Thursday, August 9, 2012

ဆန့်ကျင်ရုန်းထွက်....

အမျိုးသမီးပီပီ  Facial လို့ခေါ်တဲ့ မျက်နှာသစ်၊ ပေါင်းတင် အဲသလို အသားအရည်ထိန်းသိမ်းပေးတဲ့ ဆိုင်တွေကို တခါတလေ ကျွန်မ သွားလေ့ရှိပါတယ်။ လှချင်ပချင်တဲ့ စိတ်အပြင် အနားယူချင်၊ ဇိမ်ခံချင်တဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ အဲဒီမှာက ဇက်ကြော၊ ပခုံးကြောတွေကို နှိပ်နယ်ပေးတာလည်း ပါဝင်တာကိုး။ ကျွန်မက Adonis ကို သွားလေ့ရှိတယ်။ အဲဒီဆိုင်ရဲ့ ၀န်ဆောင်မှုကို ကျွန်မ ကြိုက်နှစ်သက်မိတာကြောင့်ပါ။

Facial လုပ်ရမဲ့အခန်းထဲ ရောက်တာနဲ့ ပက်လက်လှဲအိပ်စေပြီး ခြေဖ၀ါးတွေကို ခြေမျက်စေ့မြုတ်တဲ့ အထိ ရေနွေးစိမ်ပေးပါတယ်။ အဲဒါကိုလည်း အတော်လေး သဘောကျမိတယ်။ လူတွေဟာ  နေ့တစ်ဓူဝ သွားလာလုပ်ကိုင်နေကြတဲ့နေရာမှာ လူမြင်တင့်တယ်စေဖို့ လှတစ်မျက်နှာကို ဂရုစိုက်သလောက် ဒီခြေဖ၀ါးတွေကိုတော့ ဂရုစိုက် နွေးထွေးစေသူ အင်မတန် ရှားမှာပါ။ အဲဒီအချိန်တွေမှာ ကျွန်မ စိတ်တွေကို ဖြေလျှော့ချ၊ မျက်စေ့မှိတ်ပြီး စိတ်ရော လူပါ နားနေလေ့ ရှိပါတယ်။ တကယ်လည်း သက်တောင့်သက်သာရှိတာမို့ပါ။

ပြီးရင်တော့ မျက်နှာသန့်စင်ပေးပြီး အအေးပေါင်းတင်တဲ့နည်း (Cool steam)နဲ့ မျက်နှာပေါ်က ချွေးပေါက်တွေ ပွင့်စေပါတယ်။ နောက်တစ်ဆင့်ကျတော့ မျက်နှာပေါ်က Black heads၊ white heads လို့ခေါ်တဲ့ အဆံလေးတွေ ညှစ်ထုတ်ပေးပါတယ်။ Facial process တစ်ခုလုံးမှာ အဲဒီအဆင့်ဟာ ကျွန်မ မကြိုက်ဆုံးအဆင့်ပါပဲ။ ၀န်ဆောင်ပေးသူ (Beauty Therapist လို့ ခေါ်ကြပါတယ်) ကျွမ်းကျင်ရင် မဆိုစလောက်ကလေးပဲ နာပေမဲ့ မကျွမ်းကျင်ရင်၊ အကိုင်အတွယ်ကြမ်းရင် နည်းနည်း နာကျင်တတ်လို့ပါပဲ။

