Saturday, April 20, 2013

ချစ်သူ့မြို့ကလေးနှင့်အဝေးက သူမ



(၁)
မနက်မိုးလင်းလျှင် ကျေးငှက်သံကလေးများနှင့် တီတာချိုလွင်သော၊  သစ်ပင်ပန်းပင်များနှင့် စိမ်းစိုသော အိမ်ခေါင်မိုးအုပ်ကြွပ်နီနီကလေးများရှိသော၊ မနက်ခင်းများမှာ တွေ့ဆုံကြတိုင်း သိသည်ဖြစ်စေ မသိဘဲဖြစ်စေ “မင်္ဂလာနံနက်ခင်းပါ” ဟု နှုတ်ဆက်တတ်သည့် လူယဉ်ကျေးများရှိသော၊ အုတ်နီရောင် မီးရထားဘူတာကလေးများရှိသော မြို့ကလေးတစ်မြို့၌ ချစ်သူ နေထိုင်ပါသည်။

ချစ်သူ့အိမ်ကလေးမှာ ခြံဝန်းကျယ်ကလေးတစ်ခုထဲ (တကယ်တော့ ခြံခတ်ထားခြင်းမဟုတ်ဘဲ ပုဏ္ဏရိတ်လို အရွက်စိမ်းစိမ်းပင်ကလေးများ ခပ်ကျဲကျဲ စီတန်းစိုက်ပျိုးထားခြင်းသာ)တွင် ရှိပါသည်။  ခြံဝန်းကျယ်ထဲက အိမ်သေးသေးကလေးထဲမှာ ဧည့်ခန်း၊ စာကြည့်ခန်းနှင့်တွဲရက် ရေချိုးခန်းပါအိပ်ခန်းတစ်ခန်းနှင့် မီးဖိုချောင်တို့ပါဝင်လျှက် သူ့အချိန်အတော်များများကို စာကြည့်ခန်းထဲတွင်သာ ကုန်လွန်စေမည်ဖြစ်ကြောင်း သူမ သေချာလှသည်။

အိပ်ခန်းတစ်ခန်းထဲကိုသာ အပြာမှိုင်းမှိုင်းသုတ်၍ ကျန်တစ်အိမ်လုံးကို အဖြူရောင်ဆေးသုတ်ထားသော ချစ်သူ့အိမ်သည် လွန်စွာလင်းချင်းရှင်းသန့်လျှက်ရှိသည်။ အသန့်အပြန့်ကြိုက်သော ချစ်သူသည် စားသောက်ပြီးသောအခါ ကြွေပန်းကန်ပြားများကို ရေဆေးပြီးတိုင်း ပြောင်လက်အောင်သုတ်ကာ မီးဖိုချောင်ဘီရိုထဲ စီရီပြန်ထည့်ထားလိမ့်မည်ကို သူမ သိသည်။ ထို ကြွေပန်းကန်စုံများကို သူမကိုယ်တိုင် လိုက်လံရွေးချယ်ဝယ်ယူပေးထားခဲ့သည်ဆိုတာကိုတော့ ချစ်သူ မေ့ချင် မေ့ထားနိုင်သည်။ ကိစ္စ မရှိပါ။ ချစ်သူ၏ မသိကျိုးကျွန်မှုတွေထဲ သူမ နေတတ်နေပြီ ဖြစ်သည်။

ချစ်သူသည် မနက်အိပ်ရာက နိုးလျှင်နိုးချင်း ချက်ချင်းမထသေးဘဲ နှိုးစက်မြည်သံကိုစောင့်ကာ နားစွင့်လျှက် ခဏမှေးနေလိမ့်မည်။ နှိုးစက်မြည်လာမှ နှိုးစက်နာရီကိုပိတ်၍ စောင်ကို ကိုယ်မှခွာလျှက် အိမ်ရှိပြတင်းပေါက်အကုန် လိုက်လံဖွင့်လိမ့်မည်။ မျက်နှာမသစ် သွားမတိုက်သေးဘဲ ကော်ဖီတစ်ခွက် ဖျော်သောက်ချင် သောက်မည်။ ဒတ်ခ်ျဖြစ် Maccona ကော်ဖီတံဆိပ်ဖြစ်မည်ကို သူမ သေချာသည်။ ထို့နောက် ခြံရှေ့စည်းရိုးနားသို့သွားကာ လမ်းမပေါ် ကဲကြည့်ချင် ကြည့်နေလိမ့်မည်။ အိမ်ထဲပြန်မဝင်ခင်မှာ သစ်သားတိုင်ကလေးတွင် ချိတ်ထားသော စာတိုက်ပုံးကလေးထံ မျက်လုံးတစ်ချက်ဝေ့ကြည့်ကာ ဖွင့်ရကောင်းနိုး တွေဝေနေဟန်ရှိလိမ့်မည်။ သို့သော် မဖွင့်တာလည်း မဟုတ်ပါ။ 

