Friday, March 15, 2019

"ကျွန်မရဲ့လမ်း ဘဝရဲ့လမ်းများ"

ကလေးငယ်ငယ် လမ်းလျှောက်တတ်ကာစအရွယ် ယိုင်ထိုးယိုင်ထိုးကတည်းက လမ်းတွေ စမ်းလျှောက်ခဲ့တယ်။ အဖေအမေတွေက ရပ်နိုင်ပေ့ ရပ်နိုင်ပေ့လို့ အားပေးရင်း လဲသွားမှာစိုးစိတ်နဲ့ ဘေးကနေထိန်းကျောင်းရင်းပေါ့။ ကျွန်မက ငယ်ငယ်ကလေးထဲက လမ်းလျှောက်မြန်တယ်လို့ အမေကပြောတယ်။ လမ်းလျှောက်တာမဟုတ်ဘဲ အပြေးတပိုင်း ဆတ်တောက်ဆတ်တောက်လျှောက်တာတဲ့လေ။ ဘေးကကြည့်နေသူတွေမှာ လဲတော့မလား လဲတော့မလားနဲ့ ရင်တထိတ်ထိတ်ကြည့်နေကြရသတဲ့။ လှေကားအဆင်းအတက်မှာတောင် ကျွန်မက ပြေးဆင်းပြေးတက်လေ့ရှိပါသတဲ့။
အဲသလို အမြဲပြေးပြေးလွှားလွှားလျှောက်ရာက မတော်တဆလဲကျတဲ့အခါတွေမှာ ကျွန်မက မငိုဘူးဆိုပဲ။ လူးလဲထပြီး ဘေးဘီကြည့်၊ ပြန်လျှောက်တတ်တယ်တဲ့လေ။ မပြေတဲ့တချို့လမ်းတွေမှာ အဖေက ချီမယ်ဆိုလည်း ကျွန်မက အဖေ့လက်ပေါ်က လျှောဆင်းချလို့ ကိုယ့်ဘာသာ လမ်းပေါ်ခြေချလျှောက်ချင်သူဖြစ်တယ်။ ကျွန်မလက်ကိုဆွဲထားတဲ့ အဖေ့ရဲ့လက်ထဲကနေ မကြာခဏ ရုန်းထွက်ပြီး လျှောက်တတ်သူလည်း ဖြစ်သတဲ့။ အဖေက အဲ့ဒီတုန်းကတည်းက ကြိုပြောခဲ့တယ်။ ကျွန်မဟာ ခေါင်းမာမယ်၊ တဇွတ်ထိုးဆန်မယ်၊ ဆုံးဖြတ်ချက်အချ မြန်မယ်၊ ကိုယ်ဖြစ်ကိုယ်ခံစိတ်ရှိမယ်တဲ့လေ။
ကလေးတုန်းကတော့ ကျွန်မလျှောက်ခဲ့တဲ့လမ်းတွေဟာ အိမ်တွင်းကြမ်းပြင်နဲ့ အိမ်ပေါ်ထပ်တက်တဲ့ လှေကားလောက်ပဲရှိခဲ့ရာက မူကြိုတက်ရတဲ့အရွယ်ရောက်တော့ ကျောင်းဝင်းထဲ၊ စာသင်ခန်းထဲအပြင် သူငယ်ချင်းတွေနဲ့ပြေးလွှားကစားရတဲ့ ကျောင်းဝင်းထဲက ကစားကွင်းထဲတွေအထိ ကျွန်မ ဒေါင်းဒေါင်းပြေးလျှောက်ခဲ့ပြန်တယ်။ ဒီလိုပဲ လဲရင် ပြန်ထ၊ ပြန်လျှောက်နဲ့ပေါ့။ ခြေလှမ်းတွေ မခိုင်မာသေးပေမဲ့ လဲအကျတွေဟာ ညင်သာနေခဲ့တယ်။ ဘေးကင်းတဲ့အလဲအထတွေသာ ဖြစ်ခဲ့တယ်။
တဖြည်းဖြည်း ကျွန်မခြေလှမ်းတွေခိုင်လို့ အတန်းကျောင်းတက်ရတဲ့အခါ ကိုယ့်ခြေလှမ်းတွေကို ကိုယ် ယုံကြည်မှုရှိလာတယ်။ လဲမကျတော့ဘူးလို့ယုံကြည်တဲ့ ခြေလှမ်းတွေနဲ့ ရဲရဲဝံ့ဝံ့လှမ်းလို့…။ ကျွန်မခြေလှမ်းတွေကတော့ ခပ်မြန်မြန်လျှောက်တတ်နေဆဲပဲ။ လမ်းတွေဟာလည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်း ရေတွက်လို့ရတဲ့ အလွတ်ရနေတဲ့လမ်းမတွေပါပဲ။ လဲကျလည်း အန္တရာယ်မများလှတဲ့လမ်းတွေမှာ ခြေချော်ကျခဲ့ရင်တောင် အကျညင်သာခဲ့တာပေါ့။ အလွယ်တကူ မေ့ပျောက်လွယ်ခဲ့တာပေါ့။
အရွယ်လေးရလာတဲ့အခါ ကျွန်မရဲ့လမ်းတွေဟာ အရင်ကလောက် မရိုးတော့ဘူး။ အကွေ့အကောက်တွေ များလာတယ်။ အနိမ့်အမြင့်အတက်အဆင်းတွေ များလာတယ်။ ရှေ့မှာ ဘယ်လိုလမ်းမျိုးရှိမယ်ဆိုတာ ခန့်မှန်းရခက်လာတယ်။ လမ်းခွဲတွေ လမ်းသွယ်တွေ ရှုပ်ထွေးလာတယ်။ ခပ်ပြေပြေလမ်းတွေ၊ ခပ်စောက်စောက်လမ်းတွေ….လမ်းလိမ်လမ်းကောက်တွေနဲ့ ကျွန်မဟာ အတော်လေးအထာမကျဖြစ်လို့။ 
ကျွန်မက ခပ်ရိုးရိုးအတွေးနဲ့၊ ခပ်ရိုးရိုးခြေလှမ်းနဲ့….။ လမ်းတွေက လိမ်ကောက်ပုံနဲ့…..ဘယ်လိုမှ သဟဇာတ မဖြစ်လိုက်ပုံ။ ဒီလမ်းကထွက်လို့မှ ဒီခရီး မရောက်၊ ဒီလမ်းမပေါက်တဲ့အခါတွေလည်း ရှိရဲ့။ ရှေ့မှာတော့ ခပ်ပြေပြေလို့ မြင်နေပါရက်နဲ့ ဗြုန်းကနဲ ခပ်စောက်စောက် အနိမ့်အဆင်းတွေ၊ လမ်းရိုးကြီးလို့ ထင်လိုက်ပါရက်နဲ့ လျှောက်မိတော့မှ ခပ်မတ်မတ်လမ်းတွေ ဘွားကနဲအတွေ့မှာ ကျွန်မ ခြေကုန်လက်ပမ်း ကျခဲ့ရပြန်တယ်။ တင်ကြိုမမြင်နိုင်တဲ့ လမ်းအလျှောတွေမှာ ဟန်ချက်ပျက်တဲ့အခါ ကျွန်မကိုယ်တိုင် ထူထဖို့ အားပြန်ယူရတဲ့အခါတွေလည်း ရှိခဲ့ပါရဲ့။ အနာတရတွေဟာ ထင်သလောက် မသိမ်မွေ့တော့ဘူး။ ခက်ရှလာပြီ။ ဘယ်လိုမှ ပြန်လှည့်လို့မရတဲ့ လမ်းမှားတွေ လျှောက်မိတဲ့အခါ မှားမှန်းသိသိနဲ့ ဆက်လျှောက်နေရတဲ့ တစ်လမ်းသွားတွေပေါ်မှာ ဘဝက ဒဏ်ရာတွေနက်လာခဲ့ပြီ။
ငယ်ငယ်ကလို ကျွန်မဘေးမှာ အဖေရှိမနေတော့ဘူး။ လဲတော့မလား လဲတော့မလားလို့ စိုးစိတ်တွေနဲ့ ဖေးမပေးမယ့်လက်တွေ မရှိကြတော့ဘူး။ လဲကျလို့မှ ဝိုင်းဝန်းထူမ မပေးတတ်ကြတော့တဲ့ အခါတွေထဲ ကိုယ်တိုင်ထူမတ်ရတဲ့အကြိမ်ကြိမ်တွေအတွက် အားအင်တွေမဲ့လို့။ ရောထိုင်နေလို့လည်း မပြီးတော့တဲ့ ခြေချော်လက်ချော်မှုတွေမှာ ကိုယ်တိုင်သာအားကိုးရာ မဟုတ်လား။ ဒီလမ်းဒီခရီး မနီးလည်းဘဲ ကိုယ်တိုင်ရွေးချယ်လျှောက်ခဲ့တဲ့လမ်းတွေအတွက် ဘယ်သူမပြု မိမိမှုပါပဲ။ လမ်းတွေရှိနေသရွေ့ ခြေလှမ်းတွေ သယ်နိုင်နေသေးသရွေ့ ဆက်လျှောက်နေရဦးမှာ။
ဆုံးဖြတ်ချက်မြန်တဲ့ကျွန်မဟာ ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းမှားတစ်ခုအတွက် နောင်တဆိုတာထက် လမ်းမှန်ပေါ် ဘယ်လိုပြန်တက်ရမယ်ဆိုတာသာ ကျွန်မအတွက် ကူကယ်ရာ။ လျှောက်ချင်ခဲ့တဲ့ လမ်း၊ ရောက်ချင်ခဲ့တဲ့ခရီးတွေအတွက် အတ်ာကြာကြာ ယုံယုံကြည်ကြည်လျှောက်ခဲ့ပြီးမှ လမ်းမှားမှန်းသိလို့ ဂငယ်ကွေ့ တစ်ချက်တည်းအကွေ့မှာ ထိခိုက်မိတဲ့အခါတွေအတွက် ကျွန်မ ရင်နာတတ်ခဲ့ရပြီ။ လျှောက်လာခဲ့ရတဲ့ အချိန်တွေ၊ ရင်းနှီးခဲ့ရမှုတွေ၊ လမ်းကလေးအပေါ် ခြေချခဲ့ဖူးတဲ့ ခြေရာတွေအတွက်။ ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြိုအလဲမှာ အစကနေ ပြန်စရတော့မယ်ဆိုတဲ့အသိအတွက်။ ဘေးတဘက်တချက်ဝဲယာ လမ်းမှန်လို့ထင်ရတဲ့လမ်းပေါ်က လူတွေရဲ့ အကြည့်တွေ၊ အဲဒီအကြည့်တွေထဲမှာ အထင်အမြင်သေးမှုတွေ၊ သရော်မော်ကားအပြုံးတွေ၊ ရှေ့တင်မှာပဲ စိုက်ချလိုက်မယ့် ဓါးချက်တွေ၊ စကားတင်းဆို လှောင်ပြောင်ရယ်သံတွေ....။ နင့်ကနဲ စူးနေအောင်ခံခဲ့ရတဲ့ ထိုးစိုက်မှုတွေနဲ့ ဘဝဟာမွမွကြေလို့။
