Thursday, April 28, 2011

ကြက်ခြေခတ်ကလေးများ

ကြက်ခြေခတ်...အင်မတန် အကြည့်ရဆိုးပါတယ်။ ကိုယ်ကပဲ ကြက်ခြေခတ်ခတ်၊ ကိုယ့်ကိုပဲ ကြက်ခြေလာခတ်ခတ် ဘယ်လိုပဲဖြစ်ပါစေ ကြက်ခြေခတ်ဟာ အမှားသဘော၊ တားမြစ်ပိတ်ပင်တဲ့သဘော၊ Negative သဘောဆောင်တာမို့ ကလေးအရွယ်ကနေ လူကြီးတယောက်ရယ်လို့ ဖြစ်လာတဲ့အထိ ဘယ်သူကမှ ကြက်ခြေခတ်တွေကို ဘဝမှာ လိုလိုချင်ချင် ရှိကြမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်မ ပြောချင်တဲ့ ကြက်ခြေခတ်က "အမှား" ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ ကြက်ခြေခတ်ကလေးတွေ အကြောင်းပါ။

လူတယောက်အတွက် အမှားတွေ လုပ်ဖြစ်ဖို့ တွန်းအားတွေ၊ စေ့ဆော်မှုတွေက အတော်များတာပါ။ အပေါင်းအသင်းကြောင့်၊ ငွေကြေးကြောင့်၊ အရက်သေစာ မူးယစ်သောက်စားတတ်မှုကြောင့်၊   ဒေါသစိတ်ကြောင့်၊ လောဘကြောင့် စသဖြင့် အမှားတွေကို မသိလိုက်ဘဲ ဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ကျူးလွန် မှားယွင်းမိတတ်ကြပါတယ်။ များသောအားဖြင့် အဲသည်လိုအချိန်တွေမှာ အမှားကို အမှန် ထင်မြင်နေတတ်ကြပါတယ်။ မောဟဆိုတဲ့ မသိမှုက အသိဉာဏ်မျက်လုံးအစုံကို ကွယ်ထားတတ်တာမို့ အမှားကို မမြင်နိုင်ကြတာပါပဲ။

ဘဝမှာ တခါမှ အမှားမလုပ်ခဲ့ဖူးသူများလည်း ရှိကောင်း ရှိပါလိမ့်မယ်။ အဲသည်လိုလူတွေ အတွက်တော့ Bravo ပါ။ keep it up ပါ။ ပြောစရာ မရှိပါဘူး။ ကျွန်မ ရည်ရွယ်ပြောချင်တာက "အမှားများနဲ့ လူတွေ" ကိုပါ။ အမှားတွေနဲ့ အမှောင်ထဲမှာ အချိန်ကုန်ရင်း ဘဝထဲ အသစ်တဖန် ပြန်ဝင်ဖို့ တွန့်ဆုတ်နေကြသူများကိုသာ ဆိုချင်ပါတယ်။  

အားပေးစကား ပြောရရင် အမှားဆိုတာ ပြင်လို့မရတဲ့ အမှားတွေချည်းပါပဲ။  တကယ်ပါ ကျွန်မ အဲသည်လိုပဲ ယုံကြည်တာမို့ပါ။ လုပ်ပြီးခဲ့တဲ့ အမှားတွေက သပ်သပ်၊ အမှန်ကို အမှန်မှန်းသိလို့၊ နားလည်သွားလို့ လမ်းကြောင်းအမှန်ပေါ် လျှောက်နေတာက သပ်သပ် ဖြစ်ပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ အမှားနဲ့ လက်ရှိအမှန်ဆိုတာ မတူညီသော ဖြစ်စဉ် နှစ်ခုသာ ဖြစ်တယ်။ ခုလက်ရှိ အမှန်နဲ့ လုပ်ပြီးခဲ့တဲ့ အမှားကို သင်ပုန်းချေလို့ မရနိုင်ပါဘူး။

ဒါကြောင့် အမှားဆိုတာ မလုပ်မိအောင် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ မရှောင်နိုင်လို့ လုပ်မိပြီဆိုရင်လည်း ဘာမှ စိတ်ဓါတ်ကျစရာ မလိုပါဘူး။  အမှားလုပ်ရဲသူဟာ အမှားရဲ့အကျိုးဆက်ကို ခံနိုင်ရည်ရှိဖို့   ပြင်ဆင်ရပါမယ်။