စာတိုက်ပုံးကလေးထဲမှ နေ့စဉ်ထုတ် သတင်းစာ၊ လစဉ် အခွန်အခပေးဆောင်ရန် ဘီလ်များ၊ ရေဘိုး မီတာခ ပေးဆောင်ရန် ရှိသည်များ၊ အိမ် မြေ ငှားရောင်းဝယ် ကြော်ငြာများနှင့် အခြားသော အရေးမပါလှသည့် စာရွက်များ တစ်ထပ်ကြီးကို တစ်ခုချင်း မမြင်ဖူးသလိုကြည့်ကာ နောက်ဆုံးတော့ သူလိုချင်သည်များကိုသာ ရွေးထုတ်မည်။ ဘာမှ မကျန်တော့သော စာတိုက်ပုံးကလေးထဲသို့ တစ်စုံတစ်ခုများ ကျန်ရှိနေဦးမလားဆိုသည့်စိတ်နှင့် (မျက်ခုံးအတွန့်ချိုးကာ) လက်တစ်ခုလုံးထိုးသွင်းလျှက် စမ်းနေလိမ့်ဦးမည်။

ပြီးမှ အိမ်ထဲပြန်ဝင်လာကာ စာကြည့်ခန်းထဲတန်းဝင်လျှက် မနေ့က ဖတ်လက်စစာအုပ်ကို ဆက်လက်ဖတ်နေမည်။  (၁၀)မျက်နှာခန့်ဖတ်ပြီးလျှင် နေ့စဉ်ထုတ်သတင်းစာကို လှန်လှောနေကျအတိုင်း ထုံးစံမပျက် ကျော်ဖတ်လိမ့်မည်။

ဗိုက်ဆာလာလျှင် မီးဖိုချောင်ဝင်ကာ အသားတစ်မျိုး သို့မဟုတ် ဝက်အူချောင်းနှင့် ရေခဲသေတ္တာထဲရှိသမျှ အသီးအရွက်တို့ကို ခရုဆီနှင့် တောင့်တောင့်ကလေး ခပ်စိမ်းစိမ်းကြော်၊ ကော်ရည်ဖြန်းကာ ထမင်းပူပူပေါ်ပုံလျှက် ထမင်းပေါင်းစားလိမ့်မည်။ လိမ္မော်ရည်တစ်ခွက်နှင့် သူ့နေ့လည်စာကို အဆုံးသတ်ကာ စာကြည့်ခန်းထဲပြန်ဝင်၍ ကွန်ပြူတာဖွင့်ကာ စာ စတင်ရေးသားမည် ဖြစ်သည်။ သူမအကြောင်း တစ်စွန်းတစ်စမျှ မပါရလေအောင် ရေးသားထားသောချစ်သူ့စာများကို သူမကတော့ နားလည်စာနာစွာ စောင့်ဖတ်နေဆဲပင်ဖြစ်သည်။

နှစ်နာရီခန့်စာရေးပြီးလျှင် ခါးဆန့်ခြေဆန့်ကာ အိမ်နှင့် မဝေးလှသော၊ နီးလည်း မနီးလှသော အုတ်နီရောင် ဘူတာရုံကလေးသို့ လမ်းလျှောက်သွားချင် သွားမည်။ အပြန်မှာ အိမ်ထဲမဝင်ခင် စာတိုက်ပုံးကလေးထဲသို့ နောက်တစ်ကြိမ် လက်နှိုက်ကြည့်ချင် ကြည့်ဦးမည်။ စာပို့သမား တစ်နေ့ နှစ်ကြိမ်လာနေကျမို့ ချစ်သူသည်လည်း စာကို တစ်နေ့နှစ်ကြိမ် မျှော်နေကျဖြစ်လေသည်။ မည်သည့်ပို့သူထံမှ စာကို မျှော်လင့်သည်ကိုမူ ချစ်သူသာလျှင် သိနိုင်ပေမည်။ သူမဆီကစာ ဖြစ်ချင်ဖြစ်နေမှာဟု အနည်းငယ် မျှော်လင့်မိသည်ကိုတော့ အမှတ်မရှိသူပီသစွာ သူမ ဝန်ခံရဦးမည်။

