Friday, July 21, 2017

အရွက်ကလေးတစ်ပွင့်


အရွက်ကလေးတစ်ပွင့်
=============



(၁)

ဒီဇာတ်လမ်းကို ဘယ်ကစပြီးပြောလို့ ဘယ်မှာအဆုံးသတ်ရမယ်ဆိုတာ တိတိကျကျသိနေခြင်းကိုက ကျွန်မအတွက် နာကျင်ဖွယ်တခုပါပဲ။
ပထမဦးဆုံး မိုးရွာပြီးစ တမနက်ခင်းမှာ သစ်ပင်ကြီးတွေအုံ့ဆိုင်းနေတဲ့လမ်းကလေးရဲ့အဆုံးနားက အိမ်ဆီကိုရောက်ဖို့ လမ်းထိပ်ကနေစပြီး လမ်းလျှောက်ဝင်ရတဲ့အခန်းက စပြောရလိမ့်မယ်။
ပြီးတော့ ကျွန်မရဲ့အူတိအူကြောင်အယူအဆ၊ “နင်ဟာ ကျန်တဲ့နေရာတွေမှာ တည်တည်ကြည်ကြည်ရှိသလောက် အချစ် လက်ထပ်ခြင်း အဲတာတွေနဲ့ပတ်သက်လာရင် တကယ်အူတယ်” ဆိုတဲ့ ကျွန်မသူငယ်ချင်းရဲ့ကောက်ချက်ချမှု။
နောက်ဆုံးမှာတော့ ကျွန်မတွေ့ခဲ့ဖူးတဲ့အရွက်ပွင့်ကလေးတွေ….။ ပြီးတော့ ကျွန်မကိုယ်တိုင်….။
ပြီးတော့ ကျွန်မရဲ့တိတ်တဆိတ်ကျရှုံးမှု….။
အဲသလို စပြီး၊ အဲသလို ဆုံးရမှာဖြစ်တယ်။ အစီအစဉ်တကျပါပဲ…။

(၂)

မိုးရွာပြီးစမို့ ထင်ပါရဲ့၊ လမ်းကလေးက သိပ်သိပ်သည်းသည်းရှိလှတယ်။ မိုးငွေ့မိုးရိပ် လုံးဝကင်းစင်မသွားသေးဘူးဆိုတော့ လမ်းလျှောက်လာရတာ အေးအေးချမ်းချမ်း သက်သာလို့နေတယ်။ ချွေးကလေးတောင်မှ မစို့ဘူး။ စီးလာတဲ့ ယင်းမာဖိနပ်အဖြူအပါးကလေးကိုငုံ့ကြည့်မိတော့ ပြုံးရတယ်။ ကတ္တီပါဖိနပ်လေးသာ ချစီးလာမိရင်….။ ဒီမိုးစိုလိုက်လို့ကတော့ ခြေထောက်အေးစက်ကြီးနဲ့ တစ်နေကုန် ချမ်းနေဦးတော့မှာ။ ကျွန်မခြေထောက်တွေဆီ တဆက်တည်းအကြည့်ရောက်တဲ့အခါမှာတော့ ဒုတိယအကြိမ် ပြုံးမိရပြန်တယ်။ ဘယ်လောက်များယောကျာ်းဆန်တဲ့ ခြေထောက်တွေပါလိမ့်…။
ခြေသည်းတုံးတိတွေ၊ ခြေသည်းဆိုးဆေးရယ်လို့ လှလှပပ သ မထားတဲ့ တိတိရိရိခြေသည်းနဲ့ ခြေချောင်းတွေ။
နိုင်ငံခြားဖိနပ်အကောင်းစားလေးထဲက ဒီဇိုင်းဆန်းဆန်းဆေးဆိုးထားတဲ့ ခြေချောင်းကလေးတစုံကို သတိရမိတဲ့အခါ မမလတ်မျက်နှာကိုမြင်မိတော့တာ။ မိန်းကလေးတွေကို ပန်းနဲ့တင်စားကြေးသာဆို ကျွန်မရဲ့မမလတ်ဟာ တော်ဝင်သဇင်ပန်းကလေးတပွင့်ပဲဖြစ်ရမယ်။

(၃)

“အချစ်ဆိုတာ လက်ထပ်ခြင်းမှာ ဆုံးသလား၊ တကယ့်အချစ်ဟာ အဲဒီကျမှ စတာလား…၊ ဒါမှမဟုတ် အဲဒီကျတော့ လက်တွေ့ကျကျ ဘဝဖြစ်သွားပြီလား နင်ဘယ်လိုဖြေမလဲ ?”

“နေစမ်းပါဦး နင်ပြောတဲ့အချစ်ဆိုတာ တကယ်ရောရှိလို့လား ?”

“မိန်းမရယ် ဒါဆို နင်နဲ့နင့်မောင်က မချစ်ကြဘူးပေါ့ အဲလိုလား…”

“နင် လက်ခံနိုင်မလားမသိဘူး၊ လူတွေသတ်မှတ်ထားကြတာက ချစ်သူတွေဟာ တစ်နေ့မှာ လက်ထပ်ကြရမယ်။ အိမ်ထောင်သားမွေးအလုပ်ကို လုပ်ကြရမယ်၊ လူ့အဖွဲ့အစည်းထဲရှင်သန်နေထိုင်ရင်း လူသားတွေအတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် နိုင်သလောက်အကျိုးပြုခဲ့ရမယ်၊ ကိုယ့်မျိုးဆက်ကို အကောင်းဆုံးပျိုးထောင်ချန်ရစ်ခဲ့ရမယ် ဒါပဲ မဟုတ်လား၊ သမားရိုးကျသိပ်ဆန်တယ် မထင်ဘူးလား၊ ရှေ့လူတွေလုပ်သွားတဲ့အတိုင်း လိုက်မလုပ်တော့ရော ဘာဖြစ်လဲ၊ လူတွေက မိန်းမတယောက် အသက်လေးရလာတာနဲ့ ယောကျာ်းမယူသေးဘူးလား မေးကြ၊ ယူပြီးပြန်တော့လည်း ကလေးလေး ဘာလေးယူကြလေ ပြောပြန်ရော၊ တယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်မှာလဲ၊ ငါက လူတွေစိတ်ချမ်းသာအောင် လိုက်လုပ်နေရမှာလား၊ ငါက ငါ့ဘဝနဲ့ငါလေ"