တခါတလေတော့လည်း မလျှောက်ဖြစ်ခဲ့ရင်ကောင်းမှာလို့ တွေးဖြစ်စေခဲ့တဲ့ လမ်းတွေအပေါ် မှတ်မှတ်ထင်ထင်နင်းလျှောက်ခဲ့မှုအတွက် ကျွန်မ ဝမ်းနည်းထိခိုက်ရပြန်တယ်။ ပြန်လှည့်ကြည့်လိုက်တိုင်း ထိထိခိုက်ခိုက်ခံစားရတဲ့ လမ်းတွေပေါ့။ ဟုတ်တယ်၊ တချို့လမ်းတွေဟာ ရပ်ကြည့်နေဖို့ပဲ၊ ခပ်လှမ်းလှမ်းကနေ လက်ပိုက် ရပ်ကြည့်နေဖို့ပဲ၊ လျှောက်လှမ်းဖို့ မရည်ရွယ်သင့်ဘူး။ လမ်းအဆုံးမှာ လွင့်ဝေးနေတဲ့ မတ်စောက်နေတဲ့ ကမ်းပါးတစ်ခုသာ ကြိုနေမယ့်လမ်းမျိုးပေါ့။ အနာတရတွေသိပ်များမယ့်လမ်းမျိုးပေါ့။ ဒဏ်ရာနက်နက်တွေအတွက် လွယ်လွယ်ကူကူ မေ့ပျောက်နိုင်တော့မှာ မဟုတ်တဲ့ လမ်းမျိုးတွေပေါ့။
ကျွန်မတို့ လမ်းတွေလျှောက်တိုင်း လျှောက်တိုင်းမှာ လမ်းအဆုံးကိုရောက်ဖို့ ရည်ရွယ်တာလား၊ လမ်းအဆုံးမှာ တခုခုရှိနေမယ်လို့ သိနေကြလို့လား။ ဒါမှမဟုတ် လမ်းအဆုံးရောက်ပြီးတိုင်း ရွာတွေ့မယ်လို့ မျှော်လင့်ချက်ထားတတ်ကြလို့လား။ ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ ကျွန်မတို့ လမ်းတွေကို လျှောက်ခဲ့ကြသလဲ။ ခရီးရောက်ဖို့သက်သက်မျှသာပဲလား၊ ဂုဏ်သိက္ခာတွေ၊ အောင်မြင်မှုတွေအတွက်လည်း ပါမှာပေါ့။ ခက်ခဲတဲ့လမ်းတွေအပေါ် ဖြတ်ကျော်နင်းလျှောက်ပြီးတိုင်း ရလာတဲ့ စိတ်ကျေနပ်မှုတွေလည်းပါမှာပါပဲ။ လမ်းအဆုံးမှာ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေကို အရောင်လက်လက်ထအောင် တင်ပေးလိုက်တတ်တဲ့လမ်းတွေရှိသလို၊ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေ ကိုယ်ကျင့်တရားတွေကို စတေးလိုက်ရတဲ့ လမ်းတွေလည်း ရှိပါရဲ့။
လမ်းတွေကို ခြေဖဝါးအပြားလိုက်ချလို့ နင်းလျှောက်သူတွေ ရှိမယ်။ ငွေကြေးနဲ့ နင်းလျှောက်ကျော်ဖြတ် သူတွေ ရှိမယ်။ ဦးနှောက်ကိုသုံးပြီး လျှောက်သူတွေ ရှိမယ်။ နှလုံးသားကိုခင်းပြီး လျှောက်သူတွေလည်း ရှိကောင်းရှိမယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ရိုးသားစွာလျှောက်လှမ်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်။ မှန်ရင်လည်း ရိုးရိုးသားသား၊ မှားရင်လည်း ရိုးရိုးသားသားဖြစ်ဖို့ပေါ့....။
ကျွန်မ မှတ်မိနေပါသေးတယ်။ အဖေ ကျွန်မကို ကြိုတင်ဟောချက်ထုတ်ခဲ့တာတွေ။
ခေါင်းမာမယ်တဲ့…၊ ဟုတ်တယ်။ ကျွန်မက ကိုယ်မှန်တယ်လို့ ဆုံးဖြတ်တဲ့လမ်းအတွက် ခြေလှမ်းတွေကို အဲဒီလမ်းပေါ် ချကို ချလိုက်ရမှ။ တဇွတ်ထိုးဆန်မယ်တဲ့….၊ ဟုတ်တယ်။ ကျွန်မက ကိုယ်လျှောက်ချင်တဲ့ လမ်းအတွက် ဘယ်သူတားတား ဇွတ်ရှေ့ဆက်တိုးတတ်တယ်။ ဆုံးဖြတ်ချက်အချ မြန်မယ်တဲ့၊ ဟုတ်တယ်။ လောကပရိယာယ်မကြွယ်ဝတဲ့ ကျွန်မဟာ အရာရာကို အတည့်ပဲ မြင်တတ်တယ်။ လမ်းတွေ့တာနဲ့ လုပ်မယ်၊ လျှောက်မယ်လို့ လမ်းအဆုံးကိုမမျှော်ဘဲ အလျင်စလို ဆုံးဖြတ်ချက် ချတတ်တယ်။ ကျွန်မက စိတ်ခံစားမှုကို ရှေ့တန်းတင်လွန်းသူလေ။ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်၊ ဒါလည်းပဲ မှန်တယ်။ လမ်းမှားဖြစ်စေ လမ်းမှန်ဖြစ်စေ ကိုယ်လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ယူဆပြီး ရဲရဲရင်ဆိုင်ပစ်တတ်တယ်။
ကျွန်မအပေါ် အဖေကြိုတင်ပြောခဲ့တာတွေအားလုံး မှန်ခဲ့တယ်။ တစ်ခုပဲ…။ ဟိုအရင်ငယ်စဉ်ကလို လဲကျတဲ့အခါ လူးလဲထူထရင်း ဆက်လျှောက်တတ်တာတော့ မှန်ပါရဲ့။ ဘယ်လောက်နာနာ ငါ့သမီးက မငိုတတ်ဘူးဆိုတာကတော့ လွဲခဲ့ပြီ။ လဲကျမှုတွေအတွက် ပြန်လည်ထူမတ်ရင်း သိပ်နာကျင်လွန်းတဲ့အခါတွေမှာ အသံမဲ့ညည်းတွားတတ်ပြီ၊ ကျွန်မ မျက်ရည်ကျတတ်ပြီလို့ ကျွန်မ အဖေ့ကို ပြောပြချင်လိုက်တာ။
ချိုချက်မကင်းနိုင်တဲ့ နွားသိုးတစ်ကောင်မဟုတ်လေတော့ ထိရှရာတွေအတွက် ကြံဖန် ဂုဏ်မယူနိုင်တော့ဘူး။ ကျွန်မ နာကျင်တတ်ခဲ့ပြီ။ အမှားဟာ ဂုဏ်ယူစရာမှ မဟုတ်တာဘဲလေ။ ဒါပေမဲ့ အမှန်ကို ညွှန်ဖို့ လမ်းပြမြေပုံတစ်ချပ်လို့ ကျွန်မနားလည်တယ်။
ကျွန်မအတွက်တော့ လမ်းတွေဟာ လျှို့ဝှက်လွန်းတယ်၊ နက်နဲလွန်းတယ်၊ မာယာများလွန်းတယ်။ အတွန်းအတိုက်တွေ ပေါများတယ်။ အဆင်းဘီးတပ်တဲ့လမ်းတွေလို လျှောကနဲအောက်ရောက်သွားနိုင်တဲ့ လမ်းတွေလည်း ရှိတယ်။ အမြင့်ရောက်ဖို့ ကွေ့ကာပတ်ကာ တက်ရတဲ့လမ်းတွေ ရှိတယ်။ တချက်ချော်တာနဲ့ လွင့်ကနဲကျသွားမယ့်လမ်းတွေ။ လမ်းတွေမှာ မျက်လုံးတွေ ရှိတယ်။ နားတွေ ရှိတယ်။ အမြင်အကြားနဲ့ လမ်းတွေ…၊ အထူအပါး ခြားနားတဲ့လမ်းတွေ….။ မချစ်သော်လည်းအောင့်ကာ မသေမချင်း ရှေ့ဆက်လျှောက်လှမ်းရတော့မယ့်လမ်းတွေ…။
ဘဝဟာ တိုတိုလေးပါ။ လမ်းတွေကတော့ ရှည်လျားလွန်းလှတယ်။ မဆုံးနိုင်တဲ့ လမ်းတွေပေါ့။
မဆုံးနိုင်တဲ့လမ်းတွေအပေါ် ကျွန်မတို့ လျှောက်မြဲ ဆက်လျှောက်နေကြရဦးမှာပဲ။ လမ်းသွယ်တွေ လမ်းခွဲတွေရောက်တဲ့အခါတိုင်း ဘယ်လမ်းလိုက်မလဲ ရွေးရတာကိုက လူ့ဘဝရဲ့ အားစမ်းမှုတစ်ခုပေပဲလား။ လမ်းမှန်တစ်ခုလျှောက်မိလို့ အဆုံးရောက်တိုင်း စိုက်ထူခဲ့တဲ့အလံတွေ ရှိကောင်းရှိမှာဖြစ်သလို၊ လမ်းမှားတစ်ခုပေါ်လျှောက်လို့ လမ်းဆုံးတိုင်တဲ့အခါတိုင်း ကိုယ့်ကျရှုံးမှုကို ကိုယ်တိုင်ဝန်ခံတတ်ဖို့လည်း လိုသေးတာ။ အမှားကို ရွှေချပြီး ဘောင်သွင်းထားနိုင်ရင်တော့ တစ်နေ့ လမ်းမှန်ရောက်တဲ့အခါ ပြုံးပြုံးကြီး အရသာခံ
ပြန်ကြည့်နိုင်မှာပဲပေါ့။
လာစမ်းပါစေလေ….။ ဟိုးရှေ့က လမ်းတွေ၊ လမ်းသွယ်တွေ၊ လမ်းပြိုင်တွေ၊ လမ်းခွဲတွေ….။ ဒဏ်ရာတွေဘယ်လောက် နက်နက်ပေးဦးမလဲ…..။ ပြီးခဲ့တဲ့လမ်းတွေနဲ့မတူတဲ့ အသစ်အသစ်သော မာယာတွေကို ရင်ဆိုင်ဖို့ ခွန်အားအသစ်တွေ တဖန်မွေးမြူရင်းပေါ့….။ 
ကျွန်မတို့အားလုံး လမ်းတွေ ဆက်လျှောက်နေကြရဦးမှာပါလေ....


