Saturday, January 28, 2012

I am charging me

အသေအချာပဲ။ ခုတစ်လော၊ တစ်ကယ်တော့ အဲဒီ ခုတစ်လောက အတော်ကြာခဲ့ပြီ။ စာမရေးချင်တာ၊ စာမဖတ်ချင်တာ။ ကိုယ့်ကိုယ်ကိုတောင် သယ်မနေချင်တော့တာ။ ပြောရရင် အားစိုက်ထုတ်ရမဲ့ ကိစ္စတွေကို ဘာမှ မလုပ်ချင်တော့ တာ။ ပေါ့ပေါ့ပါးပါးတွေပဲ…ဟေးလားဝါးလားလုပ်နေရရင်တော့ စိတ်ပြေနေသလိုပဲ။ အဲ…ဒီလိုဆိုလိုက်တော့ အတည်ပေါက်ကြီးတွေဆို စိတ်ကတင်းကြပ်နေတယ်ဆိုတဲ့ သဘောရောက်မသွားပေဘူးလား။ မုန့်လေပွေစားပြီး မိုးပျံပူဖောင်းရောင်းရရင် ကောင်းမလားပဲ။ အင်မတန် ပေါ့ပါးတယ်လေ….။

ဒီလိုပဲ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် တဲ့။ မိုရီယာမင်းသွင်းပေးကြတယ်။ ခက်တာက ကိုယ်ကိုယ်တိုင်ပဲ။ စိတ်က ဘယ်လိုမှ တက်မလာဘူး။ အသက်ကြီးလာလို့များလား…။ မဟုတ်သေးပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ထက်ကြီးတဲ့ အစ်မတော်၊ နောင်တော်တွေ…ပျော်ရွှင်တက်ကြွနေတာပဲဟာ။ (ပြောပုံက ရိုက်ပေါက်တော့ မဟုတ်လောက်ပါဘူးနော်) တစ်ခါတစ်လေတော့လည်း ဖေ့စ်ဘုတ်သုံးရတာ ပျော်စရာ။ ကိုယ်တင်ချင်တဲ့ စတေးတပ်စ်လေးတွေရေး၊ အဲဒီကမှ ၀ိုင်းဝန်း ပြောဆို နောက်ပြောင်ကြ၊ များသောအားဖြင့်တော့ ပြုံးချင်စရာ အထေ့အငေါ့လေးတွေပဲ တင်ဖြစ်တာပါ။ ကိုယ်မတင်လည်း သူများတင်ထားတဲ့ စတေးတပ်စ်တွေအောက်မှာ သွားနောက်တာမျိုးပေါ့။ အခိုက်အတန့်တော့ စိတ်ပေါ့ပါးသွားသလို မျက်နှာကြောတွေ ပြေလျော့သွားတာတော့ အမှန်ပဲ။

ဘယ်သူတွေ ဘာပဲပြောပြော၊ ကိုယ်က အွန်လိုင်းမှာ စာရေးနေတာလေ လို့ ပြောလိုက်ရရင်ကို လျှာအရသာ တွေ့နေတော့တာ။ နဲနဲလေးမှ မလျှော့ဘူးပဲ။ အဲဒီအွန်လိုင်းမှာ စာရေးနေတယ် ဆိုတဲ့ကောင်ကလည်း Terms & conditionsတွေ အင်မတန်များစားသေးတာ။ မုဒ်မရသေးလို့ မရေးသေးတာတို့၊ အကြည်ဓါတ် လိုနေတယ်တို့၊ ဖီလင်မလာသေးဘူးတို့၊ အလုပ်တွေ များနေလို့တို့၊ နေမကောင်းသေးလို့တို့၊ စိတ်ပါမှ ရေးတာတို့။ အံမာ အတော်လေး လာတာ။ လူကြားရင် ဂေါ်ဇီလာလောက်စာတွေပဲ ရေးနေသလိုလို။ လုပ်နေပုံ လုပ်နေပုံ….။