သူငယ်ချင်းက မျက်ခုံးတွေကိုတွန့်ချိုးရင်း ကျွန်မစကားကို စိတ်ဝင်တစား နားထောင်ပုံပြတယ်။

"ငါနဲ့မောင်က အဲ့ထက်အများကြီးလွတ်လပ်တယ်၊ ခုချိန်မှာ ငါတို့ တစ်ယောက်ကိုတစ်ယောက် လိုအပ်တယ်၊ တစ်နေ့နေ့မှာတော့ မောင်လည်း သူ့လမ်းသူလျှောက်မယ်၊ ငါလည်း ငါ့ရွေးချယ်ခွင့်နဲ့ငါ ရှိရမယ်။
တကယ်လို့များ မောင် သူ့လမ်းမှာ လက်တွဲချင်တဲ့သူက ငါဖြစ်နေမယ်ဆိုရင်…၊
ငါ့ရွေးချယ်မှုက မောင်ဖြစ်နေမယ်ဆိုရင်….၊ ငါတို့ လက်ထပ်ဖြစ်ကြမလား မပြောတတ်ဘူး။
ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် တစ်ယောက်ကိုတစ်ယောက်လိုအပ်လို့ အတူတူနေကြဖို့၊ လူ့အဖွဲ့အစည်းက တရားဝင်အသိအမှတ်ပြုခံရဖို့ လက်ထပ်မှဖြစ်မယ်ဆိုလည်း ငါတို့ လက်ထပ်ဖြစ်ကြမှာပေါ့"

"ဒါပေမယ့်ဟာ လက်ထပ်ကြမှ၊ စာချုပ်စာတမ်းတွေပေါ် လက်မှတ်ထိုးထားကြမှ ခိုင်မြဲမှာလား ? တစ်ခုခုဖြစ်ရင် စာချုပ်စာတမ်းလေးရှိနေမှဆိုတာမျိုးကို ငါ လက်မခံချင်ဘူး၊ ပိုင်ဆိုင်သမျှ တစ်ယောက်တစ်ဝက်စီခွဲခြမ်းတာတို့၊ ကလေးစရိတ်တို့ဘာတို့…၊ ဥပဒေအရဖြေရှင်းတဲ့အခါ စာချုပ်စာတမ်းဆိုတဲ့ ခိုင်မာတဲ့ကြိုးနဲ့တုပ်နှောင်ထားမှဆိုတာမျိုး ရုပ်ဝါဒီဆန်လွန်းတာတွေ ငါ မကြိုက်ဘူး၊ အားလုံးဟာ ကိုယ်ချင်းစာနာမှု၊ နားလည်မှု၊ နှလုံးသား အဲတာတွေနဲ့သာ ပိုင်းဖြတ်ရမယ့်အရာတွေ မဟုတ်ဘူးလား၊ ပစ္စည်းခန်းဆိုလို့ မောင်လိုချင်ရင် ပိုင်ဆိုင်သမျှ ငါစေတနာရှိသမျှ ပေးလိုက်မိမှာပဲ၊
လူနှစ်ယောက် တယောက်ကိုတယောက်ကလိုအပ်လို့ အတူတူနေကြပြီးကာမှ တစ်နေ့လမ်းခွဲကြဖို့ဖြစ်လာတဲ့အခါ စာချုပ်စာတမ်းဆိုတာကြီးက ဘာလုပ်ရမှာလဲ။ မောင့်စိတ်တွေကို ချည်မြဲတဲ့ကြိုးတစ်ချောင်းဟာ အချစ်ဆိုတာကလွဲလို့ ဘာမှမဖြစ်စေချင်ဘူး…နင် ရှင်းလား…”

သူငယ်ချင်းက ခေါင်းခါတယ်။ မရှင်းလို့ မဟုတ်ဘူး။ စိတ်ပျက်လက်ပျက်ဆိုတဲ့ပုံနဲ့ ခေါင်းခါတာ…။

“ငါတို့အဘိုးအဘေးလက်ထက်တုန်းက အရှေ့၇အိမ် အနောက်၇အိမ် လက်ဘက်ရည်လေးခေါ်တိုက်ပြီး အတူနေခဲ့ကြတာပဲ၊ ကလေးတွေ ၈ယောက် ၉ ယောက်မွေးတဲ့အထိ၊ အို သေတဲ့အထိ ဒီလိုပဲပေါင်းသွားခဲ့ကြတာ၊ ဘာစာချုပ်မှ မလိုဘူး။
ပြီးတော့ ငါ အာရှနိုင်ငံတခုကိုသွားခဲ့တုန်းက ရွာတွေမှာ အိမ်တံခါးတွေ မရှိဘူး။ တစ်ရွာလုံး ပစ္စည်းပျောက်တာ ဘာညာလည်း မရှိဘူး။ ငတ်နေရင် ရွာထဲမှာ တောင်းစားချင်စားမယ်၊ သူများအိမ်ကပစ္စည်း ခိုးမစားဘူး၊ သူများအိမ်ကပစ္စည်းဟာ ကိုယ့်ဟာ မဟုတ်ဘူး၊ ကိုယ်နဲ့မပတ်သက်တဲ့အရာဆိုတာကို မယူသင့်ဘူးလို့ စိတ်ထဲသွေးထဲကကို လုံးဝနားလည်ထားတာ။ ဘယ်လောက်လှတဲ့ စိတ်တွေလဲ...”

