Monday, July 3, 2017

ကျွန်မတို့ မတူညီနိုင်ကြဘူးလား

ကျွန်မတို့ မတူညီနိုင်ကြဘူးလား
====================


အခန်းငယ်ကလေး....

သစ်လွင်တဲ့အရာဆိုလို့ ဘာတစ်ခုမှ ရှိမနေ။ အလင်းရောင်လည်း အလုံအလောက်မရှိဘဲ မှောင်ကုပ်ကုပ်မို့ တွေ့မြင်ရသမျှအရာရာက ခေတ်ဟောင်းရုပ်ရှင်တစ်ကားကြည့်နေရသလိုပါ။ အဲဒီအခန်းထဲ တစ်ယောက်ထဲနေမလားမေးလာရင် ကျွန်မအတွက်တော့ ချက်ချင်းခေါင်းခါမိမယ့်အခန်းမျိုး။ ဘယ်လိုခံစားမှုလို့ပြောရရင် ကောင်းမလဲ၊ ခြောက်ကပ်ကပ် မူန်မွဲမွဲနဲ့ မွန်းကြပ်မှောင်ပိတ်မှုကြောင့် အော်ဟစ်ရုန်းကန်ပစ်လိုက်ချင်စရာ အခန်းမျိုး။

အခန်းထောင့်နားမှာ ကုတင်တစ်လုံးရှိတယ်။ ရိုးရိုးသစ်သားကုတင်တစ်လုံးပါပဲ။ ဘယ်လိုပရိဘောဂ အဆင်အပြင်မျိးမှ ဥပမာ - ပန်းစိုက်အိုး စားပွဲ ကုလားထိုင်ရယ်လို့လည်း ရှိမနေတဲ့အပြင် မြင်ရသမျှ မျက်စိပသာဒဖြစ်ဖွယ်တစ်ခုမှကို မရှိတာပါ။

၁၂နှစ်-၁၃နှစ်အရွယ် ဂါဝန်ဝတ်မိန်းမငယ်ကလေးတစ်ဦး... ဘေးဘယ်ညာမှာ မိဘဖြစ်ဟန်တူတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့က ကလေးမလေးရဲ့ချိုင်းနှစ်ဘက်ကိုတွဲမကာ အဲဒီအခန်းထဲဝင်လာပုံနဲ့ ပြကွက်ကို ပျိုးထားတယ်။ ကလေးမလေးမျက်နှာ၊ မိဘဖြစ်ဟန်တူသူနှစ်ယောက်မျက်နှာ... ဘာရယ်ကြောင့်မှန်းမသိ၊ တစ်စုံတစ်ခု နာကျင်ဖွယ် တုန်လူပ်ထိပ်လန့်ဖွယ်ဖြစ်တော့မယ့်အနေအထားလို့ ကျွန်မ မသိစိတ်ကစေ့ဆော်တာနဲ့ previewကြည့်နေရာကနေ ဗီဒီယိုကလစ်ကို ဖွင့်ကြည့်မိခဲ့ရတာ....
ဘုရားရေ.....ဒါ....
ရုတ်တရက် ကျွန်မခေါင်းထဲဝင်လာတာက FGMလို့ အတိုကောက်ခေါ်ဝေါ်သုံးစွဲကြတဲ့ Female Genital Mutilationပါပဲ။ ကြားဖူးနေလျက်က ကြည့်ရန်မဝံ့လို့ ဘယ်တုန်းကမှ တတန်တကရှာဖွေမကြည့်ဖြစ်ခဲ့တဲ့ အကြောင်းအရာ... ကြားဖူးစကပင် နာကျင်လွန်းလှကာ အသိအတွေးနောက်ကျ၊ ပညာမပြည့်ဝသော လူ့အဖွဲ့အစည်းတချို့ရဲ့ ဓလေ့ထုံးတမ်းများ၊ ယုံကြည်မူများကို နာနာကျင်ကျင်အံ့သြကာ လူ့အဖွဲ့အစည်းအားလုံးထဲက အမျိုးသမီးအားလုံး အဲသလိုအဖြစ်မျိုးကနေ လွတ်မြောက်ကြဖို့သာ ဆန္ဒရှိရုံ၊ တကယ်တမ်း ကျွန်မမှ ဘာမှမတတ်နိုင်တာပဲလေလို့ မေ့ပျောက်ထားခဲ့ရတဲ့အကြောင်းအရာ။

