Wednesday, April 16, 2014

“ပိတောက်များ အချစ်ရည်လူးခဲ့ကြ”


(၁)

“ရှင် သိချင်တာ ဒါပဲလား”

ဘာကြောင့်များ သူမနဲ့အတူတူ ဒီစားပွဲမှာ ဝင်ထိုင်မိပါလိမ့်။ ကျွန်မမျက်ဝန်းတွေဆီကို တည့်တည့် ပစ်ခတ်ကြည့်လိုက်ပြီး မေးချလိုက်တဲ့ သူမအမေးကို ဘယ်လိုမှမနှစ်မြို့နိုင်။ ဒါပေမယ့် သူမ မသိစေရ။ ကျွန်မတို့မှာ မျက်နှာဖုံးကိုယ်စီနဲ့ဆိုတာ နှစ်ယောက်စလုံးလည်း အသိ။ ဒါပေမယ့် အရေးကြီးတာက ကျွန်မမျက်နှာဖုံးကို သူမ မသိစေဖို့…။

“အင်းလေ ကျွန်မ ဘာသိချင်သေးတယ်လို့ ရှင် ထင်လို့လဲ”

“ဘယ်သိနိုင်မှာလဲ ရှင်နဲ့ကျွန်မက အထက်တန်းကျောင်းကတည်းက ဝေးသွားခဲ့ကြတာဆိုတော့”

ကျွန်မက ရှေ့မှာထိုင်နေတဲ့ သူမရဲ့ခပ်ပြည့်ပြည့်ကိုယ်လုံးကိုကြည့်ရင်း မျက်ခုံးတွေကို ပိုပြီး တွန့်ချိုး လိုက်မိတယ်။ သူ ချစ်ခဲ့သလား…..။ အဲ့ဒီမိန်းမကို သူ တကယ်ပဲချစ်ခဲ့သလားကွယ်။

“ဒီမှာ ကျွန်မ ပြောမယ်။ လင်းရောင်ဟာ ကျွန်မကို မချစ်ခဲ့ပါဘူး၊ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး”

သူမက ကျွန်မအတွေးတွေကို ဖတ်မိသွားပုံပါပဲ။ ကောင်းတယ်၊ ကျွန်မ ဖွင့်မေးနေစရာမလိုတော့ဘူးပေါ့။

“ဟင် ဒါပေမယ့် ရှင်တို့ စေ့စပ်ခဲ့ကြတာလေ”

“ထားပါ ဒါက လူကြီးတွေကိစ္စပါ။ ရှင် နားလည်ထားစမ်းပါ။ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို အစကတည်းက မချစ်ခဲ့ဘူးဆိုရင် သူ့ကိုပြောင်းလဲဖို့ မကြိုးစားနဲ့။ သူဟာ အဲ့ဒီမိန်းမကို ဘာအကြောင်းကြောင့်မှ၊ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး”

ကျွန်မ အဲ့ဒီမိန်းမမျက်နှာကို ခပ်စေ့စေ့ကြည့်လိုက်မိတယ်။

“ဒါဆိုရင် လင်းရောင်ရှိန်က ခုချိန်ထိ အိမ်ထောင်မပြုသေးဘူးပေါ့ ဟုတ်လားဟင်”

ကျွန်မမေးခွန်းကိုအကြားမှာ သူမက ကိုယ်လုံးကလေး သိမ့်ကနဲခါသွားအောင် ရယ်လိုက်တယ်။ 

“ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ-၂၀၁၄” ဆိုတဲ့ ရွှေရောင်စာလုံးတွေနဲ့ ဘက်ဒရော့ဆီကို ကျွန်မျက်လုံးတွေ ပို့ထားလိုက်မိရင်း သူမအဖြေကို နားစွင့်နေလိုက်တယ်။

(၂)

စာမေးပွဲခန်းရှေ့မှာ မတ်တတ်ရပ်ရင်း စာအုပ်လေးတွေကိုင်လို့ ပါးစပ်ကလည်း ပွစိပွစိ လုပ်နေကြတဲ့အထဲမှာ ကျော့ရည်ဝေနဲ့ လင်းရောင်ရှိန်လည်းပါတယ်။ ကျော့ရည်ဝေကတော့ စာတော်ပေမယ့်၊ စာတွေ ဘယ်လောက်ကျက်ထားကျက်ထား၊ စာမေးပွဲဟေ့ဆိုရင် သူမမျက်နှာမှာ သွေးကိုမရှိတော့တာ။ လင်းရောင်ရှိန်ကတော့ ဘေးကနေ ဝိုင်းကျက်ပေးနေသလိုလို၊ ရီဗီရှင်ပြန်နေသလိုလို လိုက်ရွတ်ပေးနေတာ။ 

