Sunday, January 3, 2010

ကရွတ်ခွေ အတွင်း လမ်းလျောက်ခြင်း

ငါ......
အားထုတ်မှု နှုံချာ
ညံ့ဖျင်းတဲ့ အခါများ
ကံဇာတာ ကွေ့ ကောက်
ချောက်ထဲလည်း ကျခဲ့ဖူး....။

နက္ခတ်ကောင်း ယှဉ်တဲ့ရက်တွေဆို
မိုးယံဖျားတက် ပျံလွှားငှက် တကောင်လို
တိမ်ညွန့် ခူးစား...
မော်ကြွားဖူးခဲ့ တာလဲ ရှိပေါ့...။

ဒါပါပဲ...သူငယ်ချင်း......

အနိမ့်ရှိရင် အမြင့်ရှိ...
အတက်ရှိရင် အကျရှိ...
အစရှိရင် အဆုံးရှိ...
မွေးဖွားခြင်းရှိရင် သေဆုံးခြင်းလည်း ရှိသတဲ့...။

ဗုံလုံ နဲ့ ငါးပျံ
တလှည့်စီ ကံစမ်း ကြတဲ့အခါ
အမှန်လမ်း ရောက်တာ ရှိသလို
အဆန်လမ်း ပျောက်တဲ့ အခါလဲရှိရဲ့...။

ဒါပေမဲ့ သူငယ်ချင်း.....

ပြောင်းလဲခြင်းတွေသာ မပြောင်းမလဲ ရှိနေတဲ့
ဖောက်လွဲ ဖောက်ပြန် လောကဓံ
သူ့ဟန် သူ့မူ သူ့ဇာတ်ထုပ် သူခင်းရဲ့.....

ဒီလိုနဲ့ ပဲ တမိုးချုပ်တနေဝင်
ရာသီခွင် လည်ပတ်
ပဋိစ္စသမုပ္ပါဒ် မပြတ် မချင်းတော့
သံသရာ ကရွတ်ခွေ အတွင်း.....
လည်စင်းလို့ လျောက်ရပေအုံးမယ်...။


ဘဝ အမောတွေ ပြေကြပါစေ....။

18 comments:

ကိုချစ်ဖေ said...

ဒီလို..ပဲပေါ့.ညီမရယ်.အသက်ရှင်နေစဉ်လေး ကျမ်းမာရေးကောင်းစဉ်လေး
လုပ်နိုင်သလောက်လေး.လုပ်ပေါ့..တနေ့တော့ ပဋိစ္စသမုဒ်ပ္ပါဒ် ပြတ်မှာပေါ့.ကွယ်..

မောင်မိုး said...

အနိစ္စ၊ အနတ္တ၊ ဒုက္ခ...သြော်အမြဲမရှိပါလား။ အင်း...သံသရာကြီးရှိနေသမျှ ကျင်လည်နေကြရဦးမှာပါပဲလေ။ သာဓု..သာဓု..အင်း..ညနေကျရင် ဘီယာသွားသောက်ဖို့ ချိန်းထားတာကလဲ ဖျက်လို့မကောင်းဘူး။

နွေဆူးလင်္ကာ said...

သံသရာကြီးက လွတ်မြောက်နိုင်ပါစေ။

အပြုံးပန်း said...

ရင်ကို ဖွင့်ချခဲ့လိုက်ရရင်တော့ မချစ်ကြည်အေးကို
အမလို ချစ်ခင်သွားတာပါပဲ၊
သံသရာတကွေ့မှာ တွေ့ရတာ ၀မ်းသာပါတယ် အမရယ်၊
အမကို မြင်ဖူးတယ်လို့ ပြောခဲ့တာ အလိုလို ရင်းနှီးသွားခြင်းမျိုးပဲ ဖြစ်ပါလိမ့်မယ်၊ ရေစက်ပေါ့နော်။

shwezinu said...