ညနေခင်းများတွင်တော့ ချစ်သူသည် မာယိုးနစ်နှင့် အသီးအရွက်အသုတ်တစ်ခွက် သို့မဟုတ် ပဲကြာဇံနှင့် ပုဇွန်စိမ်းသုတ်ဖြစ်စေ၊ အီတလီခေါက်ဆွဲဖြစ်စေ စားလိမ့်မည်။ နေအေး၍ အမှောင်ရောက်သော် ခြံဝင်းထဲက ကုလားထိုင်ကလေးပေါ်တွင်ထိုင်ကာ အေးအေးလူလူ ကြယ် ကြည့်ချင်ကြည့်နေပေလိမ့်မည်။ ကြယ်ကလေးများနှင့်တူသည်ဟု ချစ်သူပြောဖူးသော သူမမျက်ဝန်းလက်လက်ကလေးများကို ချစ်သူ သတိမှ ရပါလေစ။ မရတော့ရော ဘာဖြစ်သေးလဲ၊ အို သူမ  ချစ်သူဆီက ဘာကိုမှ မျှော်လင့်မနေချင်တော့တာပါ။ သူမ နာကျင်စွာ တွေးမိပြန်သည်။

ချစ်သူ့တစ်နေ့တာသည် သူမ မျှော်မှန်းထားသလို ရိုးစင်းလှသည်။ ထိုရိုးစင်းမှုကို မက်မောစွာ၊ တမ်းတနှစ်လိုစွာ စောင့်ကြည့်နိုင်ဖို့ သူမ နှစ်နှင့်ချီ၍ အားထုတ်ခဲ့ရကြောင်းကိုမူ ချစ်သူ ဘယ်တော့မှ သိလိမ့်မည် မဟုတ်ပေ။

(၂)

ဆရာမကြီးသည် ကိုယ်လုံးကိုယ်ထည် ခပ်ပါးပါး၊ မျက်လုံးစူးတောက်တောက်၊ နှာတံမဆိုစလောက် ရှည်ကာ ဦးခေါင်းထိပ်မှာ ကွမ်းသီးလုံးခန့် ဆံပင်ထုံးကလေး ရှိသည်။ အဖြူနှင့် ယောဂီရောင်ကိုသာ ဝတ်ဆင်လျှက် ရာသက်ပန် ရှစ်ပါးသီလယူထားသော အမျိုးသမီးကြီးဖြစ်ပါသည်။

“မင်း ဘယ်လောက်သေချာလို့လဲ”

“ရှင် ဟုတ်  ကျွန်မ သေချာပါတယ်။ ကျွန်မ စိတ်ခိုင်ပါတယ်”

“မင်းချစ်သူက မင်းကိုပဲ သတိရ တမ်းတနေမယ်။ မင်းကိုပဲ သစ္စာရှိရှိချစ်နေလိမ့်မယ်လို့ မင်း ယုံသလား”

ဟင့်အင်း၊  သူမ မဖြေနိုင်၊ မဖြေရဲခဲ့ပါ။ သူမကိုယ်တိုင်လည်း မသေချာ။ သူမကတော့ ချစ်သူ ကျောခိုင်းသွားသောနေ့မှစ၍ သည်နေ့ထိ ဘယ်လိုမှ မေ့မရခဲ့နိုင်တာပင်။ သေလုမျောပါး ဝေဒနာနှင့် စိတ်ရော ရုပ်ပါ ကျဆင်းထိခိုက်ခဲ့ရပါလေသည်။ လူမှုရေး စီးပွားရေးမဆိုထားနှင့် မိမိကျန်းမာရေးကိုပင် မစောင့်ရှောက်နိုင်သော မိန်းမတစ်ယောက်ဖြစ်သည်အထိ သူမ ပျော့ညံ့ရှုံးနိမ့်ခဲ့ပါသည်။

