Sunday, July 19, 2015

သူကလေး - ၎



လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ခုတင်ပေါ်မှာ bed rest တစ်ပတ်ခန့်နေရမည်။ ဘာမှတော့ စိတ်ပူစရာမရှိပါဟု ဆိုသည့်အတွက် ကြည် ရင်အေးရပါသည်။ ခုတင်ပေါ်ပက်လက်နှင့်ပင် ကလေးငယ်တစ်ယောက်ရဲ့ မိခင်ဘိုက်ထဲမှာ အဆင့်ဆင့်ဖွံ့ဖြိုးပုံတွေ၊ သားလောင်းမိခင်အနေနှင့် ဆောင်ရန်ရှောင်ရန်တွေ၊ ကလေးစိတ်ပညာ၊ ကလေးပြုစုပျိုးထောင်ရေးစသည့် စာအုပ်ကလေးများကိုဖတ်ရင်း အချိန်ကုန်ရသည်။

ကလေးလေးတွေဟာ ချီးမွမ်းတာကို အလွန်ကြိုက်တဲ့အကြောင်း၊ ကလေးတွေဘာလုပ်လုပ် သူတို့မှာ လုပ်ရတဲ့အကြောင်းရင်းရှိတဲ့အကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင်ရာမှာ ကလေးတို့ရဲ့ လိုအပ်ချက်ကို အခြေခံရမှာဖြစ်ပြီး လူကြီးမိဘတွေလိုအပ်ချက် ဆန္ဒတွေကို အခြေခံဖြည့်ဆည်းပေးဖို့ရန် မဟုတ်တဲ့အကြောင်း၊ အဲသည်လို လူကြီးမိဘတွေအတွက် မှတ်သားသတိမူစရာတွေပြည့်နေတဲ့စာကလေးတွေကို ဖတ်ရတော့ ကြည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိရသည်။ ဟုတ်တာပေါ့ ကြည်တို့မိဘတွေရဲ့ အတ္တ၊ ကြည်တို့မိဘတွေရဲ့အိပ်မက်၊ ကြည်တို့မိဘတွေရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့ရာ ကလေးတွေပေါ်ပုံချမယ်ဆိုရင်ဖြင့် အင်မတန်မှ မတရားလေခြင်းလို့ ကြည် လက်ခံသည်လေ။

ကြည်သည် အိပ်ရာပေါ်သက်သက်သာသာနေရင်း စာဖတ်လိုက်၊ ချည်ထိုးလိုက်၊ သီချင်းနားထောင်လိုက်နှင့် အချိန်များကုန်လွန်စေရသည်။ ပြီးပြန်တော့ အလုပ်ပြန်ဆင်းကာ သာမန်နေ့ရက်များကို ကျော်ဖြတ်ရပြန်သည်။ တကယ်တော့ နေ့ရက်များမှာ သာမန်ဖြစ်စေကာမူ ကြည့်ခံစားမှုတို့ကား သာမန်မဟုတ်တော့ပြီကို ကြည် ကိုယ်တိုင်သိသည်။ ကြည်သည် သူကလေးကို ဝမ်းဘိုက်ထဲလွယ်ထားရခြင်း၌ပင် ကိုယ့်ကိုယ်ကို အာဂမိန်းမနှယ် လူဖြစ်ကျိုးနပ်လျက်ရှိသည်။ အရာရာကို ကြည်လင်သောအမြင်နှင့် ပို၍ကြည့်တတ်လာသည်ဟုလည်း ထင်နေသေးသည်။