နောက်တစ်ဆင့်ကတော့ ကျွန်မအကြိုက် မျက်နှာ၊ လည်ပင်းနဲ့ ဇက်ကြောတွေမှာ အဆီတစ်မျိုး လူးပေးပြီး နှိပ်နယ်ပေးတဲ့ အဆင့်ပါ။ မျက်နှာကို လည်ပင်းကစလို့ အပေါ်ကို ပင့်တင်ပြီး နှိပ်နယ်ပေးတာမို့ lifting ပါ ပါပြီးသား ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခုနလူးထားတဲ့ အဆီတွေကို ဆေးကြော ဖယ်ရှားပေးပါတယ်။ နောက်ဆုံးအဆင့် မျက်နှာပေါင်းတင်ပေးတဲ့ အဆင့်ရောက်တဲ့အခါမှာတော့ မျက်နှာအသားအရည်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဘာနဲ့ ပေါင်းတင်ပေးရမယ် ဆိုတာကို ရွေးချယ်ပေးပါတယ်။ အိပ်ရေးတွေ သိတ်ပျက်လို့ မျက်နှာအသားအရည် ခြောက် ခမ်းနေရင် ရေပါတဲ့ Mask မျိုး၊ ညိုတဲ့ အသားအရည်အတွက် Whitening ပါတဲ့ Mask မျိုးပေါ့။ အဲသလို မျက်နှာပေါ် ပေါင်းတင်ခရင်မ်တွေ နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် လူးထားတဲ့ အချိန်မှာတော့ အခန်းမီးကို အမှောင်နီးပါး မှိန်ထားခဲ့ပြီး အချိန်စေ့မှ ၀န်ဆောင်မှုပေးတဲ့ မိန်းကလေးက ပြန်ဝင် လာလေ့ရှိပါတယ်။  အဲဒီအချိန်က လူရော စိတ်ပါ လုံးဝနားနေရမဲ့ အချိန်ပါ။ မကြာခဏဆိုသလို အိပ်ပျော်လုလုအနေအထားကို ရောက်သွားတတ်တဲ့ အချိန်ပေါ့း)

ကျွန်မ ပြောချင်တာ ခုမှ ရောက်ပါပြီ။ ပေါင်းတင်ခရင်မ်လူးရမဲ့ အဆင့်ပါ။ ပေါင်းတင်ခရင်မ်မလူးခင်မှာ မျက်နှာပေါ်ကို မျက်နှာတစ်မျက်နှာစာ အပေါက်လေးတွေပါတဲ့  ပိတ်ပါးကလေး အုပ်ထားပေးပါသေး တယ်။ နှာခေါင်းပေါက်နေရာမှာ အပေါက်ကလေးနှစ်ပေါက် ဖောက်ထားပေးတဲ့ ပိတ်ပါးကလေးပေါ့။  မျက်နှာပေါင်းတင်ခရင်မ် လူးပေးခါနီးမှာ ကျွန်မကို မေးလာပါတယ်။ (ပေါင်းတင်ခရင်မ်ဟာ တော်တော်လေး ပျစ်ပျစ်စေးစေးတွေပါ) မျက်နှာပေါင်းတင် ခရင်မ်ကို နှုတ်ခမ်းတွေပေါ်မှာပါ လူးမလား ဆိုတာပါပဲ။ ကျွန်မကလည်း ရတယ် လူးလိုက်ပါလို့ပဲ ပြောလိုက်ပါတယ်။ လူးပေးပြီးတာနဲ့ မီးကလေး မှိန်ချလို့၊ ကျွန်မကို အခန်းထဲထားခဲ့ပါတယ်။