“နင်က သိပ်အဖြောင့်တွေးတာကိုး…။ ခုခေတ်က ရိုးမြေကျဆိုတာမျိုး စာလုံးပေါင်းတောင် မှန်ချင်တော့တဲ့ခေတ် မဟုတ်ဘူး။ တယောက်ရဲ့သစ္စာတရားကို တယောက်က ယုံကြည်ဖို့ထက် စာချုပ်ပေါ်ချရေး လက်မှတ်ထိုးထားမှ ဖြစ်လာမယ့်နောက်ပြသာနာတွေကို ဥပဒေအရဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြရတဲ့ခေတ်လေ၊ နင်ပြောသလို လမ်းခွဲကြတဲ့အခါ မောင်လိုချင်သမျှ အကုန်ပေးလိုက်မယ်ဆိုရအောင် နင်က ဘာနဲ့လုပ်စားမှာလဲ၊ နင်ဟာ စိတ်ကူးသိပ်ယဉ်တာပဲ။ မယားစားရိတ်တို့ နစ်နာကြေးတို့ဆိုတာကို ပိုပိုသာသာတောင်းယူနေကြတဲ့ခေတ်၊ ဟိုကယောကျာ်း ဘယ်လိုရှာစားစား ရတယ်၊ နင်ကမိန်းမလေ၊ အဲတာကိုလည်း ထည့်စဉ်းစားဦး”

“အဲတာကိုက နင်မှားပြီ၊ ငါက မိန်းမတွေ ယောကျာ်းတွေ သိပ်ခွဲမြင်နေတာမဟုတ်ဘူး၊  မောင် ဘဝကြီးထဲ စားဝတ်နေအတွက် ရုန်းကန်ရသလို ငါလည်းရုန်းကန်နိုင်ရမယ် ဒါပဲ၊ မိန်းမမို့လို့ အခွင့်အရေးပိုလိုအပ်တယ်၊ အရင်းအနှီးပိုလိုအပ်တယ်လို့ ငါတော့ မထင်ပါဘူး…”

“ဒါဆို နင်ကရော ဘာကြောင့် မောင့်ကို မောင်လိုချင်သမျှ ပေးလိုက်ချင်ရတာလဲ၊ ပိုင်ဆိုင်သမျှ တယောက်တဝက်စီဆိုတာက ပိုပြီး တရားမမျှတဘူးလား”

“အဲတာလား…အဲတာက ငါ မောင့်ကို ချစ်လို့လေ…” (အနည်းငယ် ညစ်ကျယ်ကျယ်ရယ်လျက်)

အဲဒီနေ့က သူငယ်ချင်းရဲ့ နင်ရူးနေပြီဆိုတဲ့အကြည့်ကို ကျွန်မ မမေ့ခဲ့ဘူး။

“တော်ပါဟာ ငါမကြိုက်ပါဘူး၊ အဲတာကြောင့် ငါ လူတွေနဲ့ မရတာ…”
“သေလေဟာ၊ လူတွေနဲ့မရရအောင် နင်က နတ်လား”

သူငယ်ချင်းက မျက်စောင်းလှမ်းထိုးတယ်။

“နင်သိလား၊ စာချုပ်စာတမ်းတွေဆိုတာ ကျောမလုံမှုက စတာ၊ စိုးရိမ်ကြောင့်ကြမှုက စတာ၊ အကြောက်တရားကနေ စတာ၊ ငါနဲ့မောင့်ကြားမှာ ချစ်ခြင်းတရားကလွဲလို့ ကျန်တာတွေနဲ့ ချည်နှောင်မထားချင်ဘူးဟာ….ငါ သေချာတယ်”

ကျွန်မက အဆုံးသတ်စကားကို ထပ်ပြောဖြစ်အောင် ပြောခဲ့လိုက်သေးတယ်။ ပြောခဲ့ပြီးပြီလေ…အချစ်၊ အိမ်ထောင်ရေး ဒါတွေနဲ့ပတ်သက်လာရင် ကျွန်မက အူတိအူကြောင်ပါဆို….။

"နင်က သိပ်စိတ်ကူးယဉ်တာပဲ ထ ထတော့"

သူငယ်ချင်းက ကျွန်မကို သိပ်စိတ်ကူးယဉ်တယ်တဲ့၊....အိပ်မက်တွေထဲက ထတော့တဲ့လေ….။

(၄)

“မအားသေးဘူး၊ နောက်မှပြန်ခေါ်”

ဖုန်းကိုပိတ် ဘေးချထားပြီး ဖတ်လက်စစာအုပ်ကို ပြန်ကောက်ဖတ်နေတဲ့မမလတ်ကို မျက်မှောင်ကုတ်ကြည့်မိတော့ မမလတ်က ရယ်တယ်။

“ယောကျာ်းတွေကို သူတို့စကားပြောချင်တိုင်း အချိန်ပေးပြီး ပြောနေစရာမလိုဘူး။ သူတို့ဆယ်ခါလောက်ဖုန်းခေါ်မှ သုံးခါလောက်ပြန်ဖြေ၊ ပြောပြီးရင်လည်း ကိုယ်ကပဲ အရင်ဦးအောင် ဖုန်းချပစ်၊ ကိုယ်ဟာ အမြဲအလုပ်များနေတဲ့သူ၊ သူတို့အတွက် အန်တာတိန်းလုပ်နေရလောက်အောင် မအားဘူး၊ အဲသလိုနေပြရတယ်”

ဖေဖေ့ညီမ၊ ကျွန်မအဒေါ်ရဲ့သမီး ကျွန်မနဲ့ညီအစ်မဝမ်းကွဲတော်တဲ့ မမလတ်ဟာ အဲသလိုမိန်းမမျိုး…။
ကိုယ့်ကိုယ်ကို သိပ်ရှားပါးသလို နေပြတတ်တယ်။ နေတတ်တာလည်း ဖြစ်မယ်။ မမလတ် နိုင်ငံခြားက ဘွဲ့လွန်ယူပြီးပြန်လာတော့ စပ်ကြဟပ်ကြသူတွေနဲ့ အိမ်မှာ လူစည်နေခဲ့တာ။ မမလတ်ကတော့ အကုန်ငြင်းလွှတ်တာလည်းမဟုတ်ဘဲ စဉ်းစားပါရစေဦးဆိုတဲ့ ကြိုးကလေးတစ်ချောင်းနဲ့နှောင်တယ်။

