Monday, September 14, 2015

"သူကလေး" စ-ဆုံး



သူက စိတ်ကူးသိပ်ယဉ်တတ်သောသူ....။

“ကိုယ်တို့ ကလေးရတဲ့အခါ ကြည့်လိုချောချောလေးမွေးပြီး ကိုယ့်လိုသဘောကောင်းမနောကောင်းလေးဖြစ်ရင်တော့ ကလေးက သိပ်အဖိုးတန်မှာပဲ” တဲ့။ “ဟင့်အင်း ကလေးက ကျွန်မနဲ့ ရုပ်မတူဘဲ ကျွန်မလို အပျင်းထူ အတ္တကြီး တဇွတ်ထိုးကလေးဖြစ်နေရင် ခက်ရချည့်”ဟု ကြည်ကဆိုသည်။ “ဟုတ်တာပေါ့ မနက်မနက် အိပ်ယာထဖို့ အမြဲနှိုးရခက်တဲ့ကလေး၊ မျက်နှာမသစ်ဘဲ မနက်စာစားတတ်တဲ့ကလေး၊ ရေချိုးဖို့သိပ်ပျင်းတဲ့ကလေးလည်း ဖြစ်ဦးမှာ”ဟု သူပြန်ပြောတော့ ကြည်က ပြုံးလို့သာနေခဲ့သည်။

လမ်းမှာများ ကလေးလေးတွေတွေ့တဲ့အခါ သူရောကြည်ပါ ခေါင်းငဲ့လို့ သိသိသာသာလိုက်ကြည့်နေတတ်တာ။ တခါတခါ သူက ကလေးလေးတွေကို မျက်ခုံးပင့်ပြ လျှာထုတ်ပြနဲ့ ကျီစယ်တတ်ပြန်သေးသည်။ ကလေးလေးတွေက ခိုးခိုးခစ်ခစ်ရယ်တဲ့အခါ သူ သဘောတကျလိုက်ရယ်မြဲ။ ကြည်ကတော့ ကလေးလေးတွေနဲ့သူ့အကြားက နူးညံ့သည့်ဆက်သွယ်မှုကလေးတစ်ခုကိုသာ စိတ်နှင့် ဖွဖွကလေးသပ်မိတတ်သည်။ ထိုအချိန်များမှာ ကြည်သည် ကြည့်ရင်ထဲထိရောက်အောင် မကြည့်ရဲ၊ မကြည့်နိုင်ဘဲ မျက်နှာကိုသာ အတတ်နိုင်ဆုံး အပေါ်ယံရှပ်ပြုံးထားရတတ်သည့်အခါများ ဖြစ်ခဲ့သည်။ ကြည့်ရင်သည် လစ်ဟာမှုနှင့် ကြွေမွနေမည်ကို ကြည်သာသိသည်လေ။

“ကြည်က ကလေး မွေးမပေးနိုင်ဘူးထင်ပါရဲ့နော်”ဟု ဆိုတဲ့အခါတိုင်း သူက ခေါင်းခါရယ်မောသည်။ “မဟုတ်တာကွာ... ကိုယ့်အလုပ်ကြောင့်ဖြစ်မှာပါ။ မြေပေါ်အပူချိန်ထက်ပိုပူတဲ့ မြေအောက်ထဲက လှိုဏ်ခေါင်းတွေထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေရဲ့သုတ်ပိုးထဲမှာ အောင်မြင်တဲ့ပိုးကောင်ရေဟာ ရှိရမယ့်အရေအတွက်ထက် ပိုနည်းနေတတ်တယ်လို့ ကိုယ်ဖတ်ဖူးတယ်”ဟု ဆိုသည်။ “ကျွန်မက မိန်းမဟိုမုန်း နည်းနေတာလို့ ဆရာဝန်ကပြောတာပဲ၊ ကျွန်မက ယောကျာ်းကြီးများလား မသိဘူးနော်”ဟု
ဆိုတော့  သူက “ပြစမ်း ပြစမ်း နှုတ်ခမ်းမွှေးတွေဘာတွေများ ရှိနေလား” ဆိုကာ တဟားဟားအော်ရယ်လေသည်။ ဟိုမုန်းအားတိုးဆေးတွေသည် ကြည်နှင့် အဆင်မပြေ၊ ဟိုမုန်းအားတိုးဆေးထိုးပြီးသည့်အခါတိုင်း ဘာရယ်မှန်းမသိ၊ ကြည့်စိတ်တွေက အားငယ်ငိုယိုချင်စိတ်တွေနှင့် ခွေလဲ၍သာနေချင်တော့သည်။ အစားလည်း မစားချင်၊ တွေးမိတွေးရာတွေးကာ ငိုလို့သာနေချင်တော့တာ။ လူကလည်း ရေစိုပုဝါစကလေးတစ်စနှယ် ချထားရာမှာ ပုံကျနေတတ်တာ။

သည်လိုနှင့်ပဲ ကလေးရရန်အတွက် ဟိုမုန်းဆေးတွေထိုးပြီး မဟိုမုန်းများလာဖို့ကြိုးစားခြင်းကို မေ့ထားလိုက်ကြရတော့သည်။ “မျိုးဆက်အတွက် ကလေးလိုချင်တယ်ဆိုလည်း မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်သာ ယူပါနော်၊ ကျွန်မ နားလည်တယ်” ကြည်က ဝတ္ထုဆန်ဆန်ဇာတ်နာလေသော် “တော်ပါပြီကွာ ဒီတစ်ယောက်နဲ့တောင် ဒီလောက်ဆံပင်ဖြူနေပြီပဲ”ဟု ရယ်မောလျက် စ နောက်မပျက်ဆိုလေသည်။

ဘယ်သူ့ကြောင့်ဟူသည့်အကြောင်းရင်းကို နှစ်ဦးသားသဘောတူစွာ စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြ။ သည်ကြားထဲမှာ မမြင်ချင်ဆုံးသော လစဉ်မှန်မှန်ရာသီသွေးတို့အား အမုန်းကြီးမုန်းလျက် ကူကယ်ရာမဲ့စွာရှိရသည်။ တလတလေ နောက်ကျနေတတ်တဲ့အခါ သူ မသိအောင် တိတ်တိတ်ကလေး စမ်းသပ်ကြည့်ခဲ့သည်။ အရင်ကတော့ သူနှင့်အတူတူ စမ်းကြည့်ဖူးပါသည်။ နှစ်ကြောင်းပေါ်လာရမည့် အနီရောင်မျဉ်းကလေးနေရာမှာ မျဉ်းကလေးတစ်ကြောင်းထဲသာ ပေါ်လာသောအခါ မျက်နှာကိုချက်ချင်းပြင်လျက် “ဟာ သားသားလေးလား မီးမီးလေးလားပဲဟေ့ တစ်ကြောင်းကြီးများတောင်ပေါ်လာတယ်ကွ”ဆိုသော သူ့နောက်ပြောင်ကျီစယ်မှုက ကြည့်အား နာကျင်စေသည်။ သို့သော် ကြည်သည် သူရယ်မောစေချင်သလို သူနှင့် ရောနှောရယ်မောပစ်လိုက်ခဲ့သည်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကသိကာ ဖုံးဖိထားလျက်က မြင်နေရသောအနာတို့မှာ ကြည် ထပ်မံ မရူးသွပ်လိုတော့။ မသိဘဲနာကျင်ရသည်ထက် နာကျင်မယ်မှန်းသိသိနှင့် နာကျင်ရခြင်းက လူကို ပိုလို့ပူလောင်စေတတ်တာ။

သည်လိုနှင့် သူ မသိအောင် တိတ်တိတ်စမ်းသပ်ကြည့်လေ့ခဲ့ရသည်။ မင်နီကလေး တစ်တန်းထဲသာပေါ်လာတဲ့အခါ အမှိုက်ပုံးထဲ ဘာမှန်းညာမှန်းမမြင်ရတော့သည်အထိ သေချာထုပ်ပိုးကာ စိတ်ပျက်လက်ပျက်လွှင့်ပစ်ခဲ့ဖူးတာ အခါခါ။  ချက်အောက်ဘက် လက်သုံးလုံးခန့်အကွာနားက ဝမ်းဘိုက်သားပြင်ထဲမှာ အလုံးကလေးများရှိနေပြီလား လက်နှင့်ဖွဖွ စမ်းကြည့်ရတာမျိုးကဖြင့် မရေတွက်နိုင်တော့။

ကလေးနာမည်ပေး ကင်ပွန်းတပ်၊ ကလေးမွေးနေ့ စသည်ဖြင့် မိတ်ဆွေများမှဖိတ်ကြားလာလျင်တော့ မဖြစ်မနေ သွားကြမြဲပင်။ အပြစ်ကင်းစင်သော ကလေးတို့၏အပြုံးများ၊ ချစ်စဖွယ်တီတီတာတာကလေးများနှင့် ခဏဖြစ်စေ လက်ပွန်းတတီးနေခွင့်ရသည်။ ချော့မြှူချီပိုးခွင့်ရသည်။ ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကိုယ်ပိုင်မိသားစုကလေးလိုလို စိတ်လှည့်ဖြားခြင်း၌ ခဏတာသာယာရသည်ပဲ။ သည်လိုနှင့်ပင် စိတ်မှာထင်ရှားရှိနေသော ကွက်လပ်ကို ချော့မြှူဖြည့်ဆည်းရသည်။

အချိန်တန်တော့လည်း ကြည်တို့နှစ်ယောက်ထဲရှိသောအိမ်မှာ ဆည်းလည်းသံကလေးမျှ မကြားရ၊ ခိုးခိုးခစ်ခစ်ရယ်သံကလေးများမှ မကြားရ။ အရာရာသည် ရှိမြဲတိုင်းလက်ရှိမှာ ပုံမှန်လည်ပတ်လျက်သာ ရှိလေတော့သည်။ အရှိကို အရှိအတိုင်းလက်ခံဖို့ကြိုးစားရတာမျိုးထဲမှာမှ ခါးသည်ဟု ထင်ရသည့်အမှန်တရားတို့ကိုတော့ ငြင်းဆန်ချင်သေးသည့် လူ့သဘာဝပေ။ သည်တော့ ကြည်ဟာ စပျစ်သီးတွေ ချဉ်ချင်လာတော့တာ။ တွန်းလှည်းကလေးတွေနှင့် ကလေးများကို လမ်းမှာတွေ့တဲ့အခါ မကြည့်မိအောင် မျက်နှာကို လွှဲသည်။ ကလေးတို့ ဂျီကျငိုယိုသံကို ရထားပေါ်မှာဖြစ်စေ ကြားရသည့်အခါမျိုးမှာ ဆိုးလိုက်တဲ့ကလေး၊ မရှိတာဘဲကောင်းသေးတော့ဟု တွေးသည်။ ပိတ်ရက်ရှည်တွေမှာ စိတ်ရှိရင်ရှိသလို ချက်ချင်း အထုပ်အပိုးကောက်ပြင်ကာ နှစ်ယောက်သား ခရီးတိုလေးတစ်ခု ထွက်နိုင်သည့်အခါမျိုးများမှာပေါ့။ ရေတစ်ဝက်ပြည့်နေသည့်ဖန်ခွက်ကို မြင်အောင်ဇွတ်မှိတ်ကြည့်လျက် ရေတစ်ဖန်ခွက်ဖြစ်ဖို့ရန်ကိုမူ မတမ်းမက်လိုတော့။