ကျွန်မမျက်ဝန်းတွေကို ဗီဒီယိုကလစ်ဆီပြန်ပို့လိုက်တဲ့အချိန်မှာ မိန်းမငယ်ကလေးကို ကုတင်ထက်မှာ လဲလျောင်းစေပြီ။ ဖခင်ဖြစ်ဟန်တူတဲ့ယောက်ျားကြီးနဲ့ ဖြတ်တောက်ပေးမယ့် အမျိုးသားကြီးတစ်ယောက်က ကုတင်ခြေရင်းမှာရပ်ပြီး မိန်းမငယ်ကလေးရဲ့ ခြေထောက်၂ချောင်းကို ဆွဲမထောင်ကားလိုက်ကြတယ်။ ကျွန်မ အသက်ကို ခပ်မျှင်းမျှင်းဆွဲရှူလိုက်ပြီး မျက်ဝန်းတွေကို မှေးကျဉ်းထားလိုက်မိတယ်။ မိန်းကလေး သိပ်နာကျင်တော့မှာပဲ။ အဲဒီအချိန်ထိ ဗီဒီယိုကလစ်ကို ပိတ်ပစ်လိုက်ဖို့ ဘာကြောင့်များ ကျွန်မလက်တွေက တုန့်ဆိုင်းနေခဲ့တာပါလိမ့်။

မိခင်ဖြစ်သူကတော့ မိန်းကလေးရဲ့ မျက်စိနဲ့ပါးစပ်တွေကို သူမလက်ဖဝါးအပြည့် ဖိအုပ်ကာထားတယ်။
အခိုက်အတန့်ကလေး....
ဘာမှသိပ်မကြာလိုက်၊ မိန်းကလေးရဲ့မျက်နှာမှာ မျက်ရည်တွေ...
နာနာကျင်ကျင်စီးကျကာ ပါးစပ်ကပါ အသံထွက်လို့ အားကနဲ အော်ညည်းလိုက်သံကို တွေ့လိုက်ရတာ။ အော်ညည်းလိုက်သံကို တွေ့လိုက်ရတယ်ဆိုရတာက မိန်းကလေးရဲ့အော်သံကို ကျွန်မနားနဲ့ မကြားရလို့၊ သူမမိခင်က ပါးစပ်ကို လက်ဝါးနဲ့အပြည့်အုပ်ကိုင်ထားတာကြောင့်သာ အော်သံသဲ့ကနဲရယ်လို့ မျက်စိနဲ့ မြင်လိုက်ရပြီး ကျွန်မရင်ထဲထိအောင် ကျင်ကနဲ ကြားလိုက်ရတာ။

သနားစရာမိန်းကလေး သိပ်နာကျင်ရှာမှာပဲ။ ဖြတ်တောက်ပေးသူအမျိုးသားကြီးက မိန်းကလေးကို ပတ်တီးခါးတောင်းကျိုက်စည်းပုံမျိုး ခါးမှာ စည်းပေးနေတယ်။ မိန်းကလေးကတော့ သူ့မိခင်လက်ကိုသာ အတင်းဆုတ်ကိုင်ပြီး နာကျင်လွန်းလို့ တဆတ်ဆတ်တုန်နေရှာတာ။ ကျွန်မ ဆက်မကြည့်ရက်တော့၊ လက်တွေက ဗီဒီယိုကလစ်ကို အလိုလိုပိတ်မိရက်သားဖြစ်နေခဲ့တယ်။ ခုနက တဆတ်ဆတ်တုန်နေတဲ့ မိန်းကလေးရဲ့နှလုံးအိမ်မျိုး၊ အခုကျွန်မဆီမှာ....

