Wednesday, September 22, 2010

ချစ်သောသူများနှင့် တဘဝတာ

ကျမတို့ သတင်းစာ ဖတ်ကြတဲ့အခါ မဖြစ်မနေ ဖတ်ဖြစ်တဲ့ ကော်လံက မင်္ဂလာဆောင်၊ မွေးနေ့ နဲ့ သေနေ့ကြော်ငြာလို့ ခေါ်နိုင်တဲ့ နာရေးကြော်ငြာတွေပဲ ဖြစ်တယ်။ သားဖွားဆေးရုံမှာ မွေးလာလိုက်ကြတာတွေကလည်းများ၊ တနေ့တနေ့ သေနေကြတာတွေက အများသားရယ်။ နေစမ်းပါအုံး...သတင်းစာထဲတွေ့တဲ့ နာရေးကြော်ငြာတိုင်းအတွက် ရှင်တို့ ငိုကြသလား...။ ဘယ် ငိုလိမ့်မလဲနော်။ သူစိမ်းတွေဆိုတဲ့ အသိနဲ့ မျက်ရည်ဘယ်ထွက်ပါ့မလဲ။ ဖြစ်မှ ဖြစ်ရလေရယ်လို့ စုတ်သပ်မိရုံ၊ သနားဂရုဏာ သက်မိကြရုံပေါ့...။

တကယ်လို့များ ချစ်ရတဲ့ အသိမိတ်ဆွေထဲက တယောက်ယောက် နာမည်များ နာရေးကြော်ငြာထဲ ဖတ်မိလို့ကတော့ စိတ်မကောင်း ဖြစ်ကြရပြီ။ ဝမ်းနည်းကြရပြီ။ ဆွေမျိုးအရင်းကြီး ဖြစ်နေရင်ဖြင့် ပိုတောင် ဆိုးဦးမယ်။ အပူလုံးက ရင်ဝထိ တက်ဆောင့်ပြီး မြေပေါ်မှာပဲ လူးလှိမ့်နေမလား၊ ရင်ဘတ်စည်တီးလို့ ငိုချင်းပဲ ချနေမလား။ နဲနဲချစ်မိရင် နဲနဲပူလောင်ပြီး များများချစ်မိရင် များများ ပူလောင် စေပြီပေါ့။

ဆေးရုံ ဆေးခန်းတွေလည်း ရောက်ဖူးကြမယ် ထင်ပါရဲ့။ ဖြတ်သွား ဖြတ်လာ တွေ့ရတဲ့ ရောဂါသည်တွေအတွက် ဖြစ်ရလေရယ်လို့ သနားမိကြရုံ။ ချစ်သူ ခင်သူတွေ အတွက်များဆိုရင်ဖြင့် ဓါးရှ ဒဏ်ရာလေးကအစ ကျမတို့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ရင်တွေပူလောင်လို့။ ခပ်ကြီးကြီး ရောဂါများ ဖြစ်ရင်တော့လား ဘုရားရှိခိုး ဆုတောင်းပေးရ၊ ဗေဒင်တွေမေး၊ ယတြာတွေချေနဲ့ အရူးမီးဝိုင်းသလို ပူတတ်ကြရဲ့ မဟုတ်လား။

လမ်းပေါ်မှာဖြင့် အနှေးယာဉ်တွေ၊ အမြန်ယာဉ်တွေလည်း ပေါပါ့။ တခြားသူတွေအတွက်တော့ သတ္တဝါတွေ ဘေးရန်ကင်းရှင်းကြပါစေလောက်နဲ့ ပြီးသွားနိုင်ပေမဲ့ ကိုယ့်အိမ်သူ အိမ်သားတွေကိုဆို ဖြေးဖြေးမောင်းနော်၊ ကျော်မတက်နဲ့၊ ပြိုင်မမောင်းနဲ့၊ မောင်းရင်း ဖုန်းပြောမနေနဲ့ စသဖြင့် ပူပူပင်ပင် စုံစုံလင်လင် မှာတတ်ကြသေးတာ။ ချစ်တဲ့သူတွေအတွက် ပူတတ်ကြပုံတွေလေ။