ကြည်တို့လိုပဲ မိသားစုမဖြစ်သေးသည့် ဇနီးမောင်နှံချင်းတွေ့သည့်အခါတွေမှာတော့ သူတော်ချင်းချင်း သတင်းလွေ့ကြရသည်။ “ဒီဘဝမှာ ဘာဝနာတရားကို ထဲထဲဝင်ဝင်အားထုတ်ဖို့ အခွင့်ကောင်းပဲ၊ သံယောဇဉ်ဆိုတာ ကြိုးတစ်ချောင်းလျော့လည်းပဲ အပူအတော်သက်သာတာ” စသည်ဖြင့် မြေပေါ်နှင့်ကောင်းကင်က အပ်နှစ်ချောင်းမှ မထိသူများအချင်းချင်း အားပေးလျက် ရယ်မောဝိုင်းဖွဲ့ကြရသည်။

“မိန်းမချင်းတူတူတောင်မှ သားမွေးထားတဲ့မိခင်က သမီးမိန်းကလေးမွေးတဲ့မိခင်ထက် ပိုမြတ်တယ်။ ထိုင်တာတောင် သားမွေးထားတဲ့မိန်းမက အမြင့်မှာ ထိုင်ရတာ”

ဘာလဲဟ…သွားစမ်းပါ။ ဒါဆို ကြည်တို့လို သားသမီးမှမွေးမထားတဲ့ မိန်းမတွေက ခြေနင်းကြမ်းပြင်မှာ မျက်နှာအောက်ချကာ ကျူံ့ကျူံ့ထိုင်ဖို့သာရှိတော့တာ။ ဘယ်လောက်သနားစဖွယ်ပါလိမ့်၊ အောက်ကျလိုက်ရတာဆိုတာ ပြောဖွယ်မရှိ။ ကြည်ကတော့ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားရသည်။ “ဒါက သမီးကမွေးတဲ့ မြေး၊ ဟိုနှစ်ယောက်က ချွေးမက မွေးတာ၊ သူတို့လင်မယားကတော့ ကလေးမရှိဘူး” သည်လိုအခါတိုင်း သည်လိုကြားရတိုင်း ကြည်ဟာ တစ်ကိုယ်လုံးကို ပျောက်သွားမတတ်ကျူံ့ထားမိသည်။ မျက်တောင်တို့ကို အခါခါပုတ်ခတ်ကာ ကျလုလုမျက်ရည်တို့ကို မာန်တင်းရသည်။

သားသမီးမမွေးနိုင်သောမိန်းမသည် လောကကြီးမှာ သည်လောက်တောင် အောက်တန်းနောက်တန်း ကျရသတဲ့လားကွယ်....။ 

ဘာကိုမှန်းမသိနိုင်သော နာကျည်းမှုတွေသည် ရင်ဘတ်ထဲမှာသာ မွမွကြေလျက် အပြင်တော့ဖြင့် ထွက်မလာ။ အရှိကိုသာ တန်
ဘိုးထားတတ်အောင် ကြိုးစားဖို့ပါပဲ၊ မရနိုင်တာကို လိုချင်နေခြင်းသည် နာကျင်ရုံကလွဲ၍ ဘာမှဖြစ်မလာနိုင်သောအခါ ကြည် လက်လျှော့ခဲ့ပြီ။ လက်သီးတို့ကို တင်းတင်းဆုတ်ကာသာ အကြောင်းတရားတို့ကို နားလည်အောင် ရင်နာနာနှင့်ကြိုးစားရသည်။ ဒါဟာ ဘဝတစ်ခုရဲ့အဆုံး မဟုတ်သေးဘူးဘဲကွယ်....။

“ကိုယ်ဟာ ပြီးခဲ့တဲ့ဘဝတစ်ခုမှာ စာကလေးသိုက် တက်နှိုက်ခဲ့တဲ့ကောင်”

ကြည့်...သူဟာလေ...။ သူဟာ ဒီဘဝမှာ တကယ်လို့များ မျက်စေ့တစ်ဘက်ထဲမြင်နိုင်သူဖြစ်မယ်ဆိုရင်တောင် မျက်စဉ်းခတ်ရသက်သာတာပေါ့ကွာဟု ဆိုဦးမည့်သူ....။ သူဟာ ဘာကိုမဆို ကောင်းသောအမြင်၊ ချိုသောနှလုံး၊ ဟာသအမြင်နှင့်သာ ဘဝကို 
ကြည့်တတ်သူ….

ကြည့်မှာ သူ့ထံမှ သင်ယူစရာများကား များပြားလှသည်။

XXXXXXXXXXXXXXXXXXXXXXX

တစ်ခါကလည်း ကလေးရှိသောမိတ်ဆွေများကို သူ ကျီစယ်ခဲ့တာ အမှတ်ရမိသည်။

“ကလေးရှိတယ်ဆိုတာ တကယ်တော့ အကြွေးဆပ်နေရတာပဲဗျ။ ကလေးသုံးယောက်ရှိတဲ့မိသားစုဟာ ဟိုဘဝက ဘုရားရွှေခွာခဲ့တဲ့အုပ်စု၊ ကလေးနှစ်ယောက်ရှိတဲ့မိသားစုက ပိုက်ဆံမပေးဘဲ ဘတ်စကားခိုးစီးခဲ့တဲ့အုပ်စု၊ ကလေးတစ်ယောက်ရှိတဲ့မိသားစုကတော့ အလှူခံပုံးဖောက်ခဲ့တဲ့အုပ်စုပေါ့ဗျာ၊ အဲဒါတွေပြန်ပေးဆပ်နေရတာ” ဟုဆိုလေသည်။ သူ့အကြောင်းသိသောမိတ်ဆွေရင်းများက သဘောတကျရယ်မောကာ “ခင်ဗျားဟာ တစ်ခုမှလည်း မလွတ်ပါလားဗျာ”ဟုဆိုတော့ သူက “ဟ ခင်ဗျားစဉ်းစားကြည့်လေဗျာ ခင်ဗျားသမီးကလေးက ဖေဖေ သမီး ဒီအရုပ်လေးလိုချင်တယ်ဆို ခင်ဗျား မဝယ်ပေးဘဲနေလို့ ရလို့လား၊ ရှိရှိ မရှိရှိ ခင်ဗျားမှာ ရှိသမျှလေးချပြီး ဝယ်ပေးလိုက်ရတာပဲ မဟုတ်လား”ဟု ချေပလေသည်။

သူဟာ အဲသည်လိုလူစား၊ ပေါ့ပေါ့ပါးပါးပြောကာ ကြည့်စိတ်ကို ဖော့ပေးတတ်သူ။ သူ့ကြောင့် ကြည့်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရခြင်းမျိုး တစ်ခါမှ မရှိခဲ့။  မျက်ရည်ပေါက်ကြီးငယ်ကျရခြင်းမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါ။ တခါတလေတော့ ကြည် သူ့ကို သနားမိသည်။ သူ့ခမျာ သူ့မျိုးဆက် သူ့သွေးကလေးကိုတော့ဖြင့် တစ်ယောက်တစ်လေ လိုချင်ရှာပေလိမ့်မည်။ သို့သော် သူဟာ ဟန်ဆောင်များနေသလား၊ ကြည့်ရှေ့မှာမို့ မလိုချင်ဟန်ပြလေသလား....။ သူဟာ ကြည့်ကို စိတ်လက်ချမ်းသာစေလိုသူသာ ဖြစ်လေသည်။

ကြည့်ကလေးလိုချင်စိတ်မှာ အရင်ကလောက်ရူးမူးသည် မဆိုသာသော်လည်း တိတ်တိတ်ကလေးတော့ တမ်းတနေမိသေးသည်။ စပျစ်သီးကလေးတွေ မချဉ်ဟု စိတ်ထဲက သိနေသေးသည်ကိုး။

ကြည့်မှာ သိပ်တွယ်တာရသော တိုင်းရင်းသူအစ်မတစ်ယောက်ရှိသည်။ အဲ့သည့်အစ်မက သိပ်ကိုချစ်စရာ ကောင်းလွန်းကာ ပြောဆိုပွင့်လင်းပုံမှာ ကြည်ပင်လက်ဖျားခါရအောင် ဒဲ့ကျသူဖြစ်သည်။ “အေ ငါ့မှာ မိန်းမဘဝဖြစ်ပေမယ့် ပိုင်ဆိုင်နေရတာတွေက အလကားပါပဲ။ ဘာမှလည်း မသုံးရ၊ ရည်းစားကလေးမှ မရှိရ”ဟုဆိုတော့ ကြည်က အော်ရယ်ချင်မိသည်။ “ဟင် ဘာဖြစ်လို့လဲ အစ်မရဲ့”ဟု မေးတော့ သူက “အို မိန်းမဖြစ်မှတော့ အနည်းဆုံး သားသမီးကို နို့ချိုတိုက်ကျွေးဖူးတဲ့ရင်သားတွေ ပိုင်ဆိုင်ချင်တာပေါ့”ဟု ဆိုသည်။

“ဒီတစ်ခါတော့ အလုပ်ထဲက အကောင်တစ်ကောင်ကောင်ရှေ့ရောက်ရင် ငါ မူးလဲပစ်လိုက်မယ်၊ ဒါ နောက်ဆုံးလက်နက်ပဲ” ဟုဆိုကာ သူ့စကားသူ သဘောတကျရယ်နေလေသည်။ ကြည့်မှာလည်း အစ်မနဲ့အတူ လိုက်ရယ်မောရပါသည်။

ကြည်ကရော ဘာထူးလို့လဲ၊ ဘာများထူးလို့လဲကွယ်။ မိန်းမတစ်ယောက်အဖြစ် အသုံးကျသည်ဆိုဦးတော့ မိခင်တစ်ယောက်မှ 
မဖြစ်သေးတာ၊ မဖြစ်နို်င်တာ။ ကြည်ဟာ အိမ်ထောင်သည်မိန်းမတစ်ယောက်အဖြစ်သာ ရှိနေသေးသည်ပဲ။ သားသည်အမေဆိုသည့်အခေါ်အဝေါ်ဟာ တန်ဘိုးရှိလိုက်တာ....။ ကလေးလေးတစ်ယောက်ယောက်က ကြည့်ကို အမေလို့ခေါ်လိုက်တဲ့စကားဟာ သိပ်ကိုချိုမြိန်မှာပဲ....။