တစ်ခါတစ်လေ ကိုယ် စာလေးရေးနေတုန်းများ အိမ်ကလူက စီအန်အေကြည့်ရင်း ရေနွေးလေးနဲနဲလောက် ထပ်ဖြည့်ပေးပါဦးကွာဆိုရင် ကိုယ့်မျက်နှာက ရှင် တော်တော်အလိုက်မသိရန်ကော၊ မသိသားဆိုးရွားရန်ကော၊ ဒီမှာ စာရေးနေတယ်လေ ဆိုတဲ့ အထာနဲ့ လုပ်လိုက်သေးတာ။ တစ်ကယ်တော့ သူဟာ ရုံးသွားခါနီးမှ သူ့အ၀တ်လေးသူ မီးပူလေး အပြေးအလွှားတိုက် ၀တ်ရရှာတာ။ ဘလော်ဂါ့ယောကျာ်းဘ၀များ အတော်ဆိုးပေတာ။ ကိုယ်တော်တော် လွန်နေပြီဆိုတာ သိသိကြီးနဲ့ ကိုယ်ဟာ မကောင်းလိုက်တာများ။ တော်ရုံလူ၊ စိတ်ဆတ်တဲ့ ယောကျာ်းနဲ့သာဆို ကိုယ် စစ်တယ် မှန်တယ် အာဂျီနိုမိုတို ဖြစ်သွားလောက်တယ်။ မှုန့်မှုန့်ညက်ညက်ရယ်မှ ကြေစေသတည်း ဆိုတာလို….။

ကိုယ်က သွေးအားနည်းတဲ့ရောဂါ ရှိတယ်။ သွေးထဲမှာ သွေးနီဥနည်းနေတာ။ သွေးသွားလှူတိုင်း ကိုယ့်သွေးကို ဘယ်တော့မှ မယူဘူး။ အငြင်းခံရတိုင်း ၀မ်းနည်းလွန်းလို့ သွေးလှူဖို့ လက်လျှော့ထားရတယ်။ ထားပါတော့။ အဲဒီရောဂါဟာ အအိပ်ပျက်ရင် ပိုဆိုးတာ။ ဒီလောက်ကြောင်းနေရင် သိလောက်ပါပြီ။ ဘလော်ဂါဆိုတဲ့ သတ္တ၀ါဟာ စောစောအိပ်တယ်လို့များ ကြားဖူးကြလား။ ဒါတောင် ကိုယ်လုပ်ချင်တာ လုပ်နေရရင် စိတ်ချမ်းသာတယ်လို့ ခေါင်းမာချင်သေးတာ။ လူကသာ မမာနိုင်တော့ပေမဲ့လေ။

ကိုယ်ဟာ ကိုယ့်ရောဂါကိုယ် မွေးမြူရင်း နေလို့မကောင်းလည်း မနက်မနက် ရုံးကို တရွတ်ဆွဲသွားနေလိုက်တာ၊ ကြာတော့ လူက လူနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူကများ သနားမှာလဲ။ ဒါနဲ့ စိတ်လျှော့ပြီး အားလုံးကို ဖြတ်ထားလိုက်တယ်။ ဘလော့ဂ်ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့သလိုလို။ သံယောဇဉ်ပြတ်အောင် နေတတ်လာတယ်။
ဒါပေမဲ့ ၀ဋ်ကြီးတဲ့ သတ္တ၀ါတွေထဲမှာ အဲဒီဘလော့ဂ်ဂါဆိုတာတွေ ရှေ့ဆုံးတန်းက ပါနေတယ် ထင်ပါရဲ့။ ကိုယ် မနေတတ်ဘူး၊ ယောင်ချာချာ အရူးတစ်ပိုင်း မဖြစ်ပေမဲ့ ဟိုဟာလေးတွေ့လည်း စာစီ၊ ဒီဟာလေးတွေ့လည်း စာစီနဲ့ ဒီခေါင်းကြီးထဲမှာ အများကြီး ရေးနေမိပြန်ပါရော။