Facebookမှာ ဗီဒီယိုကလစ်တွေကို ပရီဗြူးပြနေတဲ့အကျိုးဆက်ပဲဆိုပါတော့။ မိတ်ဆွေတစ်ယောက်မျှဝေထားတဲ့ အဲဒီဗီဒီယိုကလစ်က ကျွန်မဆီမှာလာပေါ်နေခဲ့ပြီး မနေနိုင်မထိုင်နိုင်ဖွင့်ကြည့်မိခဲ့တဲ့ အကျိုးဆက်က နောက်ရက်အနည်းငယ်အထိ အဲဒီမိန်းကလေးမျက်နှာနဲ့ အော်သံသဲ့သဲ့ကို ကျွန်မစိတ်တွေက အဖန်ဖန်ကြားနေမိခဲ့တာပါပဲ။
ခုဆို အတော်ကြာခဲ့ပြီ။ ကျွန်မနှလုံးအိမ်ကို ရိုက်ခတ်ခဲ့တဲ့အဲဒီအကြောင်းကို ကျွန်မ ဝံ့ဝံ့ရဲရဲ ရင်ဆိုင်နိုင်ပြီလို့ စိတ်ချတဲ့အခါမှ FGMအကြောင်းရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးဖြစ်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာဗီဒီယိုကလစ်တွေလည်း ပြန်လိုက်ရှာပြီးကြည့်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို FGM - Female Genital Mutilationလို့ခေါ်သလို Female Circumcisionလို့လည်း သုံးကြပါတယ်။ ၁၉၈၉ခုနှစ်လောက်က စလို့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ စတင်ကျင့်သုံးခဲ့တယ်လို့ ခန့်မှန်းကြတယ်။ Wiki-ဝီကီရဲ့ ၂၀၁၆စစ်တမ်းအလိုအရတော့ အာဖရိက ၂၇နိုင်ငံ၊ တချို့အာရှနိုင်ငံတွေမှာတင်မက အမေရိကနဲ့ ကနေဒါလိုတိုင်းပြည်တွေက စုစုပေါင်း သန်းပေါင်း၂၀၀သော အမျိုးသမီးတွေဟာ မိမိတို့ရဲ့မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ကို အဲဒီဓလေ့ထုံးတမ်းအရ ဖြတ်တောက်ပြီးဖြစ်တယ်လို့ ဆိုတယ်။ အနောက်နိုင်ငံတွေမှာတော့ လုပ်ပေးမယ့်သူ မရှိတဲ့အတွက် ဖြတ်တောက်လိုသူဟာ အဲဒီအမှုကိုပြုလုပ်ပေးနိုင်မယ့်တခြားနိုင်ငံတွေကို သွားပြီး
ဖြတ်တောက်ကြရပါတယ်။

ဒီနေရာမှာ ဘာကြောင့်လုပ်ရသလဲဆိုတဲ့ မေးခွန်းကို ကျွန်မ စေ့ငုကြည့်မိတဲ့အခါ အဖြေအများစုက အမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှုကို ထိန်းချုပ်ကန့်သတ်လိုလို့ (Control Women’s sexuality) ဖြစ်တယ်ဆိုတာ သိရပါတယ်။ ပြီးတော့ သူတို့ယူဆတာက လိင်စိတ်ဟာ အင်မတန်ညစ်ညမ်းတဲ့အတွက် အဲသလိုဖြတ်တောက်ပြီး လိင်စိတ်ခံစားမှုနည်းပါးစေခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာအရ စင်ကြယ်သွားပြီလို့ယူဆကြတာပါပဲ။

ကျွန်မအနေနဲ့တော့ လူမျိုး ဘာသာ ဘာတစ်ခုနဲ့မှ ဆက်နွယ်မပြောလိုပါဘူး။ နေရာဒေသ၊ လူမျိုးစုတစ်စု စတာတွေရဲ့ ဓလေ့ထုံးတမ်း မိရိုးဖလာယုံကြည်မှုလို့သာ ဆိုချင်ပါတယ်။ ၁၅-၁၆ နှစ် အရွယ်ရောက်ပြီးသား မိန်းကလေးဆိုရင် အဲဒီလိုဖြတ်တောက်ပြီးတာနဲ့ လက်ထပ်ခြင်းက နောက်ကပါလာစမြဲလို့ ဆိုတယ်။
ဆေးပညာရှူထောင့်ကကြည့်လည်းပဲ FGMပြုလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ဘာမှအထောက်အကူမပြုတဲ့အပြင် ပြုလုပ်ပြီးသူ အမျိုးသမီးတွေရဲ့ ဘဝတလျှောက်လုံး ဆိုးကျိုးတွေသာ အများကြီးခံစားရစေတယ်လို့ ဆိုထားပါတယ်။ ဖြတ်တောက်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေက ဘလိတ်ဓါး၊ ကပ်ကြေး၊ အပ်နဲ့ တခြားမြိနေအောင်သွေးထားတဲ့ ဓါးတိုမျိုးတွေဖြစ်ပြီး စနစ်တကျသုံးစွဲတာလည်းမဟုတ်၊ လူအများကြီးအတွက် ဒီပစ္စည်းတွေပဲ တဖန်လဲလဲ ဆက်သုံးလေ့ရှိတာမို့ သိပ်ကို အန္တာရာယ်များစေပါတယ်။ ပြီးတော့ အဲသလိုဖြတ်တောက်စဉ်မှာ မေ့ဆေးမပေး ထုံးဆေးမပေးဘဲ အစိမ်းဖြတ်တောက်တာမို့ စဉ်းစားရုံနဲ့တင် ဘယ်လောက်နာကျင်မယ်ဆိုတာ တွေးကြည့်နိုင်ပါရဲ့။
ဖြတ်တောက်ရာမှာ အဆင့်အမျိုးမျိုး ပုံစံအမျိုးမျိုးရှိတဲ့အနက် အများဆုံးဖြတ်တောက်လေ့ရှိကြတဲ့ပုံစံ (၃)မျိုး ရှိပါတယ်။