ခါတစ်ရံတော့လည်း နာနာကျည်းကျည်းတွေးမိတတ်ပါသည်။ လူတွေဟာ ဘာလို့များ ပုံစံခွက်ကြီးထဲ ထည့်ထည့်တိုင်းနေရတာပါလိမ့်။ လူတစ်ယောက်ဟာ ငယ်စဉ်မှာ ပညာရှာ၊ အရွယ်ရောက်တော့ အိမ်ထောင်ကျ၊ သားသမီးတွေ မွေး၊ စီးပွားတွေ ရှာ၊ မိဘပြုစု၊ သည့်ထက်အရွယ်လေးရလာတော့ တရားရှာ။ ပြီးတော့ သေကြ...။ ဒါပဲလား...ဒါဟာ လူ့ဘဝရဲ့ အလျားအရှည်တစ်ခုထဲ မဖြစ်မနေဖြတ်သန်းသွားကြရမှာတွေပဲလား....။ ဘဝကြီးဟာ ဒီလောက်တောင် သမားရိုးကျကြီးပဲတဲ့လား...။

အိမ်ထောင်မကျသေးခင်ကတော့ အိမ်ထောင်ပြုကြတော့လေ တဲ့။ ခုဆို ကြည်တို့က ကလေးမယူသေးဘူးလား အမေးခံနေရပြီ။ 
ကြည်တို့ဟာ ရှေ့လူတွေ ချပေးခဲ့တဲ့လမ်းအတိုင်း လျှောက်ကြရမှာလား။ အိမ်ထောင်မပြုဘူးဆိုရင်ရော...၊ ကလေးမမွေးဘူးဆိုရင်ရော....လူသားတာဝန်မကျေဟု အပြစ်တင်ကြတော့မှာလား....။ မျိုးဆက်ချန်ရစ်ခဲ့ဖို့ဆိုတာကရော ဘယ်လောက်များအရေးပါနေလို့လဲ၊ ဘဝကြီးထဲကို အပြစ်သားကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆောင်နေကြတာ၊ ဒုက္ခသားကလေးတွေ...။ တော်ပါတော့ လောကကြီးဟာ ပူလောင်လွန်းလှတာ။ မခေါ်ချင်ကြပါနဲ့၊ မလာချင်ကြပါနဲ့တော့ ကလေးတို့ရယ်...။ စိတ်နာလိုက်တာ...။ ကြည်ဟာ ဘာကြောင့်မှန်း မသိ၊ ဘာကိုမှန်း မသိ၊ ဘယ်သူ့ကိုမှန်းလည်း မသိဘဲ ရုတ်တရက် စိတ်ဖောက်လာပြန်သည်။ ကြည်သည် လူတကာလက်ခံပြီး ဖြတ်သန်းနေကျတွေကို ဆန့်ကျင်ချင်လှသည်။

တကယ်တော့ အချစ်ဆိုတာကိုက မရှိတာ။ မရှိတာကို အရှိလုပ်နေကြတာ။ အချစ်ဆိုတာဟာ ဘဝကြီးထဲကို လူနှစ်ယောက် အတူတူခုန်ချပစ်လိုက်ဖို့ ထိုးကျွေးလိုက်သော မြှားခေါ်မှုတစ်ခုပေပဲ။ အဲသည်လိုသာ ကြည်က နားလည်ချင်သည်။ သည့်နောက်မှာ သကြားကပ်ထားသောဆေးခါးကြီးတစ်လုံးလို၊ အချိုကုန်ချိန်မှာ ဘဝဆိုတာကြီးကို ပီပီပြင်ပြင်မြင်ကြရတာ၊ အဲသည့်တော့မှ ခါးသောဘဝကြီးက လူလုံးထွက်ပြတော့တာ မဟုတ်လား။ အို....စေ့စေ့တွေးကြည့်ရုံနှင့်ပင် ဘဝကြီးထဲလူဖြစ်ရတာကို အင်မတန်မောပန်းလာရတော့သည်။ မုန်းလိုက်တာ...။ တစ်နေ့တစ်နေ့ ဘာအတွက်အသက်ရှင်နေရမှန်း မသိတာတွေနှင့်သာ အချိန်တွေလွန်မြောက်နေရတာကို မုန်းသည်။

“ကလေးငယ်တွေကို ဘယ်တော့မှ မရိုက်ရဘူး။ ဆူတယ်ဆိုရင်တောင် ကလေးစိတ်မှာ အနာရစေမယ့်စကားလုံးမျိုးနဲ့ ဘယ်တော့မှမဆူရဘူး”
“တစ်ချို့ကလေးတွေကတော့ ရိုက်မှကို နားလည်တတ်တာမျိုး”
“ကလေးတွေဟာ အတုမြင် အတတ်သင်နေတဲ့အရွယ်၊ မိဘတွေက အပြောအဆို အနေအထိုင်က အစ ကလေးတွေရှေ့မှာ ဆင်ခြင်ကြရမယ်”
“ကလေးကို သူ့အဖိုးအဖွားတွေရှိတဲ့ဆီ အလည်ခေါ်သွားတာ၊ ကလေးက မြန်မာစကားတော့ နည်းနည်းပါးပါး ပြောတတ်လာပါရဲ့၊ ဘယ်ကတတ်လာမှန်းမသိတဲ့ အဆဲတွေလည်း တတ်လာတယ် သိလား”

အဲသည်လို မိခင်တွေစကားဝိုင်းမှာ ကြည်ဟာ နားထောင်သူသက်သက်သာဖြစ်သည်။ ဝင်ပြောလိုလှသော်လည်း ကြည့်စကားများက လက်တွေ့မဟုတ်သောစကားများမို့ မခိုင်လုံ၊ မှားချင်မှားနိုင်သည်လေ။ သည်တော့ နှုတ်ဆိတ်နားထောင်ခြင်းသည်သာ ကြည့်အတွက်၊ အားလုံးအတွက် အသင့်တော်ဆုံးဟုယူဆကာ ဘာတစ်ခုမှ ဝင်မပြောဖြစ်။ သို့သော် ဘာရယ်မဟုတ် ကလေးစိတ်ပညာဟူသောစာအုပ်မျိုးကိုတော့ ကြည် စိတ်ဝင်တစားရှာဖွေ ဖတ်ရှု့နေမိတတ်ပါသည်။

အဲသည့်ကလေးစိတ်ပညာစာအုပ်ကလေးရဲ့အဖုံးဟာ တိမ်ဆိုင်ဖြူလွလွကလေးတွေ မျောလွင့်နေပုံနှင့်ဖြစ်သည်။ တိမ်တွေအောက်က မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဂါဝန်ဖြူလွလွကလေးဝတ်ထားသော လေး-ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက် တိမ်စိုင်တွေကိုမော့ကြည့်ကာ တိမ်တွေနောက် အပြေးကလေးလိုက်နေပုံက ဝတ်ထားသောဂါဝန်ကလေး တလွင့်လွင့်နှင့်ဖြစ်လေသည်။

ထိုစာအုပ်အဖုံးကလေးကို လက်နှင့်ဖွဖွအုပ်ကိုင်ပွတ်သပ်ကာ ကြည် အိပ်ပျော်သွားခဲ့သောညက ဖြစ်ပါသည်။ မနက်လင်းလာတော့ ကြည် ရုတ်တရက်ထထိုင်မိသည်။ ညက....ညက ကြည် အိပ်မက် မက်ခဲ့သည်ပဲ။ အိပ်မက်ထဲမှာ ဖြူလွလွတိမ်စိုင်တစ်စနောက်ကို ကြည် ပြေးလိုက်နေခဲ့သည်။ တိမ်စိုင်ကလေးသည် ဝါဂွမ်းကလေးတစ်စနှယ် ပေါ့လွင့်ကာ ကောင်းကင်မှာ ပြေးလွန်းလှသည်။ ကြည်က လိုက်မမီမှန်းသိသိနှင့် အပြေးလိုက်ကာ ကြည့်လက်နှစ်ဘက်မှာလည်း ကောင်းကင်ပေါ်မြှောက်ကာ ဖြန့်လှပ်ဆန့်တန်းထားလျက်ရှိသည်။ ရုတ်တရက် လေကြောင်းပဲ ပြောင်းလေသလားမသိ၊ ထိုတိမ်စိုင်ကလေးသည် ကြည်ရှိရာဆီ နိမ့်ကနဲထိုးဆင်းလို့လာသည်။ ငေးကနဲ မင်သက်နေစဉ်မှာ တိမ်စိုင်ကလေးက ကြည်နှင့်အနီးဆုံးရောက်လို့လာကာ ကြည့်နေရင်းမှာပင် တိမ်စိုင်ကလေးသည် အနှီးဖြူဖြူကလေးနှင့် ထုပ်ပိုးထားဟန် သက်ရှိကလေးလေးတစ်ယောက်လို ကြည့်မျက်စေ့မှာမြင်ရသည်။ 
ကြည် ကြောင်အနေဆဲမှာပင် ထိုအရာကလေးက ကြည့်ကိုယ်ထဲ ထွင်းဖောက်၍သွားခဲ့သည် တဲ့...။ 

ထွင်းဖောက်တိုက်ဝင်သောအရှိန်ကြောင့် ကြည့်မှာ မြက်ခင်းပေါ်ပုံလျက်သား လဲကျသွားခဲ့သည်။

အို.....ကြည့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာကာ အိပ်ရာပေါ်ထိုင်နေလျက်က ကြည့်ဘိုက်သားကို လက်နှင့် ထိတွေ့နေမိသည်။ မကျီစယ်ပါနဲ့ကွယ်...အိပ်မက်ဟာ အိပ်မက်မျှသာပဲ...ကြည့်ဘဝမှာ အိပ်မက်တွေကို ဘယ်တော့မှ မယုံတော့ဖို့ သင်ယူခဲ့ပြီးသားရယ်...။ သို့သော် ကြည်သည် ယုံကြည်ချင်မိပြန်သည်။ တကယ်လို့များ.... သူကလေးဟာ....

