Friday, June 8, 2012

ကြုံရာဆုံရာ မင်းအကြောင်း "လူစီ"


လူစီနဲ့ကျွန်မက လူမျိုးချင်းလည်း မတူ၊ ဘာသာချင်းလည်း မတူသလို ကြီးပြင်းခဲ့ရာ အသိုင်းအ၀န်းချင်းလည်း ခြားနားပါတယ်။ ဒါပေမဲ့ သူလည်း မိန်းမ၊ ကျွန်မလည်း မိန်းမတစ်ယောက်မို့ မိန်းမသားချင်း စာနာတတ်တဲ့စိတ်နဲ့ သူ့အကြောင်းတွေးမိတိုင်း သူ့အပေါ် ဂရုဏာစိတ်ဖြစ်ရတယ်။

သူ သားကလေးကို ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ယောကျာ်းဖြစ်သူက နောက်မိန်းမကို အိမ်ပေါ်ခေါ်တင်လာပြီး သူ့ကို အိမ်ပေါ်ကဆင်းခိုင်းတာ ခံခဲ့ရတဲ့ မိန်းမ။ အိမ်ထောင်သက်တစ်လျှောက်လုံး အလုပ်ကို လက်ကြောတင်းအောင် မလုပ်တဲ့ ယောက်ျားရဲ့ လက်ဖြန့်တောင်းနေသမျှကို သူ့ရှာစာဖွေစာလေးနဲ့ ဝေမျှပေးကမ်းသုံးစွဲလာခဲ့ရတဲ့ မိန်းမ။ အဲသလို လူစီ့လိုမိန်းမမျိုးကိုမှ နောက်မိန်းမခေါ်လာပြီး အိမ်ပေါ်က နှင်ချရက်တဲ့ ယောက်ျား၊ ပြီးတော့ အဲဒီအချိန်မှာ လူစီဟာ သူနဲ့ရတဲ့ သွေးသားကလေးလွယ်ထားရတဲ့ အချိန်။ လူစီက စိတ်နာလွန်းလို့ တရားဥပဒေနဲ့ ရင်ဆိုင်ပြီး ပိုင်ဆိုင်သမျှ ဝေခြမ်း၊ ကွာရှင်းပေးခဲ့တယ်။ အဲဒီနောက်တော့ သားကလေးတစ်ယောက်ပဲ သူ့ဘ၀မှာ သူ့အတွက် ပုံအပ်ချစ်စရာလို့ မှတ်ယူခဲ့တော့တယ်။ အဲဒီတုန်းက လူစီ့အသက်က ၂၇လောက်ပဲ ရှိသေးတာ။ မိန်းမတစ်ယောက်အတွက် အရွယ်ကောင်းလို့ ဆိုရမယ်။

ကျွန်မနဲ့ စသိကြတော့ လူစီက ကျွန်မတို့ရုံးကို လူသစ်အနေနဲ့ ၀င်လာကာစ။ ဖော်ရွေခင်မင်စရာကောင်းတာမို့ ကျွန်မနဲ့ ချက်ချင်းလို ခင်မင်ခဲ့ကြတယ်။ နေ့လည်စာ အတူထွက်စား၊ ညနေဆိုလည်း ရုံးကားအတူစီးပြီး ပြန်ကြနဲ့ တစ်နေ့တာမှာ လူစီနဲ့ ကျွန်မတွေ့ချိန်တွေက တစ်ခြားရုံးသားတွေထက် အချိန်အတော်လေး ပိုများပါတယ်။ တခါတလေ ရုံးအဆင်း အိမ်ကိုတန်းမပြန်သေးဘဲ လူစီနဲ့အတူ ဈေးပတ်နေကြတဲ့ ညနေတွေလည်း ရှိခဲ့ပါရဲ့။