“ငါက လက်ထဲမှာ ကြိုးတွေကို ဒီလိုကိုင်ထားတာ၊ လိုချင်တဲ့ကြိုးကျမှရွေးပြီး တုန့်ကနဲဆွဲလိုက်ရုံပဲ။
လူဆိုတာ ဘဝမှာ ကိုယ်ဘာကိုလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျသိရမယ် အထွေးရဲ့၊ သိပြီးရင် ကိုယ် တဝက်အောင်မြင်ပြီလို့ မှတ်၊ ပြီးတော့ နည်းလမ်းရှာ၊ ရအောင်ယူ ဒါပဲ”

မမလတ်ဟာ သိပ်တော် သိပ်ထက်မြက်တာပဲ။ ခပ်ငယ်ငယ်ကတည်းက အိမ်ကို ဧည့်သည်တွေ လာလည်တိုင်းလည်း မမလတ်ကို ရတနာတစ်ပါးလို  ထုတ်ကြွားလေ့ရှိတယ်။ ကလေးဘဝမှာ ကျွန်မဟာ မမလတ်ကို မနာလိုဖြစ်ခဲ့သလားပဲ၊ အားကျအထင်ကြီးစိတ်က တပိုင်း၊ မနာလိုတာက တပိုင်း ထင်ပါရဲ့။ ဆရာဝန်အမှတ်မီပါရက်နဲ့ ဝါသနာမပါလို့ Marine Biologyယူခဲ့တဲ့ မမလတ်။ ရနိုင်သားပဲ၊ မလိုချင်လို့ မယူတာဆိုတဲ့ဂုဏ်ကိုက နည်းတာမှတ်လို့၊ မမလတ်က အဲသလိုပြောလေ့ရှိတာ။

ကျွန်မကတော့ မြန်မာစာအဓိကနဲ့ ကျောင်းပြီးတယ်။ ကဗျာတွေစာတွေလည်း သိပ်ရူးတာကို မောင်က လှောင်ပြောင်တယ်။ ကျွန်မရေးတဲ့ကဗျာတွေ ပုံနှိပ်ဖော်ပြခံရတဲ့အခါ ကျွန်မက တခုန်ခုန်နဲ့ ပျော်နေသလောက် မောင်က စာဆိုရှင်ဒေါ်မယ်ထွေးခင်ဗျားလို့ သရော်တော်တော်ခေါ်တတ်သေးတာ။
တန်ဘိုးဆိုတာ တဦးတယောက်ချင်းစီရဲ့ စိတ်အစာပါမောင်ရဲ့၊ ကဗျာတွေစာတွေရေးနေရမှ ပြည့်ဝတဲ့ကျွန်မရဲ့စိတ်ဆာလောင်မှုဟာ စာတွေကဗျာတွေအပေါ်ထားတဲ့ ကျွန်မရဲ့တန်ဘိုးပါပဲ။ မောင်ထားတဲ့တန်ဘိုးကကျတော့ ရေတွက်လို့ရနိုင်တဲ့ ထင်သာမြင်သာမှုတွေအပေါ်မှာသာ အလေးထားမူတည်တတ်တာမျိုး…။ အသေးအဖွဲကလေးထင်ရပေမယ့် မောင်နဲ့ကျွန်မ တန်ဘိုးထားပုံချင်း၊ ဘဝအပေါ်အမြင်ချင်းကအစ မတူညီမှုဟာ တကယ်တော့ ကျွန်မတို့ကြားမှာ သိပ်ကိုကြီးမားခဲ့တာပဲ…။

မမလတ်ဘွဲ့လွန်သွားတက်တော့ မမလတ်အမေ အန်တီလေးက လုပ်ငန်းထဲထည့်ထားတဲ့ကားတစီး ပြန်ရောင်းဖို့ဖေဖေ့ကို လာတိုင်ပင်တာ၊ ဖေဖေက အဲဒီကားကို လုပ်ငန်းထဲကမထုတ်စေဘဲ သူပဲပြန်ဝယ်ယူထားလိုက်ပြီး အဆင်ပြေတော့မှ သူ့ဆီကပြန်ယူစေတာတွေ၊ မမလတ်ကတော့ ဒါတွေဘယ်သိမလဲ၊ ပညာသင်နေတဲ့မမလတ် စိတ်မကောင်းဖြစ်သွားမှာစိုးတာ အန်တီလေးရဲ့မိခင်မေတ္တာပေါ့။ မမလတ်က အိမ်မှာ ငွေရေးကြေးရေးအကြပ်အတည်းကအစ လုပ်ငန်းလည်ပတ်မှုတွေအဆုံး အရာရာမှာ ခရေစေ့တွင်းကျမသိဘဲ အားလုံးအဆင်ပြေ ချောမွေ့နေတယ်ထင်ရှာတယ်။ ကျွန်မကတော့ ဖေဖေ့လုပ်ငန်းတွေလည်း ကူရင်း၊ အန်တီလေးအနားလည်း တခါတလေနေပေးရတာမို့ အလုံးစုံနီးပါးသိနေမြင်နေတာပဲ။ အန်တီလေးက မုဆိုးမလည်းဖြစ် ကိုယ့်အဒေါ်လည်းဖြစ်တဲ့အပြင် ကျွန်မကို အင်မတန်အားလည်းကိုးရှာတယ်၊ သူ့အနားမှာ ကျွန်မရှိတာ သားတယောက်ရထားသလိုပဲတဲ့။   