ကမ္ဘာတလွှား အငတ်ဘေးတွေ ကြုံနေကြတာမှ အများကြီးရယ်၊ ချစ်သူ ဝမ်းဟာမှာကိုဖြင့် အပူဆုံးပဲ မဟုတ်လား။ ချစ်ရတဲ့သူတွေကိုဖြင့် နေမကောင်းမှာလည်း ပူရ၊ စားပြီးလို့ အစာမကြေမှာလည်း ပူရ၊ မှက် ခြင် ကိုက်မှာလည်းပူရ၊ လမ်းသွားရင်း ခလုတ်တိုက်မှာ၊ ချော်လဲမှာကိုလည်း ပူရ၊ ကြိုမမြင်နိုင်တဲ့ အန္တာရာယ်တွေ အတွက်လည်း တွေးပူရ၊ ည အိပ်မပျော်မှာကိုလည်း ပူရနဲ့...အို ချစ်ခင်စွဲလန်းမှု ဒီဂရီအလိုက် ပူပန်ကြရတာ။ ကျန်သူများ အတွက်တော့ ဒီလောက် ပူလောင် ခံစားကြလိမ့်မယ် မဟုတ်ဘူး။ ပူပင်ကြေကွဲ ခံစားလိုက်ကြမှဖြင့် ချစ်ရတဲ့ သူတို့တတွေ အတွက်ချည်းပဲ မဟုတ်လား။

ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ကဖုန်းလာလို့ ပြန်ခေါ်တော့ အမေရယ်။ ညီမ အလတ်မ အူအတက်ရောင်လို့ ဆေးရုံမှာ ဗိုက်ခွဲရသတဲ့။ အမေက သားအမိချင်းပေမဲ့ အားနာတတ်တယ်။ ပိုက်ဆံ အကြောင်း လုံးဝ မဟဘူး။ ခွဲပြီးပြီ စိတ်မပူပါနဲ့တဲ့။ ကျမကတော့ အမအကြီးပီပီ မောင်နှမတွေ အားလုံးအပေါ် တူတူပေမဲ့ စီးပွားရေး မပြေလည်ပဲ မအေအိမ် အတူလာနေတဲ့ ညီမ မိသားစုမို့ သူ့အပေါ် သနားရတာက ပိုတယ်။ ဒါနဲ့ နောက်တရက် ပိုက်ဆံ ချက်ချင်းပို့၊ နောက်တရက်ကျ ငွေရ မရ ဖုန်းဆက်ရင်း အခြေအနေ မေးကြည့်မိတယ်။

ညီမက အူအတက် ခွဲထုတ်ပြီးပေမဲ့ ရင်တလှပ်လှပ်နဲ့ အသက်ရှုလို့မကောင်းဘူးတဲ့လေ။ သူ့ကို ထုံဆေးပေးပြီး အခွဲမှာ သူက နာလို့ အားကနဲ နာတယ် နာတယ် အော်မှ မေ့ဆေး ချက်ချင်း ထပ်ထိုးပေးပြီး ဆက်ခွဲသတဲ့။ ကျမတော့ နားမလည်ပါဘူး။ အမြန်သွင်းလိုက်ရတဲ့ မေ့ဆေး အရှိန်ကြောင့်ပဲ နှလုံးထိလေသလား။ ဘာ့ကြောင့်လဲ ဆိုတာ ကျမ မပြောတတ်ပေမဲ့ အစိမ်းလိုက်ကြီး ခွဲသလို ဖြစ်သွားတော့ သူ့ခမျာ ဘယ်လောက် နာရှာမလဲ။ တဝဲလည်လည် အတွေးတွေနဲ့ ကျမမှာ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ဒါလည်းပဲ ချစ်သောသူ တယောက်ဖြစ်နေတဲ့ အတွက် မဟုတ်လား။

မိသားစုဝင်တွေ အတွက် မပြောနဲ့။ တလောလေးဆီက ကိုကြီးကျောက် အသည်း စီအေ ဖြစ်လို့ ခွဲရမယ် ဆိုတဲ့ သတင်းကြောင့် ကျမတို့ ဘလော့ဂ်ရေးဖော်တွေအားလုံး စိတ်မကောင်း ဖြစ်ကြ၊ မေတ္တာပို့ ဆုတောင်းပေးကြနဲ့ ချစ်ခင်သူ တယောက်အတွက် ပူပန်ခဲ့ကြသေးတာ မဟုတ်လား။ တယောက်နဲ့ တယောက် မမြင်ဘူးကြပဲ စာတွေက တဆင့် ခင်မင်ကြ၊ မောင်နှမတွေလို ရင်းနှီးနောက်ပြောင်ကြနဲ့ပဲ ချစ်သောသူတွေ စာရင်း တိုးပွားလာလေတာ။