ဆရာဝန်ချိန်းဆိုသော နောက်တစ်ပတ်မှာတော့ ကြည်လွယ်ထားရသောသူကလေးသည် သားကလေးဖြစ်ကြောင်း သိရလေသည်။ သားကလေးဟုသိကြတော့ “ကောင်းတာပေါ့ သားဦးယောကျာ်းကလေးဖြစ်တာ အားကိုးရတာပေါ့၊ သားဆိုတာ ဓါးပဲ၊ သားဆိုတော့ ရဟန်ုးအမလည်းဖြစ်ရတယ်”ဟု မိတ်ဆွေများ၏ လောကဝတ်ကို ကြည် နားထောင်ရပြန်သည်။ သမီးကလေးများဖြစ်ရင်တော့ “သမီးဆိုတာ ထီးပဲ၊ ကြည်နဲ့တိုးတိုးဖော်ရတာပေါ့၊ သမီးဆိုတာ အိမ်လုံတယ်” စသည်ပြောကြလိမ့်ဦးမည်။ ကြည့်အရင်စိတ်နှင့်ဆို ဘာမွေးမွေး၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်ကိုယ့်သွေးပဲဟာဟု ပက်ကနဲဆိုမိမည်ထင်သည်။ ကြည်သည် အတွေးတို့ကို ခေါင်းထဲမှထုတ်ကာ မိတ်ဆွေများကို ပြုံး၍သာတုန့်ပြန်ရလေသည်။ အို....ကိုယ့်သွေးဆိုတဲ့စကားမှာကိုက စဉ်းစားဆင်ခြင်စရာတွေ ပြည့်နေပြန်သည်။ ကိုယ့်သွေးမဟုတ်သော ကလေးများသည်လည်း ကလေးတွေပဲမဟုတ်ဘူးလား....။ ကလေးတွေတိုင်းမှာ တူညီသောအခွင့်အရေးရှိသည်၊ ချစ်ခင်ခံခွင့်၊ ပြုစုခံခွင့်နှင့် ထိုက်တန်ကြသည်ပဲ...။

ကြည့်စိတ်တို့သည် ချဉ်တူးတူးဖြစ်လာလျက် အပြင်ပန်းမှာတော့ လောကဝတ်ဆိုတာ ဒါပဲလေဟု နားလည်ပေးရင်း ကျေးဇူးစကားကိုသာ တွင်တွင်ဆိုနေရသည်။ ဒါဟာ... ဒီလို...စိတ်ထဲရှိသလို မတုန့်ပြန်နိုင်ခြင်းကိုက လူ့ယဉ်ကျေးမှုတဲ့လားကွယ်ဟု မြည်တမ်းလိုသည်။

တစ်ခါတစ်ရံ ကြည့်ဘိုက်ရှေ့ကို စူထွက်လာတတ်သော ခြေကလေးလက်ကလေးတွေကို အသည်းယားလှစွာ ကြည့်ရင်းပီတိဖြစ်ရခြင်း၌ ကြည်ခံစားနေရသမျှအလိုမကျမှုတို့ အရည်ပျော်ရပြန်သည်။ သူကလေးဟာ ကြည့်ဘိုက်ထဲမှာ ကျန်းမာသန်စွမ်းစွာ လှုပ်ရှားလျက်ရှိနေတာ...။

ညညဆို နှစ်ခြိုက်စွာအိပ်ခွင့်ရတာကိုပဲ သူကလေးကို ကြည်က ကျေးဇူးတင်ရသည်။ ကြည့်ခြေထောက်တွေ ကြွက်တက်ပြီးနိုးလာရသောညများမှလွဲလျင် သူကလေးက ကြည့်ဘိုက်ထဲမှာ ငြိမ်သက်စွာ အတူအိပ်သည်ဟု ထင်ရသည်။

တစ်နေ့အထိပေါ့...

အဲသည့်နေ့ကတော့ ကြည့်စိတ်ထဲ သိပ်ကို ငြိမ်သက်လွန်းနေသည့် သူကလေး၏အလှုပ်အရှားကို သံသယဖြစ်မိသောနေ့ဖြစ်သည်။ ရုတ်တရက် သူကလေးနှင့်ကြည့်အကြား စိတ်ချင်းချည်နှောင်ထားသောကြိုး ပြတ်ထွက်သွားသလို ခံစားနေရကာ ခါတိုင်းလို ကြည့်ဝမ်းဘိုက်က သယ်ပိုးထားရသည့်ခံစားချက်တို့ ကင်းမဲ့ပေါ့လွင့်သွားသည်ဟု ကြည် ထင်သည်။