ဆရာမကြီး၏မျက်ဝန်းအပြုံးကို သူမ ရင်မဆိုင်ရဲပါ။ မင်းချစ်သူက မင်းကို ဘယ်လောက်ထိ သစ္စာရှိရှိနေနိုင်မှာလဲဆိုတာထက် ယောကျာ်းတွေအကြောင်း မင်း ဘယ်လောက် သိလို့လဲ၊ မင်းကိုယ်မင်း စိတ်မာပါတယ်လို့ ဘယ်လောက်စိတ်ချလက်ချရှိနေလို့လဲဆိုသည့်မေးခွန်းများပါ ပါဝင်ပေါင်းစပ်နေသော ထိုမျက်ဝန်းမှ အမေးများအောက်တွင် သူမ သေးငယ်စွာ တည်ရှိနေခဲ့ရသည်။

တစ်ခြားသင်တန်းသားများ၏ အကြောင်းပြချက်နှင့် တက်တက်စင်ကွာခြားသော “အဝေးက ကျွန်မချစ်သူကို စိတ်မျက်လုံးနဲ့ လှမ်းကြည့်ချင်လို့ပါ ဆရာမကြီး”ဆိုသော သူမစကားအဆုံးမှာ ဆရာမကြီးက သည်လို တုန့်ပြန်ခဲ့တာ ဖြစ်လေသည်။ သူမကတော့ ဆရာမကြီး သူမကို ရယ်မောကာ လှောင်လိုက်စေချင်လှတာ။ သို့သော် ပို၍ဆိုးဝါးသော မျက်ဝန်းနှင့်ပြုံးသည့်ဒဏ်ကို သူမ ခံရခက်စွာ ခေါင်းငုံ့နေခဲ့ပါသည်။

သင်တန်း၏ပထမလတွင် သူမ လူးလိမ့်နေအောင် ခံခဲ့ရသည်။ ပထမတစ်ပတ် မေတ္တာပွားရစဉ် သုံးရက်လုံးလုံး စိတ်မလွင့်ရမည့်အစား သုံးမိနစ်မျှပင် မတည်သော သူမစိတ်တို့ကြောင့် သင်တန်းသားများ နောက်တစ်ဆင့်တက်သွားသော်လည်း သူမတစ်ယောက်သာ နောက်ကျကျန်ရစ် ခဲ့ရသည်။

ထိုတစ်ဆင့်မှလွန်၍ ဗုဒ္ဓနုဿတိ သုံးရက်ပွားများစဉ်တွင်မူ သူမစိတ်တို့ အနည်းငယ် တည်ငြိမ်လာခဲ့ပြီ။ ထို့နောက် ဝင်လေ-ထွက်လေ-တစ်၊ ဝင်လေ-ထွက်လေ-နှစ်မှ စတင်ရေတွက်ကာ ဝင်လေ-ထွက်လေ-ရှစ်အထိရောက်လျှင် တာလီတစ်ခုချိုးပြီး တာလီပေါင်း ၅၀၀ရအောင် မှတ်ရတော့သည်။ ထိုအခေါက်ရေကြားမှာ စိတ်ကလေးတစ်ချက် လွတ်ထွက်သွားလျှင် အစမှ ပြန်စ၍ ရေတွက်ကာ တာလီ ၅၀၀ ပြည့်သည်ထိ ပြန်မှတ်ရလေသည်။ မလွယ်ပါ။ သူမအတွက် လုံးလုံးမလွယ်သော်လည်း သူမ ကြိုးစားခဲ့ပါသည်။  နောက်ဆုံးတွင် တစ်နေ့လျှင် တာလီနှစ်ထောင်ရသည်အထိ တိုးမှတ်သွားရကာ နှာသီးဖျားထိပ်မှ ကြည်လင်တောက်ပသော အရာင်အလင်းတန်းများ တွေ့ရသော် သူမ ပျော်ရွှင်စိတ်တို့ ထိန်းမရနိုင်ခဲ့။