လူစီက ခရစ်ယာန်ဘာသာဝင်၊ ကက်သလစ်။ ဗုဒ္ဓဟူးနေ့ ညနေရုံးဆင်းတိုင်း သူ့သားလေးနဲ့အတူ ဘုရားကျောင်း သွားလေ့ရှိတယ်။ သူ့နာမည် လူစီယားနားဆိုတာက သူတော်စင်နာမည်၊ သူ့သားလေး နာမည် နောဘတ်ဆိုတာကလည်း သူတော်စင်နာမည်ပဲလို့ ကျွန်မကို ပြောပြဖူးတယ်။ အဲဒီလို ပြောနေတဲ့ အချိန်တွေမှာ သူ့မျက်နှာက တကယ့်ကို သူတော်စင် တစ်ယောက်လို သူ့ကိုယ်သူ အားရကြေနပ်နေတဲ့ဟန်အပြည့်နဲ့။

ရုံးမှာ ကိုယ်ရေးကိုယ်တာဖုန်းဆိုရင် အားလုံးက တိုးတိုးဖွဖွပြောနေကြတဲ့အထဲ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြော ဆိုနေသူဆိုရင် ဘယ်သူလဲလို့ မမေးနဲ့၊ လူစီပဲ။ နေ့လည်တွေမှာ သားကို ဖုန်းဆက်ပြီး ဘာလုပ်နေလဲ၊ ဘာစားသလဲ၊ ဂိမ်းတွေ တစ်ချိန်လုံး ဆော့မနေနဲ့၊ ကျောင်းကပြီးရင် အိမ်တန်းပြန် ဘာညာနဲ့ ပြောနေတာ တစ်ရုံးလုံးမကြားချင်မှအဆုံးရယ်။ သူ့သားလေးက ကလေးပီပီ အစားမမက်ဘူး၊ ဂိမ်းပဲ၊ အဆော့ပဲမက်တာ။ များသောအားဖြင့်တော့ လူစီနဲ့ သူ့သားက ဖုန်းထဲမှာ အော်ဟစ်နေ ကြတာများတယ်။ လူစီကပဲ အော်ဟစ်ဆူပူနေတာပါ။

တစ်နေ့  သူ့အိမ်အကူ အင်ဒိုနီးရှားမလေးကို  ရုံးခေါ်လာတယ်။ အိမ်မှာ ဘာမှ မလုပ်ဘဲ အိပ်နေလို့တဲ့လေ။ ပြီးတော့ သူ့သားကြိုက်တတ်တဲ့ စပက်ဂတီ-အီတလီခေါက်ဆွဲ မချက်တတ်ရကောင်းလား၊ သူ့သားကို အစားဝင်အောင် မကျွေးရကောင်းလားနဲ့ တပူပူ တဆူဆူ လုပ်နေတော့တယ်။ သူ့ကြည့်ရတာ ဘာကိုမဆို အသံကျယ်ကျယ်နဲ့ အော်လိုက်ဟစ်လိုက်ရမှ သူ့စိတ်တွေ သက်သာရာရတယ်၊ ပြေလျော့တယ်နဲ့ တူပါရဲ့။ တစ်ရုံးလုံးက သူ့အကြောင်း သိနေလို့သာပေါ့။