ရေးစရာတွေကများ၊ ရေးလက်စတွေကလည်း မပြတ်၊ ကိုယ် မမေ့ပါဘူး။ ကိုယ့်မှာ ရေးလက်စတွေ အများကြီးရယ်။ ချစ်သော ပုဂံမြေ၊ စိနတိုင်းသွားတောလား… တို့လို့တန်းလန်းတွေ။ ကိုယ်ရေးနေတဲ့ပုံသဏ္ဍန်ဟာ ကိုယ့်ကို ကိုယ်စားပြုနေတယ်။ ကိုယ်ဟာ ဘာကိုမှ အဆုံးမသတ်ဘဲ တို့ထိရုံ ခေါင်းစဉ်တွေ လျှောက်တပ်နေတော့တာ။ ဘာကိုမှန်းမသိ၊ အားနာနေမိတယ်။ နားလည်ပေးပါ ပရိသတ်ကြီးရယ်လို့ ပြောရမှာ လက်တွန့်နေတယ်။ ခွင့်မလွှတ်ကြပါနဲ့တော့။ ကိုယ် အတော်လေး ညံ့ပါတယ်။ ဖျင်းပါတယ်။ ကျန်းမာရေးအကြောင်းပြ ပျင်းတာလည်း ပါပါတယ်။

အိမ်ရှင်မတာဝန်တွေ ပျက်ကွက်တိုင်းသာ အပြစ်ပေးကြေးဆို ကိုယ်ဟာ ဒဏ်ထမ်းမဆုံးဖြစ်နေတော့မှာ။ အလုပ်တာဝန်တွေ ပျက်ကွက်တိုင်းသာ အလုပ်က ထုတ်ကြေးဆို ကိုယ် အကြိမ်ကြိမ် အလုပ်လက်မဲ့ဖြစ်နေတော့မှာ။ ဘာတွေ လုပ်ချင်တာလဲ၊ ကိုယ်ဘာတွေ ဖြစ်ချင်နေတာလဲ။ လုပ်ချင်၊ ဖြစ်ချင်နေတာတွေအတွက် အရင်ကလို မစွမ်းနိုင်တာဟာ ကျန်းမာရေးတစ်ခုထဲကြောင့်တော့ မဟုတ်လောက်ဘူး။ ဒါတွေ ကိုယ် လုပ်နိုင်တဲ့ အရာတွေပဲလို့ သေချာနေတာတောင် ခန္ဓာက အရင်လို မလိုက်နိုင်ဘူး။ ပင်ပန်းနေတတ်ပြီ။ စိတ်သွားတိုင်း ကိုယ်မပါတဲ့အခါ ကိုယ် ငိုမိတယ်။ ငိုလွယ်တာ ကိုယ်မှ မဟုတ်ဘဲ။ တစ်ခုခုတော့ တစ်ကယ်ကို လွဲချော်နေခဲ့ပြီ။

အိမ်ပြန်ချင်တယ်။ လတ်ဆတ်တဲ့လေကို ရှုချင်တယ်။ အိပ်ရေး၀၀ အိပ်ချင်တယ်။ အိပ်ရာထလို့ ပြူတင်းတံခါး ဖွင့်လိုက်တာနဲ့ အစီအရီစိုက်ထားတဲ့ နှင်းဆီရောင်စုံခင်းတွေကို မျက်လုံးထဲ မြင်ချင်တယ်။ မနက်စာ မုန့်ဟင်းခါးကို ပဲကြော်နဲ့ စားချင်တယ်။ အိမ်နောက်ဖေးမှာ စိုက်ထားတဲ့ ချဉ်ပေါင်ခင်းလေးထဲက ခူးဆွတ်လို့၊ ဈေးက၀ယ်လာတဲ့ တောကြက်အကောင်သေးသေးလေးကို ငရုတ်သီးစပ်စပ်လေးချက်လို့၊ ဘယ်သူကမှ အနံ့ကြောင့် ကွန်ပလိန်း တက်နေမှာ မဟုတ်တဲ့ ငါးပိရေကျိုလေးကို ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းလေးထောင်းပြီး ဖျော်လို့။ ထမင်းဟင်းပူပူလေးကို ကျက်တာနဲ့ ခူးခတ်စားကြလို့။ နေ့လည်စာပြီးတဲ့အခါ စာရေးစားပွဲလေးမှာထိုင်၊ ရေးချင်တာရေး ဖတ်ချင်တာဖတ်။ ဘ၀ကို အဲဒီလို ပုံဖော်ချင်လိုက်တာ…..။