တစ်- မှားမှန်း သေချာပြီဆိုတာ သိလိုက်တဲ့အချိန်က စပြီး ရပ်တန့်ပစ်နိုင်ရမယ်။ လိုအပ်ရင် ဂငယ်ကွေ့ ရဲရဲကြီး ပြန်ကွေ့ချနိုင်ရမယ်။ ပြီးတော့ အမှားကို မှားမှန်း ဝန်ခံတတ်ဖို့ပါပဲ။ အဲဒါ သိတ်အရေးကြီးပါတယ်။ အမှားကို အမှားမှန်းသိဖို့နဲ့ ဝန်ခံတတ်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်လှပါဘူး။ လောကကြီးထဲမှာ မှားနေလို့ မှားမှန်း မသိသူတွေ၊ မှားမှန်းသိရက်နဲ့ အနေအစားချောင်လို့ လမ်းမှားကြီးပေါ် ဆက်လျှောက်နေသူတွေက အများသားရယ်။

နှစ်-တံတွေးခွက်မှာ ပက်လက် မျှောချခံမနေပါနဲ့။ ကူးခတ် ဆန်တက်ဖို့ ကြိုးစားပါ။ "ကဲ့ရဲ့ တသက်လုံး"   ဖြစ်နေဦးမဲ့ ပါးစပ်ပေါက်တွေအတွက် နားထိုင်းတတ်ပါစေ။ ခေါင်းမငုံ့ပါနဲ့ ရင်ကိုကော့ပြီးသာ လျှောက်ပါ။ အရင်ကထက် စိတ်ဓါတ်ခွန်အားတွေ နှစ်ဆမက ပိုပါစေ။

သုံး-ဘာ့ကြောင့် မှားခဲ့သလဲဆိုတာ ပြန်လည်စဉ်းစား သုံးသပ်ကြည့်ပါ။ အမှားထဲက သင်ခန်းစာ ရအောင်ယူတတ်ပါစေ။

လေး-ဘယ်တော့မှ နောင်တ မရပါနဲ့။ နောင်တဆိုတာ ဘယ်တော့မှ သုံးစားလို့ရတဲ့အရာ မဟုတ်ပါဘူး။ ပြုပြီးသော အကုသိုလ်အား ပြုလုပ်မိလေခြင်း ဆိုသော နောင်တ၊ မပြုမိခဲ့သော ကုသိုလ်တို့အား မပြုမိလေခြင်းဆိုသော နောင်တ တရား နှစ်မျိုးစလုံးဟာ ကုက္ကုစ (စာလုံးပေါင်း မှားနိုင်ပါတယ်) အကုသိုလ်တရားတွေချည်းပါပဲ။ ဒါကြောင့် နောင်တတွေ ရင်မှာရှိနေရင် စွန့်ပစ်ထားခဲ့ပါ။

ငါး-မိမိကို အများတကာ ယုံကြည်မှုရှိလာဖို့ ဆိုတာ ပထမဦးဆုံး မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အရင်ဆုံး ကြိုးစားတည်ဆောက်ပါ။

ကိုယ်တယောက်ထဲ ကိုယ့်ဘာသာမှားတာ ဘယ်သူ့မှ မထိခိုက်ဘူး ဆိုပေမဲ့ လူဟာ ပတ်ဝန်းကျင် အသိုင်းအဝန်းနဲ့နေတာမို့ သူတို့ကိုပါ တနွယ်ငင် တစင်ပါဆိုသလို ထိခိုက်စေနိုင်ပါတယ်။ ကြပ်ကြပ်သတိထားပါ။