ကျွန်မက သူတို့နှစ်ယောက်ကို ကျွန်မဖြေရမယ့်စာမေးပွဲခန်းရှေ့ ကော်ရစ်ဒါကနေကြည့်ရင်း အမြင်ကတ်လာတယ်။ လွယ်အိတ်ထဲက ပီကေဘူးကိုထုတ်ယူပြီး ပီကေဝါးနေလိုက်တယ်။ လက်နှစ်ဘက်ကိုတင်းတင်းပိုက်ပြီး ပီကေကို ပူဖောင်းအကြီးကြီးရအောင်မှုတ်၊ ပြီးမှ ဖောက်ကနဲ ဖောက်ကနဲမြည်အောင် ပါးစပ်ထဲပြန်သွင်းလိုက်နဲ့ပေါ့။ အေးဆေးပဲဆိုတဲ့ပုံမျိုးရအောင် တမင်ကိုလုပ်ပြတာ။

ကျော့ရည်ဝေက Kနဲ့စပြီး လင်းရောင်ရှိန်က L နဲ့စတာမို့ စာမေးပွဲခုံနံပါတ်တွေစီတော့ သူတို့နှစ်ယောက်က ရှေ့နောက်ကျပြီး စာဖြေခန်းတစ်ခန်းထဲမှာ၊ ကျွန်မက T နဲ့စတာမို့ B ခန်းမှာဖြေရမယ်။ အတန်းထဲမှာ အဆင့်တစ် နှစ် သုံးက ကျွန်မတို့ သုံးယောက်လှည့်ယူနေကျပေမယ့် အဲ့ဒီတစ်ခေါက်မှာ ကျွန်မက အဆင့်တစ်၊ လင်းရောင်ရှိန်က နှစ်နဲ့ ကျော့ရည်ဝေက အဆင့်ငါးကို ရောက်သွားတယ်။

ကျွန်မ ပျော်တယ်။ ကျွန်မနဲ့ လင်းရောင်ရှိန်ကြားမှာ ဘယ်သူမှ မရှိဘူး။ ကျော့ရည်ဝေနဲ့ ကျွန်မတို့ကြားမှာ နှစ်ယောက်တောင်ခြားထားသေးတယ်။ စိတ်ထဲမှာ အတော်ကျေနပ်တယ်။ ဘာကြောင့်ဆိုတာကို အတိအကျနားမလည်ပေမယ့် ကျွန်မစိတ်တွေ တစ်ခုခုထူးခြားနေတယ်လို့တော့ ထင်မိတာပဲ။

အဆင့်ငါးပဲရလို့တဲ့၊ ကျော့ရည်ဝေက ငိုလိုက်တာ၊ လင်းရောင်ရှိန်က တစ်ချိန်လုံးချော့နေတာပဲ။ သူတို့က မိဘချင်းလည်း ရင်းနှီးတာကိုး၊ ကျော့ရည်ဝေမိဘတွေက လင်းရောင်ရှိန်ကို အပ်ထားတာတဲ့လေ။ နောက်နေ့ကျတော့ ကျော့ရည်ဝေ ကျောင်းမလာနိုင်ဘူး၊ ဖျားလို့ တဲ့။ အဲ့ဒ်ီမိန်းမဟာ ပိုကို ပိုတယ်လို့ ထင်တာပဲ။ သူ့မှာ ခနခနဖျားလိုက်ရတာ၊ လင်းရောင်ရှိန်ကလည်း သူလွတ်သွားတဲ့စာတွေကို ကူးပေးလိုက်ရတာ အမော။ ကျွန်မကတော့ သူတို့နှစ်ယောက်လုံးကို ကြည့်လို့ကို မရဘူး။

သူတို့အပေါ်မုန်းတဲ့အမုန်းက စာပြိုင်ဘက်တွေဆိုတာထက် ပိုတယ်လို့ အဲ့ဒီတုန်းက ကျွန်မ မသိခဲ့ရိုးအမှန်ရယ်….။