Type I Clitoridectomy - Partial or total removal of the clitoris and/or the prepuce
Type IIExcision - Partial or total removal of the clitoris and the labia minora, with or without excision of the labia majora
Type IIIInfibulation - Narrowing of the vaginal orifice with creation of a covering seal by cutting and appositioning the labia minora and/or the labia majora, with or without excision of the clitoris.

ဖြတ်တောက်ရာမှာ သုံးစွဲတဲ့ ဘလိတ်ဓါး၊ ကတ်ကြေးနဲ့ တခြားအချွန်အထက် ကိရိယာတွေကိုလည်း စနစ်တကျပိုးသတ်ထားခြင်း မရှိဘူးလို့ဖတ်ရပါတယ်။
အင်မတန်အန္တာရာယ်များပြီး နာကျင်လွန်းလှတဲ့ ဒီဖြတ်တောက်မှုအပြီးမှာ ဖြစ်လေ့ရှိတာတွေက အပျိုတွေအတွက် သွေးထွက်လွန်ခြင်း၊ ပိုးဝင်ယောင်ရမ်းခြင်း၊ ဆီးသွားရ အလွန်ခက်ခဲခြင်း၊ ရာသီသွေးပေါ်တိုင်း ခက်ခဲနာကျင်ခြင်းတို့ဖြစ်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးရတဲ့အထိဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အဲဒီမိန်းကလေးတွေ အိမ်ထောင်ကျပြီးတဲ့အခါမှာဆိုလည်း လိင်ဆက်ဆံတိုင်း နာကျင်တတ်ခြင်း၊ ကိုယ်ဝန်မဆောင်နိုင်ခြင်း၊ ဆောင်နိုင်ခဲ့ရင်တောင် ကလေးမီးဖွားရာမှာ ရှုပ်ထွေးခက်ခဲမှုများဖြစ်နိုင်စေတယ်လို့ ဆိုပါတယ်။

ဒါဆို ဒီလောက်ဆိုးကျိုးများတာ ဘာကြောင့်လုပ်ကြသလဲဆိုတာ အင်မတန်စဉ်းစားစရာ မကောင်းဘူးလား။ အမျိုးသမီးတွေအတွက် Female Genital Mutilation ရှိသလို အမျိုးသားများအတွက်လည်း Male Genital Mutilation ရှိပါတယ်။ ဒါပေမယ့် ဆင်းရဲနာကျင်ရပုံချင်းကျတော့ ဘယ်လိုမှ မနှိုင်းယှဉ်သာအောင်ပါပဲ။ အမျိုးသားတွေအတွက်ကတော့ လိင်တံထိပ်အရေပြားကလေးကိုသာ သတ်မှတ်ထားတဲ့ပမာဏ အပေါ်ယံဖြတ်လှီးထုတ်ပစ်ရုံပါ။ ပြီးတဲ့အခါ ကျန်တဲ့ဘဝတလျှောက်လုံး လူယောကျာ်းပီပီ နေထိုင်ခံစားသွားနိုင်တာကြောင့် အမျိုးသမီးများလို တသက်တာ နာကျင်ဆင်းရဲနေရတာမျိုး မဟုတ်တဲ့အပြင် သူတို့ဟာ ကလေးမီးဖွားစရာလည်း မလိုတာကြောင့်ပါပဲ။

ဗီဒီယိုကလစ်တွေ တခုပြီးတခုကြည့်လိုက်တိုင်း အမျိုးသမီးလေးတွေရဲ့ နာကျင်ရှုံ့မဲ့နေတဲ့မျက်နှာဟာ အင်မတန်ဂရုဏာသက်ဖွယ်ပါ။ ရုန်းကန်လို့မရအောင် ချုပ်ထားကြတဲ့သူတွေမှာလည်း နာကျင်နေဟန်အထင်းသား ပေါ်လွင်နေတာပါပဲ။ မိန်းကလေးတွေရဲ့နာကျင်မှုဟာ ကျွန်မရင်ဝကို လာလာဆောင့်နေသလို ခံစားရပါတယ်။ အဲသလိုကြည့်ရင်းက ဘာကြောင့်များ အမျိုးသမီးတွေဟာ FGMရဲ့သားကောင်ဖြစ်ကြရသလဲ။ ဘယ်သူကမှ မတွန်းလှန်ကြဘူးလား၊ ဒီလောက်ရက်စက်တဲ့ဖြစ်စဉ်ကြီးကို ဘယ်သူကမှ မဆန့်ကျင်ကြဘူးလားဆိုတဲ့ မချင့်မရဲစိတ်ဖြစ်မိပါရဲ့။