ကျွန်မရဲ့ မျက်နှာတစ်ခုလုံးအပေါ်မှာ ပိတ်ပါးကလေးတစ်စရယ်၊ ပေါင်းတင်ခရင်မ် စေးပျစ်ပျစ်တွေရယ်က မှိတ်ထားတဲ့ မျက်လုံးပေါ်မှာ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပေါ်မှာ။ ပြောရရင် တစ်မျက်နှာလုံး ပိန်းပိတ်နေတဲ့ အနေအထားမှာ။ ပထမတော့ ကျွန်မ အဆင်ပြေသလို ရှိပေမဲ့ ခဏအကြာမှာ ကျွန်မ စိတ်တွေ မွန်းကြပ်လို့ လာပါတော့တယ်။ မျက်လုံးတွေ မှိတ်ထားရက်နဲ့ ကျွန်မ မြင်နေရတာက ပကတိ အမှောင်။ ဖွင့်မရတဲ့ မျက်လုံးတွေ၊ အဲဒီမျက်လုံးတွေရဲ့အပေါ်မှာ လေးလံဖိပိတ်ထားတဲ့ ကရင်မ် စေးပျစ်ပျစ်တွေ။ နှုတ်ခမ်းတွေကလည်း ဖွင့်မရ၊ စေးပျစ်နေတဲ့ ကရင်မ်တွေနဲ့ တင်းကျပ်စေ့ပိတ်လို့။ နှာခေါင်းပေါက်ကနေ လေရှုလို့ ရနေရက်က မွန်းကြပ်လာလိုက်တာ။ ဘယ်လိုမှ နေမရအောင် ကျွန်မ တစ်ကိုယ်လုံး တုတ်နှောင်ခံထားရသလို အကျဉ်းကျတဲ့ ခံစားမှုမျိုး။ ဘုရားသာ တမိတော့တယ်။ ဒီလိုအနေအထားမျိုးမှာ ခပ်ကြာကြာသာနေရရင် ကျွန်မ သေ သွားတော့မလားတောင် ထင်မိပါရဲ့။ တကယ်ပဲ အသက်ရှုရပ်သွားတော့မလား ထင်မိပေမဲ့ ကျွန်မနှာခေါင်းပေါက်ကနေ အသက်ရှုလို့ ရနေသေးတာကို သိနေတယ်။ ဒါပေမဲ့ ခက်တာက ဘယ်လိုမှ အသက်ရှုလို့ မ၀ဘူး။ မျက်နှာပေါ် အင်္ဂတေကိုင်ထားတဲ့ ခံစားနေရမှုဟာ တကယ်ကိုပဲ ဆိုးဝါးလှပါတယ်။ လူတွေဟာ ဖိချုပ်ခံရမှုအပေါ် ရုန်းကန်တိုးထွက်လိုစိတ်နဲ့ တုန့်ပြန်တယ်ဆိုတာကို ကျွန်မ လက်တွေ့ ခံစားခဲ့ရတဲ့ အချိန်ခဏလေးပေါ့။

ဒါ ကျွန်မ ခံစားမှုသက်သက်ပါ။ တကယ်တော့ အဲလိုသာ မွန်းကြပ်နေမယ်ဆို ဆိုင်က ဘယ်လုပ်ပေးပါ့မလဲနော်။ သူများတွေလည်း ဒီလိုပဲ မျက်နှာပေါင်းတင်ခရင်မ်တွေ လူးပြီး နေဖူးကြတာပဲ။ ကျွန်မလည်း အရင်ခါတွေမှာ လုပ်ဖူးခဲ့တာပါပဲ။ ဘာကြောင့်မှန်းမသိ၊ အဲ့ဒီတစ်ခါပဲ အဲသလို ခံစားမှုမျိုး ရခဲ့တာ။ အဲသလို အသက်ရှုမ၀ဘဲ သေများသေတော့မလားလို့ ကျွန်မအတွေးတွေ ကယောင်ကတမ်း လန့်နေချိန်မှာ ကျွန်မ တရားမှတ်ဖို့ သတိရလိုက်မိတယ်။ သေချင်သေပါစေတော့ ဆိုတဲ့စိတ်နဲ့ တစ်ကိုယ်လုံးကို ပြေလျှော့ချလိုက်ပြီး ခံစားနေရတဲ့ မွန်းကြပ်မှုလေးကို တစ်စပြီး တစ်စ ဆွဲထုတ် ရှု့မှတ်နေ လိုက်တော့တယ်။