အိပ်ရာမှထကာ ဆံပင်တွေကို ဖီးသင်သည်။ ဘေးစားပွဲပေါ်က ပြက္ခဒိန်ကို ယူကြည့်လိုက်တော့ လွန်ခဲ့သောလကတည်းက ရာသီသွေးမပေါ်ဘဲကျော်ခဲ့သည်ကို ကြက်ခြေခတ်ထားသည့်ရက်စွဲတစ်ခုအရ သိရလေသည်။ ကြည့်နှလုံးခုန်သံတို့မြန်လွန်းလာလျက် ညဝတ်အင်္ကျီကိုလဲကာ တွေ့ရာတီရှပ်လေးတစ်ထည် ကောက်စွပ်ပြီး အနီးဆုံး၂၄နာရီဆိုင်ကလေးဆီသွားရကောင်းမလား တွေးမိပြန်သည်။ တခါတလေ အဲ့သည်လိုကျော်ခဲ့ပြီးမှ ပြန်လာချင်လာနေတတ်တာ။ အနေအထိုင် အစားအသောက်အပြင် စိတ်အလှုပ်အရှားနှင့်လည်း ဆိုင်သည်ပဲ။

ရင်မဆိုင်လိုပါ...၊ အနီရောင်မျဉ်းကလေးတစ်ကြောင်းထဲ ပေါ်လာလျင်ဖြင့် ကြည် ရင်ကွဲရဦးမည်။ ဒီတစ်ခါတော့ သိပ်ကိုထူးဆန်းနေတာလို့ စိတ်က တွေးမိပြန်သည်။ ချီတုံချတုံနှင့် ကြည်သည် ဆိုင်ကလေးရှေ့ကို ဘယ်လိုရောက်လာမှန်းပင် မသိလိုက်။ ငွေချေ
ပြီး၍ အထုပ်ကလေးကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကြည့်ခြေလှမ်းတို့က အိမ်အပြန်လမ်းကို ခါတိုင်းထက်ပိုဝေးသည်ထင်မိတော့သည်။

XXXXXXXXXXXXXXXXXXXXXXX

ခံစားရလွန်းလို့ ဘယ်တော့မှမစစ်တော့ဟု စိတ်ပိုင်းဖြတ်ထားကာ မစစ်ခဲ့သမျှ၊ ပြီးခဲ့သောတစ်လက ကျော်ခဲ့သောသွေးသည် ခုဖြင့် နှစ်လနီးပါးရှိတော့မည်။ ကြည့်စိတ်တို့ တဆတ်ဆတ်ခုန်လာပြန်သည်။ သူက ကြည့်လက်တို့ကိုဖျစ်ညှစ်ဆုတ်ကိုင်ကာ ကြည့်သွေးခုန်နှုန်းတို့ကို နှေးကွေးစေသည်။ ဓါတ်ခွဲခန်းဟု ဆိုင်းဘုတ်တပ်ထားသော ကောင်တာအောက်မှာ ဆီးခွက်ကလေးကိုချစဉ် ပုလင်းပေါ်မှာ ကြည့်နာမည်ကပ်ထားလျက်က တစ်ခြားသူပုလင်းတွေနှင့်ရောမလား စိုးရသေးသည်။  ဓါတ်ခွဲခန်းတာဝန်ရှိသူ အမျိုးသမီးက လက်အိတ်စွတ်ထားသော သူမလက်နှင့် ဖျတ်ကနဲနောက်ဘက်ယူသွားမှ ကျန်ခဲ့သောပုလင်းများကိုကြည့်ကာ မရောထွေးနိုင်တော့ပြီဟု စိတ်ချလက်ချရှိရသည်။

“ခဏနေဆရာဝန်ပြန်ခေါ်ပါလိမ့်မယ်၊ အခန်းအပြင်မှာပဲစောင့်ပါ”ဟု နောက်လည်ပြန်ကြည့်ကာ ပြောလာသူအမျိုးသမီးကိုခေါင်းညိတ်ပြရင်း သူထိုင်နေသော ခုံတန်းကလေးဆီ မျောကနဲပြန်ရောက်လာလေသည်။ ကြာမြင့်သည်ဟုစိတ်ကထင်သော အခိုက်အတန့်ခဏကလေးပါပဲ၊ ထိုခဏမှာပင် ကြည်တို့တိုကင်နံပါတ်ခေါ်သော မီးနီကလေးက အခန်း၂မှာလင်းလာတာမြင်တော့ ကြည် တောင့်ကနဲထရပ်ကာ အခန်း၂ဆီ တန်းကနဲ လျှောက်သွားမိစဉ် အသက်မျှပင်ရှူမိရဲ့လား မသေချာ။

ဆရာဝန်မျက်နှာရိပ်ကိုသာ အလွတ်မပေးတမ်းကြည့်နေစဉ် “ကွန်ဂရက်ကျူလေးရှင်းပါ မစ်စ်ကြည် ခင်ဗျားမှာ ကိုယ်ဝန် ၇ပတ်နဲ့၎ရက်ရှိနေပါပြီ”ဆိုသည့်အသံမှာ ကြည့်မျက်ရည်များ မထိန်းနိုင်စွာ...ပေါက်ကနဲ ပေါက်ကနဲအကျ...။ သူက ကြည့်လက်မောင်းတို့ကိုဖျစ်ညှစ်ဆုတ်ကိုင်ရင်း နီကျင်လာသောသူ့မျက်ဝန်းများကို ခေါင်းမော့ခါစဉ်၊ ကြည့်မှာ  ထိုင်နေသောခုံနှင့်တင်ပါးတို့ လွတ်မြောက်ကာ လူတစ်ကိုယ်လုံး မျောလွင့်ကာရယ်...။

ကြည့် အရပ်၊ ကိုယ်အလေးချိန်တို့ကို တိုင်းမှတ်သည်။ ကြည့်သွေးတို့ကို ဖောက်စစ်စဉ် ဆေးထိုးအပ်ပြွန်ထဲ စွေးညို့စွာစီးဆင်းသွားသော သွေးစိမ်းရှင်ရှင်များကို အမှတ်မဲ့ငေးရင်းက ကြည် ကျန်းမာမှဖြစ်မည်ဟုတွေးသည်။ သူ့အတွက်....သူကလေးအတွက်၊ ကြည်တို့ဘဝထဲကို မကြာခင်ရောက်ရှိလာတော့မယ့် သူကလေးအတွက် ကြည် ကျန်းမာနေမှဖြစ်မည်။ ဆေးလိပ်သောက်သလားဟု ဆရာဝန့်အမေးကို ကြည် ခေါင်းခါပြရင်း သူ့ကိုလှမ်းအကြည့် သူက “social smokerပါ၊ အမြဲတော့ သောက်လေ့မရှိပါဘူး၊ လိုအပ်ရင် ကျွန်တော် မသောက်ဘဲလည်း နေနိုင်ပါတယ်”ဟု ဆိုသည်။ ဆရာဝန်က Passive smoking ခေါ် second-hand smoke (SHS)အကြောင်းပြောစဉ်မှာ သူက ခေါင်းတညိတ်ညိတ်နှင့်နားထောင်သည်။ ကိုယ်ဝန်ရှိနေစဉ် လင်ကိုယ်မယားနေမှုထိုင်မှုတွေ၊ ဆောင်ရန်ဆောင်ရန်တွေ၊ အစားအသောက်အနေအထိုင် စုံလင်စွာဆိုစဉ် ကြည်တို့နှစ်ယောက်လုံး သေချာနားစိုက်ထောင်ရသည်။

ပြီးတော့ ကြည့်မှာ အစဉ်စွဲသောက်နေရတဲ့ဆေးတွေ၊ တစ်ခြားသောရောဂါတွေ ရှိ မရှိမေးမြန်းသည်။ ကြည့်မှာက သွေးနီဥနည်းသည့်ရောဂါရှိတာမို့ Sangobionဆိုတဲ့ဆေးတစ်မျိုးကို ကြည် နေ့စဉ်သောက်ရပါသည်။ ဆေးသောက်နေတာမို့ သွေးအဖြေရရင်တော့ သွေးနီဥပါဝင်နှုန်း ဟေမိုဂလိုဘင်စစ်ချက်ကောင်းနေမှာပါပဲ၊ သည်အတွက် စိတ်ချလက်ချချမ်းသာရသေးသည်။
ဖောလစ်အက်ဆစ်ရယ်၊ ငါးကြီးဆီရယ်သောက်ဆေးအဖြစ်ပေးပြီး နောက်နှစ်ပတ်အကြာမှာ ပြန်လာပြဖို့ချိန်းသည်။ ဆေးခန်းမှအပြန်လမ်းလျှောက်မှပင် တုန်ယင်နေသောကြည့်ဒူးများကို သတိထားမိသည်။ ကြည့်လမ်းလျှောက်ပုံသည် အလာတုန်းကနှင့်တောင် မတူ၊ ခပ်ဖြည်းဖြည်း သတိနှင့်လျှောက်သည်။ ကြည့်ဘိုက်ထဲကသူကလေး သက်တောင့်သက်သာမဖြစ်မှာစိုးသလိုရယ် စိတ်ကထင်သည်။ အပျော်လွန်သည်လားဝမ်းနည်းသည်လား မသိတတ်နိုင်သော ရောထွေးခံစားမှုများမှာ ကြည် လွတ်လွတ်လပ်လပ်ကီးလိုက်ပါပစ်လိုက်သည်။

သူကလေး...
ကြည်တို့ အနှစ်နှစ်အလလ မျှော်စောင့်ခဲ့ရသော သူကလေး...
ခု သူကလေးက ကြည့်ဝမ်းဘိုက်ထဲမှာ တဲ့.... သူ တကယ်ရောက်လာခဲ့ပြီ တဲ့....။

ကြည်သည် တက္ကစီပေါ်မှာပင် အိကနဲငိုကြွေးမိတော့တာ၊ သူက ကြည့်ခေါင်းကို အလိုက်တသင့် သူ့ရင်ခွင်ထဲပွေ့ပိုက်လာသည်။ သူ့ရှပ်အင်္ကျီရင်ဘတ်တစ်ခုလုံး ကြည့်မျက်ရည်တို့စိုအောင် ကြည် ငိုချခဲ့မိလိုက်သည်။ ဘာကလေးမှန်း မသိသေး....၊ သားကလေးလား၊ သမီးကလေးလား ဘာမှန်းမသိလည်းဘဲ ဘာလေးပဲရရ ကြည် ပျော်မှာ၊ ကြည်နှင့်သူ့သွေးသားတို့ပေါင်းစပ်မှုပင် မဟုတ်လား။

အိမ်ပြန်ရောက်ရောက်ချင်း သူ အရင်ဆုံးလုပ်တာက နှစ်ဘက်မိဘများဆီ ဖုန်းဆက်အသိပေးခြင်းပင်။ ပျော်နေတဲ့မိဘတွေအသံဟာ ကြည့်မျက်ဝန်းကမျက်ရည်တို့ကို သွေ့ခြောက်စေသည်။ “ဂရုစိုက်နော် သမီးကြည်၊ လိုအပ်ရင် မေမေလာခဲ့မယ်၊ ကြိုတော့ပြောနော်သမီး၊ ဘာမှ မကြောက်နဲ့နော်”ဟူသော မေမေ့စကားမှာ ကြည် မျက်ရည်ဝဲရပြန်သည်။ ကြည့်ကိုရော မေမေ ဘယ်လိုများမွေးခဲ့ပါလိမ့်၊ သမီးဦးမို့ Labor painက အကြာကြီး၊ တစ်ရက်နီးပါးဟုသိရစဉ် “မေမေသနားပါတယ် သိပ်နာခဲ့မှာပဲ”ဟု ကြည် ဆိုခဲ့ဖူးသည်။