ပြီးတော့ အလုပ်ကိစ္စနဲ့ ဆပ်ပလိုင်ယာတွေကို ဖုန်းဆက်ပြီဆိုရင်လည်း ဒီလိုပဲ။" ဟေ့ ငါက နင့် ကပ်စတမ်မာနော်၊ ငါပြောတာအမှန်" ဆိုတဲ့ အထာမျိုး လူစီ့မှာ တွေ့ရတယ်။ "ငါ ဒီဘက်က ဘာသံမှကောင်းကောင်းမကြားရဘူး၊ နင့်ဖုန်းက စုတ်နေတာ လွှင့်ပစ်လိုက်" ဆိုတာမျိုးလည်း ခဏခဏ ကြားရတတ်တယ်။ ပြီးရင် "ငါ့ကို ပြန်ခေါ်"ဆိုပြီး ဖုန်းကို ဆောင့်ချ လိုက်တတ်တယ်။ အော်ကြီးဟစ်ကျယ်ပြောနေတာမို့ အကုန်ကြားနေရတာပါပဲ။ တခါတလေများ (သူဋ္ဌေး ရုံးမှာ မရှိတဲ့အချိန်မျိုး ဆိုရင်) သူ့အိုင်ဖုန်းနဲ့ ဂိမ်းကစားနေလိုက်တာ နောက်ခံ မြူးဇစ်က အကျယ်ကြီးပဲ။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဟေ့ ဆိုတဲ့ အပေါက်မျိုးပေါ့။ ဒါမှမဟုတ် အတွင်းကြိတ်မဟုတ်ဘူး ပေါ်ပေါ်တင်တင်ပဲ လို့ ပြောရမလားတောင် မသိပါဘူး။

ကျွန်မ ထင်တာကတော့ လူစီဟာ ကျိုးပဲ့ခဲ့ရတဲ့ အိမ်ထောင်တစ်ခုအတွက် ကျားနာတစ်ကောင်လို၊ ရှုံးနိမ့်ခဲ့ရတဲ့ အိမ်ထောင်တစ်ခုအတွက် ကျန်တာတွေအပေါ်မှာ အနိုင်ယူလိုစိတ်တွေ ကဲနေသလိုမျိုးပါပဲ။

ပစ္စည်းတစ်ခု ၀ယ်တာမှာ ဖြစ်စေ၊ သူယုံကြည်ရာ ဘာသာရေးအကြောင်းပြောတာပဲ ဖြစ်စေ၊ သူဝယ်တာကမှ အကောင်းဆုံး၊ သူ့ဘာသာကမှ အကောင်းဆုံးဆိုတာမျိုး၊ နောက်ဆုံး သူဘာပြောပြော သူပဲ အမှန်လို့ တွန်းထိုးပြောတတ်တယ်။ ငါ့စကားနွားရ ပြောတတ်တယ်။ ကျွန်မက သူပြောပြလို့ သူ့အကြောင်းကို သိထားသူမို့ သူ့အပေါ် နားလည်ပေးလို့ ရနေခဲ့တယ်။

ယောက်ျားတွေအပေါ် အထင်မကြီးဘူးဟေ့ဆိုတဲ့ လူစီတစ်ယောက် တစ်ညတော့ ကျွန်မတို့ ညစာစားပြီးအပြန်မှာ ကားကြုံရှိတယ်၊ နင် ငါနဲ့ လိုက်ပြန်လို့ ပြောလာခဲ့တာ (သူနဲ့ ကျွန်မက အိမ်ချင်းလည်း နီးတယ်လေ) ပြီးတော့ ကားပိုင်ရှင်က လူလတ်ပိုင်းအမျိုးသားတစ်ယောက်။ လူစီက ကားမောင်းတဲ့ အမျိုးသားဘေးမှာ ရှေ့ခန်းက စီးတယ်။ လူစီတို့ ညင်သာနေလိုက်တာများ သူတို့နှစ်ယောက် ကားရှေ့ခန်းက ပြောနေတဲ့စကားကို နောက်ခန်းက ကျွန်မ မကြားရဘူး။ ခါတိုင်း ဟောင်ဖွာဖွာလုပ်နေကျမို့ ဒီလိုလေသံမျိုးနဲ့ လူစီ အိညက်ညက်ပြောနေတာကို ကျွန်မက ရယ်ချင်လှတယ်။