မသက်မသာကြည့်နေမိရင်းမှာပဲ ကျွန်မရဲ့စိတ်ကွက်လပ်ကို ဖြည့်ဆည်းပေးတဲ့၊ ကျွန်မသိလိုတဲ့ ဘယ်သူမှ မဆန့်ကျင်ကြတော့ဘူးလားဆိုတဲ့မေးခွန်းကို ဖြေပေးတဲ့ ဗီဒီယိုကလစ်လေးတခု ကြည့်ခွင့်ရလိုက်ပါတယ်။ ဘယ်လိုပြောရမှန်းမသိအောင် အားရကျေနပ်မိတာပါပဲ။

Kenyanအမျိုးသမီးငယ်ကလေး အသက်၁၇နှစ်ရှိပြီဖြစ်တဲ့ Nancyဆိုသူကလေးပါပဲ။ သူနေထိုင်ရာ ကင်ညာနိုင်ငံက Pokot Community-ပိုခေါ့ထ်လူ့အဖွဲ့အစည်းရှိရာ ရွာကလေးတရွာက သာမန်မိန်းမငယ်ကလေးပေါ့။ Pokotဆိုတာက အရှေ့အာဖရိကမှာရှိတဲ့ ကင်ညာ-Kenya Republicရဲ့ မြို့ငယ်ကလေးဖြစ်ပြီး သူတို့ကို Pokot peopleလို့ ညွှန်းဆိုလေ့ရှိကြပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတခုဖြစ်ပြီး သူတို့ကိုယ်ပိုင် Pokoot languageသုံးစွဲပြောဆိုကြသူများပါ။

နန်စီဟာ ပညာကို သိပ်လိုလားတဲ့မိန်းမငယ်ကလေးပါ။ သူမရဲ့ ညီမဖြစ်သူကတော့ သူမအဖေဆန္ဒအတိုင်း FGMလုပ်ပြီးပေမယ့် သူမကတော့ လုံးဝမလုပ်နိုင်ဘူးလို့ အပြတ်ငြင်းထားသူကလေးပေါ့။ သူမသူငယ်ချင်းတစ်ယောက်ဆို အသက်၁၅နှစ်မှာ ဖြတ်တောက်ပြီးလို့ အိမ်ထောင်ရက်သားတောင် ကျနေခဲ့ပါပြီ။ သူမကတော့ ငြင်းဆန်တုန်း၊ ဒီလိုဖြတ်တောက်မှ ယောကျာ်းရမှာလား၊ ယောကျာ်းတယောက်ရဖို့ထက် ပညာရေးကသာ သူမဘဝအတွက်အရေးကြီးဆုံးလို့ ခိုင်ခိုင်မာမာဆိုနေဆဲဖြစ်ပါတယ်။
နန်စီ့အဖေက နန်စီ့ကို ရွာထဲက တခြားမိန်းကလေးတွေလိုပဲ FGMလုပ်၊ ပြီးတာနဲ့ ယောကျာ်းယူစေ့ချင်တာပါ။ ဘဝကို လွယ်ကူပေါ့ပါးစွာပဲ ဖြတ်သန်းစေချင်ခဲ့တာ။ သူ့မှာ သတို့သားဘက်ကမင်္ဂလာလက်ဖွဲ့တင်တောင်းငွေ-Dowryအဖြစ် ကြိုတင်ယူထားတဲ့ နွားတကောင်ကလည်းရှိနေပြီမို့ နွားကို ပြန်မပေးလိုဘူး၊ ပြီးတော့ အဲဒီနွားကို ရောင်းပြီး သားဖြစ်သူ- နန်စီ့မောင်ရဲ့ ကျောင်းစရိတ်အဖြစ်သုံးဖို့ ရည်ရွယ်ပြီးသားလည်း ဖြစ်နေတာကြောင့်ပါ။
နန်စီကတော့ မလုပ်ဘူးဆို လုံးဝကိုမလုပ်နိုင်ဘူးလို့ အပြတ်ငြင်းပါတယ်။ နန်စီနဲ့ သူ့အမေ ရွာထိပ်ရေဘုံဘိုင်မှာ ပန်းကန်တွေဆေးကြောရင်း အပြန်အလှန်စကားပြောခန်းဟာ အင်မတန် သဘောကျစရာပါ။ FGMမှမလုပ်ရင် ယူမယ့်ယောကျာ်းလည်း ရှိမှာမဟုတ်ပါဘူးဆိုတဲ့ သူ့အမေကို နန်စီပြန်ပြောတဲ့စကားထဲမှာ မိန်းမတွေရဲ့ဘဝကို ယောကျာ်းတွေက ဘာကြောင့် အဆုံးအဖြတ်ပေးရမှာလဲဆိုတဲ့စကားလေးတခွန်းကလည်း သဘောကျစရာကောင်းလှတယ်။