“နေဦး အရေးတကြီးလုပ်စရာတစ်ခု ရှိသေးတယ်”ဟုဆိုကာ အနီရောင်မျဉ်းကလေးနှစ်ကြောင်းထင်နေသော ကိုယ်ဝန်စစ်တံကလေးကို ဓါတ်ပုံရိုက်ကာ စတေးတပ်စ်တင်တော့ ကြည် အော်ရယ်မိရလေသည်။ “ဟာကွာ ဖရန်းအုန်းလီးလုပ်မနေဘူးကွာ ပတ်ပလစ်တင်တယ်ကွာ”ဟုဆိုကာ ပရိုက်ဗိတ်စီစက်တင်ကို ကမ္ဘာလုံးပုံလေး ပြောင်းလိုက်တာမို့ ကြည့်မှာ ငိုအားထက်ရယ်အားသန်။ အဲသည့်ခဏလေးမှာပါပဲ မိတ်ဆွေသူငယ်ချင်းများရဲ့ ကွန်ဂရက်ကျူလေးရှင်းမှာ သူ့မျက်နှာကြီးပြုံးမြလာတာကို ကြည် မြင်သည်။ ပြီးတော့ မလုပ်စဖူး လိုက်ခ်တွေကို ထိုင်ကြည့်ပျော်ရွှင်နေတာမို့ ကြည်လည်း သူနှင့်အတူ ကြည်နူးရပါသည်။

ပြီးတော့ သူက အစီအစဉ်တွေ ချက်ချင်းထိုင်ဆွဲသည်။ ကြည့်အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ ကလေးမွေးဖွားရလွယ်ကူသည်ဆိုသော ယောဂကျင့်စဉ်အတွက် ယောဂသင်တန်းတက်ရမည်ဟုလည်း ဆိုသည်။ အစားအသောက်ဆိုလည်း “အရင်ကလို Junk foodတွေ မစားရတော့ဘူးနော် ခဏလေးပဲဟာ သည်းခံနော်”ဟု ချော့ကာတစ်မျိုးဆိုပြန်သည်။

အခု ကြည့်ဘိုက်ထဲမှာ ၇ပတ်ရှိနေပြီဖြစ်တဲ့ သူကလေးက အပြင်လောကထဲရောက်လာဖို့ နောက်ထပ် ၃၃ပတ်လောက်ကြာဦးမှာ တဲ့၊ ကြည့်မွေးဖွားရက်က အဲသည့်မှာရောက်ရှိလာမှာမို့ ဆောင်းဦးပေါက်ကာလဖြစ်မည်။ ကြည်သည် အညောင်းမိတယ်ဆိုကာ သူတားချင်လည်း တားပါစေ၊ သူကလေးအတွက် ခြေအိတ်လက်အိတ်ကလေးတွေ၊ အနွေးထည်ကလေးတွေကို ကိုယ်တိုင်ထိုးဖို့ အင်တာနက်ထဲမှာ ဒီဇိုင်းကြည့်ဖို့၊ ချည်လုံးအရောင်ရွေးဖို့ စိတ်ထဲကကြိတ်တွေးနေမိပြီဖြစ်သည်။ ကြည့်အိပ်မက်ကလေးအတိုင်းဆို သူကလေးဟာ မိုးပေါ်ကတိမ်ဆိုင်ကလေးလို ဖွေးနုနုဖြူမွမွကလေးဖြစ်မည်။ အဖြူရောင်ကလေးပဲ ထိုးရင်ရော...။ ကြည် ပြုံးမိသလားမဆိုနိုင်၊ သူကပါယောရောင်ပြုံးကာ ကြည့်ဘိုက်ကို သူ့လက်နှင့် ဖွဖွအုပ်ကိုင်သည်။ သူ့လက်ဖမိုးပေါ်မှာ ကြည့်လက်တို့ကို အုပ်မိုးကိုင်လိုက်တော့ သူက ကြည့်မျက်နှာကို မော့အကြည်၊့ ကြည့်မျက်ဝန်းတို့ ဝေဝါးလာပြန်သလို မဆုံးနိုင်သောစိတ်လှုပ်ရှားမှုတို့က ကြည့်ကိုရော သူ့ကိုပါ လွမ်းခြုံပြန်သည်။

နောက်နှစ်ပတ်အကြာ ဆရာဝန်ဆီပြန်အပြမှာတော့ သူကလေးက ၉ပတ်ရှိခဲ့ပြီ။ အို...ကြည့်ပါဦး၊ ဆရာဝန်လက်ထဲက Dopplerလေးနှင့်ထောက်ကာပြတော့ သူက ကြည့်ဘိုက်ထဲမှာ မြေပဲတောင့်ကလေးလို ကွေးကွေးကလေးရယ်...၊ ပြီးတော့ ဆရာဝန်က ကိုယ်အလေးချိန်တိုင်းသည်။ မနက်ခင်းဖျားနာအော့အန်မှုတွေအပြင် ဘာတွေများဖြစ်သေးသလဲ၊ အစားအသောက်အနေအထိုင်ကအစမေးမြန်းကာ ကယ်လစီယမ်ပါတဲ့အစားအသောက်တွေ ချိစ်၊ ငါးသေတ္တာ၊ ပန်းမုန်လာစိမ်းတွေ များများစားဖို့ပြောသည်။ ပေးနေကျဆေးတွေပဲဆက်ပေးကာ ၁၂ပတ်မှာ လာထပ်ပြပါဟု နောက်သုံးပတ်ခွာကာ ချိန်းလေသည်။

ကြည့်ဘိုက်က သားဦးမို့ ကြည်ကသာပြောပြမထားလျင် ဘေးလူများမသိနိုင်သေးသည့်အရွယ်မှာပင် ရှိသေးသည်။ သူကတော့ ဘိုက်ဖုံးအင်္ကျီလှလှလေးတွေရောင်းသောဆိုင်များရှေ့ ဖြတ်မိတိုင်း  ကြည့်ကိုလက်ကုတ်ကာ ပြလေ့ရှိသည်။ ဒါလေးဆို ကြည်နဲ့လိုက်မှာ၊ ဟိုအရောင်လေးဆို ကြည့်အသားနဲ့လိုက်မှာ တဖွဖွလုပ်လေ့ရှိသည်။ ကြည်က “အဲဒါတွေ မဝတ်ပါဘူး၊ old fashionတွေ၊ တီရှပ်ကို ဘိုက်ဖော်ပြီးဝတ်မှာ၊ ဘိုက်ပေါ်မှာ အလှဆင်တဲ့အနေနဲ့ လိပ်ပြာပုံတက်တူးထိုးဦးမှာ”ဆိုတော့ ကြည့်ကို “ဆိုးလိုက်တဲ့ မိန်းမကလေးကွာ”ဟုဆိုကာ ခေါင်းခေါက်သယောင် ပြုသည်။

တစ်နေ့မှာ သူက ကလေးပုံပိုစတာလေးတွေ ၄ခုဝယ်လာကာ ကြည်တို့ခုတင်ခြေရင်းမှာ အပြည့်ကပ်သည်။ ကြည်တို့ အိပ်နေရာကနေ ကုတင်ခြေရင်းဘက်ကို မျက်လုံးဝေ့ကြည့်ရုံမြင်သာသော အနေအထားမှာ။ “ဒါလေးတွေ များများကြည့်ပေး၊ ဒါပေမယ့် သမီးလေးမွေးလာရင်တော့ ကြည်နဲ့တူပါစေ”ဟု ဆိုသည်။ ကြည်က ပြုံးလိုက်ကာ “ဘာလေးမွေးမွေး ကြည်နဲ့ပဲတူရမယ်၊ အဲဒါမှ လှမှာ”ဟုအနိုင်ပိုင်းတော့ သူက တဟားဟားအော်ရယ်ကာ “အေးပါကွာ”ဟု ပြုံးမဲ့မဲ့ ရိသဲ့လေသည်။

အို....တကယ်ပါ၊ ကြည့်နေ့ရက်တွေဟာ အခုမှစတင်ကာ အသက်ဝင်လာတာ။ သူနဲ့ အတူနေအိမ်ထောင်သက်တမ်းတစ်လျှောက် ခုလောက် တစ်ခါမှ မပျော်စဖူး၊ သူကလေး ရောက်လာတော့မယ့်အဖြစ်ဟာ ကြည့်အရာရာကို သက်ဝင်ပြောင်းလဲစေတာ။

သက်တံခုံးကြီး ဘယ်နှစ်ရောင်
ဖြေကြည့်ပါလား မောင်
အမြင်မှာ လှသလောက်
နေရောင်လာတော့ သူက ပျောက်
လခြမ်းကွေးထဲ ဘာရှိတယ်
မီးလေး ဖြေပါကွယ်
ရှိပါသကွဲ့ ဖြေချင်စမ်း
ထမင်းဆီဆမ်း ရွှေလင်ပန်း...။

ကြည်က အဲသည့်ကလေးကဗျာလေးစပ်ကာ သူကလေးကိုရွတ်ပြဖို့ဟုဆိုတော့ သူကလည်း အားကျမခံ ဆရာကြီးမင်းသုဝဏ်ကလေးကဗျာတွေ သူ စုဦးမည်ဆိုသည်။

ကြည့်ပါဦး......ကြည်တို့ဘဝကလေးဟာ အခုမှ အရောင်စတင်စုံလင်လာတော့တာ။ ဘဝသည် နှစ်သက်တွယ်ငြိဖွယ်...

