Friday, April 1, 2011

အချစ် တဲ့လား....It’s complicated

အချစ်အကြောင်း ပြောရအောင်...တဲ့။ အမမေငြိမ်းရဲ့ အောင်မြင် လူကြိုက်များခဲ့တဲ့ စာတအုပ်၊ အမက အချစ်ရဲ့ အရသာ ချိုချဉ်ဖန်ခါးတွေကို ရောမွှေလို့ အနုပညာလက်နဲ့ လှလှပပ ထုဆစ်ခဲ့သည်။ ဒါကို ရီဗစ်ရှင်းပြန်အလုပ်ခိုင်းသူ သက်ဝေ....ဘလော့ဂ်လောကသားများကို အိမ်စာပေးလိုသော သက်ဝေ...

ရေးရမှာပေါ့လေ...သို့သော် ကြိုတင် တောင်းပန်ပါရစေ။ ကျမ သိသော၊ ကျမ တွေ့ဖူးသော အချစ် အကြောင်းများနှင့် ရေးသားပုံသည် နဲနဲကလေးမှ ဗိုင်းကောင်းကျောက်ဖိ မဆန်လှပဲ ကြွပ်ဆတ်ဆတ် ရှိနေနိုင်သည်။ ပိုးပုဝါကလေးတစလို ပျော့ပျောင်းနွဲ့လျမနေဘဲ အနည်းငယ် မာကြောကြော ရှိနိုင်သည်။ သို့သော် ဤသည်ကပင် ကျမ ပြောလိုသော အချစ် ဖြစ်သည်။


********************************************************

အချစ်သည် ဆေးခါးကြီးတခွက် ဖြစ်သည်...

မောင်...ပြန်မရောက်သေးဘူး...

မောင့်အိမ်ဘက် မျက်လုံးကလေး မသိမသာ စွေကြည့်ရင်း တယောက်ထဲ တွေးမိခြင်းပါ။ မောင်နဲ့ ကျမတို့ အိမ်က ဓါးလွယ်ခုတ် အနေမှာ ရှိကြတာမို့ မောင့်ခြေလှမ်းတွေကို ကျမ အမြဲ စောင့်ကြည့်နေဖြစ်သည်။ အားလုံးက ပြောကြတာ မောင်ဟာလူဆိုးကလေးတဲ့လေ။

မောင့်အိမ်ကို ဝင်ထွက်နေသော ကောင်မလေးများကို ကျမ ခဏခဏ တွေ့ဖူးသည်။ မောင့်မိဘတွေ အိမ်မှာ မရှိချိန် မောင်တို့ သူငယ်ချင်းတွေ စုပြီး အရက်သောက်တတ်တာ တွေ့ဖူးသည်။ ချိန်းပွဲများလုပ်၍ ရန်ဖြစ် ရိုက်နှက်တတ်ကြကြောင်းလည်း ကြားဖူးပါသည်။

အင်း...လူဆိုးကလေးမောင် ဖြစ်နိုင်ပါသည်။ မောင်တို့အိမ်ရှေ့အုတ်ခုံပေါ်မှာ မောင် ဆေးလိပ်သောက်နေတာ ကိုလည်း ခိုး ခိုးကြည့်ဖူးသည်။ ကျမ စာကြည့်နေချိန် ညညတွေမှာမှ ဂစ်တာတီးလေ့ရှိသော မောင့်အပေါ် စာကြည့်နေတုန်း နှောင့်ယှက်ရန်ကောဟု တခါမှ မတွေးခဲ့ဘူးပါ။ မောင် သီဆိုသမျှ သီချင်းစာသားများ ထဲမှာ ပျော်ဝင်လျက် ကျမကိုပဲ ရည်ညွှန်းဆိုလေသလား...ခပ်ရှက်ရှက်နှင့် ညွတ်နူးသာယာမိသူ ကျမသာ...။

အဲသည်မောင်က တနေ့မှာ ကျမအတွက် စာလေးတစောင် လူကြုံပါးလာသည်။ ဖတ်နေရင်းက ကျမ မျက်ရည်ကျမိသည်။ ကျမ၏ ပထမဦးဆုံး အချစ်သည် ကျမ မိဘတွေ ဘယ်လိုနည်းနှင့်မှ သဘောကျစရာ အကြောင်းမရှိသော လူငယ်ကလေး၊ မောင်ဟု တိတ်တိတ်ကလေး ကျမနှုတ်ဖျားက ခဏခဏ ရွတ်ကြည့် ကြည်နူးဖူးသူ၊ လူပေလူတေကလေးဟု အားလုံးက ဆိုသောသူ...သို့သော် ကျမ ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပါ။ ထိုအချိန် ထိုအရွယ်သည် ငယ်နုသူတို့၏ နှလုံးသား လန်းဆတ်ချိန် ဖြစ်ရာ "မောင်နှင့် ချစ်ခွင့်"ကိုက ကျမ၏ ဘဝတခုလုံး ဖြစ်ခဲ့သည်။