ဘာရယ်မသိသောစိတ်တစ်ခုခု၏နှိုးဆော်မှုကြောင့် ဆရာဝန်ဆီ ချက်ချင်းပဲသွားတွေ့ဖို့လိုမလား တွေးသည်။ အဲသည့်အထိ စိတ်ထဲသိပ်မစိုးရိမ်လှသေး။ လရင့်လာပြီ။ ၇လကျော်ကျော်ရှိလာပြီမို့ စိတ်ချရသောအနေအထားမှာ စိတ်ထဲ သိပ်တော့မပူမိ၊ သို့သော် တကယ့်ကို တစ်မျိုးကြီးပါပဲ၊ ပြောမပြတတ်သောခံစားမှုတစ်ခု ကြည် ခံစားသိနေရသည်။ သည်နေ့က ကြည့်ဆရာဝန် ဆေးခန်းထိုင်ရက်မဟုတ်တာမို့ နောက်တစ်နေ့တော့ သွားပြမှဟု စိတ်ထဲတွေးထားရသည်။ သူ့ကိုပြောပြတော့ သူက ကြည့်ဘိုက်နား ခေါင်းကပ်နားထောင်ကာ “ဟေးကောင်ကြီး အိပ်နေသလား၊ ဆော့ပါဦးကွ”ဟုဆိုကာ သူကလေးကို စကားတွေ ပြောနေခဲ့သည်။

နောက်တစ်နေ့မနက်မှာတော့ သွေးနည်းနည်းဆင်းသည်။ ကြည် မျက်နှာပျက်စပြုပြီ။ ဟိုတစ်ခါကလိုများ အိပ်ရာပေါ်အနားယူဖို့လိုသလား...ဒါမှမဟုတ်...။ ကြည်သည် မနက်စာစား၊ အဝတ်အစားလဲစဉ်မှာပင် မပြုံးနိုင်၊ သူကတော့ ကြည် စိတ်သက်သာရာရမည့်စကားများ ရှာကြံပြောနေခဲ့လေသည်။ ဆေးခန်းအသွား တက္ကစီပေါ်မှာ ကြည်တို့နှစ်ယောက်လုံး အတွေးကိုယ်စီနှင့် ငြိမ်သက်လိုက်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ ကောင်တာမှာထပ်အပြီး အလှည့်စောင့်နေစဉ်  ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာကုန်အောင်သာ ရွတ်လျက်ရှိရသည်။ ဆရာဝန်စစ်ဆေးအပြီး ပျက်ယွင်းသွားသောမျက်နှာနှင့် “စိတ်မကောင်းဘူးဗျာ၊ ကလေးက အထဲမှာ နှလုံးမခုန်တော့ဘူး”ဆိုသည့်အသံ၌ ကြည် အရုပ်ကြိုးပြတ်သည်။ သူ သူ့လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် ကြည့်ပုခုံးတို့ကို ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်များ ပြောလျော့စပြုလေသည်။ 

သူကလေး....၊ သူကလေးရေ....ကြည်တို့ဘာများ မှားခဲ့ကြသလဲကွယ်...။ 

ကြည် မျက်ရည်တို့အကျမှာ ဆရာဝန်က ခွဲစိတ်ထုတ်မလား၊ နောက်ရက်အနည်း သားလျှောအကျမှာ ခြစ်ထုတ်မလားဟု လိုရင်းကိုသာ မေးလေသည်။ ခွဲထုတ်မယ်ဟုပြောသော ကြည့်အသံမှာ ပျော့ကာအက်ကွဲလျက်ရှိသည်။ ကြည့်အသံမှ ဟုတ်ပါလေစ...။ ဆေးရုံတက်ရက်ကို လာမည့်နေ့မှာ သတ်မှတ်ကာ ကြည်တို့အိမ်ပြန်ခဲ့ကြသည်။ အိမ်အပြန်လမ်းသည် အေးစက်ခြောက်ခြားကာ အသက်မဲ့စွာ။ အိမ်ရောက်တော့ သူက အိပ်ရာခြေရင်းက ကလေးပိုစတာလေးတွေကို တစ်ပုံချင်းဆွဲခွာလျက် နံရံကိုလက်သီးနှင့်ဖွဖွထိုးကာ သားရယ် သားရယ်ဟု နှုတ်မှတဖွဖွဆိုသည်။