"နင့်အဖေက သတို့သားလောင်းဆီက နွားတကောင်ကြိုတင်ယူပြီးနေပြီ။ အဲဒီနွားကို ရောင်းပြီး သမီးမောင်လေးကို ကျောင်းထားမှာ သမီးသိတယ်မဟုတ်လား"

"အို အမေရယ် မိန်းကလေးနဲ့ ယောကျာ်းလေးဟာ အတူတူပါပဲ။ အမေ့သားအတွက် ပညာရေးလိုအပ်တယ်ဆို ကျွန်မအတွက်လည်း ပညာရေးက လိုအပ်တာပါပဲ"

"သမီးရယ် အိမ်မှာပဲနေပါလား၊ ကျောင်းမသွားပါနဲ့တော့"

"အမေ့သားကို အိမ်မှာထားပါလား၊ ကျွန်မကတော့ ကျောင်းသွားရမှ ဖြစ်မယ် ကျွန်မအတွက် ပညာရေးက အရေးကြီးတယ်။ ကျွန်မ ဆရာဝန်ဖြစ်ချင်တယ် အမေ"

"သမီးနန်စီ သမီးလိုချင်တဲ့ပညာရေးဟာ နွားလောက်အသုံးဝင်ပါ့မလားကွယ်။ နွားက ရောင်းရင် ပိုက်ဆံရတယ်ကွဲ့"

"ပညာရေးကို နွားနဲ့နှိုင်းယှဉ်စရာလားအမေရယ်၊ နွားဆိုတာ အချိန်မရွေးသေနိုင်တဲ့ သတ္တဝါပါ။ ပညာရေးကတော့ နွားတကောင်ဆီကနွားနို့ထက် ပိုပြီးပေးနိုင်တဲ့အကျိုးအမြတ်တွေ အများကြီးပါ အမေ"

"ကျွန်မတို့ရဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေဟာ ပညာမတတ်ရင် စက်ဝိုင်းတခုလို အဖန်ဖန်လည်နေဦးမှာပဲ အမေ။ ကျွန်မအတွက် မောင်းနှင်အားက ပညာရေးပဲ။ အမေ ကျွန်မကို FGMသိပ်လုပ်စေချင်သပဆို Over my deadbody-ကျွန်မသေမှပဲ ရမယ်" လို့ အပြတ်ပြောချလိုက်တော့တာပါပဲ။

ဒီနေရာမှာ နန်စီ့အမေရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးပါလာပါတယ်။ လင်ဖြစ်သူနဲ့ သမီးဖြစ်သူအကြား ဘေးကြပ်နံကြပ်နေထိုင်ရင်း လင်ဖြစ်သူကို ဖျောင်းဖျရ၊ သမီးဖြစ်သူကို နားချရနဲ့ အင်မတန် ချစ်သနားစရာကောင်းတဲ့အမျိုးသမီးကြီး ဖြစ်လာပါတော့တယ်။ ပြောမရတဲ့အဆုံး သမီးဖြစ်သူနန်စီကို အဖွားအိမ်မှာ သွားရှောင်နေချေဆိုပြီး ခရီးအတွက် စီစဉ်ပေးလိုက်တာမို့ နန်စီဟာ အိမ်ပြေးမကလေးဖြစ်သွားပါတော့တယ်။
နန်စီ အိမ်မှာမရှိတော့တဲ့အခါ အဖေလုပ်သူက မိန်းမကို ထမင်းဝိုင်းမှာ ခုလိုပြောပါတယ်။

