Monday, December 14, 2009

သဘောတွေ့ မနောခွေ့ မိတဲ့ ဥပမာ

ကျနော် ငယ်ငယ်ကပေါ့။ ကျနော့်အောက် အငယ်တွေကို ဆူတိုင်း ရှေ့နွားကမှ ဖြောင့်ဖြောင့်မသွားတဲ့ ဟာ နောက်နွားတွေလဲ ဘယ်ဖြောင့်ဖြောင့် လိုက်ပါ့မလဲ တဲ့။ အဲဒါ အငယ်တွေကိုဆူတိုင်း အမေပြောနေကျ၊ ကျနော်လည်း ပိန္နဲပင်ကြီး အမြဲ ဖြစ်နေကျ...။

ပြီးခဲ့တဲ့ စနေနေ့ညက ကျနော် ဖားအောက်တောရ ဆရာတော် တရားပွဲ သွားခဲ့တယ်။ ဆရာတော်ဘုရားကြီး တရားဟောတဲ့ အထဲ မှာပါတဲ့ ပုဏ္ဏားကြီး တဦးရဲ့ မေးခွန်းကို ဥပမာလေးနဲ့ မြတ်စွာဘုရားရှင် ပြန်လည်ဖြေရှင်း ထားတာလေး အင်မတန် သဘောကျမိလို့ ။ ပြန်ပြောပြ ချင်လာတယ် ။

ပုဏ္ဏားကြီးက မေးတယ် ။ မြတ်စွာဘုရား တဲ့ ယခုလို မြတ်စွာဘုရားရှင် နိဗ္ဗာန် ရောက်ကြောင်း တရား ဟောကြားတာကို ကြားနာရတဲ့ အခါ ကြားနာရတဲ့ သတ္တဝါတိုင်း နိဗ္ဗာန် ရောက်ပါ သလား ဘုရား လို့ မေးလျောက်သတဲ့ ။ အဲဒီအခါ မြတ်စွာဘုရားရှင်က ရောက်တဲ့သူတွေ လည်းရှိ ၊ မရောက်တဲ့ သူတွေလည်း ရှိတာပေါ့ အသင်ပုဏ္ဏားကြီး လို့ ဖြေတော်မူတယ် ။

အဲဒီမှာ ပုဏ္ဏားကြီးက နောက်ဆက်တွဲ မေးခွန်း တခု ထပ်မေးလျောက်ပြန်တယ် ။ အရှင် ဘုရား တဲ့ နိဗ္ဗာန်ရွှေပြည်ကြီးဟာလည်း အထင်အရှားရှိ ၊ သွားရမဲ့ မဂ္ဂင်ဖောင်ကြီးနဲ့ ဘယ်လို သွားရင် ရောက်မယ် ဆိုတဲ့လမ်းလည်းရှိ ၊ ညွှန်ကြားလမ်းပြ ပေးတဲ့ မြတ်စွာ ဘုရားရှင် လည်း ရှိ နေပါရက်ကနဲ့ တချို့ ဘာကြောင့် နိဗ္ဗာန် မရောက်နိုင်တာပါလဲ ဘုရား တဲ့ ။

အဲ...အဲဒီ့မှာ မြတ်စွာဘုရားရှင် ပေးခဲ့တဲ့ ဥပမာလေး...အင်မတန် လှဗျာ...။

အသင် ပုဏ္ဏားတဲ့...သာဝတ္ထိမြို့ မှ ရာဇဂြိုရ် သို့ သွားတဲ့လမ်းကို အသင် သိပါသလား လို့ ပြန် မေးလိုက်တော့ ပုဏ္ဏားကြီးက မှန်ပါ ကောင်းကောင်းကြီး သိပါတယ် ဘုရား လို့ အားရဝမ်းသာ ပြန်လျောက်တင်တယ်ပေါ့ဗျာ ။ ကောင်းပြီ အသင်ပုဏ္ဏား လမ်းညွှန်မြေပုံ ၂ပုံ ကျကျ နန ဆွဲ၊ သွားရမဲ့ လမ်းကြောင်းကို သေသေချာချာ ရှင်းပြပြီး လုလင် ၂ ဦး အား အသွားခိုင်းခဲ့မယ် ဆိုပါစို့ တဲ့ ။