ကျွန်မ အရမ်းမကောင်းခဲ့ပါဘူး။ စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာကိုတောင် ရပ်ကွက်လူကြီးဆီက လနဲ့ချီကြာပြီးမှ ရခဲ့တာ။ မယုံ မရှိပါနဲ့။ ရပ်ကွက်လူကြီး ခရီးလွန်နေလို့ပါလို့ လူကြီးမိန်းမက ပြောပါတယ်။ ထားပါလေ။ မိဘ မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက ငယ်လို့ ဆိုးခဲ့သလို ကြီးလာတော့ ကြီးတဲ့အလျောက် ဆက်မိုက်ပါတယ်။ ဒါကြောင့် မိဘကို မျက်ရည်ပေါက် ကြီးငယ်ကျအောင် မလုပ်ဖူးတဲ့ သားလိမ္မာ၊ သမီးလိမ္မာများကို ကျွန်မ ဒီကနေ သာဓု သုံးကြိမ်ခေါ်လိုက်ပါတယ်။

အမှားတွေ လုပ်ခဲ့တယ်ဆိုတာ ကြွားဝါစရာ၊ ထုတ်ဖော်ပြောဆိုစရာ မဟုတ်ပေမဲ့ အမှားကိုသိလို့ အမှန် လမ်းကြောင်းပေါ် ရောက်ပြီ၊ လျှောက်နေပြီ ဆိုတာကတော့ဖြင့် အင်မတန် ဝမ်းသာစရာလို့ ယူဆပါတယ်။ တခါ ကျွန်မနဲ့ မောင်နှမလို ရင်းနှီးနေတဲ့ အကိုတယောက်က ပြောလာပါတယ်။
"ညည်းအတော် ပုံစံ ပြောင်းသွားပြီ၊ ငါ့ညီမက လိမ္မာပုံပေါက်လာပြီ" တဲ့လေ။
"ဘုရားရှင်လက်ထက်တုန်းကတောင်မှ ဆိုးပေ့၊ မိုက်ပေ့ ဆိုတဲ့ လူဆိုးလူမိုက်ကြီးတွေ အစောဆုံး ကျွတ်တမ်းဝင်ခဲ့ကြတယ်လေ အကိုရ" လို့ ကျွန်မ ဆိုတော့မှ တဟားဟား အော်ရယ်ပါတော့တယ်။

ကျွန်မ ချန်ဂီရွာ (Changi Village)က စားသောက်ဆိုင်လေးတဆိုင်မှာ စားခဲ့ဖူးပါတယ်။   ဒေသစာ ခေါက်ဆွဲနဲ့ မြေအိုးထမင်း၊ ဘာဂူတေးနဲ့ စွပ်ပြုတ်လို အစားအစာတွေ ရောင်းပါတယ်။ စားသောက်ပြီး အပြန်လမ်းမှာ သူငယ်ချင်း  ပြောပြလို့ စားပွဲထိုးကအစ ချက်ပြုတ်သူအထိ ဆိုင်ကို ဦးဆောင်လည်ပတ်နေသူတွေဟာ အရင်က ပြစ်မှုတခုခုနဲ့ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူတွေ ဖြစ်မှန်း သိခဲ့ရပါတယ်။ ကျွန်မစိတ်ထဲ ကြည်နူးပီတိဖြစ်သွားလိုက်တာများ ပြောမပြတတ်အောင်ပါပဲ။ သူတို့ ဘဝလေးတွေ အရင်ကလိုပဲ သာမန်လူတွေနဲ့ တန်းတူ လုပ်ကိုင်ရပ်တည်နိုင်ပါလား ဆိုတဲ့ ဝမ်းသာစိတ်ကြောင့် ဖြစ်မယ် ထင်ပါရဲ့။ လမ်းကြုံတိုင်းလည်း ကျွန်မ အဲသည်ဆိုင်လေးမှာပဲ သွားစားဖြစ်ခဲ့တယ်။ ကြာခဲ့ပါပြီ။ ခုတော့ ရှိသေးရဲ့လား မပြောတတ်ပါဘူး။

ကြက်ခြေခတ်ကလေးတွေကို နွေးနွေးထွေးထွေး လက်တွဲခေါ်ယူတတ်ကြတာလည်း ကောင်းသော အပြုအမူပါပဲ။ ဒုတိယအကြိမ်-2nd chance ဆိုတာ လူတိုင်းအတွက် ရှိသင့်တယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးကို အကြိမ်ကြိမ် အလွဲသုံးစား ထပ်လုပ်မယ်ဆိုရင်တော့ လူ့ဘောင်က အပြီး ကျဉ်ကြပါလိမ့်မယ်။

အမှားတခါပြုမိတိုင်း အမှန်ကို တကြိမ် သိခွင့်ရတယ်ဆိုပြီး အကြိမ်တရာ အမှန်ကိုသိဖို့အတွက် အကြိမ်တရာ မှားကြစို့ ဆိုတာမျိုးလည်း မဟုတ်သေးပြန်ဘူးလေ....


