Friday, August 29, 2014

ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ



ရသစာပေနှင့် ကျွန်မ

ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။

ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။

ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။

ဘာကြောင့် စာရေးရသလဲ

ရေးချင်လို့ ရေးပါတယ်။

ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း

ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။  ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ 

ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊  ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။

နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။
ရေးတာတွေကဖြင့် အပျော်လိုလို၊  နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။  ကြေနပ်တယ်။  သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။

ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား  ညာလား

ဘာ မှ မ ဟုတ် ဘူး။

ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။

ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။

တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်" အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again)

ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။

စာအုပ်ထုတ်ဝေခြင်း

စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။

ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။  ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။  ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး 

လူလုံးထွက်ပြခြင်း မပြခြင်း

ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။  ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ 

ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။

တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့

လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ 

ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။

ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ" လို့ ဆိုပါတယ်။

ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။

ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။  သဘောပါရဲ့လား  အိမ်း...

ခု လက်ရှိ

ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။

ဒီလောက်ပါပဲ။  တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။  ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။ သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။

ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။

ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊  မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... 
မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"

ပုံ
အန်တီစီကေအေ 
"ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ"
World Peace !!!


ကျေးဇူးစကား - အန်တီတင့်ကျေးဇူးကြောင့် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ  :)




12 comments:

Myu La said...

သဘောပါပါပြီ ဆြာလေး :P

မိုးညချမ်း said...

ညလေးအမြင်ကတော့ မမက စာရေးလည်းကောင်းသလို လူကလည်း ချစ်ဖို့ကောင်းတယ် … အိမ်း သဘောပါပါနဲ့ဖတ်ပြီး Happy blog day ပါ မကြီးရေ … :)

မေဇင် said...

အမချစ် ရသလေးတွေ ရေးရင် သိပ်ဖတ်လို့ ကောင်းတာ။ ၀န်ခံပါတယ် အရင် ဘလော့ခေတ်တုန်းကတော့ နေ့တိုင်း နီးပါး ကိုယ့်ဘလော့လေး ၀င်ကြည့်ရင်းနဲ့ ဘေးနားမှာ အသစ်တက်တိုင်း အိမ်ပေါက်စေ့ရောက်တာ။ ခုတော့ နှစ်ချီနေပြီ အဲ့လို မလုပ်တော့တာ။ဒါပေမယ့် ခုလဲဖေ့ဘွတ်မှာ အသစ်တက်တယ်လို့ ပြောလာလေတိုင်း ရောက်ဖြစ်နေပါတယ်။

ဇွန်မိုးစက် said...

ဟက်ပီးဘလော့ဂ်ဒေးပါ အစ်မချစ်! :)

မိုးငွေ့........ said...

ဘာပဲဖြစ်ဖြစ်ကြိုက်တယ် ....happy blog day !!!!

ချစ်ကြည် အေး said...

ညီမ​လေး ၅​ယောက်​လုံး ​Happy Blog Day ၂၀၁၄ ပါ​နော်​ :-)

Kay Thwel said...

သြော..သူက..တင့်တင့်ထွန်း နဲ့ ပြောင်းပြန်ပဲ ။ :P

ကိုကိုမောင်(ပန်းရနံ့) said...

မည်သို့ပင်ဆိုစေကာမူ ထိုစာအား ဘလော့ဒေးကို အကြောင်းပြုပြီး ရေးတဲ့စာ.. ဟု အမည်တွင်လျှက်ရှိပါကြောင်း။ သဘောပါပါတယ် ဆရာအေး... အဲ.. ဆရာလေး မချစ်ကြည်။း)

ချစ်ကြည်အေး said...

မကေ...မတင့်က ကြီးမှ ဒေါ်နန္ဒမာလာဖြစ်တာ၊ မချစ်က ငယ်ကတည်းက ဒေါ်ဉာဏစာရီဖြစ်ခဲ့တာ မကေမှ မသိဘဲကိုး...:)

ကိုကိုမောင်ရေ သဘောပါတယ်ဆိုတဲ့အတွက် ဆရာလေးမချစ်ကြည်က ကျေးဇူးတင်ပါတယ်ရှင့် :)

Ma Tint said...

မချစ်ရေ.. တီတင့်က အရင်ဆုံးကွန်မန့်ပေးခဲ့တာ တီတင့်ရဲ့ တဂ်ပို့စ်ကိုရေးတဲ့သူတစ်ယောက်မို့ ပိုပြီးဂရုစိုက်ဖတ်တယ် မန့်တယ်လေ။ အခုပြန်ဖွင့်ကြည့်တော့မှ တီတင့်ရဲ့ ကွန်မန့်ပျောက်နေတယ်။ ကွန်နက်ရှင်ကြောင့်မို့ ခွင့်လွှတ်ပါ မချစ်ရေ။ မချစ်ရဲ့ စုံစုံလင်လင်လေး အချက်ကျကျ ရေးထားတာလေးတွေကို စိတ်ကြည်နူးစွာဖတ်ခဲ့ မန့်ခဲ့တာပါ။

အမ်တီအန် said...
This comment has been removed by the author.
အမ်တီအန် said...

ဆရာလေးတရားက တပည့်တော် မြရဲ့ တောင်တောင်အီအီနဲ့ အတော့်ကို ထပ်တူကျနေပါလား ဆရာလေးရယ်။ ပွင့်လင်းမြင်သာတဲ့ ဆရာလေး ဒေါ်ဉာဏစာရီရဲ့ အရှိတရားကို ထိထိမိမိ ရလိုက်ပါကြောင်း။ :)

ကြောက်တတ်သော-
အောက်စီဂျင်မြ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်