(၆)လမျှကြာသော် ဆရာမကြီးက သူမတို့အားလုံးကို အခန်းနံရံကို ဖောက်ထွင်းကြည့်စေခဲ့လေသည်။ အံ့သြစရာကောင်းစွာပင် တစ်ဘက်ခန်းမှလူများကို ပကတိမျက်စေ့နှင့် ရှင်းလင်းစွာ မြင်နေရ သည်။ နောက်တစ်ဆင့်မှာ သူမတို့လုံးဝမသိသော သူစိမ်းတစ်ယောက်၏အိမ်ရှိ ဘုရားခန်းသို့ စိတ်အလင်းတန်းကို စေလွှတ်ကာ သွားရောက် ကြည့်ရှူ့ရခြင်းပင်။ ဆရာမကြီးက တစ်ယောက်ချင်းစီ၏ မှတ်မိခဲ့သမျှ ဘုရားစင်၏အနေအထားကို မေးမြန်းရာ သင်တန်းသားအားလုံးမှ တစ်သံတည်း တူညီစွာပြောနိုင်ကြသည်မှာ လွန်စွာ အံ့ဖွယ်။ သူမ မျက်ရည်များ ဝဲလာသည်အထိ အံ့သြဝမ်းသာရသည်။ သို့သော် သူမ သွားကြည့်ချင်လွန်းလှသော ချစ်သူ့အိမ်ကိုဖြင့် သူမ မကြည့်ရသေးပါ။ သင်တန်းပြီး၍ သူမအိမ်သို့ ပြန်ရောက်မှသာ ကြည့်ရှူ့ရမည်ဟု ဆရာမကြီးက ဆိုထားသောကြောင့် ဖြစ်ပါသည်။

ပထမဦးဆုံး ချစ်သူ့အိမ်ကလေးဆီ သူမစိတ်စွမ်းအားအလင်းကို ပို့လွှတ်ကြည့်ရှု့စဉ် သူမ ဘယ်လိုမှ စိတ်တည်၍ မရဘဲ ဝေဝေဝါးဝါးသာ မြင်ရလေ၏။ နောက်တစ်ကြိမ် စိတ်တို့ကို စုစည်းတည်ငြိမ်စေကာ စေအလွှတ်တွင်မူ သူမ ကောင်းစွာမြင်ခဲ့ရပြီ။ အသိစိတ်တို့ ပြန်လည်သိမ်းယူကာ ချစ်သူ့အိမ်ကလေးမှ ပြန်လည်ရောက်ရှိစဉ် သူမတစ်ကိုယ်လုံး ခုတင်ပေါ်ပုံကနဲ လဲကျကာ အားအင်မဲ့ ငိုကျွေးနေခဲ့မိလေသည်။

လွမ်းလိုက်တာ ချစ်သူရယ်…၊ လွမ်းလိုက်တာ….

သည်လိုနှင့် သူမနှင့်ချစ်သူ့အိမ်ကလေးတို့ ကျွမ်းဝင်လာကာ ချစ်သူ့တစ်နေ့တာကို သူမနှလုံးသားနှင့် ကျက်မှတ်ပြီး ဖြစ်လေသည်။

(၃)

သူမစိတ်အလင်းတန်းတို့သည် စာဖတ်ခန်းထဲတွင် စာဖတ်နေသော ချစ်သူနောက်ကျောတွင်တည်ကာ ငြိမ်ဝပ်လျှက် မိမိအသက်ရှူသံမျှပင် ပြန်မကြားနိုင်အောင် တိတ်ဆိတ်စွာ။

ထိုသက်ငြိမ်ကလေးထဲမှာ သူမမျောနေခိုက် အသံတစ်သံ ပီပီသသကြားလိုက်ရသည်။ ထိုအသံနောက်မှာ စိတ်မျက်ဝန်းတွေထဲ ရုတ်တရက်ပေါ်လာတာက တံခါးဝမှာ ကနွဲ့ကလျရပ်နေသော၊ ချစ်သူ၏ မိန်းကလေးသူငယ်ချင်းဟုယူဆရသော မိန်းမတစ်ယောက်ဖြစ်လေသည်။ ဆံနွယ်ခွေလေးများကို အုန်းခွံရောင်ဆိုးထားသော ထိုမိန်းမသည် ချစ်သူ၏လက်ရှိမိန်းကလေး ဖြစ်ကောင်းဖြစ်မည်။ ထိုမိန်းမက လက်ကိုင်အိတ်ထဲမှ တံခါးသော့ကိုထုတ်ကာ ချစ်သူ့အိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ဖွင့်ဝင်လေသည်။ ထို့နောက် ချစ်သူရှိသော စာကြည့်ခန်းထဲ တန်းကနဲဝင်သွားကာ စာဖတ်နေသောချစ်သူကို နောက်ကျောမှ သိုင်းဖက်လိုက်လေသည်။