14 comments:

ညိမ်းနိုင် said...

အမှားတေါတော့အများကြီးရယ်...၊တစ်ခုမှားလိုက်ဆင်ခြင်လိုက်၊နောက်...တစ်ခု
ထပ်မှားလိုက် ပြင်လိုက်...ဟင်း...ခုထိ မှားလို့ကောင်းတုန်း....။

ကိုကိုမောင်(ပန်းရနံ့) said...

မှားမှန်းသိသိကြီးနဲ့ အမှန်လိုလို လုပ်နေကြတဲ့ သူတွေကလဲ အများသားကလား အမ။ အင်း ပြောတာ ပြောရတယ်။ အမှားက လူတွေနဲ့ အလွန် မိတ်ဆွေဖြစ်ချင်ကြတာကလား။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ပန်းချီ said...

ကြက်ခြေခတ်ကလေးများကို ကြက်ခြေခတ်ကလေးတစ်ယောက်လာဖတ်ပါတယ်..
ိစိတ်ခွန်အားဖြည့် စာကောင်းလေးတစ်ပုဒ်အတွက်ကျေးဇူးပါ..မမ

ကျန်းမာပျော်ရွှင်ပါစေ..။
ချစ်တဲ့

သက်ဝေ said...

မင်နီကြက်ခြေခတ်တွေ မြင်တိုင်းလေ.. မူလတန်းကျောင်းသား ဘဝကို အောက်မေ့တယ်.. စာတွေ ဖြေစဉ်တိုင်း မှားနေလို့ သချာင်္တွေ အဖြေရှာတိုင်း မှားနေလို့ ဆရာမက ကြက်ခြေခတ်တယ်..
မမှားဖို့ ကြိုးစားရအုံးမယ်…

အရွယ်ရောက်လာ စိတ်တွေ လှုပ်ရှားကာ… အင်မတန်ချစ်မြတ်နိုးတဲ့သူ့ကိုလေ… ရင်မှာ ကြင်နာသမျှတွေ စာတွေ စီကာ အပေးမှာ… အချစ်ဆုံးက ကြက်ခြေခတ်တယ်…
မချစ်ဖို့ ကြိုးစားရအုံးမယ်…

အရွယ်ရောက်လာ အလုပ်ခွင်ဝင်တဲ့အခါ… ဆူပူကြိမ်းမောင်းခြင်းက မလွတ်နိုင်ဘူး.. ကျွန်တော်လေ အတန်တန်ကြိုးစားပေမယ့် လူတွေ အမြင်ဇောက်ထိုး ဖြစ်နေလို့… ဘဝက ကြက်ခြေခတ်တယ်… မမှားဖို့ ကြိုးစားရအုံးမယ်…

ပိုစ့်ဖတ်ပြီး ဒီသီချင်းလေး သတိရလို့ ဆိုပြသွားတယ်…
သီချင်းနာမည်က ကြက်ခြေခတ် တဲ့…း))

An Asian Tour Operator said...

မာဖီရဲ့ဥပဒေ အရ ဆိုရင် အမှားအကြောင်း စဉ်းစားလိုက် ကတည်းက မှားပြီးသားပဲ :P

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကျနော်လည်းတွေ့ဖူးတယ်-ဆေးမှု့ နဲ့ထောင်ကျသွားတဲ့လူလေးယောက်ကို
ဘုရားရှစ်ခိုးကြောင်းကဘုန်းတော်ကြီးကကယ်တင်လိုက်တာ-သေဘေးကလွတ်
ပြီးကျွမ်းကျင်တဲ့အဆိုသမားအတီးသမားတွေဖြစ်သွားပြီးလူတန်းစေ့နေနိုင်တာကို
ပါ။သူတို့ဘဝထောင်ထဲမှာနေခဲ့ရတာကလေးတွေကိုလူငယ်ကလေးတွေကိုပြောပြ
ပြီးသီချင်းကလေးတွေဆိုပြကြနဲ့ ကြက်ခြေခတ်လေးယောက်အမှန်ခြစ်တွေရသွား
ရတဲ့အကြောင်းကလေးပါ-သူတို့သီချင်းတွေအရမ်းကြိုက်တယ်-ဒါပေမဲ့
တပုဒ်မှမရဘူး---
ဆရာကတော်ရဲ့ ကြက်ခြေခတ်ကလေးအမှန်ခြစ်သွားတယ်နော်-
ကျနော်ကတော့ကြက်ခြေခတ်-ဂျစ်တူး(မုံရွာ)