လူ ဆိုတာ အိုတတ်တဲ့ အမျိုး၊ နာတတ်တဲ့ အမျိုး၊ သေတတ်တဲ့ အမျိုးပဲရယ်လို့ တရားတော်နဲ့ ဖြေတွေးတာက တခြားလူတွေ အတွက်တော့ ဟုတ်နေတာပဲ။ အသိမိတ်ဆွေတွေရဲ့ အသုဘပို့များသွားရင် ကျန်ရစ်သူတွေကို တရားဟော ပြောပြတာမှ ဓမ္မကထိက ရှုံးလောက်ရဲ့။ တရားနဲ့ ဖြေဖို့ဆိုတာ ငါ့အမျိုးကျတော့ ဖြေမရနိုင်ဘူး ဖြစ်ပြန်တယ်။ ငါ့ အမျိုးကိုး...။ ငါ ချစ်တဲ့သူကိုး...။ ချစ်ခင် ရင်းနှီးမှုနဲ့ ပူပင်သောက ဆိုတာ တိုက်ရိုက် အချိုးကျလေတော့ ပိုပြီး ချစ်ခင်စွဲလန်းလေ၊ ပိုပြီးတော့ သောက ရောက်လေလေပဲပေါ့။

လူရယ်လို့ ဖြစ်လာခဲ့ပြီး ရတဲ့ဘဝ ခဏတာလေးမှာ ဆွေရယ် မျိုးရယ်၊ ချစ်သူ ခင်သူရယ်လို့ ရှိလာခဲ့ကြတဲ့ ကျမတို့ အားလုံး သံသရာက လွတ်ရာလွတ်ကြောင်း ရုန်းမထွက်နိုင်သေးသမျှတော့ သမုဒယရဲ့ ချည်နှောင်မှုတွေထဲ ခါးစည်းတုတ်နှောင် ခံနေကြရဦးတော့မှာ ပါပဲလေ....။



42 comments:

ရွှေရတုမှတ်တမ်း said...

ဗမာပြည်က ထုံဆေးတွေက ဘယ်လိုမှန်းလဲ မသိပါဘူး...ကိုကြီးကျောက် ဗမာပြည်မှာ တခါခွဲထုံးကလဲ ပြီးခါနီးထုံဆေးပျယ်လို့ နာလိုက်တာ ချွေးသီးချွေးပေါက်တွေတောင်ကြတယ်..
မယ်ချစ် ညီမလေး အမြန်သက်သာပျောက်ကင်းပါစေ....
ဗမာပြည်ကမို့ ပို စိတ်ပူပါတယ်..နိုင်ငံခြားမှာကတော့ ဆေးကောင်းဝါးကောင်း နည်းပညာကောင်းတွေရှိတယ်လေ..

သဒ္ဓါလှိုင်း said...

အမချစ်ညီမအမြန်ဆုံးသက်သာပါစေလို့ဆုတောင်းပေးပါတယ်.။
ပုထုဇဉ်ဆိုတော့ ကိုယ့်ရဲ့ချစ်ခင်တဲ့သူတွေတခုခုဖြစ်ပြီဆိုမှဖြင့်.
မနေနိုင်ကြတော့ဘူး...ပူပန်မှုတွေနဲ့လောင်နေရတယ်နော်.။
ချစ်တဲ့
ညီမသဒ္ဓါ

TURN-ON-IDEAS said...

ဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်...
လူမှာ အရေးကြီးဆုံးက ကျန်းမာရေးပဲ...
တရားနဲ့ တော်တော်ဖြေယူရမဲ့ မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒုက္ခတွေ...

ကျနော့်ညီလေးလဲ ဆယ်တန်းဖြေခါနီးမှ အူအတက်ပေါက်လို့ ခွဲခဲ့ရတယ်...
ရင်တလှပ်လှပ်ဖြစ်တာကို ဆရာဝန်တွေကို မေးကြည့်ပြီး လိုအပ်ရင် medical check လုပ်ကြည့်ပါလား...

အစ်မချစ် ညီမ ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...
အားလုံးအဆင်ပြေ ချောမွေ့မှာပါ အစ်မချစ်

Anonymous said...