ကောင်မလေးများ အားလုံးကို ဖြတ်ပြီး ကျမတယောက်ထဲကို အချစ်ဆုံးဆိုသော မောင့်စကားအပေါ် ကျမ တိမ်းမူးသည်။ မျက်လုံး နက်နက်လေးတွေ၊ ဆံပင်ပျော့ပျော့လေးတွေနှင့်မောင်ဟာ လူတွေ ပြောသလောက်လည်း မဆိုးလှပါ (ကျမ ထင်ခဲ့တာပါ)။ သို့တိုင်အောင် ကျမတို့ ချစ်နေကြတာကို သိသော ရပ်ကွက်ထဲကလူ တချို့ကမူ မောင်လို လူဆိုးကလေးနှင့် ကျမ မြဲမှာ မဟုတ်ဟု လောင်းကြေး ထပ်ကြသည် တဲ့လေ။ အဲဒီလောင်းကြေးကပဲ ခေါင်းမာ၍ တဇွတ်ထိုးနိုင်သူ ကျမကို မောင့်အပေါ် ပိုမိုခိုင်မြဲစေခဲ့သလား၊ စောင့်ကြည့်လိုက်ကြပေါ့ဟု ပတ်ဝန်းကျင်ကို အချဉ်ပေါက်စိတ်ကပဲ ကျမကို စုံလုံးကန်းစေခဲ့သလား ကျမ မသိခဲ့ပါ။ သေချာတာကတော့ တလောကလုံးနှင့် မောင်တယောက်ထဲ ဆိုလျင်တောင် မောင့်ဘက်က ရပ်တည်လျက် မောင်နှင့် ရှေ့ဆက်ချစ်ကြဖို့ပဲ ကျမ ရွေးချယ် ဇွတ်တိုး ခဲ့လေသည်။

တည မောင် အိမ်ပြန်အလာ ညာဘက်လက်မောင်းမှာ သွေးစွန်းနေသော ရှပ်အင်္ကျီ အဖြူကို ကျမ နောက်ဘက်မှ မြင်လိုက်သည်။ မောင် ရန်ဖြစ်လာပြန်ပြီ။ ရင်ထဲမှာ ပူပန်သွားလိုက်ပုံများ အဲဒီညက ကျမ အိပ်မပျော်ခဲ့ပါ။ မောင့် ဂစ်တာတီးသံလည်း မကြားရ။ သိတ်များ နာနေသလား မောင်...

 နောက်ရက်တွေမှာ မောင်နဲ့ တွေ့တော့လည်း ထုံးစံအတိုင်း မောင့်ကို ဘာမှ ရေရေရာရာ မေးလို့ မရပြန်ပါ။ မောင့်အပြောကတော့ လည်ပင်းက ဆွဲကြိုးမျှင်မျှင်လေး ရန်ဖြစ်ရင်း ကျပျောက်သွားခဲ့သည်တဲ့။ ကျမ ယုံကြည်ခဲ့ပါသည်။ သို့သော် တနေ့ မောင့်သူငယ်ချင်းနဲ့ လမ်းမှာအတွေ့ သူက အခိုင်အမာ ပြောလာသည်။ မောင် ဆွဲကြိုးကို ရောင်းစားပစ်လိုက်တာ တဲ့။ ကျမရင်ထဲ ရှုပ်ထွေး သွားခဲ့ရသည်။ ပထမဆုံးအကြိမ် မောင့်အပေါ် သံသယဖြစ်မိသည်။ မောင် ကျမအပေါ် တကယ်ပဲ ညာရက်ခဲ့သလား။

အတူရှိနေချိန်များတွင် မောင် ဆေးလိပ်သောက်တာကို ကျမ လုံးဝ မနှစ်သက် ခဲ့ပါ။ မောင့် နှုတ်ခမ်းက ဆေးလိပ်ကို မပြောမဆိုနှင့် ယူကာ လွှင့်ပစ်ခဲ့ဖူးသည်။ ထိုအခါ မြေကြီးပေါ်က စီးကရက်လေး တလိပ်ကို မျက်နှာပျက်ပျက်နှင့် ပြန်ကောက်ယူပြီး သူ့ရှပ်အင်္ကျီ အိတ်ကပ်ထဲ ထည့်လိုက်သော မောင်နှင့်ကျမ အကြီးအကျယ် စကားများခဲ့ရသည်။ အဲဒီ စီးကရက်ဟာ ဆေးခြောက်ထည့် လိပ်ထားသော စီးကရက်မှန်း ကျမ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။   မောင်က ဆေးစွဲနေသူ ကောင်ကလေးတယောက်၊ ပြီးတော့ သူ့လက်မှာ ဆေးထိုးအပ်ရာ အပေါက်ငယ်လေးတွေ ကျမ တွေ့ဖူးခဲ့တာကို ပြန်လည်ဆက်စပ် တွေးမိခဲ့ရင်း ရင်တွေ မွန်းကြပ် သွားခဲ့ရသည်။ ကျမ ဘာဆက်လုပ်ရမလဲ....မဆုံးဖြတ်ရဲခဲ့ပါ။