အဲဒီမှာ တဦးသော လုလင်သာ ရာဇဂြိုရ်မြို့သို့ ချောမောစွာ ရောက်ရှိခဲ့ပြီး နောက်တဦးကတော့ လမ်းလွဲသွားခဲ့ သတဲ့။ ဒီတော့ ပုဏ္ဏားကြီးတဲ့ ရာဇဂြိုရ်မြို့ဟာလဲ အထင်အရှားရှိ၊ သွားရမဲ့ လမ်းကြောင်းလဲ အသေအချာရှိ၊ လမ်းညွှန်ပြသပေးတဲ့ ပုဏ္ဏားကြီးလဲ ရှိရက်နဲ့ ဘာကြောင့် ရောက်အောင် မသွားနိုင်ရတာလဲ လို့ မြတ်စွာဘုရားက ပြန်မေးသတဲ့ ။ အဲဒီ့မှာ ပုဏ္ဏားကြီး သဘောပေါက်သွားတယ် ။

အဲဒီ့မှာ ကျနော်လည်း တွေးစရာရသွားတယ် ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ...။

ဘယ်လိုသွားရမယ် ဆိုတဲ့ လမ်းကြောင်းကို တတ်သိတဲ့ သိကျွမ်း နားလည်သူ လည်း ရှိတယ် ၊ လမ်းလဲ ခိုင်ခိုင်မာမာ ရှိတယ် ၊ ဟိုးမှာ ပန်းတိုင်...... , ပဒေသာပင် တွေလဲရှိတယ် ၊ စိမ်းလန်းအေးမြတဲ့ သစ်ရိပ်တွေ ရှိတယ် ၊ အားလုံးအတွက် အမောပြေ ရေကြည် စိမ့်စမ်း တွေလဲ ရှိပါရဲ့ ။

ဘာကြောင့် ကျနော်တို့ မရောက်ကြတာလဲ...။



အားလုံးပဲ ရည်ရွယ်ရာ ပန်းတိုင်သို့ တ, တိုင်းရောက်နိုင်ကြပါစေ...။

7 comments:

P.Ti said...

မြေပုံကြီး မှားနေလို့ နေမှာပေါ့ အမရယ် :P

Anonymous said...

လမ်းမှာ တရေးအိပ်ပျော်နေလို့ပါ မမ
း) mm

ရွှေရတုမှတ်တမ်း said...

ွGPS သုံးလို့ဖြစ်မှာ..အဆောက်အဦးကြီးမြင်နေရတာတောင် တခါတလေ GPS ကတလွဲတွေ ခေါ်သွားတတ်လွန်းလို့ ..လွှင့်ပစ်ထားတာကြာပေါ့

Moe Cho Thinn said...

သွားတော့ သွားနေတာပါပဲ။ ဒါပေမဲ့ ရှေ့ကို သွားတာ မဟုတ်ဘဲ စက်ဝိုင်းလို လှည့်နေလို့ပါ မမ။

ဝေလင်း said...

ဘာလို့မှန်းတော့ မသိဘူး အစ်မရ..
မရောက်တဲ့သူက ကျွန်တော့်လိုကောင်ဆိုရင်တော့ အပျင်းကြီးလို့ ဖြစ်ရမယ် :)

မောင်ဘကြိုင် said...

နွားပမာ အဆုံးမကိုတော့ ငယ်ငယ်ကတည်း အမေလည်းဆုံးမလေ့ရှိတယ်
း) သိရက်နဲ့ အမှောင်ဖုံးနေတော့ အရှေ့မတိုးနိုင်ဖူးပေါ့ဗျား)

Anonymous said...

လမ်းခုလတ်မှာ ရဟတ်တက်စီးမိနေလို့မမရေ..
မလိမ်မာ၂ခါမိုက်မိလို့ပါ...

လေးစားချစ်ခင်တဲ့
ပန်းချီး)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်