So pitiful Ma Chit's sis

ဆောရီးပါ ခင်ဗျား

http://atkbooks.wordpress.com/2010/09/11/is-sorry-really-enough/

Anonymous said...

အမညီမလေး ခံစားနေရတဲ့ ဝေဒနာ အမြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အင်ကြင်းသန့် said...

ဟင်....ဟုတ်လား....ဖတ်ပြီး စိတ်မကောင်းဘူး အစ်မချစ်...အဆင်ပြေသွားမှာပါ....အရမ်းကြီးစိတ်မပူမနေနဲ့နော်။
အစ်မချစ်ညီမ ခံစားနေရတဲ့ရောဂါဝေဒနာတွေအားလုံး အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ ဂျင်းလည်း ကူပြီးဆုတောင်းပေးပါတယ်....။

ဂျင်ဂျင်း

Vista said...

မချစ် ညီမလေးအမြန်နေကောင်းသက်သာပါစေ ...
သူ့ အစားနာလိုက်တာ ..

Moe Cho Thinn said...

ဟုတ်ပါ့ အမရေ..၊ ခုလို တမြေစီ ဝေးနေရင်တော့ တခုခုဆို ပိုပူပန်ရတော့တာပေါ့။

ချိုသင်း ဟိုတလောက ခရီးသွားတော့ ညီအမတတွေ ဆုံတယ်လေ။ အဲဒါ အမအကြီးဆုံးက ပြန်ခါနီးတော့ ညီမတွေကို မှာတယ်။ စီးပွားရေး လူမှုရေး အခက်အခဲဖြစ်ရင် ညီအမတတွေ အကုန် ၀ိုင်းဖြေရှင်း ကူညီလို့ရတယ် တဲ့၊ ကျန်းမာရေးကတော့ ကိုယ်ကိုယ်တိုင်သာ ဂရုစိုက်မှ ရမှာမို့ ကိုယ့်ကျန်းမာရေးတော့ ကိုယ် ဂရုစိုက်ကြစမ်းပါ တဲ့။ အမှန်ပဲ။
ချိုသင်းက အပေဆုံး အချူချာဆုံးမို့ နင်နေကောင်းနေရင် ကျေနပ်ပါပြီ လို့ အမတိုင်းက မှာတာ ခံခဲ့ရတယ်။
ကွန်မန့်ကြီး ရှည်သွားပြီ။ :)

Anonymous said...

မချစ်ကြည်အေးရဲ့  ညီမလေး အမြန်သက်သာပျောက်ကင်းပါစေလို့ မိသားစုနဲ့အတူ ဆုတောင်းလိုက်ပါတယ် နော် ...

mie nge

မိုးယံ said...

ညီမလေးလဲ မြန်မြန်နေကောင်း။ မချစ်ကြည်လဲ သမုဒယ သစ္စာ ကိုပို နာလည်းပြီး။ သမုဒယ နှောင်ကြိုးတွေထဲ မှ လွတ်မြောက်နိုင်ပါစေ။

Mon Petit Avatar said...

I wish your beloved sister gets well and recovers soon.

Kay said...

မချစ် ရေ.. ဒီလိုပါပဲ.. ကြုံဖူးတယ်.. ခွဲနေရင်..မေ့ဆေးပြယ်သွားတာ...

ဘ၀ မှာ..နာမကျန်းမူ တွေ ကတော့..ကြုံမြဲ ဓမ္မတာပေပဲ..

မချစ်ညီမ မြန်မြန် သက်သာ ပါစေ...

မောင်မိုး said...

လူရယ်လို့ ဖြစ်လာတာကိုက ဝေဒနာတွေခံစားဖို့ သက်သက်ပဲမဟုတ်လား...။
အော်...ဒုက္ခ..ဒုက္ခ..။ အစ်မကြီးရဲ့ ညီမတစ်ယောက် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်သက်သာ ပျောက်ကင်းပါစေဗျာ..။

ဇွန်မိုးစက် said...