ဖေဖေ့နောက်ကွယ်ကနေ ဖေဖေ့ဟိုတယ်လုပ်ငန်းတွေ ကူတာကအစ၊ ဟိုတယ်မှာ ထည့်ထားတဲ့ ကားပိုင်ရှင်တွေနဲ့လစဉ်စာရင်းဇယားအထိ ကျွန်မပဲ လုပ်ကိုင်လည်ပတ်ပေးနေရတာဖြစ်ပေမယ့် မမလတ်ပြောပုံအရဆို ကျွန်မဟာ မြန်မာစာဘွဲ့ရ ကဗျာယောင်ယောင် စာယောင်ယောင် ခပ်အအမိန်းမပုံပဲ ပေါက်သတဲ့…။ ဖေဖေ့မန်နေဂျာဆိုတာထက် ဖေဖေ့အလုပ်က ခိုင်းဖတ်ပုံများ ပေါက်နေသလား မပြောတတ်ပါဘူး။ ကျွန်မ ဝတ်စားနေတဲ့ချည်ထည်လေးတွေဟာ မမလတ် အိမ်နေအဝတ်လောက်သာ ပြောင်ရောင်တာ။ ကျွန်မအတွက် ဖေဖေပေးထားတဲ့ မန်နေဂျာလစာဟာ ဝတ်ဟယ်စားဟယ်ရယ်လို့ သုံးစွဲပစ်လိုက်တာမျိုးမဟုတ်ဘဲ ဘယ်လက်ကလှူရင် ညာဘက်လက်က မကြားသိစေနဲ့ဆိုတာလို တကယ်လိုအပ်နေတဲ့နေရာတွေမှာ လစဉ်လှူပစ်လိုက်တတ်တာရယ်၊ ဘဏ်မှာ စုတန်သလောက် စုထားတာရယ်၊ စာအုပ်တွေဝယ်တာရယ် ဒါတွေအတွက်ပဲ အချိုးကျကုန်ရတာ။

Researchအတွက်ဆိုပြီး မမလတ်ဖတ်ဖတ်နေတဲ့ အင်္ဂလိပ်စာအုပ်အထူကြီးတွေဆို နည်းတဲ့ပိုက်ဆံလား ပေးဝယ်ရတာ၊ နိုင်ငံခြားကနေတောင် လှမ်းမှာယူရတာတွေ။ ခုထိတော့ မမလတ်ဟာ အိမ်ဝင်ငွေရယ်လို့ တပြားတချပ်မရှာနိုင်သေးပေမယ့် တနေ့နေ့မှာတော့ အကြီးအကျယ်တခုခုဖြစ်လာမှာ၊ အန်တီလေးကရော ဖေဖေကရော ကျွန်မပါ အဲသလို မျှော်လင့်ကြတာပဲ။ အို…အားလုံးက မျှော်လင့်တန်ဘိုးထားကြတာပါလေ…။

(၅)

မိုးရွာပြီးစ မနက်ရဲ့ လမ်းကလေးထဲအ၀င်ကို ပြန်ကောက်ရရင် အဲဒီနေ့က လမ်းအဆုံးကိုမျှော်လို့မှ လမ်းဘေးတဘက်တချက်က အပင်အုပ်အုပ်ကြီးတွေ ပင်ချင်းနွယ်ယှက်အုပ်မိုးနေတာကလွဲရင် အဆုံးကို လှမ်းမမြင်ရတဲ့လမ်းကို ကျွန်မက သဘောကျနေခဲ့တာ။ ပြီးတော့ အပွင့်ကလေးတွေ၊ အပင်ကြီးတွေပေါ်က ၀ါရွှေသွေးအပွင့်ကလေးတွေ၊ ခရမ်းပြာရောင်အပွင့်ကလေးတွေ၊ ပန်းရင့်ရောင်အသွေးအပွင့်ကလေးတွေ… သိပ်လှတာပဲ။ အပွင့်ကလေးတွေရဲ့အလှကို အားပါးတရသဘောကျလို့ပြီးမှ တဖြည်းဖြည်းချင်းအကြည့်တွေက အောက်ဘက်ရောက်လာတဲ့အခါ စိမ်းရွက်ဖားဖားဝေနေတဲ့ အရွက်ကလေးတွေရဲ့အလှ သဘာဝကို သတိထားမိသွားတော့တာ။

အိုး….မိုးရေစက်တွေတင်ကျန်နေတဲ့ အရွက်တောင့်တောင့်ကြီးတွေဟာ စိမ်းညို့လန်းဆန်းလို့၊ သူ့အလှက အလှထက် အားမာန်ကပိုတယ်လို့ ထင်မိတယ်။ ကြည့်ပါဦး…အရွက်စိမ်းတွေက နောက်ခံမှာပိုးထားတော့ အပွင့်တွေဟာ ပိုလို့ရုပ်လုံးကြွလာတော့တာ။ ဘယ်သူမြင်နိုင်မှာလဲ….။ ဒါကို ကျွန်မမြင်ခဲ့ပြီ။ အရွက်ကလေးတွေရဲ့အလှကို….၊ တကယ်က ပန်းကလေးတွေတင် ပွင့်တာမဟုတ်ဘူး၊ အရွက်ကလေးတွေကပါ သူ့အားမာန်နဲ့သူ ပွင့်နေကြတာ…။
ကျွန်မအမြင်မှာ သူတို့ကိုယ်တိုင် သူတို့ဘယ်လောက်လှတယ် မသိတာကိုက အလှတရားတစ်ခုဖြစ်လို့နေတာ။

အဲဒီနောက်မှာ ကျွန်မသိခဲ့ဖူးတဲ့လူတစ်ချို့ကို ကျွန်မစိတ်က မှတ်မှတ်ထင်ထင် သတိရမိသွားတော့တယ်။

လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့အကျိုးကို သယ်ပိုးဖို့ဆိုတာ ကိုယ့်မိသားစုအတွင်းကနေ ဖြည်းဖြည်းချင်း စကြရမယ်မဟုတ်လား။ ကျွန်မ တွေ့ခဲ့ဖူးတဲ့… အဖေအိုကြီးကိုလုပ်ကျွေးစောင့်ရှောက်နေတဲ့ တက်ကစီဒရိုင်ဘာအမျိုးသားလေး၊ စာတော်တဲ့ညီမကလေး ကျောင်းဆက်နေနိုင်ဖို့အတွက် ကျောင်းထွက်ပေးလိုက်ရတဲ့ မပြည့်စုံတဲ့ဘဝတွေထဲက အလယ်တန်းကျောင်းသားကလေး၊ ပတ်ဝန်းကျင်က ဘယ်လောက်ပဲရယ်သွမ်းနေပါစေ တမိသားစုလုံးတာဝန်ကို ပုခုံးထမ်းလုပ်ကျွေးနေတဲ့ အလှဖန်တီးရှင် မိန်းမလျာကလေး၊ မသန်သော်လည်း စွမ်းရမည်ဆိုတာကို ယုံကြည်ချက်အပြည့်နဲ့ပုံဖော်ကြိုးစားနေတဲ့ အရိုးပျော့ရောဂါသည်ကလေး….။