ချစ်ကြည်အေး
(ဘယ်အချိန်ပြန်ဖတ်ဖတ် ကျွန်မကို မျက်ရည်ကျစေတဲ့၊ အရင်ကရေးခဲ့ဖူးတဲ့ အက်ဆေးလေးတပုဒ်ပါ။ မကြာခင်လာမယ့် ကျွန်မမွေးနေ့အတွက် အဖေ့ကို လွမ်းလွမ်းဆွတ်ဆွတ်သတိရနေရင်း အမှတ်တရ ပြန်တင်လိုက်ပါတယ်)
၁၅ မတ်လ၊ ၂ဝ၁၉ 


Thursday, February 21, 2019

Kill the ANTs

ကျွန်မတို့တွေဟာ လက်ရှိမှာ အင်မတန်နေခဲကြတယ်။ အတိတ်မှာဖြစ်စေ၊ မနက်ဖြန်တွေကျရင်ဆိုတာမှာ ဖြစ်စေ အေးခဲနေတတ်ကြတာ၊ လှုပ်ခတ်နေတတ်ကြတာ များပါတယ်။ ဘယ်ကာလမှာနေတာပဲဖြစ်စေ ကိုယ့်စိတ်ကို ကြည်လင် ပေါ့ပါးစေမယ့် အရိပ်အောက်မှာ နေတတ်ဖို့တော့ လိုတာပေါ့။ တနေ့က ညီမလေးတယောက်နဲ့ ဖုန်းပြောဖြစ်ရင်း စိတ်မပျော်နေတဲ့သူ့ကို အားပေးဖြစ်တယ်။ သူ့ကိုပြောပြဖြစ်တာတွေ ပြန်ရေးချင်လာလို့၊ ပြီးတော့ သူ့လိုပဲ တခြားစိတ်မပျော်သူတွေ ရှိနေရင် ဆေးများတိုးဦးမလားဆိုတဲ့ စိတ်ကလေးနဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ဟာ အင်မတန်ဆန်းကြယ်တယ်။ စိတ်ဟာ အောက်ဆုံးထိထိုးဆင်းပြီးရင် တော်တော်နဲ့ အထက်ကို ပြန်တက်မလာနိုင်တော့ဘူး။ ဘယ်လိုစာတွေပဲဖတ်ဖတ်၊ အကြံပေးစကားတွေပဲ နားထောင်ထောင်၊ သိကြားမင်းလည်း မကယ်နိုင်ဘဲ ကိုယ့်စိတ်ကို မြှင့်တင်နိုင်မယ့်သူဟာ နောက်ဆုံးမှာတော့ ကိုယ်ကိုယ်တိုင်ဆိုတာကို အရင်ဆုံး သိထားပေးပါ။
များသောအားဖြင့် မပျော်ရွှင်နိုင်သူတွေဟာ နာကျည်းစိတ်တွေအခြေခံထားတဲ့ မွန်းကြပ်နေတဲ့အတွေးတွေထဲ တလည်လည်လှောင်ပိတ်နေတတ်ကြတယ်။ ဘာကြောင့် နာကျင်ရသလဲ၊ ဘာကြောင့် မပျော်ရွှင်ရသလဲ။ ကိုယ်တိုင်မွေးမြူထားတဲ့ အပျက်သဘောဆောင်တာများနေတဲ့ အတွေးတွေကြောင့်ပါပဲ။
Kill the ANTs ဆိုတဲ့ အသုံးအနှုန်းကို တချို့တွေ ကြားဖူးကြပါလိမ့်မယ်။