အဲ့ဒီနှစ်က ကျွန်မတို့အထက်တန်းကျောင်းမှာ သင်္ကြန်အတွက် ရိုးရာသင်္ကြန်အတိုင်း သရုပ်ပြ ရေပက် ကစားဖို့ ကျောင်းသူတွေ ရွေးချယ်ကြတဲ့အထဲမှာ ကျွန်မပါသလို ကျော့ရည်ဝေလည်းပါတယ်။ အဲဒီမှာ ကျွန်မတို့ မိန်းကလေးတွေက အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေပဲ ဝတ်ရတယ်။ မဏ္ဍပ်ထဲမှာ တန်းစီပြီး ထိုင်နေရတယ်။ ရေပက်ချင်တဲ့ယောကျာ်းလေးတွေက တာဝန်ခံဆရာမတစ်ယောက်ယောက်စီမှာ ခွင့်တောင်းပြီး ကျွန်မတို့ကို ရေပက်ခွင့်ရှိတယ်။ အဲသလိုမျိုးလေ၊ တကယ့်ကို ယဉ်ယဉ်ကျေးကျေး ရေပက် ကစားကြရတာ။

လင်းရောင်ရှိန်က ကျွန်မကို ရေလောင်းခွင့်တောင်းလာတော့ လုံးဝမမျှော်လင့်ထားတာမို့ ကျွန်မ အံ့သြရတယ်။ ဆရာမခွင့်ပြုချက်ရပြီး မဏ္ဍပ်ထဲကို ငွေဖလားလေးကိုင်လို့ ကျွန်မဆီတန်းတန်းမတ်မတ် ဝင်လာတဲ့ သူ့ကိုတွေ့တော့ ကျွန်မရင်ထဲ ဘယ်လိုကြီးမှန်းကို မသိဘူး။

သူက နံ့သာရည်ရောထားတဲ့ ရေအေးအေးထဲကို ပိတောက်ခက်လေးနှစ်လိုက်ပြီး ကျွန်မကျောပေါ် ခပ်သာသာလေးဆွတ်ဖျန်းလိုက်ချိန်မှာ ကျွန်မက ကုတ်ဝဲကလေးနဲ့မို့ ဆံပင်တွေရေမစိုအောင် ကုတ်သားလေးပေါ်အောင် ခေါင်းကိုငိုက်ချလို့ မျက်လွှာလေးပါချထားလိုက်မိတယ်။ ဘာကို ကျေနပ်လို့ ကျေနပ်မှန်း မသိဖြစ်နေတဲ့ ကျွန်မအပျော်တွေဟာ ကျော့ရည်ဝေကို ရေလောင်းဖို့ထွက်သွားတဲ့ သူ့နောက်ကျောကို လှမ်းအမြင်မှာ ပျောက်ဆုံးသွားခဲ့တော့တယ်။ ဘာလို့လဲ၊ ဘာဖြစ်လို့ပါလိမ့်…။ 

အဲ့ဒီတုန်းကတော့ ကျွန်မရင်ထဲကို သဝန်တိုတတ်မှုဆိုတဲ့ ချစ်ခြင်းရဲ့အဖျားအနားစိတ်ကလေးတစ်ခု သူက သွင်းပေးခဲ့တာနေမှာလို့ မသိခဲ့မိလေခြင်းကွယ်။

ခနနေတော့ သူချထားတဲ့ဖလားနားကို ယောင်လည်လည်နဲ့ကပ်သွားပြီး ဖလားထဲက ပိတောက်တစ်ခက် ချိုးလို့ ကျွန်မရင်ဘတ်မှာ ထိုးပြီးချိန်မှာတော့ ကျွန်မ သိပ်ကို ကျေနပ်သွားခဲ့ပြီ။ ကျော့ရည်ဝေမှာ ကျွန်မလို ပိတောက်ခက် မရှိဘူး။ လင်းရောင်ရှိန်ရဲ့ဖလားထဲက ပိတောက်ခက်လေ၊ အိမ်ရောက်တော့ ပိတောက်ခက်လေးကို ဒိုင်ယာရီစာအုပ်ထဲ သေသေချာချာလေးညှပ်လို့ သိမ်းထားလိုက်တော့တယ်။ ကျွန်မ ပျော်တယ်၊ ကျော့ရည်ဝေဆီမှာ အဲဒီပိတောက်တစ်ခက် မရှိဘူး…..။ ဘယ်လိုပဲ ရရ၊ လင်းရောင်ရှိန်ဖလားထဲက ပိတောက်တစ်ခက်ကို ကျွန်မရင်ခွင်မှာ ပိုင်ပိုင်ထိုးစိုက်နိုင်ခဲ့ပြီ…..။