လက်ရှိအခြေအနေမှာ ပျော်အောင်နေတတ်ခြင်းဟာ ဘ၀မှာ အောင်မြင်မှုတစ်ခုသာ ဖြစ်ရင် ကိုယ်ဟာ ကျရှုံး နေတုန်းပဲ။

ဘာပဲဖြစ်ဖြစ်ပါလေ။ ကိုယ့်မှာ ရေးစရာတွေ ရှိနေတယ်။ ကိုယ့်ကိုယ်ကို ဖောက်ထုတ်ပစ်ဖို့ လိုနေတယ်။ လမ်းကြောင်းတစ်ခုပေါ် ပြန်တက်ဖို့ ဂီယာချိန်းဖို့ လိုတယ် မဟုတ်လား။ 
ကားစကားနဲ့ ပြောရရင် ကိုယ် အခု ဂီယာချိန်းနေတယ်။ 
ကရာတေးစကားနဲ့ ပြောရရင် ကိုယ် အခု ကီသွင်းနေတယ်။ 
အားဖြည့်ဖို့ လိုအပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ ပြောရရင်တော့ ကိုယ် အခု ရီချာ့ခ်ျ လုပ်နေတယ်။ 

မကြာခင် ပြန်ပြည့်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။


27 comments:

rose of sharon said...

စာမရေးဖြစ်သေးပေမဲ့ ရေးပြီးသားတွေအဆုံးမသတ်ရသေးပေမဲ့ သိပ်တန်ဘိုးရှိတဲ့အလုပ်တွေနဲ့မအားမလပ်ဖြစ်နေခဲ့တာသိနေပါတယ် မချစ်ရယ်....

ကိုပေါ said...

If you need recharging, I think I need an overhaul. :-)

ကိုပေါ said...

If you need recharging, I think I need an overhaul. :-)

ကိုပေါ said...

If you need recharging, I think I need an overhaul. :-)

Vista said...

သိသလောက် မချစ်ဟေးလားဝါးလားလုပ်နေတာမဟုတ်ပါဘူး အကျိုးရှိစေတာတွေ လုပ်နေခဲ့တာပါ။
စာကတော့ ဘယ်အချိန်ကောက်ရေးရေး ဖတ်ကောင်းတာပါပဲလေ။

ဖိုးစိန် said...

ရေးချင်တာရေးလိုက်တော့ စိတ်ပေါ့သွားတော့မပေါ့လေ..

MrDBA said...

We all always reach one stage which is now. Try to overcome ASAP otherwise you will never get restarted just like me.
But you do very well at least this year, so keep moving forward. :)

MrDBA said...
This comment has been removed by the author.
မိုးငွေ့...... said...

မကြီးကလဲ...အဲလိုမခံစားပါနဲ့ အဲလိုစဉ်းစားရင်းနဲ့ ကိုယ့်စိတ်ကို နှိပ်စက်နေသလိုဖြစ်နေမှာပေါ့...ညန်မာပြည်ပြန်လာချင်...ခဏဖြစ်ဖြစ်ပြန်ခဲ့ပါ....။

အတွေးကမ္ဘာ..မှတ်တမ်း said...