ကြားရသော သတင်းသာ အမှန်ဖြစ်လျင် သည်သတင်းဆိုးကို ကျမ ဘယ်လိုများ ရင်ဆိုင်ရမည်လဲ မသိပါ။ မောင်ဟာ မောင့်အဖွားကို ဖျော်ရည်ထဲ အိပ်ဆေးထည့်တိုက်ပြီး အိပ်ပျော်သွားမှ နားကပ် ချွတ်ကာ ဖြုတ်ရောင်းစားသည်တဲ့...။ ခုတော့ မောင်က အချုပ်ထဲမှာ၊ ထိန်းမနိုင်လို့ မောင့်မိဘတွေကိုယ်တိုင် အမှုဖွင့်ပြီး အချုပ်ထဲ ထည့်ထားလိုက်သည် ကြား၏။ ကျမ ငိုရပြန်ပါသည်။ မောင် ဆိုးလွန်းသည်ဆိုတာ ကျမ မယုံလို့ မရတော့ပါ။

အဲသည်နောက်မှာ မောင်နှင့်ကျမ ပို၍ ပို၍ ဝေးသွားသလို ခံစားရသည်။

ဘယ်လိုမှ မဖြစ်နိုင်တော့သည့်အဆုံး ကျမ မောင့်ကို လက်တွဲဖြုတ် ထားရစ်ခဲ့ပါတော့သည်။ မောင်နှင့်တွေ့နေကျ ရက်တွေမှာ အချိန်ကျလာတိုင်း ယဉ်းထသလို တွေ့ချင်စိတ်တွေ ချင်ခြင်းတပ်လာသည်ကို ခက်ခဲစွာ မသိယောင်ဆောင်လျက် နေခဲ့ရသည်မှာ နှလုံးသားတခုလုံး ပန်းလျနာကျင်စွာ...။

ပထမဦးဆုံးသော အချစ်သည် ကျမအတွက် တော့ ဆေးခါးကြီးတခွက် ဖြစ်သည်။ ဆေးခါးကြီးကမှ ခန္ဓာကိုယ်ကို ကျန်းမာစေသေးသည်။ ဤအချစ်ဆေးခါးကမူ ကျမကို ပို၍ ပို၍ နာမကျန်းဖြစ်စေခဲ့လေသည်။ မောင်နှင့် အမြင်ချင်းနီးလျက် စိတ်ချင်းဝေးအောင် ကြိုးစားကာ အကြိမ်ကြိမ် ပိုင်းဖြတ်လျက်က အလူးလူး အလိမ့်လိမ့် ရူးသွပ်ခံစားခဲ့ရသော အချိန်များပါပေ....

အချစ်သည် ကျမလက်ထဲက ယုန်ဖြူလေးတကောင်သာ ဖြစ်သည်...

ကျမ ထင်ထားသည်ထက် စောစီးစွာ မောင့်အပေါ် သံယောဇဉ် ပြတ်ခဲ့ရသည်မှာ ဖိုးသားကြောင့်လည်း ဖြစ်နိုင်ကောင်းသည်။ သူ့အိမ်ကလူတွေ ခေါ်ကြသလို ဖိုးသားဟု ကျမက လိုက်ခေါ်လျင် သူ မကြိုက်ပါ။ သူ့ကို "မောင်" ဟုခေါ်စေချင်သော ထိုကောင်ကလေးသည် ကျမထက် ၆နှစ်တိတိ ငယ်ပါသည်။ "မောင် ဆိုတာ တကယ်ချစ်မှ ခေါ်ရတာကွ"ကျမက ခပ်ညစ်ညစ်ဆိုလျင် မျက်နှာ ပျက်တတ်သူ။ "မ ကို လက်ထပ်မယ် မောင့်မိဘတွေကို ပြောပြီးပြီ"လို့ သူ ပြောလာတဲ့အခါကျမှ ကျမမှာ အခက်တွေ့ရတော့သည်။ မဖြစ်နိုင်ပါ ကျမဘက်က အဆင်သင့် မဖြစ်သေးသလို ကိုယ့်ထက် ငယ်ရွယ်လွန်းသူမို့ အားမကိုးချင်တာလည်း ပါပါသည်။ ပို၍ ဆိုးသည်မှာ သူ့အမဝမ်းကွဲတော်စပ်သူတွေသည် ကျမ၏ သူငယ်ချင်းများ ဖြစ်နေကြခြင်းပင်။

အမှန်ကတော့ အဲဒါတွေ အားလုံးသည် သူ့အပေါ် တကယ် မချစ်ခဲ့လို့သာ ဆင်ခြေပေးခဲ့ခြင်း ဖြစ်ပါသည်။ လှေမျောရင် လှေနဲ့လိုက် ဆိုတာလို အချစ်မျော၍ အချစ်နဲ့ လိုက်ခဲ့သည်။ လေလွင့်နေသောစိတ်တခုအတွက် ချည်တိုင်အဖြစ် သုံးခဲ့ခြင်း ဖြစ်သည်ကို ကျမ မညာလိုပါ။ မေ့ပစ်လိုက်ဖို့ ကျမဆိုခဲ့တုန်းက ဖုန်းထဲမှာ သူ ငိုခဲ့သည်။ ကလေးတယောက်လို ရှိုက်ငိုနေသံကြားရချိန်မှာ သူမမြင်နိုင်သော တဘက်ကနေ အသံမထွက်ပဲ ကျမက ရယ်မောနေမိခဲ့သည်။

အချစ်သည် သိုးကလေး တကောင်ဖြစ်သည်...