ချစ်သူက နောက်ပြန်မော့ကြည့်ကာ အပေါ်စီးမှ ငုံ့မိုးလာသော ထိုမိန်းမ၏မျက်နှာကို လက်နှင့်သိုင်းနှိမ့်ချကာ နှုတ်ခမ်းချင်းနမ်းအရှိုက်မှာ…..

သူမ တစ်ကိုယ်လုံး တောင့်ကနဲ အသက်ရှူရပ်မတတ် မောပန်းလာကာ သေဆုံးသွားပြီလားပင် ထင်မှတ်ပြီး မျက်ဝန်းများကို ဖျတ်ကနဲ ဖွင့်ကြည့်လိုက်မိလေတော့သည်။   ရှိုက်ကြီးတငင် ကုတင်ပေါ်မျက်နှာအပ် ငိုကြွးခိုက် ဆရာမကြီး၏ မျက်ဝန်းအပြုံးနှင့် နှုတ်ခမ်းထောင့်ကွေးတို့ကို မြင်ယောင်ကာ သူမ ရူးသွပ်စွာပင် ဆိုမိတော့သည်။ "ဟင့်အင်း ကျွန်မ မခံစားနိုင်ဘူး၊ ဆရာမကြီးရယ် ကျွန်မ ဆက်မကြည့်ပါရစေနဲ့တော့၊ ဆက်မကြည့်ပါရစေနဲ့တော့"  မျက်စေ့နှင့်တပ်အပ်ဆိုသည့်အဖြစ်၌ သူမကိုယ်တိုင် ငရဲတွင်းတစ်ခုထဲ ကျရောက်ခဲ့သလို အသေအကြေ ကျရှုံးခဲ့ပါသည်။ သူမ ဘယ်လိုမှ နောက်တစ်ကြိမ် မရဲတော့ပါ။

သူမ၏ ချစ်သူ မောင်….

သူမမှာ ချစ်သူအတွက် သည်နေ့ထိ သစ္စာမပျက်ရှိခဲ့ပါသည်။ ချစ်သူသည်လည်း သူမလိုပဲရှိမှာဟု သူမ ယုံကြည်မိုက်မဲခဲ့ပါသည်။ သူမ နားမလည်နိုင်သေးပါ။ သူမနှင့်ချစ်သူသည် ချစ်တယ်ဆိုသော စကားလေးတစ်လုံး မလိုအပ်ပါဘဲ မျက်ဝန်းများနှင့်နားလည်ကာ အမုန်းဟူသော စကားလုံးတစ်လုံးမျှ မပါပါဘဲနှင့် အေးချမ်းစွာ တစ်လမ်းစီလျှောက်ခဲ့ကြခြင်းသာ။ ထိုအတွက် ရင်မှာကိုယ်စီ အချစ်တို့ မြဲခိုင်သင့်သည်ဟု သူမ ရိုးစင်းစွာပင် တွေးသည်။

အနေဝေးခဲ့ကြလို့လား….
ချစ်သူအတွက် အနီးအပါးမှာ မိန်းမတစ်ယောက် မရှိမဖြစ် လိုအပ်သည်လား….
သွေးသားဆန္ဓ္ဒ္ဒ္ဒ၏ တောင်းဆိုမှုကြောင့်လား….
ယောကျာ်းတစ်ယောက်၏ ဖြစ်တည်မှုကြောင့်လား….
ထိုအရာများအားလုံး ချစ်သူ လိုအပ်နေသောကြောင့်လား…. 