ANTs - Automatic Negative Thoughts

အမြဲလိုလို တဝဲလည်လည် တွေး တွေးမိနေတတ်တဲ့ အပျက်သဘောဆောင်တဲ့ အနက်ရောင် အတွေးတွေကို ဖယ်ရှားသတ်ဖြတ်ပစ်ပါ လို့ ဆိုလိုတာပါပဲ။ ဒါကို Dr. Daniel Amenက လက်တွေ့နဲ့ယှဉ်ထိုး စဉ်းစားပြီးမှ သုံးနှုန်းခဲ့တာ ဖြစ်တယ်။ တနေ့ သူ့မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေ ထောင်နဲ့ချီ အုံခဲနေတာတွေကို သူ ရှင်းပစ်ရတယ်။ အဲဒီကနေ သူ့မှာ အတွေးတစရသွားခဲ့တယ်။ ANT ဆိုတဲ့ စာလုံးတွေရဲ့ အရှည်ကို သူက Automatic Negative Thoughts လို့ ယူလိုက်တယ်။ ANT တွေရဲ့ စုရုံးသောင်းကျန်းမှုကို ခံရတဲ့ သူ့မီးဖိုချောင်လိုပဲ သူ့လူနာတွေဟာ Automatic Negative Thoughts ဆိုတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေရဲ့ ချေမှုန်းသတ်ဖြတ်မှုကို ခံနေကြရတယ်။ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့စိတ်တွေ ဖြစ်နေကြတယ်၊ စိတ်ဓါတ်ဟာ ဟိုးအောက်ခြေအထိ ကျဆင်းကာ နာလန်မထူနိုင်အောင် ဖြစ်နေကြတယ်၊ လူမှုရေး စီးပွားရေး နေရာတိုင်းမှာ ဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရတယ်။ ဒါကြောင့် သူဟာ Kill the ANTs ဆိုတဲ့ စကားကို သုံးပြီး သူ့ရဲ့မပျော်ရွှင်သော စိတ်ဖိစီးခံလူနာတွေကို ကုသခဲ့ရတယ်။ 
ANTs လို့ အတိုကောက်ခေါ်တဲ့ Automatic Negative Thoughts ရဲ့ ဆိုးကျိုးဟာ ဘယ်အထိ တာသွားသလဲ ကြည့်ကြရအောင်။
ကျွန်မတို့ ဦးနှောက်မှာ Frontal lobe နဲ့ Temporal lobe ဆိုတာ ရှိပါတယ်။ နဖူးရဲ့အနောက်ဘက်ဦးခေါင်းခွံနဲ့ကပ်လျက် တကြောလုံးဟာ Frontal lobe ဖြစ်ပြီး သူ့အနောက် အောက်ခြေဘက်နားမှာ Temporal lobe ရှိပါတယ်။
အပျက်သဘောဆောင်တဲ့ အတွေးတစ တွေးမိပြီဆိုတာနဲ့ သူတို့ ၂ခုဆီက chemicalတမျိုး ထွက်လာစေပါတယ်။ အဲဒီ chemicalဟာ သက်ရောက်မှုတွေ အများကြီးဖြစ်စေတယ်၊ ဝမ်းနည်းလာမယ်၊ မျက်ရည်ကျမယ်၊ နာကျင်လာမယ်၊ လက်တွေတုန်လာမယ်၊ လက်ဖျားတွေ အေးလာမယ်၊ ကြွက်သားတွေကို တောင့်တင်းလာစေတယ်၊ နှလုံးခုန်မြန်လာမယ် စတဲ့ တုန့်ပြန်မှုတွေကို ခံစားရစေတယ်။ ဦးနှောက်တခုလုံးမှာ သူတို့ ၂ခုရဲ့တာဝန်ဟာ emotional expression -ခံစားမှုတွေကို ခံစားစေတဲ့ အလုပ်ကို လုပ်ကြတယ်။ ပြီးတော့ ဦးနှောက်ဟာ ဒါကို ပရိုဂရမ်တခုလို မှတ်ထားလိုက်တော့တယ်။ နောက်အခါတိုင်းတွေမှာလည်း ဒီလိုပဲ ဆင်တူအတွေးတွေ တွေးမိတဲ့အခါ ဦးနှောက်ဟာ ဒီလိုပဲ တုန့်ပြန်တယ်။ ပြောရရင် ကိုယ့်အတွေးနဲ့ကိုယ် “နာကျင်စေတဲ့ သံသရာစက်ဝိုင်းတခု”ရဲ့ဖြစ်စဉ်စဆုံးကို ဦးနှောက်က record ယူထားလိုက်တာမျိုးပါပဲ။ 
ဒါကို ကျွန်မတို့ နားလည်သဘောပေါက်ဖို့ပဲ လိုတာပါ။ ဒါကို နားလည်သဘောပေါက်ပြီဆိုတာနဲ့ တခြားပိုမိုကောင်းမွန်တဲ့အတွေးတွေကို တွေးမယ်၊ ပျော်ရွှင်နေတဲ့အချိန်မှာ ဦးနှောက်ကထုတ်ပေးတဲ့ ကွဲပြားတဲ့ chemical နောက်တမျိုးကိုပဲ ထုတ်လွှတ်စေမယ်၊ “ပျော်စရာကောင်းတဲ့ တက်ကြွလန်းဆန်းစေတဲ့ သံသရာစက်ဝိုင်းတခု”ကိုသာ ဦးနှောက်ထဲ ပရိုဂရမ်သွင်းစေတော့မှာပေါ့၊ ဟုတ်တယ်နော်။
ကျွန်မတို့ လေ့ကျင့်ယူရပါမယ်။ ပြောထားခဲ့သလိုပါပဲ၊ အပျက်သဘောဆောင်ပြီး ကိုယ့်ကို ထိခိုက်နာကျင်စေမယ့်အတွေးတွေ တွေးမိတာနဲ့ ရေဒီယိုလိုင်းပြောင်းသလို ချက်ချင်း လိုင်းပြောင်းချပစ်လိုက်ပါ။ ဖီးလ်မနေပါနဲ့ အချိန်အကုန်မခံပါနဲ့။ တခြားအဓိပ္ပါယ်ရှိတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ အဲတာတွေကို ပြောင်းလဲလုပ်ဆောင်တတ်တဲ့ အကျင့် လုပ်ပေးပါ။ နောက်တခုက NOT to do list ချရေးပါ၊ To do list မဟုတ်ပါဘူး၊ NOT to do listပါ။ ချရေးထားတဲ့အတိုင်း တနေ့တာ ဒါတွေကို ငါ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ နေပါ။ ကိုယ့်အတွက် အကျိုးမရှိမယ့် အလုပ်တွေကို ရှောင်နိုင်ပြီဆိုရင် အတော်လေး ကောင်းနေပါပြီ။ 
ကျွန်မ ပြောချင်တာ ဒါပါပဲ၊ ANTs ကို ချေမှုန်းရှင်းလင်းပါ။
NOT to do list အတိုင်း မလုပ်ဘူးဆိုတာတွေကို လှည့်တောင်မကြည့်မိပါစေနဲ့။
နောက်ဆုံးတခုပြောချင်တာက အလေ့အကျင့်တခု ခိုင်မာဖို့၊ ဦးနှောက်ထဲမှာ မှတ်သားဖို့ (rewire brain လို့ ခေါ်ပါတယ်) အနည်းဆုံး ၂လခွဲကနေ ၃လ ကြာပါတယ်။ နာကျင်စရာတွေ ချထားပစ်ခဲ့ပါ။ အလေ့အကျင့်ကောင်းတွေ ပျော်စရာအတွေးတွေနဲ့ ဦးနှောက်ကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပြန်လည်တည်ဆောက်ကြပါ။ လူ့ဘဝတိုတိုကလေးဟာ နေပျော်ဖို့သာ ကောင်းတာ ဟုတ်လား...
Remember, your brain is how you reshape and rewire !


အားလုံးပဲ အဆင်ပြေကြပါစေ….
ချစ်ခင်စွာ
ချစ်ကြည်အေး
၂၁၀၂၂၀၁၉ 

Reading list :

Tuesday, February 12, 2019

လူတယောက်ရဲ့ စရိုက်လက္ခဏာအစပျိုးခြင်း



လူတယောက်ရဲ့ စရိုက်လက္ခဏာအစပျိုးခြင်း ~

လူတယောက်ရဲ့ Personality လို့ ဆိုလိုက်ရင် ကျွန်မအတွက်တော့ ခဏအတွင်းမှာ မြင်လိုက်ရတဲ့ အပေါ်ယံအသွင်အပြင် စမတ်ကျသေသပ်မှုနဲ့ အတန်ကြာပေါင်းကြည့်မှ သိရမယ့် (မျက်စိနဲ့မမြင်နိုင်တဲ့) ပင်ကိုယ်အတွင်းစရိုက် အဲဒီနှစ်ခုပေါင်းထားတယ်လို့ နားလည်မိပါတယ်။ မွေးစကနေ သေဆုံးတဲ့အထိ လူတယောက်ရဲ့ဖြစ်တည်မှု စရိုက် ဗီဇဆိုတာတွေကို ဟိုးရှေးပဝေသဏီကတည်းက အတွေးအခေါ်ပညာရှင်တွေ၊ စိတ်ပညာရှင်တွေ၊ တခြားသော ပညာရှင်ပေါင်းများစွာက ရှုထောင့်များစွာကနေ ဆင်ခြင်သုံးသပ်၊ လေ့လာ သုတေသနပြုခဲ့ကြပြီးလည်း ဖြစ်တယ်။ အဲဒီအထဲကမှ Sigmund Freudရဲ့ သီအိုရီကို နည်းနည်းလေးဆွဲထုတ်ပြီး ပြောပြချင်ပါတယ်။
Sigmund Freud ရဲ့ လူတယောက်ရဲ့စရိုက်လက္ခဏာ ကြီးထွားရှင်သန်လာပုံကို စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်ကနေ ချဉ်းကပ်တဲ့ သီအိုရီအရ လူတယောက်ရဲ့ Personality မှာ အပိုင်း ၃ပိုင်းပါဝင်တယ်လို့ ဆိုခဲ့တယ်။ 
Personality = The Id + Ego + Superego လို့ ပြောခဲ့ပါတယ်။