သူတို့အားလုံးဟာ ကျွန်မအတွက်တော့ ရဲရင့်သန်စွမ်းပြီး လူမသိသူမသိလှနေကြတဲ့ အရွက်ပွင့်ကလေးတွေပါပဲ။ ဘဝကြီးရဲ့နေဒဏ်လေမိုးဒဏ်အောက်မှာ ကြံ့ကြံ့ခံရင်း အစွမ်းကုန် စိမ်းလန်းတောက်ပနေကြလေရဲ့...။

သူတို့ဘယ်လောက်လှတယ် သူတို့ကိုယ်တိုင်မသိကြတဲ့ မသိခြင်းအလှတရားထဲက အရွက်ပွင့်ကလေးတွေ၊
သိပ်လှတာပဲ….

 (၆)

ကျွန်မပြောသားပဲ။ ကျွန်မက အူတိအူကြောင်ပါဆို…
မောင့်နာမည်ကို နားနဲ့ဆတ်ဆတ်ကြားတာတောင် နာမည်တူများဖြစ်မလား တွေးမိသေးတာ။ မမလတ်ချီးမွမ်းခန်းဖွင့်ရလောက်အောင် တော်တဲ့အမျိုးသားလည်း လောကမှာရှိသေးတာကိုးလို့ ကျွန်မက ရိုးရိုးကလေးတွေးမိတယ်။

အဲဒီအမျိုးသားဟာ ကျွန်မရဲ့မောင်နဲ့ အတူတူပဲ၊ မမလတ် အသေအချာရွေးပြီး တုန့်ကနဲဆွဲလိုက်တဲ့ ကြိုးတစ်ချောင်းဟာ မောင်ပဲလို့သိလိုက်ရတဲ့အခါမှာတော့ ကျွန်မ ကြိုးစားပြီး ရယ်မောရတယ်။ ကျွန်မတို့ နှစ်ဦးသဘောတူထားခဲ့ကြတဲ့  လွတ်လပ်စွာချစ်ပိုင်ခွင့်၊ လွတ်လပ်စွာလမ်းခွဲနိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့်…။ မောင်ဟာ ဒါတွေကို ကောင်းကောင်းကြီးနားလည်ခဲ့သားပဲ။

ကျွန်မက လွတ်လပ်စွာလမ်းခွဲနိုင်ခွင့်မှာတင် သက်တောင့်သက်သာရပ်တန့်လို့ ထားခဲ့မိတာ။ လွတ်လပ်စွာလမ်းခွဲပြီးတဲ့နောက် မောင် တခြားမိန်းမကို လွတ်လပ်စွာရွေးချယ်သွားခဲ့ရင်ဆိုတာကို ကျွန်မမှ ဆက်တွေးမထားခဲ့မိတာ…။ အခု ကျွန်မ ဆက်တွေးမထားခဲ့မိတာကို မောင်က ရွေးချယ်ပြသွားခဲ့ပြီ။

မောင် ဘယ်အချိန်မှာ ဘယ်ကိုရောက်နေတယ်၊ မောင် အခု ဘာစားနေတယ်၊ မောင် ညစာ ဘာဟင်းချက်ထားတယ် အဲဒီလို မောင်ကိုယ်တိုင်ပြောပြနေကျ မောင့်နေမှုထိုင်မှုဘဝလေးကို ကျွန်မ သိခွင့်ရှိမယ်မဟုတ်တော့ဘူး။ တနေ့တာကုန်ဆုံးလို့ လမ်းခွဲကြရတဲ့ချစ်သူနှစ်ယောက်ရဲ့ အိမ်ပြန်ချိန်ခွဲခွာပုံမျိုး မဟုတ်ဘူး။ မောင်နဲ့ နောက်ထပ်ဘယ်တော့မှ….ဆိုတဲ့ နာကျင်မှုမျိုး…။
အတူတကွဆိုတဲ့ပတ်သက်မှုတခု အဆုံးသတ်ခဲ့ပြီလို့ အတိအကျသိလိုက်ရတဲ့ ကြေကွဲမှုမျိုး…
အဲဒီနာကျင်ကြေကွဲမှုမျိုးတွေနဲ့ ကျွန်မ ခံစားတတ်စပြုပြီ။ ကျွန်မ ရူးတော့မလိုပဲ…။

ဒီထက်ရူးနှမ်းတာက မောင်နဲ့အတူသွားကြမယ်လို့ ပြောခဲ့ဖူးတဲ့နေရာလေးတခုကို ကျွန်မတယောက်ထဲ လေလေလွင့်လွင့်ခရီးထွက်ခဲ့မိခြင်းပါပဲ။

လွယ်လာတဲ့ကင်မရာရယ်၊ သုံးချောင်းထောက်ရယ်ကို ပုခုံးပေါ်ကချပြီး အဝေးကမြင်နေရတဲ့ တောင်တန်းကြီးကို  မြစ်တဘက်ကမ်းက မျှော်ကြည့်စဉ်မှာပဲ ကျွန်မခြေထောက်တွေ ကွေးညွှတ်နေခဲ့ပြီ။

“မင်း သိပ်ရောက်ဖူးချင်တယ်ဆို….”