မွန်းကြပ်မှုတွေနဲ့ နေသားတကျရှိလာပြီး အမှတ်စိတ်လေးနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီ လေးဆယ့်ငါးမိနစ်ဟာ တရားသာ မှတ်မနေဘူးဆိုရင် ဘယ်လောက်ကြာရှည်မယ်မှန်း မသိနိုင်ဘူး။ အဲဒီနေ့က အိမ်အပြန်လမ်းမှာ ကျွန်မရင်ထဲ အတွေးတွေ ပတ်ချာလည်နေတော့တာ။ ခဏကလေးမှ ခဏကလေး အမှောင်ထဲ မွန်းကြပ်ပိတ်မိတာကိုတောင် ဒီလောက်ခံစားထိတ်လန့်နေရရင် ကျွန်မမျက်လုံးတွေ မမြင်ရတော့ဘဲ အမှောင်ထုထဲ အမြဲတမ်းသာနေသွားရရင် ဆိုတဲ့ အတွေး။ ခြေတွေ လက်တွေ ရုန်းကန်လှုပ်ရှားနေနိုင် ပါရက်နဲ့ အသက်ရှုလို့ ရနေပါရက်နဲ့တောင် ပိတ်ဆို့မှုဆိုတာကို ခံစားနေရတာ၊ တကယ်များ ချုပ်နှောင်ပိတ်ဆို့ခံရရင် ဆိုတဲ့ အတွေး။

အဲဒီအတွေးတွေနဲ့ နေ့မသိ ညမသိ အမှောင်ထုထဲမှာ နေနေရသူတွေ။ ခြေတွေလက်တွေ လှုပ်ရှား ရှင်သန်နိုင်ပါရက်နဲ့ ခရီး ဝေးဝေးမရောက်နိုင်ရအောင် ပိတ်ဆို့ခံနေကြရသူတွေ။  သူတို့အပေါ် ကိုယ်ချင်းစာ စိတ်တွေနဲ့ သူတို့ရဲ့ အသက်ဆက်ရှင်သန်နေနိုင်မှု ဘ၀ခွန်အားတွေကို လေးစားအားကျ မိရတယ်။ ငွေပန်း ကလေးတွေဟာဖြင့် အဖြူရောင်၊ ကောင်းကင်ကြီးဟာဖြင့် အပြာရောင်၊ တိမ်တွေဟာဖြင့် တစ်ခါတစ်လေ မီးခိုး၊ တစ်ခါတစ်လေ ၀ါရွှေ၊ ပန်းသီးကလေးဟာဖြင့် အနီရောင် အဲသလို အရောင်စုံလှတဲ့ သဘာဝ အလှတွေ သူတို့ကို ခံစားသိကြစေချင်လိုက်တာ။ သဘာဝကို အရှိအတိုင်း မခံစားနိုင်သူတွေအပေါ် ဂရုဏာသက်မိရင်း ကျွန်မ မျက်ရည်ကျခဲ့ရတယ်။

အဲဒီတုန်းက မွန်းကြပ်မှုမျိုးကို ခုစာရေးရင်း ပြန်တွေးမိတာနဲ့တင် ကျွန်မ မောလှိုက်လို့လာတော့တယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ အချိန်အားရတဲ့အခါ ကျွန်မ Facial သွားဖြစ်ဦးမှာပါပဲ။


 

14 comments:

sosegado said...

လှချင်တာကိုး

ချစ်ကြည်အေး said...

ကိုဆိုဆီ....သိတယ်။ အဲလို ပြောကြမယ်ဆိုတာ။။။ အဲတုန်းကသာ သေသွားရင် ဘယ်သူကမှ သနားကြမယ် မထင်ဘူး....ဟဟဟားးးးး

Kay said...

စကားပြောလာပြီ လေ..။း)

ကျမ ဆိုလည်း မျက်နှာ ကလိ ပေမဲ့..ခြေထောက်ဆို အရမ်းပျင်းတယ်။ ခြေထောက်တွေကလည်း ရွတ်တွ နေတာပဲမို့..ခဏ ခဏ pedicure လုပ်ဖို့ စိတ်ကူးပေမဲ့.. ကိုယ့်ခြေထောက်ကို တခြားတယောက်ယောက် ကို ကိုင်ခိုင်းရမဲ့ အလုပ်ကို ..ခုထိ မလုပ်ရဲသေးဘူး။

Unknown said...