Personalityကို Freudက ရေခဲတောင်ကြီးတွေနဲ့ ခိုင်းနှိုင်းပြခဲ့တယ်။ ရေပေါ်ပေါ်နေတဲ့ ရေခဲတောင်ထိပ်ဖျားပိုင်းအနည်းငယ်ကလေးဟာ သိစိတ်ကို ဖော်ညွှန်းတာဖြစ်ပြီး ရေအောက်မှာ ကျန်နေတဲ့ ဧရိယာကြီးမားလှတဲ့ ရေခဲတောင်အခြေဟာ မသိစိတ်ဖြစ်တယ်လို့ သူက ဆိုတယ်။ အဲဒီအောက်ခြေပိုင်းဟာ ပုန်းခိုနေတဲ့ စိတ်ဆန္ဒတွေ၊ လိုချင်တပ်မက်မှုတွေ၊ အတွေးစိတ်ကူးတွေနဲ့ အမှတ်ရအောက်မေ့ဖွယ်တွေ သိုသိပ်သိမ်းဆည်းထားရာလို့ ဆိုတယ်။ အဲဒီနေရာဟာ The Id အခြေချရာ နေရာဖြစ်တယ်လို့လည်း ပြောခဲ့တယ်။
The Id ရဲ့အလုပ်က လူတယောက်ရဲ့အခြေခံလိုအပ်ချက်တွေ၊ လိုချင်စိတ်တွေကို ဖြည့်ဆည်းရယူလိုက်ဖို့ မသိစိတ်ရဲ့စွမ်းအားကနေ လှုံ့ဆော်ရာနေရာဖြစ်တယ်။ Id ဟာ လူတယောက်မှာ ဖွားဘက်တော်အဖြစ် မွေးစကတည်းက အတူပါလာတဲ့ အဦးဆုံး စရိုက်လက္ခဏာအစိတ်အပိုင်းတခုဖြစ်ပြီး မသိစိတ်တခုအဖြစ် ကိန်းနေတာပါ။ အခြား နှစ်ခုဖြစ်တဲ့ The ego နဲ့ The superego မဖွံ့ဖြိုးခင်မှာ ကလေးတယောက်ရဲ့ လိုအပ်သမျှကို Idကပဲ ဦးဆောင် တောင်းဆိုသွားတာပါပဲ။ Idဟာ Pleasure principle ချမ်းသာမူအဓိက ဥပဒေသနဲ့ နေတယ်။ နေပျော်မှုကို လိုလားတယ်။ သက်တောင့်သက်သာဖြစ်မှုကို မက်မောတယ်။ လိုတရဖြစ်ချင်စိတ်နဲ့နေတယ်။ လူတယောက်ရဲ့ငယ်ဘဝမှာ Id ရဲ့တောင်းဆိုမှုနဲ့ပဲ မသိစိတ်ဦးဆောင်ကာ အရာရာလိုအပ်သမျှ တတ်နိုင်တဲ့နည်းနဲ့ တောင်းဆိုခဲ့တာတွေချည်းပဲဖြစ်တယ်လို့ ဆိုတယ်။ 
Idဟာ Primary Process ပေါ်မှာ အခြေခံပြီး ယာယီလိုချင်စိတ်တွေကို ဖြေသိမ့်တယ်။ ရေဆာနေတဲ့လူဟာ ချက်ချင်းရေမသောက်နိုင်သေးတဲ့အခိုက်အတန့်မှာ ရေအေးအေးဖြည့်ထားပြီး ဘေးပတ်လည်မှာ ရေတွေသီးနေတဲ့ ဖန်ခွက်တခွက်ကို စိတ်ထဲမြင်ယောင်ကာ တံတွေးမျိုချနေတတ်တာမျိုးပါပဲ။ Freudက IDကို "dark, inaccessible part of our personality" လို့ ဖွင့်ဆိုသတ်မှတ်ခဲ့သလို လူတယောက်ချင်းစီရဲ့ IDဟာ ခြေရာခံဖို့ အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုခဲ့တယ်။
မွေးစ ကလေးငယ်တယောက်နဲ့ မိဘတို့အကြား ခံစားဆက်သွယ်မှုစတင်ချိန်မှာပဲ ID ဟာ စတင်အလုပ်လုပ်ပါတော့တယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ မိဘတွေ၊ မိသားစုတွေဆီကနေ အမူအကျင့်၊ ယုံကြည်မှု၊ စိတ်နေသဘောထား၊ အပြောအဆို အနေအထိုင် စတာတွေအားလုံးကို ရယူနိုင်သမျှ၊ ရယူချင်သမျှ ရယူကာ သူ့အပိုင်အဖြစ် ယူပါတယ်။ အားလုံးဆီက စုပေါင်းစပ်ပေါင်းတွေကို “သူ” လို့ လုပ်လိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ မောင်ဖြူကို မောင်ဖြူ ၊ မောင်နီကို မောင်နီ ဖြစ်စေခြင်းရဲ့ အစပျိုးခြင်းလို့ ဆိုနိုင်ပါတယ်။ 
နောက်တဆင့်အနေနဲ့ ကလေးငယ်မှာ The egoအစပျိုးခြင်းကို ပြောပါမယ်။ 
အမြဲ လိုတရနေတဲ့ကလေးတယောက်ဟာ သူ လိုချင်တာကို မရရင်ဖြစ်စေ၊ သူရဲ့ကြည့်မှန်တချပ်လို တွယ်တာရတဲ့မိဘတွေနဲ့ ခွဲခွာရရင်ဖြစ်စေ ego စတင်သက်ဝင်လာပါတော့တယ်။ ကြီးပြင်းမှုရဲ့သဘောမှာ ခွဲခွာကျန်ရစ်ရခြင်းလည်း ပါတယ် ဟုတ်လား၊ ကြီးပြင်းလာတာနဲ့အမျှ ကလေးဟာ ကလေးထိန်းကျောင်းပို့ခံရမယ်၊ ကျောင်းသွားရတော့မယ်ပေါ့။ ဒီနေရာမှာ ကလေးဟာ တချိန်လုံးအတူနေနေကျ မိဘနဲ့ ခွဲရပြီ။ ဒါဟာ The IDနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ အမြဲတစေ ချမ်းသာနေရတဲ့ကလေး၊ လိုတရနေတဲ့ကလေးဟာ သူ မလိုချင်တဲ့ ခွဲခွာရမှုကို ဆန့်ကျင်ဖို့ egoရဲ့လှုံ့ဆော်မှုနောက် လိုက်ရပါတော့တယ်။ အဲဒီအချိန်ဟာ မိမိကိုယ်ကို ချစ်တတ်ခြင်းဆိုတဲ့ Narcissism ပါ တပါတည်း အားကောင်းစပြုလာချိန်ပေါ့။
နောက်တဆင့်မှာတော့ ကလေးဟာ ကြီးပြင်းလာတာနဲ့အမျှ လူတယောက်ရဲ့ အရည်အချင်း၊ အဆင့်အတန်း ဒါတွေကို တခြားသူတွေဆီမှာ တွေ့လာ၊ သဘောပေါက်လာရပြီး သူ့ရဲ့ကြီးပြင်းလာရမှုအနေအထား အခြေအနေတွေနဲ့ကိုက်ညီစွာ သဘောထားတူမျှသူတွေနဲ့ အုပ်စုဖွဲ့တတ်လာတဲ့ အဆင့်ပါပဲ။
တချိန်တည်းမှာပဲ Superego ဟာ စတင်နိုးကြားလာတယ်။ မိဘနဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝန်းတွေက ညွှန်ပြတဲ့ ပြဌာန်းချက်တွေ၊ တားမြစ်ကန့်သတ်ချက်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကျင့်ဝတ်တွေရဲ့ စည်းမျဉ်း ထိန်းချုပ်မှုတွေနဲ့ အရာရာကိုယ့်သဘောဆောင်နေတဲ့ The ID ထိပ်တိုက်အတွေ့မှာ Superegoဟာ မီးထပွင့်သလို ရုပ်လုံးပေါ်လာတော့တာပဲဖြစ်တယ်။ 
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ The ID ကနေမှ ego နဲ့ superego တွေ ရင့်သန်လာရတယ်။ အဲဒီ သုံးခုပေါင်းစည်းခြင်းဟာ လူတယောက်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်တယ်လို့ ဆိုနိုင်ပြီး၊ ရေခဲတောင်ရဲ့ ရေအောက်ထဲက တောင်ခြေအကြီးကြီးလို မှန်းဆရခက်တဲ့ မသိစိတ်တွေရဲ့ကြီးစိုးမှုများလွန်းတဲ့ လူတယောက်ရဲ့ စရိုက် ဖြစ်တည်မှုတွေကို အခြားတယောက်ကသိနိုင်ဖို့ဆိုတာ…..။


ချစ်ကြည်အေး

#SigmundFreud'sTheory~

Reading list: 
  • Id, Ego and Superego By Saul McLeod
  • Freud's Theory of the Id in Psychology 
  • What Are the Id, Ego, and Superego? By Kendra Cherry

ImageCrd:  Simplypsychology.org

Thursday, February 7, 2019

Silent Treatment ဆိုတာ....