နေပါဦး ကျွန်မက ဘာလို့ အဲဒီလိုဖြစ်နေရတာပါလိမ့်၊ ခက်လိုက်တာနော်….။

သင်္ကြန်အတက်နေ့ရောက်ပြီ…..။

မဏ္ဍပ်တစ်ခုလုံး သင်္ကြန်ဒိုးတွေနဲ့ မြူးးတူးလို့၊ ကျွန်မ မဏ္ဍပ်ထဲရောက်တော့ ကျော့ရည်ဝေက ရောက်နေပြီ။ သူမခေါင်းပေါ်မှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားတယ်။ မဏ္ဍပ်ထဲကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တော့ ပိတောက်တွေတစ်ပွေ့ကြီးနဲ့ လင်းရောင်ရှိန်…… ။ ရေဖလားတွေထဲကို ပိတောက်နည်းနည်းစီ ထိုးစိုက်မျှဝေပေးနေတဲ့ လင်းရောင်ရှိန်ရယ်။

ခနနေတော့ သူက ကျွန်မအနားရောက်လာပြီး ပိတောက်တစ်ခက်လာပေးတယ်။

“ငါ ပိတောက် မကြိုက်ပါဘူး”

“သေလိုက်ပါလား လင်းရောင်ရှိန်၊ ငါ စိတ်တိုနေတယ်နော် နင် သွားတော့” စိတ်ထဲက လင်းရောင်ရှိန်ကို ပြောနေမိတာရယ်။ “ငါက ဘာလဲ၊ ငါက ဒုတိယလား ဟုတ်လား” ကျွန်မ စိတ်တွေ နောက်ကျိလို့နေတယ်။ သူက ပိတောက်ပန်းခက်ကလေးကို လက်ကကိုင်ရင်း တွေကနဲဖြစ်သွားတယ်။ ကျော့ရည်ဝေဘက်ကို တစ်ချက်ငဲ့ကြည့် လိုက်သေးတယ်။ ကျော့ရည်ဝေခေါင်းပေါ်က ပိတောက်တွေကိုပေါ့။ ပြီးမှ “သက်ထားဆွေ ငါ နင့်ကို ကျောင်းတွေပြန်ဖွင့်ရင် ပြောစရာရှိတယ် သိလား”လို့ တိုးတိုးလေး ကပ်ပြောသွားလေတယ်။

“ဟမ် ဘာလဲ”လို့ ကျွန်မနှုတ်က လွှတ်ကနဲရေရွတ်မိချိန်မှာ သူက ကျွန်မကိုကျောခိုင်းလို့ ထွက်သွားခဲ့ပြီ။

ဘယ်သူမှ ကြိုတင်မသိနိုင်ခဲ့ဘူး။ အဲဒီနေ့ဟာ သူ့နောက်ကျောကို စစ်ကိုင်းကမထွက်ခင် တွေ့ခွင့် ရခဲ့တဲ့ နောက်ဆုံးနေ့ပါပဲ။

(၃)

ကျွန်မအိမ်ပြန်ရောက်တော့ မေမေက ပစ္စည်းတွေတောင် သိမ်းနေခဲ့ပြီ။ အစိုးရဝန်ထမ်းဖေဖေဟာ နယ်တွေ တစ်နယ်ပြီးတစ်နယ်ပြောင်းရွှေ့နေခဲ့ရတာ ကျွန်မငယ်ငယ်လေးကတည်းကမို့ အဆန်းမဟုတ်တော့ပေမယ့် ဒီတစ်ခါ ကျွန်မ အတော်လေးခံစားလိုက်ရတယ်။ မပြောင်းချင်ဘူး။ ကျွန်မ စစ်ကိုင်းမှာပဲ နေချင်သေး တယ်။ ကျောင်းတွေပြန်ဖွင့်ပြီးမှပဲ ပြောင်းလို့မရဘူးလားဟင်လို့ ကျွန်မ မေးချင်ခဲ့ပေမယ့် မရဲခဲ့ဘူး။ ကျွန်မက ကလေးတစ်ယောက်ပဲ ရှိသေးတာရယ်။ 

ဖေဖေ့အလုပ်တာဝန်နဲ့ ကျွန်မတို့လားရှိုးပြောင်းသွားခဲ့ပြီးတဲ့နောက် အားလုံးနဲ့ အဆက်အသွယ် ပြတ် သွားခဲ့တယ်။ ဝေးနေတော့မှပဲ သူ့ကို ခနခန သတိရနေမိတယ်။ မတွေ့ရတော့မှပဲ ကျွန်မ သူ့အပေါ် ဘယ်လောက်ခင်တွယ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒိုင်ယာရီ မှန်မှန်ရေးရင်း သူနဲ့ ပါတ်သက်သမျှလေးတွေ၊ သူ့ကို သတိရတဲ့အကြောင်းလေးတွေ ချရေးထားဖြစ်ခဲ့တယ်။ တစ်နေ့တော့ ပြန်ဆုံတွေ့ခွင့်ရကြမှာပါလေလို့ စိတ်ဖြေတယ်။ မိန်းကလေးမို့ ကိုယ့်ဘက်ကစပြီး ဆက်သွယ်ဖို့မရဲခဲ့သလို သူ့ဘက်ကလည်း ကျွန်မတို့ ဘယ်မြို့ကိုပြောင်းလို့ ပြောင်းသွားမှန်းတောင် သိလိုက်မယ်မထင်ဘူး။