ကျွန်မအိမ်ကို အရင်လိုက်ပို့တယ်။ ခဏပါပဲ။ ကျွန်မ အ၀တ်အစားလဲအပြီးမှာ ဖုန်းဝင်လာတော့ ထင်တဲ့အတိုင်း လူစီ့ဆီကဖုန်း။ "နင် အဲဒီလူကို ဘယ်လို သဘောရလဲ"တဲ့ ကျွန်မကို မေးလာပါရော။ "ငါ ဘယ်လိုလုပ် သိမလဲ၊ သူ့နောက်ကျောပဲ ငါ မြင်နေခဲ့ရတဲ့ဟာ" လို့ ကျွန်မက ပြန်ပြောလိုက်တော့ လူစီက ရယ်ကျဲကျဲနဲ့ "သူ့ကားကြီးတော့ ငါကြိုက်တယ်ဟ" တဲ့။ ဘုရား ဘုရား "လူစီ အရေးကြီးတာက လူနော်…လူ၊ ကားမဟုတ်ဘူး၊ နင့်ကိုရော နင့်သားလေးကိုပါ ကြင်နာတတ်တဲ့သူ၊ နားလည်တတ်တဲ့သူ ဖြစ်ဖို့ပဲ အရေးကြီးတာ" လို့ ကျွန်မက ပြောချလိုက်တာပေါ့။

"အဲဒီလူနဲ့ ဘယ်လိုသိကြတာလဲ"လို့ ကျွန်မက စပ်စုတော့ အွန်လိုင်းဂိမ်းကစားရင်း တွေ့ကြတာတဲ့။ "အဲဒီလူက ကုန်ခြောက်ဆိုင်ဖွင့်တယ်၊ ငါတို့သားအမိအတွက် အချိန်တော့ ပေးနိုင်မယ် မထင်ဘူး။ ဒါပေမဲ ပိုက်ဆံတော့ ပေါတယ်"တဲ့။ သူ့ကြည့်ရတာ အရင်တစ်ယောက်တုန်းက သူကချည်း ပေးခဲ့ရသမျှ ဒီတစ်ယောက်ဆီကတော့ သဲ့ယူမှ လို့များ တွေးနေ သလားပဲ။ နောက်တစ်လလောက်ကြာတော့ ကျွန်မက အခြေအနေဘယ်လိုလဲ မေးတဲ့အခါ ပြတ်သွားပြီတဲ့လေ။ သိတ် မဟန်ပါဘူးဟာလို့လည်း ပြောသေးရဲ့။

ကျွန်မနားလည်ပေးမိတယ်။ လူစီက ခုမှ ၃၈ ပဲ ရှိသေးတာ။ သားကလေးတစ်ယောက်နဲ့ သူ့ဘ၀ကို ဒီလိုပဲ အော်ဟယ်၊ ဟစ်ဟယ်နဲ့ ပြီးသွားချင်မယ် မဟုတ်ဘူး။ တခါ ကျွန်မကို နင်တို့ မြန်မာထဲက သူဋ္ဌေးလေးဘာလေး မရှိဘူးလား တဲ့ နောက်သလိုလို လာမေးဖူးသေးတာ။ သူ့ကြည့်ရတာ နောက်တစ်ခါ ဆိုတာအတွက် အညံ့မခံဘူးဟေ့ လို့ မောင်းတင်ထားပုံရတယ်။ လူစီက ဖြူဖြူလုံးလုံးလေး၊ ရုပ်ကလေး ကြည့်ပျော်ရှုပျော်မှာ ဗိုက်ကလေးစူစူနဲ့။ သဘော က ကောင်းပေမဲ့ အပြောက ဆိုးတယ်။ ဒီတော့ ကျွန်မလည်း ဘယ်သူနဲ့မှ ဆက်မပေးရဲဘူးး))