တစ်နေ့ကတော့ ကြည့်သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်သည်။ “ကြည်က အခု ၁ဝပတ်ထဲမှာ”ဟုဆိုတော့ “၁၁ပတ်ကနေ ၁၄ပတ်အတွင်းမှာ Down Syndrome စစ်ကြည့်သင့်တယ်နော် ကြည်၊ သိတယ်ဟုတ်”ဟု သတိပေးလာသည်။ ဟုတ်တာပေါ့…
ကြည်လက်လှမ်းမီသလောက် ဖတ်ကြည့်ထားဖူးပါသည်။ ကြည်တို့လို အသက် ၃၅နှစ်အထက် ကိုယ်ဝန်ဆောင်သူမိန်းမများ 
စစ်ကြည့်သင့်သည်ဆိုပါသည်။  မဖြစ်မနေစစ်ကြရမည်ရယ်လို့တော့ မဟုတ်ပါ။ သို့သော် ထုံးစံအတိုင်း တစ်ခုခုဆို အာရုံထဲကလွယ်လွယ်မဖျောက်နိုင်သော ကြည့်အတွက် အင်မတန်ကြီးစွာသော စိတ်ဖိစီးမှုကြီးတစ်ခုအဖြစ် စားစားနေနေ သတိရပူပန်နေမိရတော့သည်။

သူကတော့ “မစစ်ဘူးကွာ ကိုယ်တို့ကလေးပဲ ဘယ်လိုလေးပဲဖြစ်ဖြစ် မွေးမယ်၊ သူ့ကုသိုလ်ပေါ့၊ ဖြစ်လာရင်လည်း Special Education Schoolsဆိုတဲ့ကျောင်းတွေ ရှိတာပဲ”ဟု ဆိုသည်။ ကြည်ကတော့ သက်ပြင်းမသိမသာချကာ စိတ်မသက်မသာဖြစ်ရသည်။ ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာစုံ ရွတ်ရပြန်သည်။

၁၂ပတ်ပြည့်လို့ ဆရာဝန်ဆီပြစဉ်မှာ Dopplerဆိုတာလေးနှင့် ကြည့်ဘိုက်ပေါ်ထောက်စစ်ကာ ပြသည်။ ဒီနေရာလေးကဖြင့် သွားဖုံးကလေးတွေ စထွက်တော့မယ်၊ ဒီနေရာကတော့ဖြင့် ခြေသည်းခွံပျော့ပျော့ကလေးပေါ့ စသည်ဖြင့် သူကလေးကို ကြည်တို့ တွေ့နေရပြီ။ ဒီအချိန်မှာ ဝမ်းတွင်းကလီစာတွေ စတင်ဖြစ်တည်ဖွံဖြိုးစပြုပြီဟုလည်း ဆရာဝန်က ဆိုသည်။ ကြည့်ကိုယ်အလေးချိန် ၄ပေါင်တိုးလာကာ တချို့မနက်တွေ ရုံးအသွားကားပေါ်မှာ အနည်းငယ် ပျို့ချင်တာလေးကလွဲလို့ အရင်ရက်တွေကလောက် မဆိုးတော့။

တစ်မနက်မှာတော့ ရုံးသွားဖို့ရေချိုးအပြီးမှာ ကြည့်ခြေသလုံးပေါ်က ရေစက်တွေစင်အောင်သုတ်ပြီးပါလျက်နှင့် ခပ်စိုစိုခံစားရတာကြောင့် ငုံ့ကြည့်လိုက်တော့ ကြည့်မျက်စိတွေ ပြာဝေမတတ်ဖြစ်သွားရသည်။ သွေးတွေ....ဘုရား ဘုရား ဘယ်လိုဖြစ်တာပါလိမ့်၊ 
ကြည် ချက်ချင်းပဲ သူ့ကို ဖုန်းဆက်ကာခေါ်တော့ သူက “မလှုပ်နဲ့ ကုတင်ပေါ်မှာ အသာလေးပက်လက်လှဲနေလိုက် ကိုယ် အခုပဲ လာခဲ့မယ်”ဟုဆိုသည်။ ကြည် ငိုမိတော့မည်။ အိပ်ရာပေါ် အသာလေးလှဲချလိုက်ရင်း ကြမ်းပြင်ပေါ်က သွေးစက်တို့ကို မကြည့်မိအောင်နေရသည်။ ကြာလိုက်တာ....၊ သူ့ အိမ်ပြန်အလာကိုစောင့်ရတာဟာ ဒီတစ်ခါ တစ်ကမ္ဘာဟုထင်သည်။ မြန်မြန်လေး လာပါတော့ကွယ် ကြည် စိတ်ပူလှပါပြီ။ မနေ့က ရုံးမှာ ဖိုင်တွေ သယ်မရွှေ့ခဲ့လို့များလား...

ဘုရားရေ ကြည် ဘုရားသာအကြိမ်ကြိမ် တ မိလျက် မျက်ဝန်းများကို တင်းတင်းမှိတ်ထားလိုက်မိသည်။

XXXXXXXXXXXXXXXXXXXXXXX

လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ခုတင်ပေါ်မှာ bed rest တစ်ပတ်ခန့်နေရမည်။ ဘာမှတော့ စိတ်ပူစရာမရှိပါဟု ဆိုသည့်အတွက် 
ကြည် ရင်အေးရပါသည်။ ခုတင်ပေါ်ပက်လက်နှင့်ပင် ကလေးငယ်တစ်ယောက်ရဲ့ မိခင်ဘိုက်ထဲမှာ အဆင့်ဆင့်ဖွံ့ဖြိုးပုံတွေ၊ သားလောင်းမိခင်အနေနှင့် ဆောင်ရန်ရှောင်ရန်တွေ၊ ကလေးစိတ်ပညာ၊ ကလေးပြုစုပျိုးထောင်ရေးစသည့်စာအုပ်ကလေးများကိုဖတ်ရင်း အချိန်ကုန်ရသည်။

ကလေးလေးတွေဟာ ချီးမွမ်းတာကို အလွန်ကြိုက်တဲ့အကြောင်း၊ ကလေးတွေဘာလုပ်လုပ် သူတို့မှာ လုပ်ရတဲ့အကြောင်းရင်းရှိတဲ့အကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင်ရာမှာ ကလေးတို့ရဲ့ လိုအပ်ချက်ကိုအခြေခံရမှာဖြစ်ပြီး လူကြီးမိဘတွေလိုအပ်ချက်-ဆန္ဒတွေကို အခြေခံဖြည့်ဆည်းပေးဖို့ရန် မဟုတ်တဲ့အကြောင်း၊ အဲသည်လို လူကြီးမိဘတွေအတွက် မှတ်သားသတိမူစရာတွေပြည့်နေတဲ့ စာကလေးတွေကို ဖတ်ရတော့ ကြည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိရသည်။ ဟုတ်တာပေါ့ ကြည်တို့မိဘတွေရဲ့အတ္တ၊ ကြည်တို့မိဘတွေရဲ့အိပ်မက်၊ ကြည်တို့မိဘတွေရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့ရာ ကလေးတွေပေါ် ပုံချမယ်ဆိုရင်ဖြင့် အင်မတန်မှမတရားလေခြင်းလို့ ကြည် လက်ခံသည်လေ။

ကြည်သည် အိပ်ရာပေါ်သက်သက်သာသာနေရင်း စာဖတ်လိုက်၊ ချည်ထိုးလိုက်၊ သီချင်းနားထောင်လိုက်နှင့် အချိန်များကုန်လွန်စေရသည်။ ပြီးပြန်တော့ အလုပ်ပြန်ဆင်းကာ သာမန်နေ့ရက်များကို ကျော်ဖြတ်ရပြန်သည်။ တကယ်တော့ နေ့ရက်များမှာ သာမန်ဖြစ်စေကာမူ ကြည့်ခံစားမှုတို့ကား သာမန်မဟုတ်တော့ပြီကို ကြည် ကိုယ်တိုင်သိသည်။ ကြည်သည် သူကလေးကို ဝမ်းဘိုက်ထဲလွယ်ထားရခြင်း၌ပင် ကိုယ့်ကိုယ်ကို အာဂမိန်းမနှယ် လူဖြစ်ရကျိုးနပ်လျက်ရှိသည်။ အရာရာကို ကြည်လင်သောအမြင်နှင့် ပို၍ကြည့်တတ်လာသည်ဟုလည်း ထင်နေသေးသည်။

ဆရာဝန်ချိန်းဆိုသော နောက်တစ်ပတ်မှာတော့ ကြည်လွယ်ထားရသောသူကလေးသည် သားကလေးဖြစ်ကြောင်း သိရလေသည်။ သားကလေးဟုသိကြတော့ “ကောင်းတာပေါ့ သားဦးယောကျာ်းကလေးဖြစ်တာ အားကိုးရတာပေါ့၊ သားဆိုတာ ဓါးပဲ၊ သားဆိုတော့ ရဟန်ုးအမလည်းဖြစ်ရတယ်”ဟု မိတ်ဆွေများ၏ လောကဝတ်ကို ကြည် နားထောင်ရပြန်သည်။ သမီးကလေးများဖြစ်ရင်တော့ “သမီးဆိုတာ ထီးပဲ၊ ကြည်နဲ့တိုးတိုးဖော် ရတာပေါ့၊ သမီးဆိုတာ အိမ်လုံတယ်” စသည်ပြောကြလိမ့်ဦးမည်။ ကြည့်အရင်စိတ်နှင့်ဆို “ဘာမွေးမွေး၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်ကိုယ့်သွေးပဲဟာ”ဟု ပက်ကနဲဆိုမိမည်ထင်သည်။ ကြည်သည် အတွေးတို့ကို ခေါင်းထဲမှထုတ်ကာ မိတ်ဆွေများကို ပြုံး၍သာတုန့်ပြန်ရလေသည်။ အို....ကိုယ့်သွေးပဲဟာဆိုတဲ့စကားမှာကိုက စဉ်းစားဆင်ခြင်စရာတွေ ပြည့်နေပြန်သည်။ ကိုယ့်သွေးမဟုတ်သောကလေးများသည်လည်း ကလေးတွေပဲမဟုတ်ဘူးလား....။ ကလေးတွေတိုင်းမှာ တူညီသောအခွင့်အရေးရှိသည်၊ ချစ်ခင်ခံခွင့်၊ ပြုစုခံခွင့်နှင့် ထိုက်တန်ကြသည်၊ ကျယ်ပြန့်ကြီးမားသော မိုးကောင်းကင်တစ်ခုရှိရမည်ပဲ...။

ကြည့်စိတ်တို့သည် ချဉ်တူးတူးဖြစ်လာလျက် အပြင်ပန်းမှာတော့ လောကဝတ်ဆိုတာ ဒါပဲလေဟု နားလည်ပေးရင်း ကျေးဇူးစကားကိုသာ တွင်တွင်ဆိုနေရသည်။ ဒါဟာ... ဒီလို...စိတ်ထဲရှိသလို မတုန့်ပြန်နိုင်ခြင်းကိုက လူ့ယဉ်ကျေးမှုတဲ့လားကွယ်ဟု မြည်တမ်းလိုသည်။ တစ်ခါတစ်ရံ ကြည့်ဘိုက်ရှေ့ကို စူထွက်လာတတ်သော ခြေကလေးလက်ကလေးတွေကို အသည်းယားလှစွာ ကြည့်ရင်းပီတိဖြစ်ရခြင်း၌ ကြည်ခံစားနေရသမျှအလိုမကျမှုတို့ အရည်ပျော်ရပြန်သည်။ သူကလေးဟာ ကြည့်ဘိုက်ထဲမှာ ကျန်းမာသန်စွမ်းစွာ လှုပ်ရှားလျက်ရှိနေတာ...။ 

ညညဆို နှစ်ခြိုက်စွာအိပ်ခွင့်ရတာကိုပဲ သူကလေးကို ကြည်က ကျေးဇူးတင်ရသည်။ ကြည့်ခြေထောက်တွေ ကြွက်တက်ပြီးနိုးလာရသောညများမှလွဲလျင် သူကလေးက ကြည့်ဘိုက်ထဲမှာ ငြိမ်သက်စွာအတူအိပ်သည်ဟု ထင်ရသည်။


တစ်နေ့အထိပေါ့...