အစ်မချစ်ရေ... ခန္ဓာရှိနေသ၍ အို၊နာ၊သေ ဒုက္ခဝေဒနာတွေ ခံစားနေရဦးမှာပါပဲ။ ဓာတ်ပုံထဲက တွေ့ဖူးထားတဲ့ အစ်မညီမပုံကို မျက်စိထဲမြင်ယောင်ပြီး သူခံစားနေရတာတွေ သက်သာဖို့ ဆုတောင်းပေးသွားပါတယ်။

(ခုတလော အို၊နာ၊သေ အကြောင်းတွေချည်းပဲ ကြားနေရတယ် အစ်မရယ်)

su su said...

မယ်ချစ်ရယ်‌ရေးတတ်လိုက်တာ....လူ့သ‌ဘောသဘာဝကိုကွင်းကွင်း
ကွက်ကွက်မြင်လာ‌စေတယ်...။မယ်ချစ်ညီမ‌လေးလိုဘဲထုံ‌ဆေးထိုးပြီး
မနာလို့‌အော်ရတဲ့အဖြစ်မျိုး‌တွေခဏခဏကြားရတာစိတ်မချမ်းသာဘူး။
ဘယ်‌လောက်များနာရှာလိမ့်မလဲ။ညီမ‌လေးအမြန်ဆုံး‌နေ‌ကောင်းပါ‌စေ
လို့ဆု‌တောင်း‌ပေးပါတယ်။

su su said...

အဲ....‌ဆောရီး‌နော်...။ထုံ‌ဆေးထိုးပြီးမနာလို့..လို့မှား‌ရေးမိတယ်..။
နာလို့‌အော်ရတာ...ပြင်လိုက်တယ်‌နော်..။

ZZZ said...

Wish your sister a speedy recovery !

Kaung Kaung said...

တရားကို ထိထိရောက်ရောက် အားမထုတ်နိုင်ပဲ blogging တွေ၊ facebooking တွေနဲ့ ပဲ အားလပ်ချိန်တွေကို မြိန်ရည် လျှက်ရှည် မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ အချိန်ဖြုံးနေသမျှ (ကိုယ့်လို ) ငါ၊ ငါ့ ဥစ္စာ ဆိုတဲ့ အစွဲတွေမဖျောက်နိုင်ဖို့ မလွယ်ပါဘူး။ လောကဓံ အကောင်းနဲ့  ကြုံကြုံ၊ အဆိုးနဲ့ ကြုံကြုံ တုန်လှူပ်ကြတာပဲ။ ဆင်ခြေလေးကတော့ ကောင်းကြပါတယ်။ ငါ တချိန်ကြရင်တော့ ဇောက်ချပြီး တရားကိုအပြတ်လုပ်မယ်ပေါ့။ အခုတော့ အလုပ်တဘက်နဲ့ မို့ ၊ online မှာလဲ ဘာတွေဖြစ်နေကြလဲမသိဘူး။ ငါ comment ၀င်ရေးမှ ဖြစ်မှာပါ။ ဒါလဲ အ၀ိဇ္ဇာနဲ့ ၊ တဏှာ လက်ချက်ပါ။ ( အဲဒီလိုတွေးပြီး comment ၀င်ရေးသွားသည်။)
ငါဘယ်လောက် ရတနာ သုံးပါးကို ယုံကြည်သလဲ ဆိုတာ ငါဘယ်လောက် တရားအားထုတ်ဖြစ် သလဲ ဆိုတာနဲ့  တိုက်ရိုက် အချိုးကျကြောင်း ယုံကြည်သူတစ်ဦး

ပူးတေ said...

ဟုတ်တယ် မမချစ်... ပူးတေလဲ ဒီလိုပဲ ... ဟိုတပတ်က ပူးတေ တူလေး သွေးလွန်တုတ်ကွေးဆိုလို့ စိတ်ပူလိုက်ရတာ... နေ့တိုင်း ညတိုင်းကို အားတိုင်းကို ဖုန်းဆက်နေတော့တာ.... တော်ပါသေးရဲ့ တပတ်လောက်နေပြီး ပြန်ဆင်းရတယ်... ပထမအဆင့်တဲ့။ မြန်မာပြည်မှာ ဆေးကုရတာ သတင်းတွေက တမျိုးမဟုတ် တမျိုး ကြားနေရတာနဲ့ စိတ်မချမ်းသာလို့ပါ....

မမချစ် ညီမလဲ အမြန်ဆုံး ကျန်းမာနေကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်....

မိုးငွေ့...... said...

