Monday, June 1, 2015

သူကလေး..... (၁)

သူက စိတ်ကူးသိပ်ယဉ်တတ်သောသူ....။

“ကိုယ်တို့ ကလေးရတဲ့အခါ ကြည့်လိုချောချောလေးမွေးပြီး ကိုယ့်လိုသဘောကောင်း မနောကောင်းလေးဖြစ်ရင်တော့ ကလေးက သိပ်အဖိုးတန်မှာပဲ” တဲ့။ “ဟင့်အင်း ကလေးက ကျွန်မနဲ့ရုပ်မတူဘဲ ကျွန်မလို အပျင်းထူ အတ္တကြီး တဇွတ်ထိုးကလေးဖြစ်နေရင် ခက်ရချည့်”ဟု ကြည်ကဆိုသည်။ “ဟုတ်တာပေါ့ မနက်မနက် အိပ်ယာထဖို့ အမြဲနှိုးရခက်တဲ့ကလေး၊ မျက်နှာမသစ်ဘဲ မနက်စာစားတဲ့ကလေး၊ ရေချိုးဖို့သိပ်ပျင်းတဲ့ကလေးလည်း ဖြစ်ဦးမှာ”ဟု သူပြန်ပြောတော့ ကြည်က ပြုံးလို့သာနေခဲ့သည်။

လမ်းမှာများ ကလေးလေးတွေတွေ့တဲ့အခါ သူရောကြည်ပါ ခေါင်းငဲ့လို့ သိသိသာသာ လိုက်ကြည့်နေတတ်တာ။ တခါတခါ သူက ကလေးလေးတွေကို မျက်ခုံးပင့်ပြ လျှာထုတ်ပြနဲ့ ကျီစယ်တတ်ပြန်သေးသည်။ ကလေးတွေက ခိုးခိုးခစ်ခစ်ရယ်တဲ့အခါ သူ သဘောတကျလိုက်ရယ်မြဲ။ ကြည်ကတော့ ကလေးလေးတွေနဲ့သူ့အကြားက နူးညံ့သည့် ဆက်သွယ်မှုကလေးတစ်ခုကိုသာ စိတ်နှင့် ဖွဖွကလေးသပ်မိတတ်သည်။ ထိုအချိန်များမှာ ကြည်သည် ကြည့်ရင်ထဲထိ မကြည့်နိုင်ဘဲ မျက်နှာကိုသာ အတတ်နိုင်ဆုံး အပေါ်ယံရှပ်ပြုံးထားရတတ်သည့်အခါများ ဖြစ်ခဲ့သည်။ ကြည့်ရင်သည် လစ်ဟာမှုနှင့် ကြွေမွနေမည်ကို ကြည်သာ သိသည်လေ။

“ကြည်က ကလေး မွေးမပေးနိုင်ဘူး ထင်ပါရဲ့နော်”ဟု ဆိုတဲ့အခါတိုင်း သူက ခေါင်းခါရယ်မောသည်။

“မဟုတ်တာကွာ...ကိုယ့်အလုပ်ကြောင့် ဖြစ်မှာပါ။ မြေပေါ်အပူချိန်ထက်ပိုပူတဲ့ မြေအောက်ထဲက လှိုဏ်ခေါင်းတွေထဲမှာ အလုပ်လုပ်ရတဲ့အမျိုးသားတွေရဲ့ သုတ်ပိုးထဲမှာ အောင်မြင်တဲ့ပိုးကောင်ရေဟာ ရှိရမယ့်အရေအတွက်ထက်ပိုနည်းနေတတ်တယ်လို့ ကိုယ်ဖတ်ဖူးတယ်”ဟု ဆိုသည်။ “ကျွန်မက မိန်းမဟိုမုန်း နည်းနေတာလို့ ဆရာဝန်ကပြောတာပဲ၊ ကျွန်မက ယောကျာ်းကြီးများလား မသိဘူးနော်”ဟုဆိုတော့  သူက “ပြစမ်း ပြစမ်း နှုတ်ခမ်းမွှေးတွေဘာတွေများ ရှိနေလား” ဆိုကာ တဟားဟားအော် ရယ်လေသည်။ ဟိုမုန်းအားတိုးဆေးတွေသည် ကြည်နှင့် အဆင်မပြေ၊ 