မိုး လို့ ကျမ ခေါ်ခဲ့တဲ့ ကောင်ကလေး...။ သူ့မှာ ဖြောင့်စင်းသော နှာတံ၊ မျက်လုံး ဝိုင်းဝိုင်း နက်နက်တွေနှင့် ထူထဲသော ဆံပင် စင်းစင်းနက်နက် အုံထူထူကြီးတွေ ရှိသည်။ ကျမလိုတာ ဘာမဆို ဖြည့်စွမ်းပေးတတ်သော ကဗျာလက်ရေးများနှင့် ကဗျာအစပ်တော်သော ကျမရဲ့မိုးသည် စိတ်ထား ဖြူစင်ကာ စိတ်ပျော့ သူကလေး ဖြစ်လေသည်။ စကားတခွန်းကို အသေအချာ စဉ်းစားပြီးမှ လေအေးအေးလေးနှင့် အလေးအနက် ဆိုတတ်သူ ဖြစ်သည်။

ဆိုခဲစေ မြဲစေဆိုသည့်သူ ဖြစ်သည်။ သူနှင့်ကျပြန်တော့ အရာရာ ကျမကပဲ ဦးဆောင်ရသည်။ ကျမ လိုချင်ခဲ့သောအချစ်သည် ဤပုံစံ မဟုတ်ပါ။ ယောင်္ကျားပီပီ မိန်းမတယောက်ကို ဦးဆောင်နိုင်မည့်သူမျိုးကိုသာ ကျမ အထင်ကြီး မျှော်လင့်ခဲ့ပါသည်။

သို့သော်....ကျမကပဲ ကံဆိုးသည်လား သူတို့ကပဲ ကံမကောင်းကြတာလား...သေချာသည်ကတော့ မငြိခဲ့သော အချစ်များအတွက် ကြိုးအရှုပ်ခံခဲ့သော ကျမ...တဖြည်းဖြည်း လက်ယဉ်လာခြင်းပင်။ အသဲခွဲဖို့ မရည်ရွယ်ပါ သို့သော် အချစ်၌ အားနည်းစိတ်ပျော့သူသာ အရှုံးဟု သတ်မှတ်လျက် စိတ်အင်အားခြင်း ပြိုင်ရာ၌ မွေ့လာခဲ့သည်။ သိုးကလေးကိုတော့ သနားမိပါသည်။ သို့ပေမဲ့ ကျမသည် သားကောင်ကို ညှာတာရိုးထုံးစံ မရှိသော မုဆိုးတယောက်သာ ဖြစ်ခဲ့သည်။

အချစ်သည် ကြိုးတချောင်း ဖြစ်သည်...

ထွဋ်နှင့်စတွေ့တာက ထွဋ်တို့အိမ်မှာ။ ကျမတို့မိသားစု ကိုးကွယ်သော ဆရာတော် ရန်ကုန်ကြွလာခိုက် ဆွမ်းကပ်ရန် အမေ ပင့်ခိုင်း၍ ဆရာတော် ကျောင်းအဖြစ် တည်းနေသော ထွဋ်တို့အိမ်ကို ရောက်ခဲ့ရာက စပါသည်။ အိမ်နေရင်းမို့ စွပ်ကျယ်လက်ပြတ်နှင့် ချည်ပုဆိုးလေးတထည် ဝတ်ထားသော သူက ကျမကို ရေအေးတခွက် အရင်ဆုံး တိုက်ခဲ့သည်။ သူ့ဆံပင်တွေကို ဘီးကုတ်တချောင်းနှင့် နောက်လှန်သိမ်းထားပြီး ညာဘက်နားမှာ ရွှေနားကွင်းပြောင်ထူထူလေး ဝတ်ထားသော ထွဋ်သည် ခင်မင်နှစ်လိုဖွယ် လူကြီးလေးတယောက်လို ကျမကို ဧည့်ခံခဲ့သည်။

ဆရာတော် အပြင်ကြွသွားတာမို့ ဖုန်းနံပါတ် ပေးထားခဲ့ပါ ဆိုလာပေမဲ့ တကယ်တမ်း ကျမဆီ ဖုန်းခဏခဏခေါ်သူက ထွဋ်သာ ဖြစ်လေသည်။ ထွဋ်နှင့်ကျမ ချစ်သူတွေ ဖြစ်သွားကြပြီးသည့်နောက် ထွဋ်၏ သဝန်တိုမှုများ၊ ကျမအပေါ် ချုပ်ချယ်လိုမှုများအကြား အတော်ကလေး စိတ်အကျဉ်းကျခဲ့ရပြန်သည်။