သူငယ်ချင်းရေ

ဂတ်ဂတ်ကြီး ပစ်ပြီးလည်း ရိပ်သာဝင်မသွားနဲ့အုန်းနော် ကဗျာလေးက တော့ တော်တော် တရားရနေတဲ့ပုံဘဲ


ရွှေစင်ဦး

မြစ်ကျိုးအင်း said...

သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည် တဲ့
နိမ့်လိုက်မြင့်လိုက် သဘောတရားကို နားမလည်တဲ့သူ တွေက တော့ အမြင့်ရောက်ချိန် ပျော်ပါးမော်ကြွားကြတာပါပဲ

~ဏီလင်းညို~ said...

မအေးရေ...
ကဗျာလေးဖတ်ရင်း... စဉ်းစားမိတယ်...။
တစ်ခါတစ်လေများဆို အတ္တတွေကို ကိုယ်တိုင်မသိနိုင်တဲ့ အချိန်လေးတွေမှာ ငါဆိုတဲ့ကောင် ဘယ်လောက်များပွားမိခဲ့ပြီလဲမသိလို့လေ...။ ဟီးးးးးး
ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

ဘဝသံသရာသီချင်းပါ ဆိုပြသင့်တယ်..
အသံပါကြားရတာပေါ့..ရုပ်မမြင်ရလဲကိစ္စမရှိ..
မယ်ချစ် အဖိုးကြီးက Geol ကပဲလား...

Nge Naing said...

တကယ်ကို တရားတွေနဲ့ စပ်ဆိုထားတဲ့ ကဗျာလေးပဲ။

ကိုဇော် said...

အမက အမောပြေစေ ဆိုပေမဲ့..
မပြေနိုင်သေးပါဘူး အမရယ်။

“ လူအ အိပ်မက်ပါပဲ။ ”

မောင်ဘကြိုင် said...

လျှောက်လှမ်းရအုံးမှာ

puluque said...

အင်း သံသရာ ရထားကြီးကို စီနေတုံးပဲဗျ.. ဘယ်ဘူတာ ရောက်လို့ ဘယ်ဘူတာ ပေါက်မယ်မှန်းမသိသေးဘူးဗျ

ကဗျာလေးက ဂွတ်တယ်ဗျာ........

* said...

မရေ..ကဗျာလေးကြိုက်တယ် ..သိလား

နှင်းဟေမာ said...

အစ်မရေ ...
ကဗျာလေးက အရမ်းကောင်းတယ်
လေးနက်တဲ့ အဓိပ္ပါယ်လေးတွေနဲ့အတူ ခင်မင်လေးစားမိပါတယ်
နှင်းဟေမာ

အင်ကြင်းသန့် said...

အင်း.......လျှောက်ရဦးမှာပေါ့လေ

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးကတော့သိပ့်ကြိုက်လို့အခေါက်ခေါက်ဖတ်သွားတယ်-

ဝေလင်း said...

မရောက်တာတောင် ကြာသွားတယ် မမ။ စိတ်ညစ်တယ်။ အစ်မကဗျာလေးဖတ်မိမှပဲ အားနည်းနည်း တက်လာတော့တယ်။ အကြောင်းအမျိုးမျိုးကြောင့် လာလည်ဖြစ်ဖို့ တော်တော်ခက်ဦးမယ်။ ဒါပေမယ့် အမြဲသတိရနေမှာပါ။ ခုလည်း ပို့စ်တင်ရင်း မမဆီလှည့်လာတာ။ ဘယ်သူ့ဆီမှမသွားနိုင်တော့ဘူး။ ကျွန်တော်မရောက်ဖြစ်တုန်းလာလည်တဲ့အတွက် ကျေးဇူးပါပဲ။ ကြုံရင်ကြုံသလိုတော့ ၀င်ဖြစ်အောင်ကြိုးစားမှာပါ။ ကျွန်တော့်အစ်မ ပျော်ရွှင်ပါစေ...

ကိုလူထွေး said...

သံဝေဂသဘောတွေပါတဲ့အပြင် ဖတ်လို့လည်း မခက်တဲ့ ကဗျာမို့ တန်ဖိုးရှိလှပါတယ်ဗျာ...

းဝ)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်