ကြည်သည်လည်း နှလုံးသားတို့ပေါက်ထွက်မတတ် ငိုတော့သည်။ ကံကြမ္မာဟာ ရက်စက်လွန်းသည်ပဲ...။ ကျီစားတတ်လွန်းသည်ပဲ...။ တစ်ပိုင်းတစ်စထိုးထားသော ခြေအိတ်ကလေး၊ ပြီးစီးသွားပြီဖြစ်သော ဦးထုပ်ကလေး....ချည်အဖြူစွတ်စွတ်ကလေးနှင့်...။ ကြည့်အိပ်ရာဘေးမှာ...။ သူတို့လည်း အသက်မဲ့ပြီလေ...။ ကံသေကံမဘာမှပြောမရသော ဘဝကြီးထဲက ဖြစ်တည်မှု၊ ပျက်ယွင်းမှုတို့ကို ကြည် မပိုင်၊ သူလည်း မပိုင်၊ ဘယ်သူကမှ မပိုင်ဆိုင်ကြပါ။ အသက်ဓါတ်တစ်ခု၏ ထိလွယ်ရှလွယ် ဖျတ်ကနဲကွဲကြေလွယ်မှုမှာ အဘယ်သို့သောသူကများ တင်းခံနိုင်မည်တဲ့လဲ။ ကြည်တို့သည်လည်း ငြိတွယ်တတ်သော၊ ဖိတ်စင်တတ်သော ပုထုဇဉ် သာမန်လူသားမျှသာပဲ မဟုတ်လား။

ကြည် သတိပြန်ရလာတော့ ပထမဆုံးသိသည်မှာ တုန်ခိုက်နေအောင် ချမ်းနေခြင်းပဲဖြစ်သည်။ ကြည့်ဘိုက်ထဲကနေ သူကလေးကို ခွဲထုတ်လိုက်ကြပြီးပြီ။ သူကတော့ သားကလေးကို ကြည့်ခဲ့သည် တဲ့။ ကြည့်မှာ မမြင်ရက်စရာ အသက်မဲ့နေမည့်သူကလေးကို စိတ်နှင့်တောင် မမြင်ရက်ပါ။ မျက်စေ့တို့ကို ပြန်လည်မှိတ်လိုက်စဉ် ခဏမှာ ပြန်လည်၍အိပ်ပျော်သွားပြန်သည်မှာ တာဝန်ကျဆရာမလေး စောင်တစ်ထပ် လာခြုံပေးသည်ကိုပင် မသိလိုက်တော့။

နောက်တစ်ဖန် ကြည်နိုးလာချိန်မှာတော့ ညနေစောင်းနေခဲ့ပြီဖြစ်သည်။ ကြည်က ဆေးရုံမှာ လေး-ငါးရက်ခန့်တော့ နေရမည်ထင်သည်။ သူကလေးအတွက် မွေးစာရင်းလုပ်ပြီးသည်နှင့် သေစာရင်းကိုပါ တစ်ပါတည်းလုပ်ရသည်။ ထွက်သွားခဲ့ပြီ...။ သူကလေးဟာ ကြည်တို့ဘဝထဲမှာ ရှိမနေတော့။ ကြည့်ဘိုက်ထဲမှာ ကြည့်သားကလေးအဖြစ်နှင့် ၇လတာနေခဲ့သည်၊ ကြည်နှင့်အတူ ကြည့်အသွေးအသား၊ ကြည်စားသမျှ အချိုအခါးတွေကို ခွဲဝေခံစားခဲ့ရဖူးသည်ကိုပဲ  ကျေးဇူးတင်ရမည်လား ကြည် မသိတတ်နိုင်တော့။