ထွဋ်နှင့် ဗိုလ်ချုပ်ဈေးသွားခဲ့ကြသော တနေ့က ဖြစ်ပါသည်။ ထုံးစံအတိုင်း ထွဋ်ဒီဇိုင်းက ရော့ခ်ကာ တယောက်လို လန်းလွန်း သွက်လွန်းနေကာ ကျမကတော့ ဝတ်နေကျ ရင်ဖုံးအင်္ကျီ လက်ပြတ်  ကျောက်စိမ်းရောင်လေးနှင့် ပန်းဆီ ဖျော့ဖျော့ပေါ်တွင် ကျောက်ခက်နွယ်မျှင်စိမ်း ကလေးများ ခပ်ရှုပ်ရှုပ် ရောယှက်ထားသော လုံချည်ဆင်ကလေး ဝတ်ထားခဲ့သည်။ ဈေးဝယ်လို့မှ မပြီးသေးခင် ကျမညာဘက် လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ကားထားရာဆီ ဒရွတ်တိုက်မတတ် ဆွဲခေါ်ခံခဲ့ရလေသည်။ ကားတံခါး ဖွင့်ပေးပြီး ကားပေါ်ကို အရုပ်တရုပ်လို ထိုးသိပ်ထည့်ခဲ့တာ ဖြစ်သည်။

အရှေ့နှင့်အနောက်လို ကွဲပြားလှသော ကျမတို့ နှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံသည် လူကြည့်ချင်စရာ၊ လူသတိပြုမိစရာ ဖြစ်နိုင်ကောင်းပါသည်။ ဒါကိုပင် ထွဋ်က သဘောမကျ ဖြစ်ရသည်တဲ့လေ။ သူနှင့် အပြင်သွားတိုင်း ကျမမှာ သူ့အရပ်မားမားကြီးဘေးက မပြေးရုံတမယ် သူ့နောက် အမီလိုက်ရသည်။ စိတ်ပျက်လောက်အောင် သူ အလွန် သဝန်တိုတတ်သည်မှာ ကြာတော့ သည်းမခံနိုင်စရာပင်။ နောက်ဆုံး ညှိမရသည့် ကိစ္စတခုမှာ လက်ထပ်ပြီးလျှင် သူပဲ ရှာကျွေးမည် ကျမ အလုပ် လုံးဝ လုပ်စရာမလို ဆိုတာပဲ ဖြစ်သည်။ နေစရာအိမ်တောင်မှ သူ့မိဘတွေနှင့် အိမ်ကပ်လျက်မှာပဲ ရအောင်စီစဉ်မယ် ဆိုလာတော့ ကျမ ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါ။

ကျမ၌ ကျမတတ်ထားသော ပညာရှိသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားရပ်လိုစိတ်ရှိသည်။ ပြီးတော့ ကျမမှာလည်း ဆွေရယ် မျိုးရယ်ဆိုတာ ရှိသေးသည်။ သူနှင့် လက်ထပ်ပြီးလျင်ပဲ ကျမမှာ ဆွေခန်းမျိုးခန်းဖြတ်ကာ သူ့မျက်နှာ တရွာထင်ရမဲ့ အဖြစ်။ သူကိုယ်တိုင်ကျတော့ နိုင်ငံတကာမှာ လှည့်၍ အလုပ်လုပ်နေသည့်သူ၊ ကျမကိုကျတော့ အိမ်ထဲမှာပဲ ထားလိုသူ ဖြစ်သည်။ သူက ကျမ၏ အတောင်ပံများကို သံခြေကျင်း ဝတ်ထားစေလိုသူ၊ ကျမ၏ လွတ်လပ်ခွင့်တို့ကို အချစ်ဟု အမည်တပ်ထားသော ကြိုးတချောင်းနှင့် တုတ်နှောင်လိုသူသာ ဖြစ်သည်။

မောပန်းလှပါသည်။ ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့ ဆိုသည့်စကားပမာသည် ကျမ နှလုံးသားကို ဖျစ်ညှစ်ဆုပ်ခြေနေသကဲ့သို့ပင်။ ထွဋ်ကို လမ်းခွဲ ထားရစ်ခဲ့ရပြန်ပါသည်။ ကျန်ရစ်ခဲ့သူမို့ ပိုနာကျင်ရသည် ဆိုသည်ကို ကျမ လက်မခံပါ။ စွန့်ခွာသူတယောက်အနေနှင့် ခံစားခဲ့ရသည်ကို ကျမသာ အသိဆုံး ဖြစ်ခဲ့သည်။နောက်ပိုင်း ကာလများ၌ အချစ်ဆိုသည်ကို လေသံကလေးမျှ မကြားချင်ခဲ့တော့ပါ။ စိတ်တို့သည် တနေရာထဲမှာ ပုံချထားသလို ငြိမ်ဝပ်နေလျက် လူတွေနှင့် ဝေးသထက်ဝေးလာသလို ခံစားခဲ့ရသည်။

ကျမ အတွက်တော့....
အချစ်သည် ဆေးခါးကြီးတခွက်နှင့် တူသည်။ အချစ်သည် ကျမလက်ထဲက ယုန်ဖြူကလေး တကောင် ဖြစ်သည်။ အချစ်သည် သိုးငယ်ကလေး ဖြစ်သည်။ အချစ်သည် ကြိုးတချောင်း ဖြစ်သည်...။