ကျောင်းတွေပြန်ဖွင့်လို့ ကျွန်မကို ကျောင်းမှာမတွေ့တဲ့အခါ သူ ဘယ်လိုများ နေခဲ့မှာပါလိမ့်။ ကျွန်မကို ပြောမယ်ဆိုတဲ့စကားတွေကိုတော့ သူ သိမ်းဆည်းထားမယ် ထင်တာပါပဲလေ....။

(၄)

 “သမီး စစ်ကိုင်းခဏဝင်ချင်တယ်ဆိုလည်း ဝင်လေသမီး၊ ဖေဖေက တာဝန်နဲ့မန္တလေးမှာ တစ်ပတ်လောက် သွားနေရမှာ။ သမီးပါလိုက်မယ်ဆိုရင် သင်္ကြန်မတိုင်ခင်အမီရောက်အောင် ဖေဖေ ကြိုးစားကြည့်ပေးမယ်”

အို… ဖေဖေအဲ့လိုပြောလာခဲ့တော့ ကျွန်မ ပျော်လိုက်တာဆိုတာ။ သူ့မျက်ဝန်းထဲက အရိပ်တွေကို ကျွန်မမျက်လုံးကလေးတွေလည်နေအောင် လှစ်ကနဲဖမ်းကြည့်မိဖူးခဲ့တဲ့ အချိန်….။ ပိတောက်တွေ ထိန်ထိန်ဝေနေတဲ့ သင်္ကြန်အချိန်ကြီးပေါ့။ ခုလိုအချိန်မှာ ကျွန်မ သူရှိနေတဲ့ဆီ သွားရတော့မယ်တဲ့။ သူနဲ့အတူ ရှိနေနိုင်တော့မယ်တဲ့လေ….။

ဘီရိုအောက်ဆုံးထပ်မှာ ဘယ်သူမှမတွေ့အောင်ဝှက်ထားတဲ့ ၂၀၀၆ခုနှစ်ဒိုင်ယာရီလေးကို အသာလေး ဆွဲထုတ်လိုက်တယ်။ စာအုပ်ကလေးရဲ့အဖုံးပေါ်ကို လက်ကလေးနဲ့ဖွဖွပွတ်သပ်လိုက်မိတဲ့အခါ အဲ့ဒီအချိန် အဲ့ဒီရာသီဟာ ကျွန်မရင်ထဲကို ချက်ချင်းလိုလို ဝင်ရောက်လာခဲ့တော့တယ်။ အားလုံးဟာ အဝါရောင်ထဲ နှစ်လူးထားခဲ့တာ။ အဲ့ဒီအခိုက်အတန့်ကလေး….အဲ့ဒီအခိုက်အတန့်ကလေးကို ကျွန်မသိမ်းထားတာလေ၊ တကယ့်ကို မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့တာ။ ဒီဒိုင်ယာရီလေးထဲမှာ အတိအကျရှိတာပေါ့။ သံယောဇဉ်တွေ၊  အချစ်လို့အမည်တပ်ရင်ရနိုင်ကောင်းတဲ့ အစွဲအလန်း အလေ့အကျင့်တွေနဲ့အတူ ဆိုပါတော့….။

“လင်းရောင်ရှိန်”

ကျွန်မနှုတ်က သူ့နာမည်ကို တိတ်တိတ်လေးရေရွတ်မိရင်း မျက်စေ့ရှေ့မှာရှိတဲ့ လွန်ခဲ့တဲ့၂၀၀၆ခုနှစ်က ဒိုင်ယာရီလေးကို ဖွင့်ဖတ်ကြည့်မိတော့တယ်။ ဒိုင်ယာရီလေးထဲမှာ ညှပ်ထားတဲ့ ပိတောက်ပန်းခက်လေးက ခြောက်သွေ့ပြားကပ်လို့…..။ အဲဒီပိတောက်လေးနဲ့အတူ စိုစွတ်ခဲ့ရတဲ့ သူမမျက်ရည်စက်တွေလည်း ဒိုင်ယာရီစာမျက်နှာပေါ်မှာ ခြောက်သွေ့လို့သွားခဲ့ပြီပဲ။ ရုပ်ဝတ္ထုတွေ ကဖြင့် ပြောင်းလဲလို့သွားခဲ့ပြီနော်……။