စိတ်မကောင်းလိုက်တာအမရယ်...ခုဒီမှာအဲလိုပဲ ဟိုတလောက ဟိုးလေးတကကျော်ကျော်နဲ့ အသက်ဆုံးသွားတဲ့ ကလေးမလေးလဲအဲလိုပဲ အစိမ်းလိုက်ခွဲခံရတာ....။ အမချစ်ညီမလေး အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်....။

ခင်တဲ့
မိုးငွေ့

ဝက်ဝံလေး said...

မချစ်ညီမလေးလဲ အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
ဟုတ်ပါ့ အဘောက်ကျတုံးကလေ မချစ်က ဖုံးနံပါတ် ပေးထားတယ်မလား သမီးလဲ ဖုံးဆက်မယ်ပေါ့ ဒီကနေ ဆက်ရင်လေ ဘယ်အချိန်တွေလဲ မသိဘူး အမေရိကားကို ဖရီးရတယ် ဒါနဲ့ ဆက်မယ်လုပ်တော့ အချိန်လဲမသိ ပြီးတော့ ဘာကုတ် ခံရမယ်မှန်းမသိတာနဲ့ အဘောက်ကျကို အင်ဗိုက်လုပ်လိုက်တယ် ဂျီတော့ခ်မှာတွေ့တော့မှ အားပါးတရ စကားတွေပြောကြတာ မေးကြည့် အဘောက်ကျကို အဲဒီနေ့က နားပူသွားလားလို့ ဟိဟိ အားဂျီးဂျကားများတာ ဝက်က ဟားဟားးးးးးးးးးးးး
အယ် ဘာတွေလဲ အသိမန့်သွားရယ်နော် ခိခိ

မြသွေးနီ said...

မချစ်ရေ...
ဘီးဇီးနေတာနဲ့ ဘယ်မှမရောက်ဖြစ်..။အခုမှ ဖတ်မိတော့ မျက်စိတွေပြူး။ ပို့စ်မတက်ခင် ရုတ်တရက် comment ကိုကြည့်လိုက်တော့ ပုထုဇဉ်ပီပီ မချစ်ဘာများဖြစ်ပါလိမ့်ပေါ့..။ ဖတ်ရင်း မချစ်ရဲ့ ညီမလေးဖြစ်တာ သိရတော့ ဟင်း..ချ။ ဒါပေမယ့် ဖတ်ပြီး စိတ်မကောင်းပြန်။ သူ့ရဲ့ အသက်ရှူမ၀တာ ကြီးကို မကြိုက်။ ဆရာဝန်နဲ့ သေချာပြခိုင်းပါဦး။ ဒီက ဆေးရုံတွေက သိတော်မူတဲ့အတိုင်း မချစ်ရေ..။

Anonymous said...

အစ်မ ရဲ့ ညီမ အမြန်သက်သာပျောက်ကင်းပါစေဗျာ


မောင်မျိုး

မယ်ကိုး said...

မမညီမလေး အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပါတယ် မမ။

ဝေလင်း said...

တရားတွေရနေလားအစ်မရေ...
အစ်မညီမလေး မြန်မြန်နေကောင်းပါစေ...

Min said...

ရင်ကို...ဖွင့်ချခဲ့စမ်းပါ....
ဆို လို့ ပါ

ကိုယ့် ဘိုးဘေး တွေ မိဘ တွေ ကိုယ် ကိုယ်တိုင် မြန်မာပြည်ရဲ့ ကျန်းမာရေး စောင့် ရှောက်မှု အောက် မှာ ကြီး လာ ခဲ့ ကြ တာ ပါ
ကိုယ့် တိုင်းပြည် အခြေအနေ သိရက်နဲ့ လက်လွတ်စပယ် မဝေဖန်ကြရင်ကောင်းမယ်ဗျာ

ချိုကျ said...

အမချစ်.... ခင်မင်ရင်းနှီးမှုတွေ ကြီးမားရင် အဲဒီပမာဏနဲ့အတူ ပူပန်မှုတွေလည်း ကြီးမားလေ့ရှိတယ်ဆိုတာလေးကို တွေခဲ့ပါတယ်။

ခင်တဲ့( ချိုကျ )

ရွှေရတုမှတ်တမ်း said...

