Sunday, February 4, 2018

ကိုယ့်စံပါယ်...




ဘေးဘယ်ညာမှာ ကားရှင်းပြီဆိုတာနဲ့ လမ်းတဘက်ကိုကူးလာလိုက်တဲ့အခါ ပျံ့ကနဲ သင်းတဲ့ရနံ့ကို ရှူသွင်းလိုက်ရင်း ကြည်လင်အေးမြစိတ်ကတဖက်၊ နှုန်းချိသွားသလို စိတ်ကတဖက် ဖြစ်တယ်။ ရင်းနှီးရလွန်းတဲ့ရနံ့မို့လေ...။
အနားတဝိုက်ကို မျက်လုံးဝေ့ကြည့်တော့ အစိမ်းရောင်အတန်းလိုက်ကြီးထဲက ဖြူလွလွအပွင့်ကလေးတွေကို တွေ့လိုက်ရတယ်။ 
စံပါယ်တွေ….
စံပါယ်ကို ခုလိုစိုက်တာ မြင်ရခဲပါဘိခြင်း။ ပုဏ္ဍရိတ်ပင်တွေကို စည်းရိုးကာသလို စံပါယ်တွေကို စည်းရိုးအဖြစ် စိုက်ထားတာ။ လေးထောင့် အတန်းလိုက်၊ ကိုယ့်ခါးလောက်အမြင့်ရှိတဲ့ စံပါယ်ပင်တန်းအနားကို ကိုယ် အလိုလိုကပ်သွားလိုက်မိတယ်။ ကိုယ့်လက်တွေကို လေးထောင့်အတန်းပေါ်မှာ ဝဲပျံသလို ရှပ်ပြီး လိုက်ထိကြည့်နေပြန်တယ်။ အပင်တွေကို ဖြတ်ညှိထားတာ မကြာသေးဘူးထင်ပါရဲ့၊ အပေါ်ယံ ထိပ်ဖက်တွေမှာ အရွက်တွေက တိတိရိရိပြတ်နေကြတာကို တွေ့ရတယ်။ အစိမ်းရင့်ရင့်အခံမှာ ဖြူလွပွင့်ကလေးတွေက ဟိုနား ဒီနား ခပ်ကြဲကြဲကလေး ပက်ထားသလို၊ ရနံ့တွေကတော့ စုဝေးလို့ သင်းမွှေးနေကြလေတယ်။ 
ကိုယ့်မှာ စံပါယ်ပန်းပင်ကလေးတွေ မရှိတော့တာ ဘယ်လောက်တောင်ကြာခဲ့ပါလိမ့်…
အရင်တုန်းကပေါ့၊ ကိုယ့်မှာ စံပါယ်ပန်းအိုး နှစ်အိုး ရှိခဲ့ဖူးတယ်။ အိမ်မှာ တအိုး၊ ရုံးက ကိုယ့်စားပွဲပေါ်မှာ တအိုး။
ရေဖြည့်ထားတဲ့ စပရေးဘူးလေးတခုစီလည်း အိမ်မှာ၊ ရုံးမှာ ရှိခဲ့ကြဖူးတယ်။
ပထမဦးဆုံး ကိုယ့်အိမ်က စံပါယ်လေး စပွင့်တော့ ကိုယ့်မှာ ပျော်လိုက်ရတာ။ စံပါယ်ဖူးကလေးတွေ အများကြီးထွက်လာတဲ့အခါများဆိုရင်တော့ ကိုယ့်မှာ အပင်နားကကို မခွာနိုင်အောင် ဖြစ်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့၊ နွမ်းမသွားစေချင်ခဲ့ဘူးလေ…။ သူ့အနားကို ကပ်ပြီး သာသာလေး နမ်းမွှေးကြည့်ရ၊ ဟိုဖက် ဒီဖက်က ကြည့်ရ၊ နေရာအမျိုးမျိုးက ဓါတ်ပုံရိုက်သိမ်းရနဲ့၊ ကိုယ့်မှာ…။ 
ရုံးက ပန်းအိုးကိုတော့ ရုံးပိတ်ရက်တွေဆို ရုံးအပြင် ကော်ရစ်ဒါ၊ နေရောင်ရမယ့်နေရာမှာ ထုတ်ထားခဲ့ရတာပေါ့။ တနင်္လာနေ့ ရုံးပြန်တက်မှ ကိုယ့်စားပွဲပေါ်ကို ပြန်ယူလာရတာ။ ရုံးက စံပါယ်ပန်းအိုးက စံပါယ်လေးတပွင့်စပွင့်တော့ အရောင်က ဖြူမနေဘဲ နီတျာနေတာမို့ ကိုယ့်မှာ စိတ်မကောင်းဖြစ်ရသေးတယ်။ စိတ်ကူးကလည်း ယဉ်တတ်သေးတော့ ကိုယ့်စံပါယ်ဟာ ကိုယ့်လက်ထဲမှာ သွေးစွန်းလျက် ပွင့်လာရတယ်ရယ်လို့ ကြံဖန် ဝမ်းနည်းသေးတာ။ နေရောင် လုံလုံလောက်လောက် မရလို့ဖြစ်မှာပါဆိုပြီး စိတ်ဖြေပေမယ့်လည်း ဖြူစွတ်စွတ်စံပါယ်ကိုသာ ပွင့်စေလိုခဲ့တာ။ ကိုယ် အလုပ်က ထွက်တော့ စံပါယ်အိုးလေးကို အိမ်ပြန်သယ်လာခဲ့တယ်။ 