သုံးနှစ်ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို ပြောင်းလဲသွားစေဖို့၊ လူတစ်ယောက်ရဲ့စိတ်၊ လူတစ်ယောက်ရဲ့နှလုံးသားကို ပြောင်းလဲသွားစေဖို့ အင်မတန်လုံလောက်တဲ့အချိန်ပဲ မဟုတ်ဘူး လား။ ပြောင်းလဲခြင်းသဘောတရားကိုသိနေသူမို့ သူ ပြောင်းလဲမသွားပါစေနဲ့လို့ ကျွန်မ ဆုမတောင်းခဲ့ ပါဘူး။ ရှိပါစေ၊ အရာရာဟာ သူ့အစီအစဉ်နဲ့သူ စံနစ်တကျပြောင်းလဲသွားဖို့ပဲ။ တကယ်လို့များ စံနစ်တကျမဟုတ်ဘဲ ပရမ်းပတာပြောင်းလဲသွားတော့ရော…..၊ ဘယ်သူက ဘာတတ်နိုင်မှာတဲ့လဲ….။

ပြောင်းလဲဖို့လုံလောက်တဲ့အကြောင်းသာ သူ့မှာရှိခဲ့ရင် သူ ပြောင်းလဲသွားပါစေလေ….။

(၅)

မဏ္ဍပ်ထဲမှာ ရေပက်နေရင်းက သူ့ဘက်ကို ခနခနလှည့်မကြည့်မိအောင် သတိထားနေရတာ ပင်ပမ်းလိုက်တာ။ သူက ကျွန်မကို မမှတ်မိဘူးထင်ပါရဲ့။ သုံးနှစ်ဆိုတဲ့အချိန်မှာ ကျွန်မက အတော် ပြောင်းလဲသွားခဲ့ပြီကိုး။ ကျွန်မကို သူသိတာက ဆံပင်တိုလေးနဲ့ ဂျစ်ကပ်ကပ်၊ ယောကျာ်းလေး ဆန်ဆန် ကောင်မလေး၊ ခု ကျွန်မက ဆံပင်ရှည်ကျောလယ်လောက်နဲ့ သွယ်လျလျကိုယ်လုံးနဲ့ မိန်းကလေး ပိုဆန်လာတဲ့ ကောင်မလေး။

ကျွန်မဘေးက သူငယ်ချင်းက တံတောင်ဆစ်နဲ့ ကျွန်မကိုတွတ်လိုက်ရင်း “နင် သိလား လင်းရောင်ရှိန်နဲ့ ကျော့ရည်ဝေလေ သူတို့ စေ့စပ်ထားကြတယ်တဲ့။ မိဘတွေက ကျောင်းပြီးတာနဲ့ လက်ထပ်ပေးတော့မှာတဲ့ သိလား”

“ဟုတ်လား ကောင်းတာပေါ့”

ဟန်မပျက်ပြောလိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကို ကျွန်မ ကျေနပ်တယ်။ အစကတည်းက ကျွန်မ သိသင့်ခဲ့တာ။ ကျွန်မ ဘာကြောင့်များ ဝေးနေတဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကို ညှင်းဆဲခဲ့တာပါလိမ့်၊ သူ့ကို ကျွန်မ သတိတွေရတိုင်း ဒိုင်ယာရီထဲက ပိတောက်ပန်းခက်လေး ကြည့်လိုက်၊ စာတွေချရေးလိုက်နဲ့ နေခဲ့တာ။ ကျွန်မအနားကပ်လာတဲ့ ဘယ်သူ့ကိုမှ စိတ်ဝင်စားလို့မရနိုင်အောင် သူက ကျွန်မရင်ကို အပိုင်သိမ်း စိုးမိုးထားခဲ့တော့တာ။

ခုတော့……။

မျက်ရည်တွေနဲ့ သင်္ကြန်ရေတွေ ရောလို့ ကျွန်မပါးပေါ် စီးဆင်းသွားခဲ့ကြတယ်။ မျက်ရည်တွေက နွေးလို့၊ သင်္ကြန်ရေတွေက အေးလို့။ သူ့ဘက်ကို လုံးဝ လှည့်မကြည့်ဖြစ်အောင် တစ်ညနေလုံးနေခဲ့ရတာ ပူလောင်လွန်းလှပါရဲ့။