"ဘယ်မလဲ နင့်သမီး ငါတို့ရွာထဲက တခြားမိန်းကလေးတွေ ဒီလိုပဲ လုပ်နေကြတာပဲ၊ ပြီးရင် ယောကျာ်းတင်တောင်းတဲ့ လက်ဆောင်ကိုယူ၊ အိမ်ထောင်ကျ ပြီးရောမဟုတ်လား၊ နင့်သမီးဟာ ငါ အချစ်ဆုံးသမီး ခုတော့ ငါ့စကားနားမထောင်တဲ့အပြင် အိမ်ကပါ ထွက်သွားပြီ။ နင်ကလည်း အားပေးအားမြှောက် ကြံရာပါမဟုတ်လား၊ သွား ငါ့အိမ်မှာမနေနဲ့ နင်နဲ့လည်း ကွာမယ်"ဆိုပြီး မိန်းမချက်ပြုတ်ထားတဲ့သူ့ရှေ့စားပွဲပေါ်က စားစရာပန်းကန်ခွက်ယောက်တွေကို တွန်းပစ်ရင်း ဆိုပါတယ်။
နန်စီ့အမေဟာ အင်မတန်သည်းခံနိုင်တဲ့မိန်းမပါ။ လင်ဖြစ်သူကို ဘာမှ တင်းတင်းမာမာခွန်းတုန့်ပြန်မနေဘဲ နန်စီမှ မလုပ်ချင်တာ သွားပါစေပေါ့ဆိုတာမျိုးလောက်သာ ခပ်အေးအေးပြောပြီး ယောကျာ်းရှေ့က ထထွက်သွားခဲ့တာပါပဲ။ တချိန်ထဲမှာပဲ FGMနဲ့ပတ်သက်ရင် ရွာထဲက အမြင်မှန်သူ၊ သြဇာရှိတဲ့သူတွေကို စုဝေးခေါ်စေပြီး နန်စီ့အဖေကို နားချခိုင်းဦးမှလို့ တွေးနေမိတာ။ တနေ့ နန်စီ့အဖေကို  အသိအမြင်မှန်တဲ့ရွာလူကြီးတချို့နဲ့ဆုံစေပြီး နားချဖြောင်းဖျရာက နောက်ဆုံးတော့ နန်စီ့အဖေဟာ သမီးကိုချစ်တဲ့စိတ်နဲ့ နန်စီ့သဘောပါပဲဆိုပြီး သဘောတူလိုက်ရတော့တယ်။ အဲဒီအခါကျမှ နန်စီဟာ ရွာကိုပြန်လာပြီး အဖေနဲ့ စကားပြောတယ်။
နန်စီ့အဖေက ဘာပြောသလဲဆိုတော့ "သမီး သမီးကို အဖေက အချစ်ဆုံးဆိုတာ သမီးသိတယ်မဟုတ်လား၊ အဖေလေ အဘိုးကိုပြောပြီး အဖေတို့ကြိုတင်ယူထားတဲ့ နွား ပြန်ပေးလိုက်တော့မယ်။ ငါ့သမီး ပညာလိုချင်တယ်ဆိုလည်း သမီးသဘောအတိုင်း ဆုံးခန်းတိုင်အောင် ကြိုးစားပါကွယ်၊ ဟုတ်ပြီလား"လို့ သမီးဖြစ်သူကို လေပြေလေးနဲ့ ဆိုရှာတယ်။
အရင်ကဆို နန်စီ့အဖေက "နင့်သမီးသာ FGMမလုပ်ရင် ရွာထဲက လူပုံအလယ်မှာ ငါ မျက်နှာငယ်ရမယ်။ နင့်သမီးကို ယူမယ့်ယောကျာ်းလည်းရှိမှာ မဟုတ်ဘူး။ ငါလည်း ရွာထဲကလူတွေနဲ့ ဘီယာတောင်ဝိုင်းဖွဲ့သောက်ရဲမှာမဟုတ်သလို နွားလည်း ပြန်ပေးရမှာ။ ဘယ်လိုပဲကြည့်ကြည့် မျက်နှာပန်းမလှဖြစ်ရမှာဟ" ဆိုပြီး နန်စီ့အမေကို ဒေါနဲ့မောနဲ့ ပြောပြောနေတတ်တာပါ။
ဒါပေမယ့် နန်စီ့ရဲ့ပြတ်သားတဲ့ရပ်တည်ချက်နဲ့ ရဲရဲဝံ့ဝံ့ငြင်းဆန်မှုကြောင့် နောက်ဆုံးမှာတော့ FGMမလုပ်ရတော့ဘဲ နန်စီလိုချင်တဲ့ပညာရေးကိုဆက်ဖို့ နန်စီတယောက် ကျောင်းသွားရပြီပေါ့။ ကျောင်းမှာ နန်စီဟာ တက်ကြွပျော်ရွှင်နေပြီး အတန်းရဲ့ခေါင်းဆောင်နေရာမှာ ခန့်ထားခြင်းခံရတယ်။
ပြီးတဲ့အခါ သူတို့ ပိုခေါ့ထ်လူ့အဖွဲ့အစည်းကလေးက ကျင်းပပေးတဲ့ ဘဝအတွက် တခြားလမ်းကြောင်းရွေးချယ်အောင်မြင်ခြင်းပွဲမှာ စကားပြောခွင့်ရခဲ့တယ်။ 