မည်သို့ဆိုစေကာမူ အချစ်သည် အချစ်သာဖြစ်သည်။ အချစ်သည် ပင်ကိုယ် အရောင်ကင်းမဲ့၍ အချစ်နှင့် ထိတွေ့ခံရသော သူတို့၏ အရောင်ဆိုး ခြယ်လှယ်ခြင်းကို ခံယူရသည်သာ ဖြစ်သည်။

ကျမအတွက်တော့....
ယခုထက်တိုင် အချစ်အကြောင်း ပြောတိုင်း၊ ပြောလိုက်လေတိုင်း မှတ်ပုံတင် လုပ်လိုသည့် လူလား မမြောက်သေးသော မူလတန်းကျောင်းသား တယောက်နှယ် မမီမကမ်း ခံစားရမြဲဖြစ်သည်။

စာကြွင်း....
စာထဲမှ ကျမသည် ချစ်ကြည်အေးလားဟု မေးခဲ့သော် ဟုတ်ချင် ဟုတ်မည်၊ မဟုတ်ချင် မဟုတ်၊ ဟုတ်ချင်မှလည်း ဟုတ်၍ လုံးလုံးလည်းမဟုတ်ဟု ဆိုနိုင်ပေသည်။ (စာဖတ်သူများအနေနှင့် နားရှုပ်သွားလျင် ကျမ၏ ရည်ရွယ်ရင်း အထမြောက်ပေပြီ)

ဆက်၍ ရှင်းပါအံ့...ကြည်လင်နေသော မှန်တချပ်ရှေ့၌ ရပ်လျင် မှန်ထဲတွင် ထင်ဟပ်လာသော ပုံရိပ်ယောင်ကို မြင်ကြရမည်။ ထိုမှန်ထဲတွင် မြင်ရသော ပုံရိပ်ယောင်သည် ပုံရိပ်ယောင်သာဖြစ်၍ ကျမ မဟုတ်ပါ။ ကျမသည်လည်း ကျမသာ ဖြစ်၍ ချစ်ကြည်အေး မဟုတ်ပါချေ....


30 comments:

မောင်ကောင်း said...

ပုံရိပ်ယောင်ဆိုတာလည်း ပုံရိပ်စစ်ရှိမှပေါ်တာ အမရေ.. (ရှုပ်အောင်လုပ်သောကြောင့် ပြန်ရှုပ်ပါသည်)

မောင်လေး said...

ဟွန်း....တကယ်ကိုနားရှုပ်သွားပြီ.....:)
ဝတ္ထုလှလှလေး လို့ သဘောထားရမလား...၊ချစ်ကိုယ်တွေ့ လို့ ယူရမလား..။

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ဆိုတာ ဆေးခါးကြီးတစ်ခွက်၊ ယုန်ဖြူလေးတစ်ကောင်၊ သိုးကလေးတစ်ကောင်၊ ကြိုးကလေးတစ်ချောင်း အဲဒီ လေးမျိုးစလုံးကိုဖတ်ပြီး ခံစားနားလည်တယ်...
အောက်ဆုံးက အပြာရောင်စာလုံးတွေဖတ်တော့မှပဲ ချာချာလည်သွားတယ် ဟဟဟ
ဖတ်ပြီး ရယ်မိတော့တယ် အစ်မရယ်...း)
ပုံရိပ်ယောင်ဟာ အစ်မ မဟုတ်ဘူး.. အစ်မဟာ ချစ်ကြည်အေးမဟုတ်ဘူး ။ ချစ်ကြည်အေးဟာလည်း ပုံရိပ်ယောင်မဟုတ်ဘူး ဟိဟိ ရှင်းရင်းနဲ့ ရှုပ်သွားပြီ..

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ ယုန်ဖြူလေးနဲ့ သိုးကလေးကို ကြိုးတစ်ချောင်းနဲ့ ချည်ပြီး ဆေးခါးကြီး တိုက်တာမျိုးပါကွယ်။

ပန်ဒိုရာ said...

ဘယ်လိုပဲဖြစ်ဖြစ်.. တုတုစစ်စစ် .. ဖတ်လို့ကောင်းတယ် :)

သက်ဝေ said...

အလွန်လှပသော သေသပ်သော အချစ်ဝတ္ထုလေး တပုဒ်ပါ...

ဘယ်နေရာမှာမှ ကြွပ်ဆတ်ဆတ် မနေ... အလွန်ဖတ်၍ကောင်းသော ဝတ္ထုလေး ဖြစ်သည်...။

ကျေးဇူး သူငယ်ချင်း...း))

Ko Boyz said...

ယခုမောင်သည် ဘယ်မောင်မှန်း သိချင်ပါသည်....။ :P

Nyi Linn Thit said...