မောင့်စကားကို စိတ်နဲ့ပြန်အကြားမှာတော့ မြေအပြန့်ပေါ် ညီအောင်ထိန်းညှိနေဆဲ သုံးချောင်းထောက်ထိပ်က ရေပြင်ညီပြ အစိမ်းရောင်အစက်ကလေး ဟန်ချက်ပျက်သွားခဲ့တယ်။ အစိမ်းရောင်ကလေး စက်ဝိုင်းအလယ်ဗဟိုရောက်မှ ကင်မရာကို သုံးချောင်းထောက်တိုင်ကလေးထိပ်မှာ တပ်လိုက်တယ်။

အဝေးက တောင်တန်းကြီးကို တပုံပြီးတပုံရိုက်တယ်။ လက်က တပုံပြီးတပုံနှိပ်နေချိန် ကင်မရာဝင်းဒိုးပေါ်က ကျွန်မမြင်နေရတဲ့မြင်ကွင်းကဖြင့် ဝိုးဝါးလို့လာခဲ့ပြီ။ ထရိုင်ပေါ့ဘေးနား ဖြေလျှော့ထိုင်ချလိုက်မိတယ်။ အပေါ်ယံကြောအင်မတန်တင်းတဲ့ ယောကျာ်းဆန်ဆန်မိန်းမဟာ ငိုတတ်သေးသတဲ့….။
ဂျင်းန်ဘောင်းဘီဝတ်ဒူးနှစ်ချောင်းပေါ် မျက်နှာအပ်လို့ တင်းထားတဲ့ကျွန်မစိတ်တွေကို လွှတ်ချလိုက်မိတော့တယ်။ မောင့်အပေါ်ချစ်တဲ့ချစ်ခြင်းတွေကိုဖြင့် အကုန်အစင်လွှတ်ချနိုင်ခဲ့ပါရဲ့လား…၊
ကျွန်မ မသေချာ။
ကျွန်မဟာ အပေါ်ယံအခွံမာသစ်သီးတလုံးရယ်လေ…

(၇)

ရန်ကုန်ကို ပြန်ရောက်ရောက်ချင်းပဲ မမလတ်ဆီက ဖုန်းခေါ်ထားတာတွေ တွေ့ရတယ်။ အထုတ်မဖြည်နိုင်သေးဘဲ မမလတ်တို့အိမ်ကို အရင်သွားလိုက်ရတာပေါ့။ မျှော်လင့်ထားတယ်လည်းမဟုတ်ပါဘဲ မောင့်ကိုတွေ့ရတဲ့အခါ ကျွန်မ အတော်လေးတည်ငြိမ်နေခဲ့တာ။ မောင့်မျက်နှာက အနည်းငယ်အံ့သြဟန်၊ ဒါ ကျွန်မပဲ သိလိုက်တာပါ၊ မောင်ဟာ ဟန်ဆောင်ကောင်းသူလေ။ မမလတ်နဲ့ကျွန်မ ညီအစ်မဝမ်းကွဲတွေလို့ မောင် မသိခဲ့သလို၊ မမလတ်ခင်ပွန်းလောင်းဟာ မောင်ဖြစ်နေလိမ့်မယ်လို့ (မမလတ် မပြောခင်အထိ) ကျွန်မ ထင်မထားခဲ့တာ။ သိစရာမလို၊ ထင်ထားစရာလည်းမလိုတဲ့ကိစ္စတွေ မဟုတ်လား။ တနေ့ကျရင် မောင်က ကျွန်မတို့ရဲ့ဆက်နွယ်ခဲ့မှုဟာ ညီလိုအစ်ကိုလို သွေးသောက်ရဲဘော်လို တယောက်ဘေးနား တယောက်ကရှိနေခဲ့ရုံဆိုတာမျိုးလောက်သာ မမလတ်ကို ပြောချင်ပြောပြလိမ့်မယ်။ တကယ်လည်း ကျွန်မတို့နှစ်ယောက်မှာ ချစ်သူတွေရယ်လို့ ကယုကယင်ဆန်ဆန်တွေ ရှိမှရှိမနေခဲ့ဘဲ…။

သတို့သမီးအရံဝတ်ဖို့တဲ့၊ မမလတ်စီစဉ်ထားတဲ့အဝတ်အစားတွေ နောက်တနေ့ကျရင် ဒီဇိုင်နာဆီ အတူသွားပြီး ဖစ်တင်ချရမှာတဲ့၊ ဖိတ်စာနမူနာကိုကြည့်ရင်း စကားတွေပြောနေကြတုန်းမှာ ကျွန်မမျက်နှာ တချက်ကလေးမှမပျက်ဘဲ အလိုက်တသင့်နေနိုင်ခဲ့သားပဲ။ မောင်နဲ့ကျွန်မသာ လက်ထပ်ဖြစ်ရင် အဲသလိုမင်္ဂလာပွဲကြီး လုပ်နေမှာ မဟုတ်ဘူးနော်လို့….၊ ကျွန်မစိတ်ထဲက ပြောနေမိတာ၊ အမှတ်မရှိ အနာအကျင်မရှိတဲ့မိန်းမ…။

မမလတ်က ထမင်းစားပြီးမှပြန်ဆိုတာကိုတော့ ခရီးပန်းလို့နားချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်မ ငြင်းလိုက်ပြီး အိမ်ပြန်ချလာလိုက်တယ်။ ကိုယ့်ချစ်သူဟောင်းရယ် လက်ရှိသူ့ဇနီးလောင်းရယ်နဲ့ ထမင်းတဝိုင်းထဲအတူစားဖို့ထိတော့ ခုလောလောဆယ်မှာ ကျွန်မ အသည်းမာနိုင်မယ်မဟုတ်ဘူး…။ မမလတ်က မောင့်ပန်းကန်ထဲ စေတနာဟင်းတွေ မေတ္တာထမင်းတွေ အလျှံပယ်ခူးခပ်ထည့်ပေးနေတာကို မြင်ရရင် မျက်ရည်မကျပါဘူးလို့ ကျွန်မမှ ကတိမပေးနိုင်တာဘဲ…။
မမလတ်တို့အိမ်ကအထွက် လမ်းဘေးတလျှောက်က အပင်ကြီးတွေကိုမြင်တော့ အရွက်ပွင့်ကလေးတွေကို ကြည့် ပြုံးရတယ်။ ကျွန်မကိုယ်တိုင်ကရော အရွက်ပွင့်ကလေးတစ်ပွင့်များဖြစ်မလား…။