Silent Treatment ဆိုတာ လူတယောက်ရဲ့ စိတ်ကို (သို့မဟုတ်) လူကို သေစေနိုင်တဲ့ လက်နက်မဲ့သတ်ဖြတ်ခြင်းတမျိုးပါပဲ….။ 
“သင့်ကိုပျက်စီးစေတဲ့ တိတ်ဆိတ်ခြင်းနည်းဗျူဟာ(၅)နည်းနဲ့ ဒါကို ဘယ်လိုရင်ဆိုင်မလဲ”
အားလုံးကြားဖူးကြလိမ့်မလားပဲ၊ တုန့်ပြန်မှုမဲ့တိတ်ဆိတ်စွာနဲ့ သင့်ကို ပျက်စီးစေတဲ့ နည်းလမ်းဆိုတာ၊ အဲတာဟာ စိတ်ပိုင်းဆိုင်ရာအပြစ်ပေးနည်း (သို့မဟုတ်) အနိုင်ကျင့်လိုစိတ်နဲ့ ခြယ်လှယ်ကြိုးကိုင်တဲ့နည်းလမ်းပဲ ဖြစ်တယ်။ ကိုယ်တို့အားလုံး တချိန်ချိန်မှာတော့ တွေ့ကြုံဖူးကောင်း တွေ့ကြုံနိုင်ကြပါလိမ့်မယ်၊ သိသိနဲ့ဖြစ်စေ၊ မသိလို့ဘဲဖြစ်စေ သုံးမိကြလိမ့်မယ်။ ဒါဟာ တယောက်နဲ့တယောက် ဆက်ဆံရေးမှာဖြစ်စေ၊ ချစ်သူတွေအကြားမှာဖြစ်စေ၊ မိတ်ဆွေတွေအချင်းချင်းပဲဖြစ်စေ၊ မိသားစု၊ လုပ်ငန်းခွင်ဆက်ဆံရေး၊ နောက်ဆုံး သူစိမ်းတရံစာတွေနဲ့ဆက်ဆံရာမှာပဲဖြစ်စေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
ဒီစာထဲမှာ ကိုယ်ရေးပြမယ့်အကြောင်းက လူတချို့ဟာ ဘာကြောင့် ဒီနည်းကို သုံးသလဲ၊ ဒီနည်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ၊ ဘယ်လောက်ပြင်းပြင်းထန်ထန်ပျက်စီးစေသလဲဆိုတာတွေနဲ့ ဒါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေပါပဲ။ ဒီနည်းလမ်းကို လူတွေဘာကြောင့်သုံးရတယ်၊ ဒီနည်းဟာ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာကို မင်းအနေနဲ့ သေသေချာချာနားလည်မယ်ဆိုရင်တော့ ဒီလိုပြဿနာမျိုးကိုကြုံလာရတဲ့အခါ ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းနဲ့ ကွဲပြားစွာဖြေရှင်းနိုင်မှာဖြစ်တယ်။ ဒီတော့ Silent Treatment ဆိုတာ ဘာလဲလို့ ကြည့်ကြရအောင်။
~ Silent Treatment - တုန့်ပြန်မှုမဲ့ တိတ်ဆိတ်ခြင်းနည်းဗျူဟာဆိုတာ ဘာလဲ
လူတယောက်က တခြားလူတယောက်အပေါ် ဗြောင်ကျကျ အဖက်မလုပ်ခြင်း / လျစ်လျူရှုခြင်းကို ဆိုလိုပါတယ်။
ဒါဟာ ရိုင်းပျရုံတင်မဟုတ်ဘဲ မရင့်ကျက်ခြင်း၊ စာနာမှုကင်းမဲ့ခြင်း၊ ရက်စက်ခြင်းနဲ့ သေးသိမ်ခြင်းတို့ရဲ့ ပြယုဂ်လည်းဖြစ်တယ်။ ပြုလုပ်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာခံစားမှုကို အဆုံးထိကျစေတဲ့အပြင် ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကိုယ်ပိုင်းဆိုင်ရာမှာပါ အထိနာစေပါတယ်။ တစုံတယောက်ကို ဂရုမစိုက်ဘဲနေခြင်းဟာ ချစ်ခြင်းတရားကို ပြသရာမရောက်ဘဲ တကယ်တော့ ညှင်းပန်းနှိပ်စက်ခြင်းလို့တောင် ဆိုနိုင်တာပါ။
လက်ရုံးအားကိုးနဲ့ နှိပ်စက်ကလူပြုတာကမှ လူတယောက်ကို နာကျင်စေတာ မဟုတ်ပါဘူး။ ပြီးတော့ လူတယောက်ကို လျစ်လျူရှုဖို့ဆိုတာက သုံးရမယ့်/ သုံးသင့်တဲ့ ဗျူဟာတခုလည်း မဟုတ်ပါဘူး၊ ဒါဟာ တစုံတယောက်ရဲ့ စိတ်ခံစားမှုကို တစိုက်မတ်မတ် အရေးမစိုက်နေခြင်းသာ ဖြစ်တယ်။ ကိုယ်ပြောတာကို နားလည်ရများခက်နေမလားပဲ။ ကိုယ့်အတွေ့အကြုံအရနဲ့ တချို့သုတေသနပြုချက်တွေအရ တုန့်ပြန်မှုမဲ့ တိတ်ဆိတ်စွာနေခြင်းနည်းဗျူဟာမှာ အမျိုးမျိုးသော သက်ရောက်မှုတွေ အများကြီးကို ရှိနေပါတယ်။ ကိုယ် ဘာကြောင့် ဒါကိုရေးရသလဲဆိုတော့ ဒါဟာ လူသားတယောက်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းမှုနဲ့ ယုံကြည်ရပ်တည်မှုတွေအတွက် သိပ်ကို အရေးကြီးတာမို့ပါပဲ။ 
တုန့်ပြန်မှုမဲ့ တိတ်ဆိတ်စွာနေခြင်းနည်းဗျူဟာကို လွန်လွန်ကဲကဲ အစွန်းရောက်အောင်ကို ကျင့်သုံးနေတတ်သူတွေ ရှိပါတယ်။ တကယ်တော့ ဘယ်သူတဦးတယောက်မှ ဒီလိုနည်းနဲ့ အညှင်းပန်းမခံသင့်သလို ဒါဟာလက်ခံသင့်တဲ့အမူအကျင့်လည်း မဟုတ်ပါဘူး။ ပြီးတော့လည်း ဒါမျိုးက သင်လက်ခံနေသရွေ့ ပြီးသွားမှာပါ၊ လွန်မြောက်သွားမှာပါလို့ ယူဆရမယ့်အရာမျိုး မဟုတ်ပါဘူး။
~ ဘာကြောင့် ဒီနည်းဗျူဟာကို လူတွေ / လူတချို့ သုံးကြသလဲ
အကြောင်းရင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ 
၁။ သူတို့ရဲ့ ပြဿနာကို မင်းရဲ့ပြဿနာလုပ်ချင်တဲ့အခါ…
ပြောရရင်တော့ ဒါဟာ တကယ့်ကို လွယ်လွယ်လွတ်လမ်းရှာခြင်းတမျိုးပါပဲ။ မင်းကိုပဲ အပြစ်ရှာ အပြစ်တင်ပြီး လျစ်လျူရှုနေလိုက်ရုံနဲ့ ပြသာနာတွေက ပြီးသွားမယ် ထင်တတ်ကြတာမျိုးပေါ့။ ဒါမှမဟုတ် မင်းအပေါ်တကယ်ကို စိတ်မပြေသေးလို့လည်း ဖြစ်မယ် (ဒါပေမယ့် အဲသလို ဘာမှတုန့်ပြန်ပြောဆို ဖြေရှင်းခြင်းမရှိတာကတော့ သိပ်ကို ကလေးဆန်လွန်းရာကျပြီး အခြေအနေတွေကို ပိုပြီးဆိုးရွားတဲ့ဘက် ရောက်သွားစေတတ်ပါတယ်) ဘယ်လိုပဲဖြစ်ပါစေ၊ ဖြေရှင်းရမယ့်ဟာကို ဂရုထား မဖြေရှင်းဘဲ ရှောင်ပြေးနေခြင်းဟာ မလိုလားစရာ ထပ်တိုးပြဿနာတွေကိုပါ တိုးပွားလာစေတတ်ပါတယ်။
၂။ မင်းကို နာကျင်ထိခိုက်စေဖို့သက်သက်ပါပဲ
မင်းကို အပြစ်ပေးချင်လို့ ဒါမှမဟုတ် နာကျင်ခံစားစေချင်လို့ အသေအချာ ရည်ရွယ်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မင်းရဲ့ခံစားမှုတွေကို မငဲ့နိုင်လောက်အောင် တကိုယ်ကောင်းဆန်သူတွေ၊ မင်းကို အလေးမထားသူတွေလည်း ဖြစ်လိမ့်မယ်။