ဘာဆိုဘာမှ ရေရေရာရာ သူမ မသိပါ။ ပျော့ခွေနေသောသူမကိုယ်ကို ကုတင်ပေါ်မှလျှောချဆင်းကာ ဘီရိုအောက်ဆုံးထပ်ရှိ သေတ္တာလေးကို သူမ ဆွဲဖွင့်လိုက်သည်။ ကတ္တီပါအိတ်ကလေးကို ဖွင့်လိုက်တော့ အထပ်လိုက် ထွက်ကျလာသည်က ချစ်သူနှင့်ခွဲရချိန်မှ သည်နေ့ထိ နေ့စွဲရေးထိုး၍ထားသော၊ ချစ်သူ့အိမ်ကလေးသို့ လိပ်မူထားသော သူမလက်ရေးနှင့် ရေးစာများသာ….။ ထိုစာများကို တစ်နေ့နေ့မှာ ချစ်သူနှင့်ပြန်တွေ့က ချစ်သူကို ပေးဖတ်ရန် သူမ ရည်ရွယ်ခဲ့သည်ပင်။ မလိုအပ်တော့ပါ။ ခုတော့ တကယ်ကို မလိုအပ်တော့ပြီပဲ။

ကတ်ကြေးတစ်ချောင်းနှင့် စိတ်လိုလက်ရ ကိုက်ဖြတ်ထားသောစာများကို အိတ်တစ်လုံးထဲစုထည့်ကာ အမှိုက်ပုံးထဲပစ်ချစဉ် အိမ်ရှေ့ရှိ စာတိုက်ပုံးကလေးထဲ တစ်စုံတစ်ရာ ရှာဖွေနေဟန် ချစ်သူ့မျက်နှာကို ပြန်လည်မြင်ယောင်ကာ သူမ ချုံးပွဲချငိုမိပြန်သည်။ ရင်ကွဲပက်လက်များ အလဲအကွဲများကို စုစည်းကောက်သိမ်းကာ သူမစိတ်နှင့်ခန္ဓာကို  ပြန်လည်၍ မတ်မတ်ရပ်ရဦး မည်။ မြင်အပ် မမြင်အပ်ဆိုသောအရာများထဲမှာ သူမစိတ်နှလုံးအစုံက ဘယ်လောက် ခံယူနိုင်မှာလဲ ဆိုသည့် ဆရာမကြီးစကားက ရင်ထဲမှာ စူးတစ်ချောင်းလို နာကျင်လှစွာ...။   နောက်ဆုံးတော့ ချစ်သူ့အပေါ်ထားရှိဆဲ နှောင်တွယ်တမ်းတ သူမစိတ်တွေကို လွှတ်ချပစ်ခဲ့တော့သည်။

ထိုနေ့မှစ၍ ချစ်သူ့အိမ်ကလေးဆီ  ဘယ်တော့မှ ထပ်မသွားတော့ရန် သူမ ဆုံးဖြတ်ချက်ချခဲ့လေသည်။


5 comments:

မိုးညချမ်း said...

ဖတ်ရင်းနဲ့ “သူမ”နေရာမှာ စီးမျောပြီး မျက်ရည်တောင် လည်မိတယ် မမရယ် ...

ဇွန်မိုးစက် said...

ဒီပို့စ်လေးက အစ်မချစ် ရေးနေကျနဲ့ မတူတဲ့ စာပုံစံနော်။ ပထမဆုံးအပိုဒ်က လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဇွန်ရေးလက်စတန်းလန်းနဲ့ ဆက်မရေးဖြစ်တဲ့ စာနဲ့ခပ်ဆင်ဆင်တူနေလို့ အံ့သြသွားမိတာ။း)

ပန်းချီ said...

လွမ်းတတ်သူအတွက် ကြေကွဲဝမ်းနည်းး’( အလွမ်းဆိုတာ အရသာတစ်မျိုးမဟုတ်ပါ ဆိုတဲ့သီချင်းလေးတောင် သတိရမိသွားရဲ့… မကြီးး((

orchidgirl222@gmail.com said...

ချစ်သူတွေ အဲလို တွေ မဝေးပါစေနဲ့ လို့ ဆုတောင်းမိတယ်..။

မိုးငွေ့........ said...

ဖတ်လို့ကောင်းလိုက်တာ... တကယ်အဲလိုစိတ်စွမ်းအားပိုင်ဆိုင်ခဲ့ရင် သာမီးလဲ သူ့လိုပဲ ချစ်သူရဲ့အိမ်ကို အရင်သွားကြည့်မိမယ်ထင်ပါရဲ့...ဒါပေမယ့်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်