စံပါယ်နှစ်အိုးစလုံးဟာ ကိုယ့်စိတ်နဲ့ဆက်နွယ်နေလေသလားလို့ ရူးနှမ်းနှမ်းတွေးခဲ့မိသေးတယ်။ ကိုယ် နေထိုင်မကောင်းတဲ့အခါ ကိုယ့်စံပါယ်တွေက မှုန်မှိုင်းရောင်ဖြစ်နေသလိုလို၊ ဝါတာတာ မီးခိုး သွေးရောင်…အဲသလို အရောင် ပြောင်းတယ် စိတ်ကထင်တယ်။
တခါတလေများ အိပ်မက်တွေတောင် မက်လို့၊ စံပါယ်တွေကို ဖွဖွလေးဆုပ်ကိုင်ထားတဲ့ ကိုယ့်လက်ပေါ်မှာ တစုံတယောက်က အုပ်မိုးဆုပ်ကိုင်ထားလျက်နဲ့၊ စံပါယ်တွေကို အတူတူမွှေးကြတယ်။ အိပ်မက်က နိုးလာတဲ့အခါ ကိုယ့်လက်တွေတောင် နွေးနေသလိုလို ခံစားခဲ့ရသေးတာ။ စံပါယ်တွေနဲ့ ချည်နှောင်ထားတဲ့ ကိုယ့်စိတ်နှလုံးဟာ အဲသလို တိမ်းမူးထိရှလွယ်သေးရဲ့။
နောက်တော့ ကိုယ့်စံပါယ်နှစ်ပင်စလုံး သေခဲ့တာ၊ ကိုယ် နေထိုင်မကောင်းဖြစ်ချိန်မှာပဲ။ အိပ်ရာထဲကနေ စံပါယ်ကို လှမ်းငေးနေရုံသာ တတ်နိုင်ခဲ့တာ။ ညှိုးခြောက်သွားတဲ့ စံပါယ်ပင်ကို ကိုယ် ဘယ်လိုမှ မကြည့်ရက်နိုင်ခဲ့ဘူး။ ကိုယ် နေထိုင်မကောင်းရတာထက် စံပါယ်တွေ ညှိုးခြောက်သေသွားမယ့်အဖြစ်က ပို နာကျင်ရတယ်။ အိပ်ရာပေါ်က ထနိုင်တော့ စံပါယ်တွေကို စပရေးဘူးလေးနဲ့ ရေဖြန်းခဲ့သေးတယ်။ ဘယ်တော့မှ ပြန်စိမ်းလန်းမလာတော့တဲ့အခါ ကိုယ်တိုင်ပဲ စံပါယ်ပန်းအိုးတွေကို ပစ်ခဲ့လိုက်ရတယ်။ မေ့ပစ်လိုက်ရတယ်။ စံပါယ်ပန်းအိုးနေရာမှာ လစ်ဟာသွားတဲ့ နေရာဟင်းလင်းကို မကြည့်ဖြစ်အောင် ကြိုးစားရတယ်။ အသစ်ထပ်စိုက်လိုစိတ်မရှိတော့တဲ့၊ ဘာကိုမှန်းမသိ နာကျင် ကြောက်လန့်သွားတဲ့စိတ်နဲ့ စံပါယ်တွေကို ပြန်မစိုက်ဖြစ်ခဲ့တော့ဘူး။ နောက်တကြိမ် ကိုယ့်လက်ထဲမှာ ညှိုးနွမ်း သေဆုံးသွားခဲ့ရင်ဆိုတဲ့အတွေးလည်း ပါမယ်။ ကိုယ်ဟာ စံပါယ်တွေကို ကြိုးစားမေ့ပစ်ခဲ့ရတယ်။
တနေ့ကတော့ မိတ်ဆွေတယောက် မျှဝေထားတဲ့ စံပါယ်ပန်းစိုက်နည်းဆိုတဲ့ ဆောင်းပါးကို တွေ့ချိန်မှာ ကိုယ့်လက်တွေက သူ့အလိုလိုပဲ၊ only me နဲ့ သိမ်းထားလိုက်မိတယ်။ ကိုယ့်ကိုကိုယ်လည်း ပြန်အံ့သြ၊ ကိုယ်ဟာ စံပါယ်တွေကို စိတ်မှမကုန်သေးဘဲ၊  ကိုယ့်စိတ်ရဲ့ အနက်ဆုံးထောင့်တနေရာမှာ စံပါယ်တွေရှိနေဆဲ…။  ကိုယ် ကြောက်တယ်။ ကိုယ့်လက်နဲ့ ထပ်မစိုက်ရဲတော့အောင်၊ စံပါယ်တွေရဲ့အဝေးမှာ နေသားကျနေပြီလို့ထင်တဲ့ ကိုယ့်စိတ်တွေဟာ နောက်ထပ်တဖန် စိုက်ပျိုးလိုစိတ်ကို ကိုယ့်ဆီ ပြန်အတွေ့မှာ ထိခိုက် နာကျင်ရတယ်။ 
ခုထိတော့ စံပါယ်ပန်းစိုက်နည်းကို only me နဲ့ သိမ်းထားတုန်းပဲ။ တနေ့နေ့မှာ deleteလုပ်ဖြစ်မလား၊ အမှတ်မရှိတဲ့စိတ်နှလုံးနဲ့ စံပါယ်တွေကို ပြန်စိုက်မိမလားဆိုတာ…
ကိုယ် ခုထိ မသေချာသေးဘူး…။