Min ဆိုတဲ့လူကိုပြောရအုန်းမယ်..ဗမာပြည်ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းလို့ညံ့ဖျင်းတယ်ပြောတာ လက်လွတ်စပယ်မဟုတ်ဖုးဗျ ၊ ကိုယ့်တွေ့ ကျုပ်အဖေ အူမကြီးကင်ဆာနဲ့သေရတာ ဗမာပြည်မှာ ဆေးဝါးကုသမှုညံ့လို့ဗျ၊ ကျုပ်အမေ မနှစ်က အသက် ၉၀ မှ အကောင်းပဂတိကနေ flew ဖြစ်ပြီးသေရတာလဲ ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်ညံ့တဲ့ နိုင်ငံမို့ဗျ၊ ကျုပ်လဲ အခု ဗမာပြည်က အစားအစာ အာနိသင်ညံ့တဲ့ တရုပ်ဆေးဝါးတွေကြောင့် အသဲမှာ ကင်ဆာဖြစ်ရတာ US မှာမို့မသေတာဝ၊ ဗမာပြည်က သူငယ်ချင်းတွေ ငွေမရှိ ဆေးမရှိနဲ့ သေကုန်ကြပေါ့၊ ဒီမှာဗမာပြည်က လာတဲ့သူတိုင်း အသည်းရောင်အသားဝါပိုး B နဲ့ C antibody တွေချည့်ပဲ..ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားသောက်နေရတာ..အားလုံးအသိပဲ၊ ကိုယ်ညံ့လို့ ညံ့တယ်အပြောခံ၇တာ နာစရာမရှိပါဘူး၊ မပြောစေချင် မဝေဖန်စေချင်ရင် မညံ့အောင် တာဝန်ရှိသူတွေက စီစဉ်ကြပေါ့၊ အပြောလဲမခံနိုင်ဘူး ကောင်းအောင်လဲ မလုပ်နိုင်ဘူးဆိုတာတော့ တော်တော်ချာတဲ့ အယူအဆပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

သံယောဇဉ်ရှိတတ်ကြတဲ့ပုထုဇဉ်တွေဆိုတော့လဲ
သံယောဇဉ်ကြောင့်ဘဲ ပူပန်ရတာပါဘဲနော်
အစ်မ အမေနဲ့ညီမလေး အမြန်ဆုံးနေကောင်းကျန်းမာရှိပါစေ။

လသာည said...

မမချစ်ရဲ့ ညီမလေး အမြန်ဆုံး သက်သာပျောက်ကင်းပါစေနော်..

ညီမလေး said...

ဟုတ်တယ် ... ချစ်ရသူတွေ အတွက်ဆို အသေးလေးလဲ စိတ်ပင်ပန်းရတာပဲ .. အကြီးကြီးဆို ပိုဆိုးတာပေါ့ ။
မမချစ်ညီမလေး မြန်မြန် ကျန်မာပါစေနော် ။

Shinlay said...

ဆုတောင်းပေးနေပါတယ်။

Ko Paw said...

အမြန်ကျန်းမာပါစေသတည်း....

ကျနော်လည်း လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က မလေးရှားမှာ အလုပ်လုပ်နေတုန်း အူအတက်ယောင်လို့ ခွဲစိတ်ခံရဖူးတယ်။ ကျနော့်တုန်းကလည်း ခွဲခန်းမအားလို့ထင်တယ်၊ ချက်ချင်းမခွဲသေးဘဲ ဆေးရုံပေါ်မှာ ပစ်ထားလို့ တော်တော်လေး ခံစားလိုက်ရသေးတယ်။ နောက်ပိုင်းကျမှ မလေးရှားတုန်းက ဆေးရုံအတွေ့အကြုံလေး ပို့စ်ရေးဦးမှ။း-)

အနမ်း said...

အမ ချစ်ကြည်အေး ပြောတာတွေ တကယ်ထိတယ်..
အမ ညီမလေးလည်း အမြန်ဆုံးသက်သာပျောက်ကင်းပါစေ ဆုတောင်းလျှက်ပါ...
ရွှေမြို့တော်ကြီးမှာ ရောဂါမဖြစ်တာအကောင်းဆုံးပဲ အမရေ..

Kaung said...