ချစ်ကြည်အေး said...

မောင်ညိမ်း...မှားကောင်းတုန်းတော့ မလုပ်ပါနဲ့ကွယ်....လူငယ်တွေ လိမ္မာမှ ဖြစ်မယ် ခေတ်ကြီးကိုက အဲသလို....:)

သူကြီး...တွေ့ရတာ ဝမ်းသာတယ်၊ အမှားနဲ့ မိတ်ဆွေဖြစ်ချင်ဆို လူ့စိတ်ကိုက မကောင်းမှုမှာ မွေ့တတ်တာကလား...:)

ညီမ ပန်းချီ...ကြက်ခြေခတ်ချင်း တွေ့ရတာ ဝမ်းသာတယ်...ဟိုင်း ဟိုင်း....:)

ညီမလေးသက်ဝေ မရဘူး ခုလို စာနဲ့ရေးပြရုံ၊ ဆိုပြပါ ဘလော့ဂ်မှာ တင်ပလိုက်ပါ အကိုကြီး ချစ်ကြည် လာအားပေးမည်...ငှဲငှဲ...:)

ကိုသောမတ်...ဟာ...မကြားလိုက်ဘူးလား အဲဒီ မာဖီရဲ့ ဥပဒေက စီကေအေ ဥပဒေနဲ့အတွေ့မှာ တဂိုး ဂိုးမရှိ ရှုံးသွားပါရောလား....:)

ဂျစ်တူး...မင်္ဂလာပါရှင်၊ ဒါပေါ့ ဘဝမှာ အမှန်ခြစ်ဖြစ်သွားတဲ့ ကြက်ခြေခတ်ကလေးတွေမှ အများကြီးရယ်.. အဲ့အကြောင်းပြောရင်း....ချော်လဲတာနဲ့ အပြီးထိုင်လိုက်တော့မှာလား ဆိုတဲ့ ကိုထီးကိုသတိရတယ်.....

သိင်္ဂါကျော် said...

မှားမှန်းသိပြီး အမှန်ပြင်လာတဲ့ သူကို လက်တွဲခေါ်ယူရမှာပါ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ထောင်ထွက်တိုင်းလဲ လူဆိုးမဟုတ်ကြဘူးနော်။ အကြောင်းအမျိုးမျိုးရှိကြတာကိုး
ညီမ အိမ်ပြန်တော့ ကားပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ထောင်ထွက် ၂ယောက် ပါလာတယ် တစ်ဦးက အမျိုးသား၊ တစ်ဦးက အမျိုးသမီး
သူတို့ ၂ယောက်လုံးက တစ်နေရာစီက လာတာ။ ဒါပေမဲ့ ကားပေါ်မှာ စကားပြောကြရင်း ၂ယောက်လုံး ထောင်အကြောင်းတွေ ပြောလာကြတော့ ညီမစိတ်ထဲ လန့်သွားတယ်။ ထောင်ထွက်၂ယောက်တောင် ပါတယ်ဆိုတော့ စဉ်းစားကြည့်လေ
ဒါပေမဲ့ သေချာ ဂဃနဏ နားထောင်တော့မှ တစ်ယောက်က စစ်တပ်မှာ မလုပ်ချင်တော့လို့ ထွက်ပြေးတော့ ထောင်ကျတာ၊ အမျိုးသမီးကတော့ အိမ်မီးလောင်လို့ ထောင်ကျတာ။ အကျင့်စာရိတ်တ္တ မကောင်းလို့ ထောင်ကျတာမျိုး မဟုတ်ဘူး။ အဲဒါ အကြောင်းရင်းသာ မသိဘဲ ထောင်ထွက်ဆိုတဲ့ ကြက်ခြေခတ်လေးကိုသာ ကွက်ကွက်လေး ကြည့်ကြမယ်ဆို အချို့သောလူ့အသိုင်းအ၀ိုင်းက ဖယ်ကျဉ်ကြဦးမှာ သေချာတယ်နော်။
ဘ၀မှာ အမှားဆိုတာ လူတိုင်းလုပ်ဖူးကြမယ်လို့ ညီမလည်း ထင်ပါတယ်။ မှားမှန်းသိလို့ ပြင်နိုင်တာကို ချီးကျူးရမှာပါ။ မှားမှန်းသိသိကြီးနဲ့ ကိုယ့်အမှားကို မမြင်၊ ၀န်မခံဘဲ သူတစ်ပါးကို လက်ညိုးငေါက်ငေါက် ထိုးနေသူတွေသာ ...............