ချစ်ကြည်အေး
၀၄၀၂၂၀၁၈

ပုံ - တချိန်က ကျွန်မအိမ်က စံပါယ်တွေ...

4 comments:

  1. ပန်းစိုက်တာ စိတ်ပြန်လည်လန်းဆန်းစေမှာပါ ပြန်စိုက်ပါလေ ။

    ReplyDelete
  2. တနေ့ပေါ့ အမ ပြန်စိုက်ဖြစ်မှာပါ၊ ကိုယ့်ခြံကိုယ့်မြေလေးပေါ် နေခွင့်ရတဲ့အခါ......

    ReplyDelete
  3. စံပယ်နဲ့ပတ်သက်တဲ့ ခံစားချက်လေးရေးထားတာကောင်းတယ်...။ ညီမလေးလည်း အိမ်ထဲမှာစိုက်ဖို့ အွန်လိုင်းကနေ Indoor plant လေးတွေ လိုက်ကြည့်နေတယ် Air purifier အပင်လေးတွေ ဧည့်ခံမှာထားရင် လေသန့်ပေးတဲ့အပင်တွေလေ...။ မွှေးတဲ့ပန်းတော့တခါမှမစိုက်ဖူးသေးဘူး...။

    မိုးငွေ့

    ReplyDelete
  4. မချစ်ဆီမှာ အင်ဒိုးပလန့်လေးတပင်တော့ရှိတယ်။ သူက ပြင်ပပတ်ဝန်းကျင်က ရောင်ခြည်တွေ၊ ဘေးဖြစ်စေမယ့် အရောင်အငွေ့တွေကို စုတ်ယူပေးထားတယ်တဲ့။ သူက မွှေးတော့မမွှေးဘူး ညီမမိုး....

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...