ဟိုမုန်းအားတိုးဆေးထိုးသည့်အခါတိုင်း ဘာရယ်မှန်းမသိ၊ ကြည့်စိတ်တွေက အားငယ်ငိုယိုချင်စိတ်တွေနှင့် ခွေလဲ၍သာနေချင်တော့သည်။ အစားလည်း မစားချင်၊ တွေးမိတွေးရာ တွေးကာ ငိုလို့သာနေချင်တော့တာ။ လူကလည်း ရေစိုပုဝါစကလေးတစ်စနှယ် ချထားရာမှာ ပုံကျနေတတ်တာ။

သည်လိုနှင့်ပဲ ဟိုမုန်းဆေးတွေထိုးပြီး မ ဟိုမုန်းများလာဖို့ကြိုးစားခြင်းကို မေ့ထားလိုက်ကြရတော့သည်။ “မျိုးဆက်အတွက် ကလေးလိုချင်တယ်ဆိုလည်း မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်သာ ယူပါနော်၊ ကျွန်မ နားလည်တယ်” ကြည်က ဝတ္ထုဆန်ဆန်ဇာတ်နာလေသော် “တော်ပါပြီကွာ ဒီတစ်ယောက်နဲ့တောင် ဒီလောက်ဆံပင်ဖြူနေပြီပဲ”ဟု ရယ်မောလျက် စ နောက်မပျက်ဆိုလေသည်။

ဘယ်သူ့ကြောင့်ဟူသည့် အကြောင်းရင်းကို နှစ်ဦးသားသဘောတူစွာ စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြ။ သည်ကြားထဲမှာ မမြင်ချင်ဆုံးသော လစဉ်မှန်မှန်ရာသီသွေးတို့အား အမုန်းကြီးမုန်းလျက် ကူကယ်ရာမဲ့စွာ ရှိရသည်။ တလတလေ နောက်ကျနေတတ်တဲ့အခါ သူ မသိအောင် တိတ်တိတ်ကလေး စမ်းသပ်ကြည့်ခဲ့သည်။ အရင်ကတော့ သူနှင့်အတူတူ စမ်းကြည့်ဖူးသည်။ နှစ်ကြောင်းပေါ်လာရမည့် အနီရောင်မျဉ်းကလေးနေရာမှာ မျဉ်းကလေးတစ်ကြောင်းထဲသာ ပေါ်လာသောအခါ ပျက်ယွင်းသွားသော မျက်နှာကို ချက်ချင်းပြင်လျက် “ဟာ သားသားလေးလား မီးမီးလေးလားပဲဟေ့ တစ်ကြောင်းကြီးများတောင်ပေါ်လာတယ်ကွ”ဆိုသော သူ့နောက်ပြောင်ကျီစယ်မှုက ကြည့်ကို နာကျင်စေသည်။ သို့သော် ကြည်သည် သူရယ်မောစေချင်သလို သူနှင့် ရောနှောရယ်မောပစ်လိုက်ခဲ့သည်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကသိကာ ဖုံးဖိထားလျက်က မြင်နေရသောအနာတို့မှာ ကြည် ထပ်မံမရူးသွပ်လိုတော့။ မသိဘဲနာကျင်ရသည်ထက် နာကျင်မယ်မှန်းသိသိနှင့် နာကျင်ရခြင်းက လူကို ပိုလို့သာ ပူလောင်စေတတ်တာ။

သည်လိုနှင့် သူ မသိအောင် တိတ်တိတ်စမ်းသပ်ကြည့်လေ့ခဲ့ရသည်။ မင်နီကလေး တစ်တန်းထဲသာပေါ်လာတဲ့အခါ အမှိုက်ပုံးထဲ ဘာမှန်းညာမှန်းမမြင်ရတော့သည်အထိ သေချာထုပ်ပိုးကာ စိတ်ပျက်လက်ပျက်လွှင့်ပစ်ခဲ့ဖူးတာ အခါခါ။  ချက်အောက်ဘက် လက်သုံးလုံးခန့်အကွာနားက ဝမ်းဘိုက်သားပြင်ထဲမှာ အလုံးကလေးများရှိနေပြီလား လက်နှင့်ဖွဖွ စမ်းကြည့်ရတာမျိုးကဖြင့် မရေတွက်နိုင်တော့။