အရွက်ပွင့်ကလေးရဲ့တန်ဘိုးကို မောင် သတိမထားခဲ့၊  မမြင်ခဲ့ဘူးလေ….။

(၈)

ကျွန်မသူငယ်ချင်းက ဘာပြောလဲသိလား၊ လွတ်လပ်စွာချစ်ခွင့် ရွေးချယ်ခွင့်ရှိချင်ဦးလေ၊ လက်ထပ်ဖို့ မလိုအပ်ချင်ဦးလေ…။ ဟိုကောင်က နင်ဟာ သူထားခဲ့ရင်တောင် အခြေပျက်အနေပျက်ဖြစ်မယ့်မိန်းမ မဟုတ်ဘူး၊ သိပ်ကို လွတ်လပ်စွာထားရစ်ခဲ့နိုင်တဲ့အထိ နင်က အတွေးကြောင်အခေါ်ကြောင်နဲ့ ရဲရင့်ပြချင်တဲ့မိန်းမကိုး၊ နောက်မှ ငါ့ဆီ လာမငိုနဲ့၊ ငါ မသနားဘူးတဲ့လေ… အင်မတန်ရက်စက်တဲ့ သူငယ်ချင်း….။

ဘာမှတော့ မထူးဆန်းပါဘူး။ လွတ်လပ်စွာလမ်းခွဲခွင့်နဲ့ ရွေးချယ်ခွင့်တွေအရ မောင် ကျွန်မကို ထားခဲ့တယ်။ ကျွန်မထက် သူ ပိုလိုအပ်တယ်ထင်တဲ့မိန်းမတယောက်ကို၊ ကျွန်မထက် ပိုမိုသာလွန်တဲ့မိန်းမတယောက်ကို ရွေးချယ်သွားခဲ့တယ်။
ကျွန်မထက် ပိုလိုအပ်သလား၊
ကျွန်မထက် တကယ်ပဲ သာလွန်သလား…၊
ကျွန်မဟာ မောင့်စံနှုန်းနဲ့တိုင်းတာလို့မှ အရည်မမီတဲ့ အညံ့ပန်းတပွင့်လား။

လားပေါင်းများစွာဟာ ကျွန်မအဇ္ဇျတ္တထဲမှာ ပူလောင်ထောင်လွှားနေရင်းက အပြင်ပန်းမှာတော့ ဒဏ်ရာမဲ့ပုံတည်ငြိမ်ပြနေရတာ ဘယ်လောက်ပင်ပမ်းဆင်းရဲလိုက်တဲ့အဖြစ်ပါလဲ။
ချစ်ခြင်းတရားမှာ ဒါ ကျွန်မရဲ့ကျဆုံးခန်းရယ်လို့ ရှုံးနိမ့်နာကျင်နေရင်းကပဲ မောင်ဟာ ကျွန်မတန်ဘိုးကို မသိလေခြင်းလို့ ဝမ်းနည်းမာနဖြစ်ရသေးတယ်။ ကျွန်မရဲ့ကျဆုံးခန်းမှာ ကြေကွဲလူးနစ်လို့ မွန်းကြပ်ခဲ့ချိန်တွေထဲ ကျွန်မကိုယ်ကျွန်မ အရွက်ပွင့်ကလေးတပွင့်လို့ သတ်မှတ်မိခဲ့တဲ့အထိ ကျစိတ်ကို ပြန်ဆည်ရတယ်။
အဲဒီသတ်မှတ်ချက်မှာပဲ ကျွန်မ မလုံမလဲဖြစ်ရတယ်။
တကယ်တော့….
ကျွန်မရဲ့ကျဆုံးခန်းက အဲဒီကျမှ စတာ…။
မသိခြင်းမှာ တန်ဘိုးတခုရှိနေရာက သိမှုအဖြစ်ကူးပြောင်းသွားတဲ့အခါ သူ့အလှတရားဟာ တင်းပြည့်ကျပ်ပြည့်ရှိရာက လျော့ကျသွားရတော့တယ်…။

ကျွန်မဟာ အရွက်ပွင့်ကလေးဖြစ်စေ၊ ပန်းကလေးတပွင့်ပဲဖြစ်ပါစေ….မသိလို….။
သိခြင်းရဲ့နောက်က ကပ်ပါလာတဲ့မာနနဲ့လှရမှာထက်စာရင် မသိခြင်းရဲ့ရိုးသားတဲ့အလှတရားထဲမှာသာ တင်းပြည့်ကျပ်ပြည့် ရှင်သန်လိုတယ်။ အသက်ရှူဝလင်တယ် ထင်မိတယ်။

မမလတ်ဟာလည်း အဘိုးတန်ပန်းကလေးတပွင့် မဟုတ်လား။
မောင် ကျေနပ်မှာပါ…။ မမလတ်ကတော့ သူမကိုယ်တိုင် ပန်းကလေးတပွင့်ဖြစ်တယ်ဆိုတာ  မသိဘူးထင်ပါရဲ့…။ အို…မမလတ်ဟာ မိန်းမတုံးမိန်းမအမှ မဟုတ်ဘဲ၊ သူမမှာရှိတဲ့ ပကတိတန်ဘိုးထက် ပိုလှတယ်တောင် ထင်ချင်ထင်နေဦးမှာ…။ သိခြင်းနဲ့တထပ်ထဲကျတဲ့ မာနတွေနဲ့ မမလတ်တဘဝလုံး မွန်းပိတ်ရှင်သန်နေဦးမှာ…။ သေချာပါတယ်…။

အဲဒီအသေအချာသိမှုမှာ…
ကျွန်မ ပျော် တယ်…။

ချစ်ကြည်အေး

ဇွန်လ ၂၀၁၇ - ရွှေအမြုတေ

3 comments:

sanhtarkhine said...

oh ! No ,
But I love it!!

Ma Tint said...

အလွမ်းပြေသွားပြီ ဖတ်သွားတယ် မချစ်ရေ။

ချစ်ကြည်အေး said...

sanhtarkhine>>
T Tint>>
ကျေးဇူးပါရှင့်း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်