အမချစ်ရေ..နေပူစာလှုံ သို့မဟုတ် နေရောင်အောက်မှာ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးပါ၊ မြန်မာပြည်မှာ ကိုယ့်ဘဝအတွက် ကိုယ်ဘယ်လိုမှ တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ ကလေးငယ်လေးတွေရဲ့ ပညာရေး၊ ကျန်မားရေး တွေအတွက် တတ်နိုင်သလောက် လုပ်ပေးဖို့ ရှိသေးတယ် ဆိုတာ သတိရလိုက်ပါ၊ စိတ်ပျက်အားငယ် စိတ်ဓါတ်ကျနေတဲ့ သူတွေရဲ့ ဇာတ်လမ်းလေးတွေ နားထောင်ပြီး အားပေး ပေးပါ၊ ငါဟာ အရမ်းကံကောင်းသေးပါလား၊ တချို့သော လူတွေ အတွက် ငါဟာ တန်ဖိုးရှိသော လူပါလားလို့ ပြန်သတိရတဲ့ အချိန်မှာ အမချစ် အများကြီး ပြန်လည် လန်းဆန်းတက်ကြွလာမယ်ထင်ပါတယ်။ ...

မိစံ said...

မရေးရင်မရေးပါနဲ့အုန်းအစ်မ..
အဟောင်းတွေမွှေလို့မပြီးသေးလို့း)

ဂီယာချိန်း၊ကီးသွင်း၊ရီချာ့ခ်ျ.လုပ်ပြီးရင်တော့
ဝိတ်ပါတက်လာလေမလားနော်း))

မျှော်လင့်ထားတဲ့စိတ်ကူးလေး
အမြန်ပုံဖော်နိုင်ပါစေရှင်

ချစ်ခင်လျှက်

တီချမ်း said...

ဝမ်းအော့် သိုစ့် ဒေး အော်ဖ် သည်မန့် ???

သိင်္ဂါကျော် said...

ကိုယ်လည်း ဒီလိုပါပဲ တစ်ခါတလေ ပေါ့ပေါ့ပါးပါး ရုပ်ရှင်လေးတွေ ကြည့် ဝတ္တုလေးတွေ ဖတ်ပြီးပဲ နေချင်တယ်.. ဘာဆိုဘာမှ ဦးနှောက်သုံးပြီး လုပ်ဖို့ စိတ်မပါတာမျိုးပေါ့..။ တစ်ခါတလေ စိတ်လေ နေတာ..။

PhyoPhyo said...

မချစ်ကြည် ရီချာ့ပိုစ့်လေး ဖတ်လိုက်ရတာ
ဘာတွေလွမ်းသွားမှန်းမသိဘူး၊
အကုန်လုံးလွမ်းသွားတယ်။
ချာ့ချင်မြန်မြန်ပြည့်ပါစေ။
ဘလက်စ်ယူ၊ သဘောကောင်းတဲ့မချစ်ကြည်ချစ်ချစ်နဲ့ တူမချောလေးရော

ညိမ်းနိုင် said...

အမြန်ဆုံးချာချင်ပြည့်ပါစေဗျား........:)

blackroze said...

မကြီးချစ်
စိတ်ဓါတ်မကျလိုက်ပါနဲ့
ချာဂျင်တွေပြည့်လာမှာပါမကြီး..

Nyi Linn Thit said...

ဟုတ်တယ်ဗျ၊ တခါတလေမှာ အဲဒီလိုပဲ...၊ ဘာတွေမှန်းကို တိတိပပ မသိရဘဲ ရုပ်ပိုင်းကပဲ အားနည်းသလိုလို၊ စိတ်ပိုင်းကပဲ လွမ်းဆွတ်သလိုလိုနဲ့..၊ လျှောက်ချင်စိတ်ကို မရှိတော့သလို လျှောက်ပြန်တော့လည်း ခရီးမရောက်ပြန်ဘူး၊ မချစ်ကြည်အေးက ရီချာ့ချဘဲလ် မို့လို့ တော်သေးတာပေါ့၊ Energizer တို့၊ Duracell တို့ထက် မလျော့ဘဲ Lithium နဲ့ဖွဲ့စည်းထားမယ်လို့ ယုံကြည်တဲ့ အတွက် မကြာခင်မှာ အမြန်ဆုံး အားပြည့်လာမှာပါဗျာ..။း)

san htun said...

မကြာခင် ချာဂျင်ပြည့်လာပါစေ..

အပြုံးပန်း said...