ဖြစ်နေတဲ့အခြေအနေအပေါ် သူတို့ကပဲ အသာစီးယူပြီး ခြယ်လှယ်ထိန်းချုပ်လိုသူတွေပေါ့။ မုဆိုးအဖြစ်ကနေ သူတို့ဟာ သားကောင်ပါဆိုပြီး ဇာတ်လမ်းကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေသူအဖြစ် မင်းကို လက်ညှိုးထိုးပြီး မလိုအပ်တာတွေကို အပိုခံစားနေသူအဖြစ် ဖန်တီးလိုက်ကြပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို အလွန်အမင်းချစ်တတ်သူတွေရဲ့ ပုံစံပါပဲ။ 
၃။ ဒါဟာ မင်းအတွက်ကောင်းဖို့၊ ဒါဟာ လုပ်သင့်တဲ့အမှန်တရားလို့ ထင်လို့လည်းဖြစ်မယ်။
တယောက်ယောက်က မင်းကို လျစ်လျူရှုတယ်ဆိုပါစို့၊ မင်း ဘယ်လောက် ထိခိုက်နာကျင်သွားမယ်ဆိုတာကို မသိလို့လည်း ဖြစ်မယ်။ ဒီလိုလုပ်မှ မင်းအတွက် ကောင်းမယ်၊ ဒါမှမဟုတ် သူတို့အတွက်လည်း အသက်ရှူပေါက် နေရာတခုလိုအပ်တယ်လို့ တွက်ဆလို့လည်းဖြစ်မယ်။ သို့သော် မင်းကိုတော့ အရေးလုပ်ပြီးပြောစရာမလိုဘူးလို့ ထင်လိမ့်မယ်။ ဒီတော့ မင်းနဲ့ထိပ်တိုက်ဖြေရှင်းရမယ့်အရေးကို ရှောင်နေလိမ့်မယ်၊ သို့သော် ခုလို ရှောင်ဖယ် လျစ်လျူရှုတဲ့နည်းက ဖြေရှင်းနည်းမှားနေတာကိုတော့ သူတို့ နားလည်ကြမှာ မဟုတ်ဘူး။ ဒီနေရာမှာ ရှင်းအောင်ပြောရရင် မင်းကို လစ်လျူရှုနေတိုင်းလည်း သူတို့ဟာ မှားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ လူတိုင်းမှာ သူတို့ပြဿနာနဲ့သူတို့ ရှိကြမှာပဲ။ ဘဝကြီးဟာ သိပ်ကိုခက်ခဲတယ်ဟုတ်လား။ ဒီတော့ ပြဿနာတခုကို မှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုတာ အမြဲတမ်းတော့မလွယ်ကူဘူးပေါ့။ တခါတလေမှာတော့ မင်းလိုအပ်တာဟာ အချိန်ကို စောင့်တတ်ဖို့ပဲ။ တချိန်ချိန်မှာ တုန့်ပြန်မှု လည်ပြန်လာတဲ့အခါ နှစ်ယောက်အကြားမှာရှိနေတဲ့ ဆက်ဆံရေးအနာအဆာတွေကို ပြန်လည်ကောင်းမွန်လာစေတတ်တယ်။
သို့သော်လည်းပေါ့လေ….၊ ဘာကြောင့်ပဲဖြစ်ပါစေ၊ တစုံတယောက်ရဲ့ စကား၊ အပြောအဆို၊ အဆက်အသွယ်တွေကို လုံးဝဥဿုံလျစ်လျူရှုခြင်းဟာ ဆိုးရွားတဲ့နောက်ဆက်တွဲတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
How the Silent Treatment Sabotages You (And Your Relationships)
Here are 5 ways the silent treatment is more damaging than you know:
တုန့်ပြန်မှုမဲ့ တိတ်ဆိတ်စွာနေခြင်းနည်းဗျူဟာက မင်းကို ဘယ်လို တစစီဖျက်ဆီးပစ်လိုက်နိုင်သလဲ။ မင်းသိတာထက် ပိုပြီး ပျက်စီးသွားစေတတ်တဲ့ နည်းလမ်း၅သွယ်ကို ပြောပြပါမယ်။
1. It causes emotional trauma or stress.
က။ စိတ်ပိုင်းဆိုင်ရာအရကြည့်မယ်ဆို ဒီလိုပြုခံရသူကို စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်။
ဒါဟာ ကိုယ် ဆွဲထုတ်ပြနိုင်တာလေးတခု နှစ်ခုလောက်ပဲ၊ သို့သော် တကယ်တမ်း ဒီလိုတုန့်ပြန်မှုမဲ့နည်းဗျူဟာကို ခံစားနေရသူဟာ များပြားလှတဲ့ စိတ်ခံစားမှုတွေ တသီကြီး သိမ်းကြုံးခံစားနေရနိုင်တယ်။ စိတ်ကျရောဂါ၊ ဒေါသ၊ စိတ်ရှုပ်ထွေးမှုတွေအပြင် အနားမရတဲ့စိတ်မှာ ထီးတည်းရှိနေရမှု၊ ငြင်းဆန်ခံရမှု၊ အပြစ်သားတယောက်လို ခံစားနေရမှုတွေအပြင် သစ္စာဖောက်မှုဒဏ်၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သိမ်ငယ်မှုတွေ၊ ကိုယ့်ကိုယ်ကိုတန်ဘိုးမဲ့သွားပြီ၊ ချစ်ခြင်းတရားနဲ့မထိုက်တန်သူ၊ စသည်ဖြင့် အလွန်တရာ နိမ့်ကျတဲ့ခံစားမှုတွေ ခံစားလာရတတ်တယ်။ အသုံးမတည့်တော့တဲ့အရာမို့ လွှင့်ပစ်ခြင်းခံရသူလို ခံစားလာရတတ်ပါတယ်။
2. It causes psychological stress.
ခ။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်စေတယ်။
အကြဉ်ခံရခြင်းလို့ ဆိုရမှာပါ။ မသက်ဆိုင်တော့ခြင်း၊ ပစ်ပယ်ခံရခြင်းဆိုတဲ့ ခံစားမှုတွေပေါ့။ ဒီနည်းဟာ လူတချို့အတွက်တော့ လူတယောက်ရဲ့စိတ်ကို အပျင်းပြေကစားကြည့်ခြင်းတမျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြယ်လှယ်လိုခြင်းတမျိုးလည်း ဖြစ်တယ်။ စိတ်အနိမ့်အမြင့်အတက်အကျတွေ တလျှောက်မှာ မင်းရဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုပါ ဖြဲဆုတ်ဖျက်ဆီးပစ်လိုက်နိုင်သလို မင်းရဲ့တန်ဘိုးကိုပါ လျော့ကျသွားပြီလို့ ထင်လာစေရတယ်။ စိတ်ဖိအားတွေမြင့်တက်လာတာနဲ့အမျှ ဆုံးရှုံးခြင်းတွေ အပစ်ပယ်ခံရခြင်းတွေနဲ့ အထိန်းအကွပ်မဲ့ ယမ်းခါနေအောင် ခံစားနေရတတ်တယ်။ ကာလကြာလေလေ၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုပိုများလေလေဖြစ်ပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေမှာဆို ပိုပြီး ပြင်းထန်စွာသက်ရောက်စေတတ်ပါတယ်။
3. It may have serious physical side-effects.
ဂ။ ကိုယ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးတွေ ခံစားလာရတတ်ပါတယ်။
