Thursday, October 30, 2014

တိမ်မျှားသူ

တိမ်တွေကို ဘယ်လိုကဘယ်လို ဘယ်အချိန်ကစပြီး စိတ်ဝင်စားသွားမှန်း သူမကိုယ်တိုင် မသိလိုက်ပါ။ သတိထားမိချိန်တွင် တိမ်တွေဆီမှာ သူမ အလုံးစုံနစ်ကျွံနေပြီးဖြစ်သည်။

ပုံမှန်အားဖြင့်တော့ တိမ်တွေကို နောက်ခံအပြာရောင်မိုးသားပေါ်မှာ တအိအိလွင့်မျောနေသော အဖြူရောင် သို့မဟုတ် အဖြူပေါ်တွင်မီးခိုးစွက်သော မီးခိုးရောင်မွမွအလိတ်အစိုင်ကြီးများ အဖြစ်သာ မြင်တွေ့ရတတ် သည်။ ထုထည်ကြီးမားသော တိမ်စိုင်များ၊ သေးမျှင်ပါးလျသော တိမ်လွှာများ၊ ငါးကြင်းမြီးကွက်ပုံဟန် အကွက်အကွက်လက်လက်ထနေသော တိမ်ပွင့်များ၊ မျဉ်းပြိုင်များ ပစ်ချထားသလို အစင်းလိုက် အချောင်းလိုက်ဆန့်တန်းနေသော တိမ်ကန့်လန့်စင်းများ၊ အဖြူနှစ်ရောင်ဝါဂွမ်းစများ အား နောက်ခံကောင်း ကင်ပြာကြီးထဲ ဗြန်းကနဲကြဲပက်ထားဟန် ဟိုဒီတစ တိမ်ဆုပ်တိမ်ခဲများ၊ ပုံသဏ္ဍာန် အရွယ်အစား မတူညီသော ပုတီးစေ့များ တစ်လုံးစီ၊ တစ်စုစီ စုဝေးနေသလို တိမ်လုံးတိမ်စုများ စသည်ဖြင့် တိမ်များကို ပုံစံအမျိုးမျိုး ကွဲပြားစွာ တွေ့မြင်ရလေ့ရှိပါသည်။


မနက်လင်းစ နေရောင်နုပျော့ပျော့အောက်မှာ နေအလင်းစနှင့်ဖျန်းပက်ထားသော ငွေနားကွပ်တိမ်စိုင်တွေကဖြင့် သူမအာရုံကို အထူးဖမ်းစားနိုင်လေသည်။ ခါတစ်ရံ မနက်ခင်းများမှာတော့ တိမ်များသည် သခွားခြစ်နှင့် အခြစ်ခံထားရသည့်ပမာ အစင်းလိုက် အမွှာလိုက် တစ်စစီ တစ်မျှင်စီ လွင့်မျောနေတတ်ပြန်သေးသည်။
ထို့ထက် နေရင့်၍ တဖြည်းဖြည်းမြင့်တက်လာသော် ပြင်းသောနေရောင်အောက်၊ တိမ်တို့၏ အဖြူတောက်တောက်မှာ ပိုသာထင်လင်းကာ အပြာအဖြူကို စုံမက်တွဲဖက်လျှက် တွေ့ရသည်က ရွှင်လန်းအားရကြေနပ်မှုကို ပေးစွမ်းပြန်သည်။ နေ့လည်ခင်းတိမ်များမှာ ပူပြင်းသောနေကို အန်တုဖို့ရန်ထင့်၊ အလိပ်လိုက် အဖွဲ့လိုက် အိစက်သိုင်းဝိုင်းနေတတ်ကြသည်။


ညနေချိန်များတွင်မတော့ အိပ်တန်းတက်လု လိမ္မော်နီရောင်နေလုံးကြီးမှပက်ဖျန်းသော အရောင်အဝါသည် တိမ်စိုင်တို့အား အံ့သြမင်သက်ဖွယ် လှပဆန်းကြယ်စေပြန်သည်။ ထိုအချိန်တွင် တိမ်တို့၏အရောင်သည် လိမ္မော်ရောင်၊ ပုဇွန်ဆီရောင်ကဲလျက် တောက်ပသော အနားသတ်အရောင်များနှင့် သူမကို ညှို့ယူနိုင်ချိန်ဖြစ်သည်။ ထိုအချိန်များမှာ သူမ အိမ်ပြန်ချိန်ဖြစ်တတ်သည်။ အိမ်ပြန်ချိန်မို့ သွက်လက်ပေါ့ပါးသောခြေလှမ်းများမှာ တိမ်သွေးတိမ်ရောင်များကြောင့် ပိုလို့ပင် အရောင်စုံ ဆင်မြန်းတော့သည်။ ပုဇွန်ဆီရောင်၊ ဝါလိမ္မော်သွေး၊ မရမ်းရောင်၊ ခရမ်းရေးရေးတို့နှင့် တိမ်တို့၏ ဆည်းဆာသည် တခဏရပ်၍မျှပင် ကြည့်ယူရသည်အထိ စိတ်ဘဝင်ကြည်နူးလှုပ်ရှားစေတော့၏။