နောက်နေ့မနက်မှာတော့ ကြည် လမ်းထလျှောက်သည်။ ထိုစဉ်မှာ ကြည့်ဘေးကုတင်က မိန်းကလေးအကြောင်း ကြားသိခဲ့ရတာဖြစ်လေသည်။ မိန်းကလေးက ကလေးမီးဖွားစဉ်မှာ ဆုံးပါးသွားခဲ့ပြီတဲ့...။ ကြည့်မျက်စေ့ထဲမှာ ကြည့်ကုတင်ဘေးက ဆံတိုကလေးနှင့်၊ လည်ပင်းနှင့်ရင်ဘတ်တစ်လျှောက် တက်တူးထိုးထားသော မိန်းမငယ်ကလေးကို မြင်ယောင်သည်။ ဆေးရုံလာတက်တာ အဖော်မပါ၊ ဘိုက်ကလေးကော့ကော့ ကော့ကော့နှင့် မျက်နှာကိုချီမော့ကာ တစ်လောကလုံးကို အရေးမစိုက်သောမျက်နှာပေးနှင့် မိန်းမငယ်ကလေး။ ထိုမိန်းကလေးက single momဟု သိရသည်။ သူ့ကလေးအဖေ ဘယ်သူဘယ်ဝါမှန်း သူကိုယ်တိုင်ပင် မသိ၊ သိလည်း မထူးဟုထင်ထားပုံရသည်။ ကြည့်ကိုတော့ ကုတင်ဘေးချင်းကပ်မို့ ငဲ့စောင်းကာ ကြည့်ဖော်ရသည်။ ခုတော့ သူမက သူမရင်သွေးကလေးကို တာဝန်ကျေစွာမွေးအပြီး ထားရစ်ခဲ့လေပြီ။

ကလေးက ဘာလေးလဲဟု ကြည်ကမေးရာ ယောကျာ်းကလေးဆိုတာနှင့် ကြည်က ကြည့်သားကလေးကို နင့်ကနဲအမှတ်ရပြန်သည်။ အဲသည်ကလေးလေးက လမပြည့်ဘဲမွေးတာမို့ သုံးပေါင်ကျော်ကျော်သာရှိသည်ဟု ဆိုသည်။ ထိုကလေးကို ကြည့်ခွင့်တောင်းတော့ ဆရာမတွေက အပြင်ကကြည့်ရင်တော့ရပါတယ်ဆိုတာမို့ သွားချောင်းကြည့်ဖြစ်သည်။ မီးအပြာရောင်မှိန်ပျသော  အထူးခန်းကလေးထဲမှာ များစွာသော ပိုက်တန်းလန်းကလေးတွေနှင့် ကလေးလေးက ဘေးတစောင်းကလေး ခွေအိပ်လျက်။ သူ့မျက်စေ့ကလေးတွေကို အုပ်ထားကာ နှာခေါင်းမှာ၊ ခြေလက်တွေမှာ၊ ရင်ဘတ်မှာ ပိုက်တန်းလန်းများတပ်လျက် လွှတ်ထားသောရောင်ခြည်အလင်းတန်းများအောက်မှာ ကွေးကွေးကလေး...။

ကြည်သတိဝင်လာတော့ ကြည့်ပါးပေါ်မှာ မျက်ရည်တွေနှင့်၊ အရွယ်နှင့်မမျှလိုက်တာ ကလေးရယ်....။ 

မိသားစုဝင်အားလုံးက လိုချင်ကြိုဆိုခဲ့ကြလျက် ကြည်တို့ဘဝထဲက သူကလေးထွက်ခွာသွားခဲ့ချိန်မှာ၊ ထိုသူကလေးကတော့ လောကကြီးထဲ နှစ်နှစ်ကာကာကြိုဆိုသူမဲ့ ဝင်ရောက်လာခဲ့ပြီ။ ကြည်သည် ချက်ချင်းလိုလို သူကလေးနှင့်ကြည့်အကြားက ဆက်သွယ်မှုတစ်စုံတစ်ရာကို မြင်လိုက်ရသလိုရှိသည်။ မျက်ရည်တို့ကိုသုတ်ကာ တာဝန်ရှိသူများနှင့်တွေ့ပြီး ကလေးမွေးစားခွင့်အတွက် မေးမြန်းလေတော့သည်။


ဆက်ရန်....



2 comments:

  1. စိတ်မကောင်းလိုက်တာ။ကျွန်မလဲ နှစ်ခါတောင်ဖြစ်ဖူးတယ်။အခုတော့ သားသားလေးရတာ တစ်နှစ်ပြည့်ပြီ။အားမငယ်ပါနဲ့နော်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...