ဘက်ထရီအကောင်းစားနဲ့ အမြန်ဖြည့်လိုက် အမ။

မဒမ်ကိုး said...

လာတူနေပြန်ပြီ သများကတော့ချာဂျင်မပြည့်သေးဘူးဗျိုးးး )
ချစ်တဲ့

မဒိုးကန်

Junemoe said...

အားမလျှော့နဲ့ အမ.. ပြည့်လာမှာ.. အာဂျား အာဂျား ဖိုက်တင်းကွ... :P

Leo said...

အားတင်းထားပါ မချစ်ကြည်အေးခင်ဗျာ။
ကျွန်တော်လဲ အခုတလော အဲသလိုတွေးနေမိတယ်။ ရုပ်ဝတ္ထုတွေနောက်လိုက်ရင်းနဲ့ အခုတော့ သဘာဝတရားနဲ့ နီးနီးစပ်စပ်ပြန်နေချင်မိတယ်။
(လီယို)

mstint said...

'၀ဋ်ကြီးတဲ့ သတ္တ၀ါတွေထဲမှာ အဲဒီဘလော့ဂ်ဂါ ဆိုတာတွေရှေ့ဆုံးတန်းကပါနေတယ်ထင်ပါရဲ့'တဲ့
မှန်လိုက်ပါဘိ မချစ်ရေး))
မချစ်လိုပဲ တီတင့်လည်း သွေးပေါင်ကျလေ့ရှိတယ်။
နောက်တစ်ချက်က မချစ် Home Sick ဖြစ်တာ
နေမယ်။ မြန်မာပြည်ပြန်ရောက်ရင် ချက်ခြင်းဆိုသလို
နေကောင်းသွားမှာပါ။ စိတ်တွေလည်းပြန်လန်းဆန်း
လာမယ်လို့ထင်မိတယ်။ တီတင့်ပို့စ်ကိုအလည်လာခဲ့။
အနည်းဆုံးတော့စိတ်ညစ်သက်သာမှာပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ZZZ said...

ပို.စ်အသစ်တွေမျှော်နေပါ့မယ်၊

ကျန်းမာရေးဂရုစိုက်ပါ၊ မချစ်ကြည်အေးက အသက် သိပ်ကြီးတဲ့ပုံ မပေါ်တဲ့အပြင် ချောတယ်၊ မအိန္ဒြာလဲ ချောတယ်၊ အမျိုးသမီးဘလော့ဂါတွေက အချောတွေကြီးပဲ၊ နောက်စလုံးက သနပ်ခါးလိမ်းတတ်တဲ့ နာမည်သုံးလုံးနဲ. ဘလော့ဂါတစ်ယောက် လည်းချောတယ်၊ အမည်တော့ မဖော်ပြတော့ပါဖူး၊ ကြောက်လို.

ကိုသက်ဝင်း said...

CKA ရေ... ဘ၀ဆိုတာကြီးကို မက်တွယ်မိနေပြီးမှတော့ အားတင်းထားပြီးတော့သာ ဆက်လျှောက်ကြစို့ရဲ့။

မြသွေးနီ said...

အစ်မချစ်ရေ...
အဲ့ဒါမျိုးက ဖြစ်တတ်တယ်...
ပြန်ရေးရင်း ပြန်မုဒ်ဝင်လာပါလိမ့်မယ်...
ပြန်ရေးပါအစ်မရေ.... ဇာဂနာပွဲလေးလဲ ဖတ်ချင်နေတာ...။
အကြံပေးခဲ့မယ်..
ဂီယာချိန်း၊ ကီသွင်းပြီး၊ ရီချာ့ခ်ျ လုပ်လိုက်ပါ .. :)
Fighting !!!!

မအိမ်သူ said...

အဲဒီလိုမျိုးဖြစ်တာ မချစ်တစ်ယောက်တည်းတော့မဟုတ်ပါဘူးလေ.. လူတိုင်းလို ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ရီချာ့ခ်ျ လုပ်နေကြရတာပါပဲ။ အကြောင်းရယ်ကမျိုးစုံပေါ့..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်