ဖတ်လို့ ကောင်းလိုက်တာ အမရေ...၊ ကြွပ်ဆတ်ဆတ် ဆေးခါးကြီးဆိုလို့ သတိထားပြီး တတိတိ သောက်နေတုန်း ချစ်စရာ မွေးပွ ယုန်ကလေး ဖြတ်ပြေးတာမြင်တော့ အမောတကော ပြေးလိုက်မိတယ်၊ အနားရောက်မှ ဘယ်ဟုတ်မလဲ၊ သိုးမွေးတွေ အလိပ်လိပ်နဲ့ သိုးကလေး တစ်ကောင်..၊ အတင်း တိုးကပ်သွားမှ ဒီအထိကို ကြိုးတစ်ချောင်းနဲ့ ဆွဲခေါ်ခံလာရတာကိုး လို့ သဘောပေါက်တယ်၊ ပြန်ကာနီး မှန်ကြည့်မိတော့ အထဲက ပုဂ္ဂိုလ်က 'ဘယ်လိုလဲ ကိုယ့်လူ...' တဲ့။

တန်ခူး said...

ဖတ်လို့ ကောင်းနေမှ အနိုင်နဲ့ အပိုင်းခံလိုက်ရ၏။သိုးတကောင်နဲ့ မတူသော ကြိုးတချောင်းနဲ့ ဆန့် ကျင်သော မောင်တွေလိုမပူလောင်သော ငြိမ်းချမ်းအေးမြသည့် တကယ့်အချစ် အကိုကြီးအချစ်ကို ဘာကြောင့်များတမင်တကာ ကျော်ကာသွားသနည်း။၁၈နှစ်မှတ်ပုံတင်ကြီးတွေ့ နေရသူမို့  ဖော့လုံးလေးနဲ့ တောင်မရွယ်ရက်သည့် အချစ်အကြောင်း ပြန်လည်အလျော်ပေးစေလိုပါသည်။မျှော်နေမည်။ပုံ- အချစ်ကျောင်းသူလေး တန်ခူး

rose of sharon said...

ဖတ်ရတာပျော်စရာကြီး... အချစ်ရဲ့အရသာအမျိုးမျိုးကို ခံစားလိုက်ရတယ်...

Vista said...

ဘယ်နားမှ မကြွပ်ဆပ်ပါ . အလွန်လှပပါသည်

An Asian Tour Operator said...

ဒါအကုန် ပဲလား..... ဆိုတော့....အဟတ်အဟတ်အဟတ် :P

ကျောက်ရိပ်ယောင် said...

အချစ်ဆိုသည်မှာ.....ဗိန္ဒောဆေး တခွက်ဖြစ်သည်။
အချစ်ဆိုသည်မှာ.....တိရစ္ဆာန် နှစ်ကောင် ဖြစ်သည်။
အချစ်ဆိုသည်မှာ.....အဝတ်လှန်း၍လည်းရသည်။
ထို့ကြောင့် အချစ်ကိုပိုင်ဆိုင်ပါက....ဘုရားပွဲများတွင် ဆေးရောင်း၍မျက်လှည့်ပြနိုင်သည်။
သင့်ကိုသင်..အမီနာဟုနာမည်မှည့်၍ သိုးသား ဆိတ်သား ဈေးမှာရောင်းနိုင်သည်။
ချစ်ကြည်အေး ဒိုဘီပင်မင်းကုမ္ပဏီ လိမိတက် တည်ထောင်ပြီး ဒိုဘီဝါလားမန်နေဂျင်းဒါရိုက်ကြီးလဲ ဖြစ်နိုင်ပေသည်။.....။

ခင်မင်းဇော် said...

အခုအချစ်ကြောင်း ဆက်ရေးပါ..ဒါပဲ.

Anonymous said...

အပေါ်က ကို AATO ပြောသလို ပါပဲ


ဒါအကုန်ပဲ လား........ဟွန် နည်းလိုက်တာ...


ကြည့်ရဲ့ အချစ်ကတော့ တစ်ခါတစ်လေ
အချစ် = နာကျင်ခြင်း လို့ သတ်မှတ်တယ်။
တစ်ခါတစ်လေ
မောင် ရုပ်၇ှင်ထဲကလို ပဲ

ကြင်နာခြင်း= နာကျင်ခြင်း

အချစ်ရဲ့ရသာစုံ အသီးပေါင်းတစ်ခု ကို တစ်ခါတစ်လေ လည်း မြည်းကို မမြည်းချင်တော့တာ


ကြည်ကြည်

Anonymous said...

အပေါ်က
ဖတ်လာတဲ့အထိတော့ ရှင်းတယ် ..
အောက်ကျတော့မှ ရှင်းတော့ဘူး ...

မရှင်းတရှင်းနဲ့ ပြန်သွားတဲ့
ဆောင်းနှင်းရွက်

မောင်မျိုး said...

သိပ်လှတယ် အစ်မချစ်ရဲ့ ဗီဇလေးအတိုင်း ဟာသလေးနဲ့ရေးမယ်ထင်နေတာ တော်တော်ကို လှတယ် အချစ်အကြောင်းဖွဲ့သီသော စာတွေကဗျာတွေ အားလုံးကတော့ နုညံ့လှပနေတာပါပဲ မသက်ဝေ ကိုတောင် တော်တော်ကျေးဇူးတင်တယ်း) သူ့ကျေူးဇူးကြောင့် တော်တော်များများရဲ့ လှပတဲ့အချစ်အကြောင်းလေးတွေ ဖတ်လိုက်ရလို့ ။


အစ်မချစ် အောက်ဆုံးမှာ ရှင်းပြထားတဲ့ ရှင်းလင်းချက်လေးကိုလည်း သဘောကျတယ် ။

Anonymous said...