အမူးပြေတော့ ထန်းပင်တခါပြန်မော့ကြတာပေါ့ အမချစ်ရေ....

မာလာ said...

အစ်မရေ ဆိုင်နာမည်လေးများ ပြောပြလို့ ရမလားရှင် ဖြစ်နိုင်ရင်ဈေးနှုန်းရောပေါ့ နော်
ကျေးဇူးပါ
မာလာ

ချစ်ကြည်အေး said...

ညီမ မာလာရေ...ဆိုင်နာမည်က Adonis ပါ။ ဈေးနှုန်းကတော့ အစားစားရှိပါတယ်။ ကိုယ်ရွေးတဲ့ Treatment facial ပေါ် မူတည်ပါတယ်။ အစ်မက ပရိုမိုးရှင်း စလုံး ၅၀၀ ကို Treatment ၄ခါ ပါတဲ့ Packageကို ၀ယ်လိုက်တာပါ။ ဆိုတော့ တစ်ခေါက်သွားရင် ၁၂၅ ကျပါတယ်။ ပုံမှန်ဆို ဒီထက်ဈေးကြီးပေမဲ့ အဲလို ပရိုမိုးရှင်းဈေးနဲ့ ရရင် တန်တယ်လို့ ပြောရပါမယ်။ လင့်ခ်က ဒီမှာပါ။ http://www.adonis-beauty.com/

co coe said...

တိုက်ဆိုင်လိုက်တာ အမချစ်ရေ။ လွန်ခဲ့တဲ့ ၃ ပတ်လောက်က Facial သွားရင်း အဲ့ဒီအဆင့်မှာ သူစပြီး စေးပျစ်ပျစ်ခရင်မ်အအေးတွေလိမ်းတဲ့အချိန်မ ရုတ်တရက် လူက အရမ်းမွန်းကြပ်လာတယ်။ နောက်တော့ ဆက်မနေနိုင်တော့လောက်အောင်ဖြစ်လာလို့ ငါမျက်စိဖွင့်ရမှဖြစ်မယ်လို့ပြောပြီး ချက်ချင်းရပ်ခိုင်း မျက်နှာပေါ်ကပိတ်စတွေ ခရင်မ်တွေ မျက်လုံးအုပ်ထားတာတွေ အကုန်ဖယ်ပြီး အသက်ကို ပါးစပ်ကရော နှာခေါင်းကရော အားရပါးရရှူပြစ်လိုက်ရတယ်။ အရင်အခေါက်တွေတုန်းက တခါမှအဲ့လိုမဖြစ်ခဲ့ဖူးပဲ ဒီတခါမှ ဖစ်တာချင်းလည်း တူတယ်။ ခဏနေတော့မှ အကုန်ပြန်လုပ်ရတယ်။ အဲ့အချိန် ဝင်သက်ထွက်သက်ရှူရင်း အမှတ်နဲ့နေလိုက်တော့မှ နေလို့ရသွားတော့တယ်။ အဲ့ခဏမှာ ငါသာမျက်စိမမြင်တော့ရင် ဘယ်လိုနေမလဲ မျက်စိမမြင်ရတဲ့သူတွေ ဘယ်လိုနေရှာမလဲဆိုတဲ့အတွေးတွေနဲ့ အမှောင်ထုဆိုတာကြီးကို ဆက်အတွေးပွားနေမိတယ်။ အမျိုးသားကိုတောင်ပြောပြမယ်ဆိုပြီး တခြားကိစ္စတွေနဲ့ ပြောဖို့မေ့သွားတယ်။ အမချစ်ရေးထားတာပေးဖတ်လိုက်ပြီး အဲ့လိုခံစားခဲ့ရတယ်လို့ပြောလိုက်ဦးမယ် :-) အဲ့လိုဖြစ်လို့ မသွားတော့ဘူးလားဆိုတော့..အင်း ခုနကပဲ ပရိုမိုးရှင်းတခုတွေ့လို့ အဲ့ဒီဆိုင် ကောင်းမကောင်း review လိုက်ဖတ်နေတယ် :-P

ချစ်ကြည်အေး said...

