Wednesday, December 23, 2020

တခြားသောကမ္ဘာ...


တခါတလေကျတော့ ငြိမ်းဟာ ကိုယ့်ဘဝကို ကိုယ် လုံခြုံအောင် ထုတ်ပိုးသိမ်းဆည်းဖို့ မတတ်နိုင်သူပါလားလို့ တွေးမိတဲ့အထိ။

နာကျင်လိုက်တာ၊
ဒဏ်ရာတွေကို ဒီလောက် နှစ်အတော်ကြာ ကိုယ့်ကိုယ်ကို စုတ်ပြတ်သတ်ခံပြီး ပိုက်ထားမိလျက်သား။ ချထားရစ်လိုက်တော့မယ်တွေးမိတိုင်း သူ့ကို ချစ်တယ်၊ သူ့ကို သိပ်ချစ်ခဲ့တာဆိုတဲ့ ခံစားမှုကလေးကအစ လွှတ်မချရက်တာ။
သိပ်ပျော်တာပဲဆိုတဲ့ ခဏတိုင်းတွေမှာ တွေးကြည့်မိတယ်။ ဒီလောက် ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရယ်မောနေစရာ တကယ်လိုလို့လား ဆိုတာကိုပေါ့။ ဘဝကြီးထဲ ရနိုင်သမျှ အချို ခပ်ထည့်နေရအောင် သူ့အရှိအတိုင်းက အချိုကင်းမဲ့နေလို့လား၊
ငြိမ်းဟာ ဘာကိုမှန်းမသိ၊ ဘယ်ကနေဘယ်ကို လွတ်မြောက်လို့လွတ်မြောက်ချင်နေမှန်းလည်း မသိဘဲ အရှိန်ကို တိုးရင်းတိုးရင်းသာ ထွက်ပြေးနေမိတာပဲ။ နည်းနည်းကလေး ရယ်စရာမောစရာကိုမှ အများကြီးရယ်မောနေမိတဲ့အခါ ငြိမ်းဟာ ကိုယ့်ကိုယ်ကို သံသယဖြစ်စပြုလာမိခဲ့ပြီ။
နာကျင်နေတဲ့အခါ ပိုမိုတိတ်ဆိတ်သွားတတ်ကြတယ်ဆို၊ ငြိမ်းကဖြင့် အဲလိုမဟုတ်ပါဘဲ။
အရင်က အဖြူရောင်ကြိုက်တယ်၊ ဂစ်တာတီးရတာ ကြိုက်တယ်။ အခုတော့ တခြားအရောင်တွေ ပြောင်းကြိုက်လိုက်ပြီ။ ဘယ်တော့မှ လှည့်မကြည့်တော့မယ့်အရာက ဂစ်တာဖြစ်လာခဲ့ပြီ။ ဘဝက ရွေ့လျားနေတာပဲဟုတ်လား၊ ဘဝက ပြောင်းလဲနေတာပဲဟုတ်လား။ ရယ်သံတွေသိပ်ကျယ်လာတဲ့အခါ ဘေးဘီကိုကြည့်ရင်း ကိုယ်ရှိန်သပ်ရပြန်တယ်၊ မလုံမလဲစိတ်တွေကို ကိုယ့်ဖာသာလည်း သတိထားမိရင်းပေါ့။ သူ ငြိမ်းရှေ့မှာ တခြားသူတွေကို သဲသဲလှုပ်ချစ်ပြနေလည်း ဒီထက်ပိုပြီး နာစရာမရှိတော့တဲ့ စိတ်နှလုံးက ဘာမှမခံစားရသလို မျက်နှာကိုသာ အတင်းကြိုးစားပြုံးထားနေမိတော့တာ၊ ပျော်တယ် ပျော်ရမယ်ဟုတ်လား။ အစကတည်းက ချစ်ခြင်းတရားဟာ ကိုယ့်ဘက်မှာ မရှိခဲ့တာဘဲ။
ငြိမ်းတို့နေတဲ့ ကျွန်းမြို့ကလေးမှာတော့ အရာရာနီးပါး နေသားတကျလို ဖြစ်လာနေပြီ။ ပန်းခြံထဲမှာ ပြေးနေရင်းက စို့လာတဲ့ချွေးတွေကို အသာသပ်လိုက်ရင်း ဘေးဘီက လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေဆီ ငေးမိတယ်။ မနက်ဖြန် ဒါမှမဟုတ် ခဏကလေးနေရင်တောင် ဘာဖြစ်မယ်မှန်း မသိကြတဲ့သူတွေ။ နာနာကျင်ကျင်တွေ ခံစားလာရတိုင်း ခြေလှမ်းတွေကို ခပ်သွက်သွက် အရှိန်ပိုမြှင့်ပြီး ပြေးနေမိတယ်။
ငါ ပြေးနေတယ် ငါ ပြေးနေတယ် ငါ အခု ပြေးနေတယ် ငါ ကျန်းမာလာတော့မှာ သိလား
ငါ ပျော်တယ် ငါ ပျော်နေတယ် ငါ အခု သိပ်ပျော်တယ်
တောင်စဉ်ရေမရအတွေးတွေနဲ့ ပျော်အောင်နေတတ်နေပါပြီ။ "ငါ့ကျမှ" ဆိုတဲ့ အတွေးကို မတွေးမိအောင် အမြဲတွေးပါတယ်။ "ဘာဖြစ်လို့ ငါ့ကို" ဆိုတဲ့ အတွေးကိုရောပဲ။ စိတ်ကို နာနာရိုက်ခတ်လာမယ့်အတွေးတွေကို လမ်းကြောင်းလွှဲလာတတ်ပြီ၊ အရင်လို အကြာကြီး ငိုမနေတတ်တော့ဘူး။ ရင့်ကျက်လာတယ်ခေါ်မလား။ အရာရာကို စိတ်တွင်းမှာတင် သိမ်းဆည်းထားတတ်ပြီ။ ဖောက်ချဖို့လိုရင်တော့ စာတွေလျှောက်ရေးနေလိုက်တာပဲ၊ ဘယ်ကိုမှ မပို့ဖြစ်တော့တဲ့ စာတွေပေါ့။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ငြိမ်းရေးထားတဲ့စာတွေ သူ့ကို ဖတ်ပြရတယ်။ သူ့ကမ္ဘာမှာလည်း ဒီကောင်းကင်ကြီးပဲ ဟုတ်လား။
အတွေးနဲ့တင် ပျော်နေရတာ....


ခကအ
တခြားသောကမ္ဘာ ~

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...