ဤသို့လျှင် မနက်ခင်းမို့၊ နေ့လည်ခင်းချိန်…၊ ညနေဆည်းဆာ ကွဲပြားချိန်များအတိုင်း မတူသော တိမ်အထုအထည် အရွေ့အလျား အသွေးအရောင်များကို သူမ သတိထားကြည့်ရှု့ရုံမျှမက တမေ့တမော ငေးမောစောင့်ကြည့်တတ်လေပြီ။ သူမသိလိုက်ရသည်မှာ တိမ်တွေ ဖမ်းစားတတ်ကြောင်း၊ ထိုသို့ သူမ သိလိုက်ခြင်းသည် ထိုအချိန်မှာ နောက်ကျနေခဲ့ကြောင်း သူမ ကောင်းကောင်းကြီး သိလိုက်ပြီဖြစ်သည်။ ကောင်းကင်၌ တိမ်ကင်းစင်သောအခါများတွင်မူကား သူမစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာနေတတ်သည်။ သူမ နေထိုင်မကောင်းတတ်သလို တိမ်များရော နေထိုင်ကောင်း ပါလေစ၊ ကျန်းမာပါလေစဟု စိုးထင့်မိတတ်သေး၏။

တိမ်တွေ ဘာမှ မစားကြဘူးလား…..။ တိမ်တွေမှာ တိမ်သွားရာ စွပ်ကြောင်းတစ်ခု ရှိမည်လား….။ တိမ်တွေသည် သူမလိုပဲ သကြားမပါ၊ ရေခဲနည်းသော ကဗ္ဗလာဖျော်ရည်တစ်ခွက်ကို ခံစားသောက်သုံး တတ်ကြပါ့မလား….။ တိမ်တွေသည် အောက်ခြေလွတ်နေသူများလား။  မြေပြင်ပေါ်ကို ဘယ်တော့မှ ဆင်းမလာကြတော့ဘူးလား…။

သူမစိတ်ထဲ တွေးနေမိသည်။ ထိုသို့တွေးမိတော့ တိမ်တွေဟာ သနားစရာ၊ တစ်ချိန်တည်းမှာပင် ချဉ်စုတ်ချင်စရာဟု သူမ ထင်သည်။

တိမ်တွေမှာ ကိုယ်ပိုင်အရောင်ရှိရဲ့လား။ နေမင်းကြီးရဲ့ အရောင်ဖျန်းပက်မှုနှင့်သာ သူတို့ အရောင်စိုလက်ကြရတာများလား။ တိမ်တွေဟာ လေယူရာအတိုင်း၊ လေရဲ့လားရာအတိုင်း အလိုလိုက်ရွေ့လျားနေကြရတာကတော့ဖြင့် ပျော့ညံ့လွန်းသည့်တိမ်တွေပါပဲဟု သူမ မြင်သည်။ တိမ်တွေ၏ ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ လားရာသည် ရာသီကို မှီသည်၊ နေမင်းကြီး၏အရောင်တွင် တည်သည်၊ လေနတ်သား၏ အဝေ့အဝဲ၌ ခိုတွယ်စီးမျောသည်။ သည်လိုဆိုတော့ တိမ်တွေမှာ ကိုယ်ပိုင်ဆိုလို့ ဘာများ ရှိပါလိမ့်….။

သို့တိုင်အောင် တိမ်တွေကို သူမ ချစ်မြဲ၊ တိမ်တွေကို မော့မကြည့်ရ၊ မနေနိုင်ဖြစ်မြဲတည်း။

လမ်းမပေါ်ရောက်ကာမှ တိမ်များကို ငေးမော့ကြည့်တတ်လေ့သော သူမသည် သူမအိပ်ရာဘေး ပြတင်းပေါက်ဘောင်နှင့် အဆန့် မြင်နေရသောတိမ်များကိုပါ မက်မောစွာကြည့်တတ် လာခဲ့ချိန်တွင် အိမ်သားများ၏ ခပ်စိမ်းစိမ်းအကြည့်ကိုပါ လက်ခံခဲ့ရလေသည်။

တိမ်တွေ လမ်းလျှောက်တတ်သလား…..