အဲ့ဒီညနေက အိမ်အပြန် ကျွန်မတို့ကားနောက်မှာ သူ့ဆိုင်ကယ်ပါလာခဲ့တယ်။ တစ်နေ့လုံးကုန်မှပဲ ကျွန်မမျက်နှာကို သူ ဖမ်းမိသွားတယ် ထင်ပါရဲ့။ ကျွန်မတို့ကားဘေးက သူ့ဆိုင်ကယ်အကျော်မှာ ကျွန်မမျက်နှာကို တင်းနေအောင်စေ့ထားခဲ့မိတယ်။ သူ ငဲ့လို့ကြည့်သွားသလားပဲ။ နောက်တစ်နေ့ မှာ ဖေဖေနဲ့အတူ မန္တလေး ဆင်းကြတယ်။ မန္တလေးမှာ ဖေဖေ့အလုပ်တွေပြီးတာနဲ့ လားရှိုးကို ပြန်ခဲ့ကြတော့တယ်။ လားရှိုးမှာ မေမေတစ်ယောက်ထဲ ကျန်ခဲ့တာရယ်။

ကျွန်မအချိန်တွေ၊ ကျွန်မ သူ့ကို သတိရနေခဲ့ရတဲ့ အချိန်တွေ….။ နှမျောလိုက်တာ….။ ကျွန်မ ရင်ထဲမှာ သူ ရှိမနေခဲ့သင့်ဘူး။ တကယ်တော့ သူဟာ ပြောင်းလဲလွယ်ခဲ့သူတစ်ယောက်ရယ်….။

(၆)

ကျောင်းသားဟောင်းများမိတ်ဆုံစားပွဲကို တက်လာကြတဲ့အထဲမှာ ကျော့ရည်ဝေကို ကျွန်မ အရင်ဆုံး မှတ်မိခဲ့တယ်။ သူမက လှမ်းပြုံးပြလိုက်တာကြောင့် တစ်ခြားစားပွဲတွေဆီ မသွားတော့ဘဲ သူမ ထိုင်နေတဲ့စားပွဲမှာပဲ ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူမနဲ့ကျွန်မ စကားတွေ ရောက်တတ်ရာရာပြောဖြစ်ကြတယ်။

ကျွန်မ အဲ့ဒီမိန်းမမျက်နှာကို ခပ်စေ့စေ့ကြည့်လိုက်မိတယ်။

“ဒါဆိုရင် လင်းရောင်ရှိန်က ခုချိန်ထိ အိမ်ထောင်မပြုသေးဘူးပေါ့ ဟုတ်လားဟင်”

ကျွန်မမေးခွန်းကိုအကြားမှာ သူမက ကိုယ်လုံးကလေး သိမ့်ကနဲခါသွားအောင် ရယ်လိုက်တယ်။ “ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ-၂၀၁၄” ဆိုတဲ့ ရွှေရောင်စာလုံးတွေနဲ့ ဘက်ဒရော့ဆီကို ကျွန်မျက်လုံးတွေ ပို့ထားလိုက်မိရင်း သူမအဖြေကို နားစွင့်နေလိုက်တယ်။

“ရှင် ဘယ်လိုထင်လဲ….”

“မသိဘူးလေ၊ ကျွန်မ မထင်တတ်ဘူး ပြောစမ်းပါဦး”

“ကျွန်မတို့ စေ့စပ်ထားတာကို ဖျက်လိုက်တယ်။ သူ ခုထိ လူပျိုကြီးပဲ”

“အို...ဟုတ်လား….”

ပေါင်ပေါ်တင်ထားတဲ့လက်ကိုင်အိတ်ကို ဖိကိုင်မိတော့ အိတ်ထဲက ဖိတ်စာအဖြူရောင်လေးကို ကျွန်မလက်က စမ်းလိုက်မိတယ်။ “မောင်ဆက်ပိုင်ဦးနှင့်မသက်ထားဆွေ မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ” ဆိုတဲ့ ဖိတ်စာကလေး…..။ ကျွန်မ ငိုမိတော့မယ် ထင်ပါရဲ့….။

ဘာပဲဖြစ်ဖြစ် ကျွန်မ ကျေနပ်တယ်။ ကျွန်မ သူ့ကို တမ်းတနေခဲ့ရတဲ့အချိန်တွေအတွက်၊ သူ့အကြောင်း မက်ခဲ့ရတဲ့ အိပ်မက်တွေအတွက်၊ သူ့ကိုသတိရတိုင်း ဒိုင်ယာရီထဲချရေးဖြစ်ခဲ့တဲ့ စာလေးတွေအတွက်….။

လက်ကိုင်အိတ်ထဲက ဖိတ်စာကိုထုတ်ပြီး ကျော့ရည်ဝေလို့ စာအိတ်လေးပေါ်ရေးလိုက်တဲ့ ကျွန်မလက်ရေးတွေက မညီမညာ စောင်းလို့ရယ်။