အဲသည့်နေ့ကတော့ ကြည့်စိတ်ထဲ သိပ်ကို ငြိမ်သက်လွန်းနေသည့် သူကလေး၏အလှုပ်အရှားကို သံသယဖြစ်မိသောနေ့ဖြစ်သည်။ ရုတ်တရက် သူကလေးနှင့်ကြည့်အကြား စိတ်ချင်းချည်နှောင်ထားသောကြိုး ပြတ်ထွက်သွားသလို ခံစားနေရကာ ခါတိုင်းလို 
ကြည့်ဝမ်းဘိုက်က သယ်ပိုးထားရသည့်ခံစားချက်တို့ ကင်းမဲ့ပေါ့လွင့်သွားသည်ဟု ကြည် ထင်သည်။

ဘာရယ်မသိသောစိတ်တစ်ခုခု၏နှိုးဆော်မှုကြောင့် ဆရာဝန်ဆီ ချက်ချင်းပဲသွားတွေ့ဖို့လိုမလား တွေးသည်။ အဲသည့်အထိ စိတ်ထဲသိပ်မစိုးရိမ်လှသေး။ လရင့်လာပြီ။ ၇လကျော်ကျော်ရှိလာပြီမို့ စိတ်ချရသောအနေအထားမှာ စိတ်ထဲ သိပ်တော့မပူမိ၊ သို့သော် တကယ့်ကို တစ်မျိုးကြီးပါပဲ၊ ပြောမပြတတ်သောခံစားမှုတစ်ခု ကြည် ခံစားသိနေရသည်။ သည်နေ့က ကြည့်ဆရာဝန် ဆေးခန်းထိုင်ရက်မဟုတ်တာမို့ နောက်တစ်နေ့တော့ သွားပြမှဟု စိတ်ထဲတွေးထားရသည်။ သူ့ကိုပြောပြတော့ သူက ကြည့်ဘိုက်နား ခေါင်းကပ်နားထောင်ကာ “ဟေးကောင်ကြီး အိပ်နေသလား၊ ဆော့ပါဦးကွ”ဟုဆိုကာ သူကလေးကို စကားတွေ ပြောနေခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ သွေးနည်းနည်းဆင်းသည်။ ကြည် မျက်နှာပျက်စပြုပြီ။ ဟိုတစ်ခါကလိုများ အိပ်ရာပေါ်အနားယူဖို့လိုသလား...ဒါမှမဟုတ်...။ ကြည်သည် မနက်စာစား၊ အဝတ်အစားလဲစဉ်မှာပင် မပြုံးနိုင်၊ သူကတော့ ကြည်စိတ်သက်သာရာရမည့်စကားများ ရှာကြံပြောနေခဲ့လေသည်။ ဆေးခန်းအသွား တက္ကစီပေါ်မှာ ကြည်တို့နှစ်ယောက်လုံး အတွေးကိုယ်စီနှင့် ငြိမ်သက်လိုက်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ ကောင်တာမှာထပ်အပြီး အလှည့်စောင့်နေစဉ်  ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာကုန်အောင်သာ ရွတ်လျက်ရှိရသည်။ ဆရာဝန်စစ်ဆေးအပြီး ပျက်ယွင်းသွားသောမျက်နှာနှင့် “စိတ်မကောင်းဘူးဗျာ၊ ကလေးက အထဲမှာ နှလုံးမခုန်တော့ဘူး”ဆိုသည့်အသံ၌ ကြည် အရုပ်ကြိုးပြတ်သည်။ သူ သူ့လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် ကြည့်ပုခုံးတို့ကို ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်များ ပြောလျော့စပြုလေသည်။

သူကလေး....၊ သူကလေးရေ....ကြည်တို့ဘာများ မှားခဲ့ကြသလဲကွယ်...။

ကြည် မျက်ရည်အကျမှာ ဆရာဝန်က ခွဲစိတ်ထုတ်မလား၊ နောက်ရက်အနည်းငယ် သားလျှောအကျမှာ ခြစ်ထုတ်မလားဟု လိုရင်းကိုသာမေးလေသည်။ ခွဲထုတ်မယ်ဟုပြောသော ကြည့်အသံမှာ ပျော့ကာ အက်ကွဲလျက်ရှိသည်။ ကြည့်အသံမှ ဟုတ်ပါလေစ...။ ဆေးရုံတက်ရက်ကို လာမည့်နေ့မှာ သတ်မှတ်ကာ ကြည်တို့အိမ်ပြန်ခဲ့ကြသည်။ အိမ်အပြန်လမ်းသည် အေးစက်ခြောက်ခြားကာ အသက်မဲ့စွာ။ အိမ်ရောက်တော့ သူက အိပ်ရာခြေရင်းက ကလေးပိုစတာလေးတွေကို တစ်ပုံချင်းဆွဲခွာလျက် နံရဲကိုလက်သီးနှင့်ဖွဖွထိုးကာ သားရယ် သားရယ်ဟု နှုတ်မှတဖွဖွဆိုသည်။

ကြည်သည်လည်း နှလုံးသားတို့ပေါက်ထွက်မတတ် ငိုတော့သည်။ ကံကြမ္မာဟာ ရက်စက်လွန်းသည်ပဲ...။ ကျီစားတတ်လွန်းသည်ပဲ...။ တစ်ပိုင်းတစ်စထိုးထားသော ခြေအိတ်ကလေး၊ ပြီးစီးသွားပြီဖြစ်သော ဦးထုပ်ကလေး....ချည်အဖြူစွတ်စွတ်ကလေးနှင့်...။ 
ကြည့်အိပ်ရာဘေးမှာ...။ သူတို့ အသက်မဲ့ပြီလေ...။ 

ကံသေကံမဘာမှပြောမရသော ဘဝကြီးထဲက ဖြစ်တည်မှု၊ ပျက်ယွင်းမှုတို့ကို ကြည် မပိုင်၊ သူလည်း မပိုင်၊ ဘယ်သူကမှ မပိုင်ဆိုင်ကြပါ။ အသက်ဓါတ်တစ်ခု၏ ထိလွယ်ရှလွယ် ဖျတ်ကနဲကွဲကြေလွယ်မှုမှာ အဘယ်သို့သောသူကများ တင်းခံနိုင်မည်တဲ့လဲ။ ကြည်တို့သည်လည်း ငြိတွယ်တတ်သော၊ ဖိတ်စင်တတ်သော ပုထုဇဉ် သာမန်လူသားမျှသာပဲ မဟုတ်လား။

XXXXXXXXXXXXXXXXXXXXXXX

ကြည် သတိပြန်ရလာတော့ ပထမဆုံးသိသည်မှာ တုန်ခိုက်နေအောင် ချမ်းနေခြင်းပဲဖြစ်သည်။ ကြည့်ဘိုက်ထဲကနေ သူကလေးကို ခွဲထုတ်လိုက်ကြပြီးပြီ။ သူကတော့ သားကလေးကို ကြည့်ခဲ့သည် တဲ့။ ကြည့်မှာ မမြင်ရက်စရာ အသက်မဲ့နေမည့်သူကလေးကို စိတ်နှင့်တောင် မမြင်ရက်ပါ။ မျက်စေ့တို့ကို ပြန်လည်မှိတ်လိုက်စဉ်ခဏ ပြန်လည်၍အိပ်ပျော်သွားပြန်သည်မှာ တာဝန်ကျဆရာမလေး စောင်တစ်ထပ်လာခြုံပေးသည်ကိုပင် မသိလိုက်တော့။

နောက်တစ်ဖန် ကြည်နိုးလာချိန်မှာတော့ ညနေစောင်းနေခဲ့ပြီဖြစ်သည်။ ကြည်က ဆေးရုံမှာ လေး-ငါးရက်ခန့်တော့ နေရမည်ထင်သည်။ သူကလေးအတွက် မွေးစာရင်းလုပ်ပြီးသည်နှင့် သေစာရင်းကိုပါ တစ်ပါတည်းလုပ်ရသည်။ ထွက်သွားခဲ့ပြီ...။ သူကလေးဟာ ကြည်တို့ဘဝထဲမှာ ရှိမနေတော့။ ကြည့်ဘိုက်ထဲမှာ ကြည့်သားကလေးအဖြစ်နှင့် ၇လတာနေခဲ့သည်၊ ကြည်နှင့်အတူ ကြည့်အသွေးအသား၊ ကြည်စားသမျှ အချိုအခါးတွေကို သူကလေးနှင့်အတူ ခွဲဝေခံစားခွင့်ရခဲ့ဖူးသည်ကိုပဲ ကျေးဇူးတင်ရမည်လား ကြည် မသိတတ်နိုင်တော့။

နောက်နေ့မနက်မှာတော့ ကြည် လမ်းထလျှောက်သည်။ ထိုစဉ်မှာ ကြည့်ဘေးကုတင်က မိန်းကလေးအကြောင်း ကြားသိခဲ့ရတာဖြစ်လေသည်။ မိန်းကလေးက ကလေးမီးဖွားစဉ်မှာ ဆုံးပါးသွားခဲ့ပြီတဲ့...။ ကြည့်မျက်စေ့ထဲမှာ ကြည့်ကုတင်ဘေးက ဆံတိုကလေးနှင့်၊ လည်ပင်းနှင့်ရင်ဘတ်တစ်လျှောက် တက်တူးထိုးထားသော မိန်းမငယ်ကလေးကို မြင်ယောင်သည်။ ဆေးရုံလာတက်တာ အဖော်မပါ၊ မိဘတွေကလည်း အသိအမှတ်မပြု၊ ဘိုက်ကလေးကော့ကော့ ကော့ကော့နှင့် မျက်နှာကိုချီမော့ကာ တစ်လောကလုံးကို အရေးမစိုက်သောမျက်နှာပေးနှင့် မိန်းမငယ်ကလေး။ ထိုမိန်းကလေးက single momဟု သိရသည်။ သူ့ကလေးအဖေ ဘယ်သူဘယ်ဝါမှန်း သူကိုယ်တိုင်ပင် မသိ၊ သိလည်း မထူးဟုထင်ထားပုံရသည်။ ကြည့်ကိုတော့ ကုတင်ဘေးချင်းကပ်မို့ ငဲ့စောင်းကာ ကြည့်ဖော်ရသည်။ ခုတော့ သူမက သူမရင်သွေးကလေးကို တာဝန်ကျေစွာမွေးအပြီး ထားရစ်ခဲ့လေပြီ။