ညီမ ကိုကိုး...တိုက်ဆိုင်တယ်ဆိုလို့ ၀မ်းသာတယ် (ဟမ်)း)
တို့ အမျိုးသမီးတွေကိုက လှချင်ပချင်တော့လည်း ခက်သကွယ်...းD

မိုးငွေ့........ said...

Facial လုပ်တိုင်းအဲလိုခံစားမိတယ် ဒါမယ့် မကြီးလိုအတွေးမျိုးမတွေ့မိဘူး..။ ဟုတ်တယ်နော်...အတွေးကောင်းလိုက်တာ စာလေးတပုဒ်ရသွားတယ်..တော်ချက်..။

မာလာ said...

အစ်မချစ်ရေ.. ကျေးဇူးအများကြီးနော်။ ကျွန်မလည်းတတ်နိုင်လားမတတ်နိုင်လားစဉ်းစားနိုင်တာပေါ့ ရှင် Treatment steps ကိုတော့ အရမ်းသဘောကျပါတယ်

mstint said...

ခံစားဘူးတယ် မချစ်ရေ အခုတော့ စိတ်ကျဉ်းကြပ်မှုလည်းဖြစ်ဘူးခဲ့တယ်။ အခုတော့ မလုပ်ဖြစ်တော့ဘူးး) စကားမစပ် L. Shampoo နဲ့အဆင်ပြေလား ?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

အိပ်ပျော်သွားတာ များတယ်..အဲဒီလို တခါမှ မဖြစ်သေးဘူး...

Nyi Linn Thit said...

အီဂျစ်တွေ ခေတ်ကောင်းစဉ်တုန်းက တစ်စုံတစ်ယောက်မသေသေးဘဲ မံမီအလုပ်ခံရရင် ရမယ့်ခံစားမှုက အဲဒါမျိုး ဖြစ်မယ်လို့ တွေးမိတယ် အမချစ်ကြည်အေးရေ...၊း)

မြသွေးနီ said...

မြသွေး ၁၀တန်းကျောင်းသူဘ၀က ပြည်ပမှာနေတဲ့ အဒေါ်၊ ရန်ကုန်လာရင်း သူခေါ်လို့ ဟောလီးဝုဒ်ဒေါ်ကစ်တီဆိုင် လိုက်သွားဖူးတယ်။ အဲ့ဒီအချိန်တုန်းက အဲ့ဒါတွေ အခုလို ခေတ်မစားသေးဘူး။ သူကတော့ ဟိုမှာလုပ်နေကြလေ..။ ကိုယ်က ခုနအစ်မပြောသလို ခံစားမှုတွေ ၀င်လာတာပေါ့။ မျက်လုံးကလည်း ပိတ်ထားသေးတော့ အရမ်းကို ထိတ်လန့်မိတယ်။ ဖြတ်လျှောက်နေတဲ့ ခြေသံတွေကို နားထောင်ရင်း ငါ ဘာများဖြစ်သွားမလဲ၊ ငါ့ကိုဘာများလုပ်ဦးမလဲဆို တထိတ်ထိတ်နဲ့ပေါ့။ မနေနိုင်တဲ့အဆုံး အဒေါ်ကို လှမ်းအော်တော့ သူက တစ်ဘက်ခန်းမှာ ရှိတယ်ဆို အသံပြန်ပြုတယ်။ သူနဲ့ အဲ့ဒါကြီး မပြီးမချင်း သူနဲ့ စကားပြောနေရင်း စိတ်ဖြေရတယ်။ နောင် ..အဲ့ဒီဆိုင်သွားမယ် လိုက်မလားဆို..နိုးးးးးဘဲ..။

အခုတော့ မကြောက်တော့ပါဘူး။ တစ်ရေးအိပ်ပစ်လိုက်တာ အိပ်ရေးတောင် မ၀ချင်ဘူး.. :))

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်