ကိုကြီးကျောက်ခင်ဗျ "ဒီမှာဗမာပြည်က လာတဲ့သူတိုင်း အသည်းရောင်အသားဝါပိုး B နဲ့ C antibody တွေချည့်ပဲ" ဆိုတာထက် "B နဲ့ C positive တွေချည်းပဲ" ဖြစ်မယ်ထင်တယ်။ antibody ဆိုတာ အဲဒီ B နဲ့ C ကို ပြန်ခုခံနိုင်ပြီး immune နေတာလို့ နားလည်ထားတယ်။

ယွန်း said...

အစ်မချစ်ရဲ့  ညီမလေး အမြန်ဆုံး နေကောင်းပါစေရှင်..
မြန်မြန် ကျန်းမာပါစေ ။

T T Sweet said...

ထုံဆေးကိစ္စ
တစ်ခါ အံဆုံးတွေ နှုတ်တုံးက ထုံဆေးပေးတာ ခွဲတော့ နာတုံးပဲ၊ ပထမတော့ အားနာလို့ ဘာမှ မပြောဘူး။ နောက်တော့ အသဲခိုက်အောင်နာလာတော့ အော်ရတော့တာပဲ။ အဲဒီမှ နောက်တစ်လုံးထပ်ထိုးပေးလို့ သက်သာသွားတာ။ အဲဒီတုံးက နာကျင်ခဲ့တဲ့ ဝေဒနာကို တစ်သက်မမေ့ဘူး။ ကိုယ်ချင်းစာပါတယ် ညီမလေးကို။ နာရင်ချက်ချင်း နာတယ်ပြောတာ အကောင်းဆုံးပဲ။ ညီမလေး အတွက် ကျန်းမာရေန် ဆုတောင်းပေးပါတယ်။

မောင်လေး said...

အစ်မချစ်ရေ...အစ်မရဲ့ညီမ အမြန်ဆုံးကောင်းမွန်သက်သာပါစေခင်ဗျ..။

မြစ်ကျိုးအင်း said...

လူရယ်လို့ဖြစ်လာရင် နည်းမျိုးစုံနဲ့ ပူပန်နေကြရတာပါဘဲနော်။
နေကောင်းကျန်းမာ သက်သာပျောက်ကင်းရှိကြပါစေလို့ ဆုတောင်းပေးပါတယ် အစ်မရေ။

hninhnin said...

Ma Chit! Sorry for ur little sis.Wishing her the best .Get well soon. Gyidaw

kma said...

ဆေးပညာ နယ်ပယ်ကတော့ မဟုတ်ပါ။ မေ့ဆေး အပေးလွန်ရင် လူနာရဲ့အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မှတ်သားဖူးပါတယ်။ မေ့ဆေးပေးတဲ့ စက် (regulator လို့ခေါ်မယ်ထင်တယ်) က အကောင်းစားဆို တန်ဖိုးက မသေးဘူး။ ထုံးစံအတိုင်း ကျနော်တို့ ချစ်ရတဲ့ ရွှေပြည်တော်က ဆေးရုံတိုင်းမှာ ကောင်းကောင်း မသုံးနိုင်သေးပါဘူး။ ဒါကြောင့် လူ(ဆရာဝန်)က ထိန်းပေး(control)ရတဲ့အခါ အဲ့ဒီ ဆရာဝန်ရဲ့ အတွေ့အကြုံ အသက်အရွယ်ပေါ် မူတည်ပြီး မေ့ဆေးပေး နည်းလို့ အပြယ်စောတာ၊ မေ့ဆေးပေးလွန်လို့ အသက်ပါသွားတာတွေ ကြားဖူးကြမယ် ထင်ပါတယ်။ လွန်သွားတာထက် စာရင် နည်းသွားတာက တော်သေးတယ်မဟုတ်ဘူးလား။ လူနာကတော့ ခံရတာပေါ့။ မေ့ဆေးအထူး ဆရာဝန်တယောက်ယောက်က ဝင်ဆွေးနွေးပေးနိုင်ရင် ကောင်းမှာပဲ။

Anonymous said...

မေ့ဆေး ထုံဆေးတွေ အကြောင်း သေချာသိချင်ရင်တော့ ဆရာ ဦးစိုးမြင့်ရေးတဲ့ ဘလော့ရှိတယ် သွားဖတ်ကြည့်ပါလား။ အတော်အသိပညာရတယ်။
http://www.soemyint.com (အာဖရိကရောက် မြန်မာတစ်ယောက်) ဆိုတဲ့ ဘလော့မှာ သွားကြည့်လို့ရတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်