ကလေးနာမည်ပေး ကင်ပွန်းတပ်၊ ကလေးမွေးနေ့ စသည်ဖြင့် မိတ်ဆွေများမှ ဖိတ်ကြားလာလျင်တော့ မဖြစ်မနေသွားကြမြဲပင်။ အပြစ်ကင်းစင်သော ကလေးတို့၏အပြုံးများ၊ ချစ်စဖွယ်တီတီတာတာကလေးများနှင့် ခဏဖြစ်စေ လက်ပွန်းတတီးနေခွင့်ရသည်။ ချော့မြှူချီပိုးခွင့်ရသည်။ ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကိုယ်ပိုင်မိသားစုကလေးလိုလို စိတ်လှည့်ဖြားခြင်း၌ ခဏတာ သာယာရသည်ပဲ။ သည်လိုနှင့်ပင် စိတ်မှာထင်ရှားရှိနေသော ကွက်လပ်ကို ဖြည့်ရသည်။

အချိန်တန်တော့လည်း ကြည်တို့နှစ်ယောက်ထဲရှိသော အိမ်မှာ ဆည်းလည်းသံကလေးမျှ မကြားရ၊ ခိုးခိုးခစ်ခစ်ရယ်သံကလေးများမှ မကြားရ။ အရာရာသည် ရှိမြဲတိုင်းလက်ရှိမှာ ပုံမှန်လည်ပတ်လျက်သာ ရှိလေတော့သည်။ အရှိကိုအရှိအတိုင်း လက်ခံဖို့ကြိုးစားရတာမျိုးထဲမှာမှ ခါးသည်ဟု ထင်ရသည့်အမှန်တရားတို့ကိုတော့ ငြင်းဆန်ချင်သေးသည့် လူ့သဘာဝပေ။ သည်တော့ ကြည်ဟာ စပျစ်သီးတွေ ချဉ်ချင်လာတော့တာ။ တွန်းလှည်းကလေးတွေနှင့် ကလေးများကို လမ်းမှာတွေ့တဲ့အခါ မကြည့်မိအောင် မျက်နှာကို လွှဲသည်။ ကလေးတို့ ဂျီကျငိုယိုသံကို ရထားပေါ်မှာဖြစ်စေ ကြားရသည့်အခါမျိုးမှာ ဆိုးလိုက်တဲ့ကလေး၊ မရှိတာဘဲကောင်းသေးတော့ဟု တွေးသည်။ ပိတ်ရက်ရှည်တွေမှာ စိတ်ရှိရင်ရှိသလို ချက်ချင်း အထုပ်အပိုးကောက်ပြင်ကာ နှစ်ယောက်သား ခရီးတိုလေးတစ်ခု ထွက်နိုင်သည့်အခါမျိုးများမှာပေါ့။ ရေတစ်ဝက်ရှိနေသည့် ဖန်ခွက်ကို မြင်အောင် ဇွတ်မှိတ်ကြည့်လျက် ဖန်ခွက်အပြည့်ဖြစ်ဖို့ရန်ကိုမူ မတမ်းမက်လိုတော့။

ကြည်တို့လိုပဲ မိသားစုမဖြစ်သေးသည့် ဇနီးမောင်နှံချင်းတွေ့သည့်အခါတွေမှာတော့ သူတော်ချင်းချင်း သတင်းလွေ့ကြရသည်။ “ဒီဘဝမှာ ဘာဝနာတရားကို ထဲထဲဝင်ဝင်အားထုတ်ဖို့ အခွင့်ကောင်းပဲ၊ သံယောဇဉ်ဆိုတာ ကြိုးတစ်ချောင်းလျော့လည်း အတော်အပူသက်သာတာ” စသည်ဖြင့် မြေပေါ်နှင့်ကောင်းကင်က အပ်နှစ်ချောင်းမှ မထိသူများအချင်းချင်း အားပေးလျက် ရယ်မောဝိုင်းဖွဲ့ကြရသည်။