အဲဒီမှာ ကိုင်ဆောင်တဲ့ ဆောင်ပုဒ်က “Let us abandon the knife, give us books and pens instead”
ဓါးတွေ ချထားခဲ့ပါ။ ဓါးအစား စာအုပ်တွေဘော့ပန်တွေကိုသာပေးပါဆိုတာပါပဲ။ 

ပြီးတော့ နန်စီက ပြောခဲ့တယ်။

There are no pioneers, but we may be the first to stand firm.

အဲဒီစကားလေးက သိပ်ကိုနှစ်သက်စရာကောင်းပါတယ်။  လူတိုင်းဟာ ကိုယ်ယုံကြည်ရာအပေါ် တင်းတင်းရင်းရင်း ခိုင်ခိုင်မာမာရပ်တည်ကြဖို့သာ လိုတာပါ။
မြန်မာပြည်မှာတော့ ဒီလိုအဖြစ်မျိုး ရှိမယ်မထင်ပါ။ ကျွန်မ မကြားမိတာများဖြစ်မလား...
နိုင်ငံအသီးသီးမှာ မတူညီတဲ့ ဘာသာစကား၊ ကွဲပြားတဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ အဖြူ အမည်း အသားရောင် ကွဲပြားနေမှုတွေ ရှိနေကြပေမယ့် ကျွန်မတို့ဟာ အမျိုးသမီးတွေပါပဲ... ခန္ဓာတည်ဆောက်ထားပုံချင်းလည်း တူကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဘာကြောင့် မတူညီကြရတာလဲ.....
နှစ်စဉ် ဖေဖော်ဝါရီ ၆ရက်နေ့ဟာ “International Day of Zero Tolerance for FGM” ပါ။
အမျိုးသမီးများအားလုံး မိုးကောင်းကင်တခုထဲအောက် တန်းတူညီစွာ ရှင်သန်လှပနိုင်ခွင့်ရှိကြစေချင်ပါရဲ့လေ…။


The People's Digest Magazine
အတွဲ ၁၊ အမှတ် ၃
လူမှုဘဝဆောင်းပါး


ချစ်ကြည်အေး

ref. Google / youtube

4 comments:

ငြိမ်းမိန်းကလေး said...

FGM ဒါ အခုမှ ပထမဆုံး ကြားဖူးတာပဲ အမရေ..
ဖတ်နေရင်း မိန်းမငယ်လေးနဲ့ ထပ်တူ နာကျင်မိတယ်...
သတ္တိရှိတဲ့ နန်စီကို ကျေးဇူးလည်းတင်တယ်.. ဂုဏ်လည်းယူတယ်...
နာကျင်မှုနဲ့အတူ ရင်ထဲရောက်သွားတဲ့ ရင်ထဲအမြဲရှိနေမယ့် ပို့စ်ပါ အမရေ..

ချစ်ကြည်အေး said...

ငြိမ်းမိန်းကလေး >> ကျေးဇူးပါညီမ

YE' YE' said...

အစ်မချစ်ရေ ဘလော့ကိုပြန်လာတဲ့အတွက်ကျေးဇူးပါ မျက်နှာစာအုပ်ကို မကြိုက်ဘူး ဘလော့ပဲ သဘောကြတယ်
ချစ်တဲ့ ညီမလေး

ချစ်ကြည်အေး said...

YE' YE' >> တူတူပဲ ညီမ၊ ဘလော့ဂ်ဂါတစ်ယောက်အတွက် ဘလော့ဂ်ရပ်ဝန်းဟာ အနိမ့် အမြင့် အကြီး အသေး နာမည်ကြီးငယ် မခွဲခြား၊ အေးချမ်းတည်တံ့ပြီး မူလပိုကျပါတယ်ညီမရေ.....

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်