တစ်ခါသားတွင်မတော့ ပြတင်းပေါက်အလယ်တည့်တည့်၌ ငုတ်ကလေးတစ်ချောင်းစိုက်ကာ တိမ်များ၏ အရွေ့အလျားကို စောင့်ကြည့်နေခဲ့ဖူးသည်။ တိမ်စိုင်များသည် ပြတင်းပေါက် ညာဘက်ထောင့်ဆီမှ တရွေ့ရွေ့လွန့်ကာ ငုတ်တိုင်ကလေးကိုကျော်ဖြတ်၍ ဘယ်ဘက်ထောင့်သို့ ချဉ်းကပ်လာချိန်မှာ သူမ ရင်ခုန်စွာပြုံးမိရသည်။ သေချာပြီ၊ တိမ်များ သွားလာလှုပ်ရှားတတ်သည်ပဲ....။ တစ်နေ့မှာ တိမ်တွေ သူမဆီ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မည်လဲ...။

ထိုနေ့မှစ၍ တိမ်တွေကို သူမ မျှားတတ်ခဲ့ပါသည်....

မျက်စေ့နှင့် မျှားသည်။ အကြည့်တို့နှင့် ချည်နှောင်သည်။ နှုတ်ခမ်းတွေနှင့် မျှားသည်။ စကားလုံးတွေနှင့် ဆွဲညှို့သည်။ အပြုံးများနှင့် ခေါ်ယူသည်။ နှလုံးသားနှင့် ချိတ်ယူသည်။

တစ်နေ့တစ်နေ့ တိမ်တွေ အရောင်ပြောင်းသွားတိုင်း ဆန်းကြယ်လျှို့ဝှက်သော တိမ်များ၏အရောင်မှာ သူမ ရယ်မြူးရသလို ဝမ်းနည်းခံစားရတတ်သည်။ အရောင်မပြောင်းပါနဲ့လား တိမ်တွေရယ်….။

တိမ်တွေကိုမော့ကြည့်ကာ လမ်းလျှောက်စဉ် တိမ်တွေသည် သူမရှိရာ ပြေးဝင်လာသလို ထင်မိတတ်သေး သည်။ ထိုအခါမျိုးမှာ သူမကိုယ်လေးကို အတတ်နိုင်ဆုံး သေးကွေးကျုံ့ထားမိသည်။ တိမ်တွေ သူမကို သိမ်းပိုက်ယူငင်သွားပါစေလေ…..။ 

တိမ်တွေသည် သူမကို ထိတွေ့ရုံကလေး၊ ဖြတ်သန်းသွားသည်ဆိုရုံကလေး သူမကိုယ်ကို ထွင်းဖောက်လျက် ကျော်လွန်သွားချိန်မှာတော့ သူမ ဝမ်းနည်းရပြန်သည်။ သူမရင်ခွင်ထဲ ပြိုဝင်ထိုးဆင်း လာပြီးမှ တိုးဝှေ့ဖြတ်သန်းသွားလေသောအခါ နာကျင်လျက်က တိမ်များ၏အထိအတွေ့၌ သူမပျော်ဝင် သာယာမိပြန်သည်။

သူမ ရှိနေကြောင်းပင် တိမ်တွေ သိပါလေစ။ မြေပြင်အောက်မှာ ကပ်လျက်ရပ်ကာ သူတို့ကို မော် ကြည့်နေသော မိန်းမတစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း သူတို့ အသိအမှတ်မှ ပြုပါလေစ။ 

တိမ်တွေကိုရယူဖို့ ကြိုးစားမိသောအခါ သူမငယ်ငယ်က ကိုယ်အလင်းရောင်ထိန်ဝင်းသော ပိုးစုန်းကြူးကလေးကိုဖမ်းကာ ပုလင်းထဲထည့်ပြီး မွေးထားဖူးသည်ကို သတိရမိသည်။ နေ့နေ့ညည အားရအောင်ကြည့်ပြီးမှ ပုလင်းအဖုံးကိုဖွင့်ကာ ပြန်လွှတ်ပေးလိုက်ဖြစ်သည်။ ခုလည်း တိမ်တွေကို သူမ လိုချင်သည်။ တိမ် လက်တစ်ဆုပ်စာလောက် ခူးယူလို့ရလျှင် ကောင်းမည်။ ပုလင်းလွတ်ထဲ ထည့်ကာ သေသေချာချာ အဖုံးလုံအောင်ပိတ်လျက် ဘယ်တော့မှ ပြန်မလွှတ်ဘဲထားရမည်။

တိမ်တွေ အသက်ရှူ ဝ ပါ့မလား။ သူမ တွေးပူပြန်သည်။ သူတို့ သိပ်ကျဉ်းကြပ်နေမှာပဲ။

တိမ်တွေသည် သူတို့နောက် လိုက်လေ၊ သူမနှင့် ဝေးရာသို့ ပျံသန်းလေဖြစ်ကြောင်း သူမ သိရှိရသောအခါ နင့်ကနဲ ဝမ်းနည်းသွားခဲ့ဖူးသည်။ တိမ်တွေဟာ မြေပြင်နှင့်အထက် မိုင်ပေါင်းသောင်းချီသောအမြင့်မှာ တည်နေကြောင်း သူမ သိပါသည်။ ထို့ကြောင့် တိမ်တွေကို မျှားခြင်းသည် ကန်ထဲရှိရောင်စုံငါးများကို မျှားရသလို လွယ်ကူမည်မဟုတ်ကြောင်း သူမ သေချာသိသည်။