ဖတ်လို့ တယ်ကောင်းပါလား....
အရသာကိုစုံသွားတာပဲ :)

ဂျင်းစုတ်

Shinlay said...

အချစ်အကြောင်းလာဖတ်သွားပါတယ်။

မော်ဒယ်လ် လုပ်မယ့် ဆလူး ဝက် said...

ဒေါ်ချစ်ရယ် ဧပြီဖူးလ် လုပ်တာပါ ဒါပေမယ့်ရှင်က မနေ့ကမဖတ်တော့ ကျွန်မ လုပ်ရတဲ့လူက အောင့်သက်သက်ကြီး ဟွင့်
လူဇိုးးးးးးးးးးးး

များလိုက်တဲ့အချစ်တွေ မနေ့က ဖတ်ပြီးတော့ မချစ်တို့ စွံလှချည်လားလို့ ဒါပေမယ့် အောက်ဆုံးရေးထားတဲ့တ real image and virtual image ဆိုတာကို သဘောကျတယ်

sonata-cantata said...

မိုက်မှမိုက်ပဲ...

ပန်းချီ said...

"အချစ်သည် ပင်ကိုယ် အရောင်ကင်းမဲ့၍ အချစ်နှင့် ထိတွေ့ခံရသော သူတို့၏ အရောင်ဆိုး ခြယ်လှယ်ခြင်းကို ခံယူရသည်သာ ဖြစ်သည်"
ဒီ line ကိုသိပ်ကြိုက်တယ်..မှန်လွန်းလို့ မမရေ..
သိပ်မလှပတဲ့ အချစ်ဇာတ်လမ်းလေးတွေကို လှလှပပရေးသွားလိုက်တာ မမချစ်ကြည်မှဟုတ်ရဲ့လားလို့... :))

လေးစားချစ်ခင်လျက်..

“ အက္ခရာ ” said...

ဖတ်လို့ကောင်းတယ်....ရှပ်နေတဲစာကြွင်း ကိုပိုကြိုက်တယ်..
လာဖတ်သွားတယ်နော်.....

blackroze said...

ပုံရိပ်ယောင်ဘဲဖြစ်ဖြစ်
ပုံရိပ်စစ်ဘဲဖြစ်ဖြစ်
ကြိုက်တယ်...
ဘယ်လိုနည်းနဲ့ဘဲခံစားခံစား...
တကယ်တော့အချစ်ဆိုတာ
အချစ်ပါဘဲ..မကြီး၇ာ...

ညီမလေး said...

အချစ်လား...သူကတော့ကင်းလေကောင်းလေဆိုတာမျိုးပါ။။
ဒါပေမဲ့ဝတ္ထုလေးကလှတယ်...

Anonymous said...

ချစ်ကြည်အေးရေ

အချစ်အကြောင်းလေး ဖတ်သွားတယ် ရှင်းရှင်းပြောပါနော် ဆရာနဲ့ မတိုင်ပါဘူး အားလုံးနေကောင်းကြလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အဲဒီလိုရေးတက်ဆွဲတက်ချင်လိုက်တာမမရေ။
Mon Petit Avatar

ခနွဲ said...

အချစ်အကြောင်းကို မျက်လုံးကလယ်ကလယ်နဲ့ နားထောင်သွားပါတယ်။ အဲ...ကျမ နဲ့ ချစ်ကြည်အေး ရှင်းခန်းကျတော့ ခေါင်းကုတ်ပြီး နားရှုပ်နေသောကြောင့် အစ်မ ဆိုလိုရင်း အထမြောက်ချေပြီ။

T T Sweet said...

အချစ် အကြောင်းလေး ဖတ်ကောင်းပါသည်။ဇာတ်လမ်းတွေ အညားကြီးပဲနော်။

အောက်ဆုံးမှ ရှင်းလင်းချက်ကတော့ ဘီအီးဒီအောင်သိုက်ရဲ့ ရှင်းနေတာကို ရှုပ်အောင်လုပ် ... ပြီးမှ ပြန်ရှင်း ဆိုတာ သတိရသွားတယ်။ များခေါင်းနဲနဲမူးတွားတယ် ...း )

ကိုထွဋ် said...

ပေပေ တေတေ နေတဲ့ကောင်လေးတစ်ယောက်အပေါ် ချစ်မိတဲ့ အချစ်ကို လေးစားမိတယ် မဖြစ်နိုင်လို့ သူကို ထားခဲ့ပေမယ့် သူ့ကို မောင်လို့  ပထမ ဆုံး ခေါ်လိုက်ရတာပဲ ဒါက အမ ရဲ့ ကြည့်နူုးခွင့်လေ ပြန်တွေးတိုင်း ကြည်နူးနေမှာ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်