ကလေးက ဘာလေးလဲဟု ကြည်ကမေးရာ ယောကျာ်းကလေးဆိုတာနှင့် ကြည်က ကြည့်သားကလေးကို နင့်ကနဲအမှတ်ရပြန်သည်။ အဲသည်ကလေးလေးက လမပြည့်ဘဲမွေးတာမို့ သုံးပေါင်ကျော်ကျော်သာရှိသည်ဟု ဆိုသည်။ ထိုကလေးကို ကြည့်ခွင့်တောင်းတော့ ဆရာမတွေက အပြင်ကကြည့်ရင်တော့ရပါတယ်ဆိုတာမို့ သွားချောင်းကြည့်ဖြစ်သည်။ မီးအပြာရောင်မှိန်ပျသော  အထူးခန်းကလေးထဲမှာ များစွာသော ပိုက်တန်းလန်းကလေးတွေနှင့် ကလေးလေးက ဘေးတစောင်းကလေး ခွေအိပ်လျက်။ သူ့မျက်စေ့ကလေးတွေကို အုပ်ထားကာ နှာခေါင်းမှာ၊ ခြေလက်တွေမှာ၊ ရင်ဘတ်မှာ ပိုက်တန်းလန်းများတပ်လျက် လွှတ်ထားသော ရောင်ခြည်အလင်းတန်းများအောက်မှာ ကွေးကွေးကလေး...။

ကြည်သတိဝင်လာတော့ ကြည့်ပါးပေါ်မှာ မျက်ရည်တွေနှင့်၊ အရွယ်နှင့်မမျှလိုက်တာ ကလေးရယ်....။ မိသားစုဝင်အားလုံးက လိုလိုချင်ချင်ကြိုဆိုခဲ့ကြလျက် ကြည်တို့ဘဝထဲက သူကလေးထွက်ခွာသွားခဲ့ချိန်မှာ၊ ထိုသူကလေးကတော့ နှစ်နှစ်ကာကာကြိုဆိုသူမဲ့သည့်ကြားမှ လောကကြီးထဲဝင်ရောက်လာခဲ့ပြီ။ ကြည်သည် ချက်ချင်းလိုလို ထိုသူကလေးနှင့်ကြည့်အကြားက ဆက်သွယ်မှုတစ်စုံတစ်ရာကို မြင်လိုက်ရသလိုရှိသည်။ မျက်ရည်တို့ကိုသုတ်ကာ တာဝန်ရှိသူများနှင့်တွေ့ပြီး ကလေးမွေးစားခွင့်အတွက် မေးမြန်းလေတော့သည်။
XXXXXXXXXXXXXXXXXXXXXXX

“ဟော သမီးကလေးတို့ လာကြ၊  ဝင်လာကြ”

သူက ဘေးအိမ်မှမိသားစုကို အိမ်ထဲဝင်လာခဲ့ရန် ဖိတ်ခေါ်သည်။ သူတို့မှာက သမီးကလေးတွေချည်းပဲ နှစ်ယောက်ဖြစ်သည်။ ကြည်ကတော့ တစ်လပြည့်သွားခဲ့ပြီဖြစ်သော သားငယ်မောင်သုတ၏ အင့်ကနဲအလွန့်မှာ နတ်မြှူ၍ပြုံးရယ်သယောင် တွန့်ကွေးသွားသောအပြုံး၌ ငေးရသည်။ သားအကြီးမောင်ပုညကတော့ ခပ်လှမ်းလှမ်းမှာ စက်ရုပ်တွေ တပ်ဆင်ကစားလျက်။

သူက သမီးအကြီးမကလေးလက်ထဲကို ထုံးစံအတိုင်း ဘီစကစ်နှစ်ထုပ်ထည့်ပေးလိုက်သည်။ အကြီးမကလေးက သူ့ညီမအငယ်လက်ထဲကို တစ်ထုပ်ပေးကာ ကျန်တစ်ထုပ်ကိုသူ့အတွက်ချန်သည်။ ကြည်ရောသူပါ သဘောတကျပြုံးမိကြပြန်သည်။ သည်သမီးကလေးနှစ်ယောက်က ကြည်တို့အိမ်ကို လာလည်နေကျဖြစ်ကာ လာတိုင်းလည်း မုန့်နှစ်ခုကို အကြီးမဖြစ်စေ၊ အငယ်မလက်ထဲဖြစ်စေ ထည့်ပေးလိုက်တတ်သည်။ ကလေးတွေကိုယ်တိုင် နှစ်ခုရှိရင် တစ်ခုစီ၊ တစ်ခုထဲရှိရင် တစ်ဝက်စီဆိုတာကို နားလည်စေလိုခြင်းပင်။

အိမ်နီးချင်းမိတ်ဆွေများနှင့် လောကဝတ်စကားများဆိုကြ၊  သားငယ်ကလေးမောင်သုတကို အုပ်ဆောင်းထားသောခြင်ထောင်အပြာလေးပေါ်ကနေ ကဲကြည့်ကြ၊ ကြည်တို့ဧည့်ခံကျွေးမွေးသော အစားအသောက်များစားကြနှင့်ပင်၊ သားငယ်ကလေးမောင်သုတ၏ တစ်လပြည့်တစ်နေ့တာ ကုန်လွန်ခဲ့ရသည်။

ဧည့်သည်တွေပြန်ကုန်ကြတော့ ကြည်နှင့်သူ၊ ပြီးတော့ သားကြီးမောင်ပုည၊ သားငယ်ကလေးမောင်သုတတို့သာ ကျန်ရစ်သည်။ သားကြီးမောင်ပုညကိုမွေးစားမည်ဆုံးဖြတ်စဉ် အားလုံးက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်ကြားမှာ သူကတော့ ကြည့်သဘောဟု ဆိုခဲ့သည်။ မျိးရိုး ဗီဇဆိုတာရှိတယ်၊ ဘယ်ကမှန်းမသိ၊ ဘယ်လိုသွေးပါလာသလဲလည်း မသိဟုဆိုသည်များကို ကြည်က ခေါင်းမာစွာမကြားဟန်ပြုသည်။ စွန့်ခဲ့ရသောကြည့်သားကလေးနေရာမှာ စိတ်ဖြေသဘောမျိုးအစားထိုးသည်ဆိုခြင်းထက် လာခြင်းမကောင်းခဲ့သော ကြိုဆိုသူမဲ့ ကလေးငယ် တစ်ယောက်အတွက် ကြည်က ကောင်းကင်ကြီးတစ်ခုအဖြစ် အုပ်မိုးလိုတာ...။ ပြီးတော့ လူကြီးတွေမိုက်ပြစ်ဟာ ကလေးတွေနဲ့ လုံးလုံးမှမဆိုင်။ ကလေးတွေမှာ ဘာရွေးချယ်ခွင့်မှလည်း မရှိကြ။ သည်လိုနှင့် ကြည်တို့ဘဝထဲ သားကြီးမောင်ပုည ရောက်ရှိလာခဲ့သည်။

“မောင်ပုညကလေးက ကြည်တို့နှစ်ယောက်လုံးနဲ့ ခပ်ဆင်ဆင်ရယ်နော်”ဟူသော ဝတ်ကျေစကားမှာ ကြည် ပြုံးသည်။ “အဖေနဲ့ရော အမေနဲ့ရော မတူဘူးနော် သူက တစ်ရုပ်”ဟူသော မှတ်ချက်မျိုးမှာလည်း ကြည် ခေါင်းညိတ်ရသည်သာ။ မောင်ပုညကလေးကိုမွေးစားပြီး နောက်သုံးနှစ်အကြာမှာ သားငယ်မောင်သုတကိုယ်ဝန်ကို ကြည် လွယ်ခဲ့ရတာ။ ခုတော့ ကြည်တို့မှာ သားကလေးနှစ်ယောက်ရှိခဲ့ပြီ။

သူက သားကြီးလက်ကိုဆွဲလျက် အိပ်ပျော်နေသောသားငယ်ကလေးခြင်ထောင်နား ခေါ်လာလေသည်။ သားကြီးက သူ့လက်ထဲက ငှက်ပျောသီးကို တစ်ဝက်ချန်ကာ ညီညီလေးစားဖို့ဟုဆိုနေတာမို့ ညီလေးက မစားတတ်သေးကြောင်း ရှင်းပြရသေးသည်။ ပြီးတော့ ကစားထားသောအရုပ်များကို ပလတ်စတစ်ပုံးထဲပြန်သိမ်းစဉ် သူက “ညီညီလေးကြီးရင် သားနဲ့တူတူကစားကြနော်၊ သားသားအရုပ်တွေ ညီညီလေးကို ပေးဆော့ရမယ်နော် သားကြီး”ဟုဆိုတော့ သားကြီးက ခေါင်းညိတ်ကာ “ညီညီလေးက ဘယ်တော့ကြီးလာမှာလဲဖေဖေ”ဟု မေးလေသည်။

သားကလေးနှစ်ယောက်ကို အတတ်သင်ရန်များ၊ လမ်းကြောင်းပျိုးထောင်ပေးရန်များက ကြည်တို့နှစ်ယောက်လုံးမှာ စိတ်ကူးနှင့်အပြည့်ဖြစ်သည်။ သားကြီးမောင်ပုညနှင့် သားငယ်မောင်သုတအကြား ကွဲပြားသောအခွင့်အရေးများနှင့် မခြားစေလို။ တန်းတူညီမျှသာဖြစ်စေရမည်။ မေတ္တာဖြင့်တည်ဆောက်သောမိသားစုမှ ပေါက်ဖွားလာသူများပီပီ လူသားဆန်သော သားကလေးများသာ ဖြစ်စေ့ချင်သည်။

ကြည်နားလည်သည်က ဟောသည်လောကကြီးထဲမှာ ကလေးများသည် ပန်းကလေးများသဖွယ်....။ မည်သည့်ပျိုးပင်မှ မျိုးပွားသည်ဖြစ်စေ တူညီသောပွင့်လန်းခွင့်ရှိကြသည်။ လုံလောက်သော အလင်းရောင်၊ ရေ၊ လေသာရကြမည်ဆိုလျင် ကောင်းကင်အပြန့်အောက်၌ ညီတူပွင့်လန်း အလှဆင်ကြမည်သာ...



PEACE - ငြိမ်းချမ်းရေးမဂ္ဂဇင်း
စက်တင်ဘာလ - ၂ဝ၁၅ 

2 comments:

Wai Wai Htun said...
This comment has been removed by the author.
Ma Tint said...

ခရီးသွားတုန်းမှာဖုန်းနဲ့ဖတ်ခဲ့ရတာမကျေနပ်လို့ အခုတစ်ခေါက်ပြန်ဖတ်သွားတယ် မချစ်ရေ...
မကြုံချင်ပေမယ့် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာကြောင့်ဝမ်းနည်းကြေကွဲမှုနဲ့အတူ တန်းတူအခွင့်အရေးလေးတွေနဲ့ အနာဂါတ်ကို တည်ဆောက်ခွင့်ရမယ့်
သားနှစ်ယောက်အတွက်ကြည်နူးစွာခံစားသွားတယ်။ ကလေးတွေရဲ့လိမ္မာရေးခြားရှိမှုဟာ သွန်သင်ဆုံးမတဲ့မိဘအပေါ်မှာ ရာခိုင်နှုန်းများတယ်လို့ယူဆတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်