တစ်နေ့မှာ ကောင်းကင်အမြင့်ကြီးပေါ် သူမ ရောက်သွားသည်။ အေးစက်ကျင်ခဲနေသော လေထုကြောင့် သူမ လက်ကလေးနှစ်ဘက်ကို တင်းတင်းပိုက်ထားလိုက်မိ၏။ သူမတစ်ကိုယ်လုံး လေထုထဲမှာ လွင့်ချင်ရာ လွင့်နေတော့သည်။ တွေ့ပါပြီ။ သူမ သိပ်မက်မောလိုချင်ရသော တိမ်စိုင်ဖြူလွများ….။

တိမ်တွေရှိရာ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်သည်။ ကိုယ်ပေါ်မှ အဝတ်အစားများသည် လေအဟုန်ကြောင့် တဖျတ်ဖျတ်လွန့်လူးလျှက်။ သူမဝန်းကျင်သည် မြူတွေဆိုင်းလာသလို၊ သူမ မြင်နေရသည်က အဖြူပိတ်ပိတ်များသာ။ ဘေးဘီဝဲယာရှိ ပိန်းပိတ်နေသောအဖြူများကြားမှာ သူမ တစ်ကိုယ်လုံး ကြောက်စိတ်နှင့် အေးခဲမတတ်။ ဒါတွေသည် သူမချစ်သော တိမ်စိုင်တွေတဲ့လား….။

တိမ်ဆိုသည်မှာ ငွေ့ရည်ဖွဲ့ဖြစ်တည်နေသော အထည်အစိုင်မျှသာ တဲ့။ ဟိုး မြေပြင်ကနေ ကြည့်ရှု့ လှပခဲ့သော တိမ်တွေသည် အနီးကပ်ထဲထဲဝင်ဝင်အမြင်မှာ ပြန့်ပိန်းနေသော အဖြူရောင်အမှုန်မျှသာ။ သူမရှေ့မှာ ပိန်းပိတ်နေသော အဖြူပိတ်နံရံအလွှာကြီးတစ်ခုသာရှိသည်။  

တိမ်များကို သူမလက်ခုပ်ထဲ ထည့်ယူဖမ်းဆုပ်ကြည့်မိပြန်တော့ ဘာမှ ပါမလာ၊ ဗလာမျှသာဖြစ်သည်။
နီးလွန်းလျှင် မမြင်နိုင်ရာ….။ အရာအားလုံးသည် ဝေဝါးမှုန်ရီစွာ….။

နောက်တစ်နေ့မှာ သူမ အပြင်းဖျားတော့သည်။ နှစ်ရက်တိုင်တိုင် ထမင်းမေ့ ဟင်းမေ့ တိမ်များကို ငေးမော့ ကြည့်နေပြီးသော တတိယမြောက်ရက်မှာ ဖြစ်သည်။ သူမန္ဓာကိုယ်ထဲ ဆေးရည်များသွင်းပြီးသော ဒုတိယမြောက်နေ့မှာ သူမ သတိပြန်လည်ရလာသည်။

သူမမျက်ဝန်းများကို အားယူဖွင့်လိုက်သော် ကြည့်လေရာရာမှာ တိမ်များကိုသာ မြင်သည်။ မျက်ဝန်း များကို မှေးမှိတ်ထားသော်မှ တိမ်များသည် မျက်ဝန်း၏အတွင်းဆုံးနက်နက်မှာ ရှိနေသည်။ ဘယ်လိုမှ ဖျောက်မရတော့ချေ။ သူမ ဝမ်းသာသွားသည်။ သူမ ပိုင်ဆိုင်ပြီ။ သူမ ရလိုက်ပြီ။ တိမ်များသည် သူမမျက်ဝန်းအတွင်းမှာ…..။  သူမမျက်ဝန်းအတွင်းမှာ တိမ်များကို သိမ်းဆည်းလိုက်နိုင်ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် တိမ်များကို မျက်ဝန်းများနှင့် သူမ မျှားယူနိုင်ခဲ့ပြီတည်း။

ထိုနေ့မှစ၍ သူမသည် တိမ်များကို မော်ကြည့်၍သော်လည်းကောင်း၊ သူမပြတင်းပေါက်မှ တစ်ဆင့်သော်လည်းကောင်း တိမ်များကို ကြည့်မနေတော့၊ ကြည့်နေဖို့ရန် မလိုအပ်တော့ပေ….။