“မိန်းမချင်းတူတူတောင်မှ သားမွေးထားတဲ့မိခင်က သမီးမိန်းကလေးမွေးတဲ့ မိခင်ထက် ပိုမြတ်တယ်။ ထိုင်တာတောင် သားမွေးထားတဲ့မိန်းမက အမြင့်မှာ ထိုင်ရတာ”
ဘာလဲဟ သွားစမ်းပါ။ ဒါဆို ကြည်တို့လို သားသမီးမှမွေးမထားတဲ့ မိန်းမတွေက ခြေနင်းကြမ်းပြင်မှာ မျက်နှာအောက်ချကာ ကျူံ့ကျူံ့ထိုင်ဖို့သာ ရှိတော့တာ။ 

ဘယ်လောက်သနားစဖွယ်ပါလိမ့်၊ အောက်ကျလိုက်ရတာဆိုတာ ပြောဖွယ်မရှိ။ ကြည်ကတော့ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားရသည်။ “ဒါက သမီးကမွေးတဲ့ မြေး၊ ဟိုနှစ်ယောက်က ချွေးမက မွေးတာ၊ သူတို့လင်မယားကတော့ ကလေးမရှိဘူး” သည်လိုအခါတိုင်း သည်လိုကြားရတိုင်း ကြည်ဟာ တစ်ကိုယ်လုံးကို ပျောက်သွားမတတ် ကျူံ့ထားမိသည်။ မျက်တောင်တို့ကို အခါခါပုတ်ခတ်ကာ ကျလုလုမျက်ရည်တို့ကို မာန်တင်းရသည်။

သားသမီးမမွေးနိုင်သောမိန်းမသည် လောကကြီးမှာ သည်လောက်တောင် အောက်တန်းနောက်တန်း ကျရသတဲ့လားကွယ်....။ ဘာကိုမှန်းမသိနိုင်သော နာကျည်းမှုတွေသည် ရင်ဘတ်ထဲမှာသာ မွမွကြေလျက် အပြင်တော့ဖြင့် ထွက်မလာ။ အရှိကိုသာ တန်ဘိုးထားတတ်အောင် ကြိုးစားဖို့ပါပဲ၊ မရနိုင်တာကို လိုချင်နေခြင်းသည် နာကျင်ရုံကလွဲ၍ ဘာမှဖြစ်မလာနိုင်သောအခါ ကြည် လက်လျှော့ခဲ့ပြီ။ လက်သီးတို့ကို တင်းတင်းဆုတ်ကာသာ အကြောင်းတရားတို့ကို နားလည်အောင် ရင်နာနာနှင့် ကြိုးစားရသည်။ ဒါဟာ ဘဝတစ်ခုရဲ့အဆုံး မဟုတ်သေးဘူးဘဲကွယ်....။

“ကိုယ်ဟာ ပြီးခဲ့တဲ့ဘဝတစ်ခုမှာ စာကလေးသိုက် တက်နှိုက်ခဲ့တဲ့ကောင်”

သူဟာ ဒီဘဝမှာ တကယ်လို့များ မျက်စေ့တစ်ဘက်ထဲမြင်နိုင်သူဖြစ်မယ်ဆိုရင်တောင် မျက်စဉ်းခတ်ရ သက်သာတာပေါ့ကွာဟု ဆိုဦးမည့်သူ....။ သူဟာ ဘာကိုမဆို ကောင်းသောအမြင်၊ ဟာသအမြင်နှင့်သာ ဘဝကို ကြည့်တတ်သူ။ ကြည့်မှာ သူ့ထံမှ သင်ယူစရာများကား များပြားလှသည်။

ဆက်ပါဦးမယ်....



2 comments:

Nge Naing said...

ဇတ်လိုက်က စာရေးသူကိုယ်တိုင်ဆိုတော့ Creative Non-Fiction ပေါ့နော့် စိတ်ဝင်စားတယ် စောင့်ဖတ်နေမယ်။

Ma Tint said...

စကားလုံးတွေလှပ ပြောင်မြောက်တယ် .... အဆက်ကိုဖတ်ရန်အသင့်ပါ မချစ်ရေ..... ♥♥♥

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်