မိုးငွေ့...... said...

ငယ်ငယ်တုန်းက ဆရာမအမှတ်ခြစ်ရင် အဲဒီကြက်ခြေခတ်မှင်နီတွေကို အရမ်းမုန်းခဲ့ဖူးတယ်...။

ခင်တဲ့
မိုးငွေ့

Nyi Linn Thit said...

တချို့တွေကတော့ အခုထိ အမှားကြာ၊ အမှန်ဖြစ် ဆိုပြီး သိသိကြီးနဲ့ ကြိတ်နေကြတုန်းပဲ၊ မသက်ဝေက ကိုဘွဲ့ကြီး သီချင်းဆိုတော့ ကျနော်လည်း သူ့သီချင်း နောက်တစ်ပုဒ်ကို သတိရသွားတယ်၊း) “ဝ,လုံးကလေးမှ ဝိုင်းအောင် မရေးနိုင်ခင် xxx ” ဆိုတာလေ..၊ “မှားတဲ့ဖက်မှာ” တဲ့၊ တခါတလေ အမှားဆီကို ခြေတလှမ်းနဲ့ ရောက်သွားပေမယ့် အမှန်ဆီကို ပြန်လာဖို့ကတော့ မိုင်တိုင်တွေအများကြီး ပြန်လျှောက်လာမှ ရတယ်၊ ဒီပို့စ်လေးကို ကြိုက်တယ်။

ကလူသစ် said...

အမတ်ဖြစ်ချင်တဲ့သူတွေကတော့ ကြက်ခြေခတ်ကို ကြိုက်ကြတယ်ဗျ :)

ဇွန်မိုးစက် said...

မရေ...ခုတော့ ပြန်ဖတ်လို့ ရသွားပြီ။ ဦးလူသစ်မန့်သွားကို သဘောကျတယ်။း)
ဇွန်လည်း အမှားတွေ လုပ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ့ထဲက သင်ခန်းစာပြန်ယူလိုက်ပြီး နောက်ထပ်မမှားအောင် ကြိုးစားလိုက်တယ်။

ဒီလောကမှာ အမှားနဲ့ကင်းတဲ့လူရယ်လို့ ရှိမယ်မထင်ဘူး အစ်မချစ်။

မနက်ဖြန် ဆုံကြမယ်နော်။း)

မြသွေးနီ said...

အစ်မချစ်ရေ..
ဒီပို့စ်လေးကြိုက်တယ်...
အမှားနဲ့ကင်းသူ မရှိလောက်ပါဘူး။ လူတိုင်းမှားဖူးကြမှာပါ။ အမှားတွေနဲ့အသားကျရင်း အများကို အမှန်ထင်နေသူ၊ ကိုယ့်ကိုယ်ကို မှန်ချင် ယောင်ဆောင်နေကြသူတွေထက် အမှားကို ၀န်ခံသူ၊ အမှားရဲ့ ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ခံယူသူ၊ အမှားကနေ အမှန်တွေ သိမြင်လာသူတွေကို ကြိုဆိုချင်ပါတယ်။ ညီမတို့ ပတ်ဝန်းကျင်မှာတော့ အမှားကို အမှန်ထင်နေကြသူတွေ အများကြီးပါပဲ။

(စာကြွင်း - ကလူသစ် ကွန်မန့်လေး သဘောကျမိတယ်)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်