ခုထိတော့ သူ့ဘ၀မှာ သူ့သားရယ်၊ အလုပ်ရယ်၊ သူဆော့နေတဲ့ ဂိမ်းတွေရယ်…။ ဒါပဲ လူစီ့မှာ ရှိတယ်။ သူ့ဘ၀အတွက် သူ့ရှေ့က မားမားရပ်ပေးမဲ့ ယောက်ျားသားတစ်ယောက်ဆိုတာကိုတော့ ဖူးစာရေးနတ်က ဘယ်လိုဖန်တီးပေးမယ် မပြောတတ်ဘူး။ တစ်နေ့တစ်နေ့ ကျွန်မတွေ့နေရတာက မနက်မနက်ဆို အိတ်နှစ်လုံး (တစ်လုံးက ရုံးအလုပ်တွေထည့်ထားတဲ့ အိတ်၊ တစ်လုံးက သူ့ လက်ကိုင်အိတ်) နဲ့ အ၀တ်အစား ဘိုသီဘတ်သီ၊ ဆံပင် ကပိုကရိုနဲ့ လူစီ။  ရုံးရောက်ရင် သူ့သားကလေးဆီ အော်ဟစ် ဖုန်းဆက်၊ ဆပ်ပလိုင်ယာတွေနဲ့ ငြင်းခုန်အော်ဟစ်နေတတ်တဲ့ လူစီပါပဲ။ သူကသာ သူ့အပူနဲ့သူမို့ မသိပေမဲ့ ဘေးလူဖြစ်တဲ့ ကျွန်မကတော့ မြင်နေရတာနဲ့တင် ရင်မောရတယ်။

လူစီ အိမ်ထောင်ရေးကံကောင်းပါစေလို့ပဲ ကျွန်မ ဆုတောင်းပေးမိပါတော့တယ်။

8 comments:

blackroze said...

မကြီးရယ်
ဖတ်ပြီးတော့ရင်တောင်မောသွားတယ်
လူစီကံကောင်းပါစေလို့
ညီမလည်းဆုတောင်းပေးတယ်အမရာ
မိန်းမချင်းကိုယ်ချင်းစာလို့ပါ

win aung oil field said...

့ဒါ တွေ အများ ကြီး

san htun said...

ကံပဲပေါ့

မိုးငွေ့........ said...

မိန်းမတစ်ယောက်အကြောင်းဆို ဘာပဲရေးရေးကြိုက်တယ်...။

ပျိုးယုဝသုန် said...

နူးညံ့ကြင်နာခြင်းမရခဲ့တဲ့ဘဝမှာ နူးညံ့စွာနေတတ်ဖို့ သူကိုင်တိုင်လည်း မေ့ကောင်းမေနေတယ် ထင်ပါရဲ့ အစ်မေ၇

မြသွေးနီ said...

လူစီလို မိန်းကလေးမျိုး တွေ့ဘူးတယ် အစ်မချစ်...
သူတို့လိုလူစားမျိုးက
သနားရမလိုလို၊ ဂရုဏာဒေါမနဿပွားရမလိုလိုမျိုး။
ကလေးနဲ့ဆိုတော့ သနားစရာ..။

မြသွေးနီ said...

လူစီလို မိန်းကလေးမျိုး တွေ့ဘူးတယ် အစ်မချစ်...
သူတို့လိုလူစားမျိုးက
သနားရမလိုလို၊ ဂရုဏာဒေါမနဿပွားရမလိုလိုမျိုး။
ကလေးနဲ့ဆိုတော့ သနားစရာ..။

Nyi Linn Thit said...

လူစီရဲ့ အတက်အကျ၊ ရွေ့လျားပုံနဲ့ ဖြတ်သန်းမှုကို ဖတ်နေရင်း ပေါ့ပေါ့ပါးပါးပဲ ရီမော လိုက်ရမလို..၊ သနား ဂရုဏာနဲ့ သက်ပြင်းတွေပဲ ချလိုက်ရမလိုနဲ့...၊

မချစ်ကြည်အေးက ဇတ်ကောင်နဲ့ ဇတ်ကြောင်းကို ပီပီပြင်ပြင် ပြောသွားလို့ ဖတ်ရတဲ့လူအဖို့ လူစီနဲ့ တရုံးတည်း လုပ်နေရတဲ့ အလား...။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်