းရေးတတ်တာဘဲ ...သားလေး ကိုခေါင်းကနေ ခြေဖျားထိ နမ်းတဲ့ အမေ ကိုဖတ်ပြီး .......နောက်..သေမဲ့သေ အမေရိကားသွားလည်ပြီးမှ အဖေကို သေစေချင်ပုံရသော..ကိုဖတ်ပြီး...အို .အားလုံး ကိုသေချာဖတ်ပြီး ခံစားသွားတယ် အမချစ်

mstint said...

ကိုယ်ပိုင်သံစဉ်လေးတွေ နားထောင်ရင်း လူတို့ရဲ့ သဘောသဘာဝနဲ့ ဆက်နွယ်ရေးသားထားတာလေးတွေ သဘောကျလို့ ဒုတိယအကြိမ် 'အကြေးခွံများ' ဖတ်သွားတယ် မချစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ...
စာအုပ်ပေါ်မှာ ဖတ်ရသလိုပါဘဲ..
အစ်မချစ်လက်ရာက ပရိုဖြစ်နေပြီလေ..
အားကျလိုက်တာ အစ်မတို့များ ရေးတတ်လွန်းလို့
အရေးသွက်သွက် လက်ထက်ထက် နဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒါနဲ့ ကျန်သွားတယ်
စာလည်းဖတ် သီချင်းတွေလည်း တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်သွားတယ် အစ်မ..
ခွေ ဘယ်တော့ ထုတ်မတုန်းး)

sonata-cantata said...

မနေ့က ဖတ်ပြီးပါတယ် ချစ်ကြည်ရေ...
မျက်ရည်ကျရလို့ ကော်မန့် မရေးနိုင်ခဲ့ဘူး။
အဖေအမေနား မနေနိုင်တဲ့ ဒီက မယ်သီက နန်စီ၊ မော်လီတို့ထက်တောင် အရုပ်ဆိုးလေမလားလို့ မတွေးချင်တော့ဘူး...ချစ်ကြည်ရယ်

~ဏီလင်းညို~ said...

မိုက်တယ်.....
အသုဘကြီးကို ပြန်သယ်သွားရမှာလားဆိုတဲ့ စာသားတွေဖတ်လိုက်ရတော့ ဖတ်ရင်း ခေါင်းငြိမ့်မိတယ်။
အားလုံး...ဒုက္ခကိုယ်စီဆိုတော့လည်း.....
(စဉ်းစားသွားပါသည်။)

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

ခနွဲ said...

ဘဝတွေက ကွာခြားနေတော့ ဒီလိုပါပဲလေ...။ ချမ်းသာတဲ့သူ နဲ့ ဆင်းရဲတဲ့သူ ဆိုတော့လည်း......။ ဒါပေမယ့် သေဆုံးခြင်းဆိုတာ လူမခွဲပါဘူး ဆိုပြီး တွေးမိသွားပါတယ်....။

သိင်္ဂါကျော် said...

အစ်မရေးတာလေးတွေ အမြဲတမ်း သဘာဝကျပြီး ဖတ်လို့ ကောင်းတယ်..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်