“လာဖြစ်အောင် လာပါနော်။ စစ်ကိုင်းနဲ့မန္တလေးက သိပ်မှ မဝေးတာပဲ။ ကျွန်မတို့က ခု မန္တလေးမှာလေ။ ကဲ ကျွန်မကို ခွင့်ပြုပါဦး”

“ဟင် ရှင်က ပြန်တော့မလို့လား၊ ခနနေ လင်းရောင်လည်း လာမှာ၊ ခုမှ အစောကြီး ရှိသေးတာ၊ ဘာမှလည်း ကောင်းကောင်းမစားပါလား”

သူမက ကျွန်မရှေ့က အရာမယွင်းတဲ့ပန်းကန်ထဲက အစားအစာတွေကို ကြည့်ရင်း ပြောလိုက်တယ်။

“ဟင့်အင်း မနေတော့ပါဘူး။ ခေါင်းနည်းနည်းမူးလာလို့”

ကျွန်မအဖြေအတွက် သူမက စိတ်ကျေနပ်ဟန်၊ ယုံကြည်ဟန် မပြသလို နှုတ်ခမ်းတွန့်ကွေးလို့ ပြုံးချင်ချင်ပုံနဲ့။ အဲသလို သူမအမူအယာ ခနိုးခနဲ့တွေကြောင့်ပေါ့။ သူမကို နှုတ်ဆက်ပြီးတာနဲ့ ခမ်းမအပြင်ဘက် ကျွန်မ ထွက်လာလိုက်ခဲ့တယ်။ အိတ်ထဲမှာ ကျန်နေသေးတဲ့ ဖိတ်စာတွေထဲက တစ်စောင်ပေါ်မှာ လင်းရောင်ရှိန်လို့ နာမည်တပ်ဖိတ်လိုက်ဖို့ကိုတော့ ကျွန်မ မရဲခဲ့ဘူး။

ကျွန်မတို့ အလွဲကြီးလွဲခဲ့ကြပြီ ကိုလင်းရောင်ရှိန်ရယ်..... 

ကားကို ထိန်းမောင်းလာရင်း ပါးပေါ်ကျလာတဲ့ ကျွန်မမျက်ရည်တွေကို ဒီအတိုင်းပဲ စီးဆင်းသွားစေခဲ့တယ်။ ကျပါစေလေ။ ကျွန်မ ကျေနပ်ပါတယ်။

သူ့ရင်ထဲမှာ ကျွန်မ ရှိနေခဲ့တယ်ဆိုတဲ့ သေချာမှုတစ်ခုနဲ့တင် ကျွန်မမျက်ရည်တွေက အေးမြလို့…..



*** Special thanks : 
ဒီပိုစ့်လေးအတွက် ဇာတ်လမ်းပြောပြခဲ့တဲ့ညီမငယ်လေးတစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ် :)





သူပြောတုန်းက ပေါင်းတဲ့ဇာတ်မဟုတ်လို့ ကျွန်မက ကြံဖန်ပေါင်းပေးလိုက်မယ် ပြောခဲ့တာ။ အရင်သင်္ကြန် ဇာတ်လမ်းတစ်ပုဒ်ကလည်း ဇာတ်ပေါင်းခန်းမဟုတ်ခဲ့လို့ ဒီဇာတ်ကို ကျွန်မက ပေါင်းချင်ခဲ့တာ။ တကယ်ချရေးလိုက်တော့ ကွဲတဲ့ဇာတ်ပဲဖြစ်နေပြန်တယ်။ ကျွန်မကိုက ကွဲတဲ့ဇာတ်တွေ ရေးလက်ရှိတာ ထင်ပါရဲ့။ သင်္ကြန်အတက်နေ့ညမှာ ပျော်ပျော်ပါးပါးဇာတ်ပေါင်းပေးချင်ပေမယ့်.......သည်းခံပေးကြပါနော်။

အားလုံးအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် :)

3 comments:

  1. အင်း ကံကြမ္မာက ဆန်းကြယ်တာကို ဘယ်တတ်နိုင်မလဲလေ

    လွဲကြပြီပေါ. ချစ်လျှက်နဲ. လွဲခဲ.ကြတဲ. ရင်နာစရာအဖြစ်တွေ

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်အစ်မ...
    ကျွန်တော်ကအဲလိုကွဲတဲ့ဇာတ်တွေကိုကြိုက်တာ...
    (ဒါပေမဲ့ ဖတ်ရင်းနဲ့ပေါင်းမယ်ထင်ထားခဲ့တာ...:P)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...