ကိုယ်တို့ရဲ့ဦးနှောက်မှာ နာကျင်မှုအနိမ့်အမြင့်ရေချိန်ကို သိပြီး ပုံဖော်သတိပြုမိစေတဲ့ အစိတ်အပိုင်းရှိတယ်။ အဲဒီအပိုင်းကို The anterior cingulate cortex လို့ ခေါ်တယ်။ အဲဒီအစိတ်အပိုင်းဟာ တုန့်ပြန်မှုမဲ့ တိတ်ဆိတ်ခြင်းကို ခံစားရတာနဲ့ သက်ဝင်လှုပ်ရှားလာတော့တာ။ တစုံတယောက်ဟာဖြင့် သင့်ကို တုန့်ပြန်မှုမဲ့ တိတ်ဆိတ်ခြင်းနည်းကို သုံးနေပြီဆိုတာနဲ့ သင့်ခန္ဓာကိုယ်ဟာ နာကျင်လာတော့တာပါပဲ။
ဘာတွေဖြစ်တတ်သလဲဆိုတော့ ခေါင်းကိုက်ခြင်း၊ ဝမ်းသွားခြင်း (သို့) ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အိပ်မရခြင်း၊ စိတ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ပိုပြင်းထန်တဲ့ခံစားမှု စိတ်ဖိအားရှိသူတွေအတွက် ကျန်းမာရေးအရ ပိုပြီးဆိုးရွားတဲ့ နာကျင်မှုတွေ နာမကျန်းဖြစ်မှုတွေ ရစေတတ်ပါတယ်။ အစားမမှန်တော့တာ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံး၊ သွေးခဲပိတ်ဆို့ခြင်း၊ ဆီးနဲ့ ဝမ်းဆိုင်ရာပြဿနာတွေ၊ လိင်ပိုင်းဆိုင်ရာ နိုးကြားမှုမရှိတော့တာတွေနဲ့ ကင်ဆာတွေအထိ ဖြစ်တတ်တယ်လို့ ဆိုတယ်။
4. It can cause behavioral changes.
ဃ။ မင်းရဲ့ အပြုအမူပိုင်းဆိုင်ရာတွေ အမူအကျင့်တွေကိုပါ ပြောင်းလဲပစ်နိုင်တယ်။
ငါ ဘာများမှားလို့လဲ၊ ငါ တခုခုများ မှားနေလား၊ မင်း အဲ့ဒီမှာရှိနေသေးလား၊ ငါ တခုခုများ ပြောမိလား၊ ငါက စိတ်ပျက်စရာများ သိပ်ကောင်းနေလား…
ဒီလိုနည်းနဲ့ပြုမူခံရပြီဆို မင်းရဲ့ အမူအကျင့်တွေကအစ ပုံမှန်လုပ်နေ ပြောနေကျတွေအတိုင်း ဟုတ်ချင်မှ ဟုတ်တော့မယ်။ ပြီးရင် မင်းကိုယ်ကို မင်း မေးခွန်းတွေ မေးမိမယ်၊ တခြားသူတွေရဲ့ စကားလုံးတွေအနောက်ကို တူးဆွ ခန့်မှန်းကြည့်နေမိမယ်။ ပုံမှန်အတိုင်းမဟုတ်တော့ဘဲ မင်းကိုယ် မင်းရော၊ သူတပါးအပေါ်မှာပါ သံသယတွေနဲ့ ဆက်ဆံလာတတ်တယ်။ ငါဟာ တခြားသူတွေကို သိပ်နှောက်ယှက်ရာများ ကျနေပြီလားလို့လည်း တွေးမိလာတတ်တယ်။ ကိုယ် လုပ်ကိုင်ပြောဆိုနေသမျှတွေဟာ ကိုယ် မဟုတ်တော့သလို လုပ်ကိုင်ပြောဆိုနေမိလိမ့်မယ်။ တနည်းပြောရရင် မင်းဟာ အရင်ကမင်း မဟုတ်တော့ဘူး။ အဲဒီလိုခံစားလာရတာရယ်၊ အဲဒီခံစားမှုကို ကိုယ်တိုင်လည်း သိလာရတာရယ်ကြောင့် အပြစ်ရှိနေသလိုလို၊ ထိန်းချုပ်မှုမဲ့၊ မရောရာ မသေချာမှုတွေ ခံစားလာရမယ်။ ဒီလိုခံစားမှုတွေ အထွတ်အထိပ်ရောက်လာတဲ့အခါ အသက်ရှင်ချင်စိတ် မရှိတော့သလို၊ ထွက်ပြေးပျောက်ကွယ်သွားရမလား-ဖြစ်လာသမျှ ပြေးရင်ဆိုင်လိုက်ရမလားဆိုတဲ့စိတ်နဲ့ ဘဝကို မပျော်ရွှင်စွာ ဖြတ်သန်းနေရတတ်တယ်။ သေချာထပ်ပြောရရင် Silent Treatment ဟာ မင်းကို မင်းမဟုတ်တဲ့လူတယောက်အဖြစ် ပြောင်းလဲပစ်လိုက်နိုင်တယ်။
5. It can destroy relationships.
င။ ပေါင်းသင်းဆက်ဆံရေးတွေကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။
များသောအားဖြင့် ဒီပြဿနာတွေဟာ ပေါင်းသင်းဆက်ဆံရေးကြောင့်ပဲဖြစ်တာ များပါတယ်။
အပေါ်မှာပြောခဲ့တဲ့ထဲက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ တယောက်က တခြားတယောက်ကို လစ်လှူရှုထားမယ်၊ အကွာအဝေးတခုမှာနေလိုက်မယ်ဆိုရင်…၊ တခြားတယောက်က ဘယ်လိုပဲတုန့်ပြန်သည်ဖြစ်စေ နှစ်ဦးအကြားမှာ ကွာဟမှုတော့ ရှိသွားပြီဟုတ်လား။ နှစ်ယောက်စလုံးမှာ ပြဿနာကိုယ်စီတော့ ရှိနေကြလိမ့်မှာပေါ့၊ တယောက်နဲ့တယောက် ပြောဆိုဆက်သွယ်လိုက်ရမယ့်အစား တယောက်ယောက်က တောင်းပန်လာတာကို၊ သူ့အမှားပါလို့ဝန်ခံလာတာကို နှစ်ယောက်လုံးက စောင့်နေတတ်ကြတယ်။
ဒီနေရာမှာ တကယ်က သူမှားတယ် ငါမှန်တယ်ဆိုတာထက် နှစ်ယောက်သားဆက်ဆံရေးပြေလည်သွားဖို့သာ အဓိကလိုအပ်နေတာပါပဲ။ လျှော့ချလိုက်ဖို့ကို တယောက်ယောက်က ဟိတ်ဟန်ကြီးနေလို့လည်း ဖြစ်မယ်။ တကယ်တမ်း တဘက်ဘက်က ငါမှန်တယ်ဆိုပြီး တင်းခံနေရင်လည်း နှစ်ယောက်အကြားက သံယောစဉ်တွေ ယုံကြည်မှုတွေဟာ ယုတ်လျော့ပျက်ပြယ်သွားနိုင်တာမျိုးပါ။ အဲဒီအခါမှာ ပူလောင်မှုတွေနဲ့အတူ ဒေါသတကြီးပြုမူတတ်တဲ့ အကျင့်တွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုတုန့်ပြန်မှုမဲ့ လစ်လျူရှုတဲ့နည်းဟာ ကောင်းမွန်အဆင်ပြေတဲ့ဆက်ဆံရေးတခုအတွက် အဆီးအတားဖြစ်စေတဲ့ ပုံစံတခုဖြစ်တာတော့ အမှန်ပါပဲ။ လူအတော်များများဟာ တုန့်ပြန်မှုမဲ့ လစ်လျူရှုတဲ့နည်းရဲ့ ဆိုးကျိုး အန္တာရာယ်တွေကို သတိမထားမိတတ်ကြတာ၊ မသိကြတာ များပါတယ်။ ဒါဟာ ပြဿနာတွေကို ပိုလို့သာ ဆိုးရွားစေတတ်တာပါ။ ဆိုးကျိုးဘယ်လောက်ပြင်းထန်သလဲဆိုတာက တုန့်ပြန်မှုမဲ့ လစ်လျူရှုတဲ့နည်းကိုသုံးသူဟာ ဘယ်လောက်ပြင်းပြင်းထန်ထန် မိုင်ကုန်သုံးသလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒီနည်းကို ဘယ်လိုအချိန်အဆနဲ့ပဲသုံးသုံး၊ တဘက်သားမှာ ဖြစ်ပေါ်ခံစားနေရတဲ့ အပျက်အစီးတွေ၊ ထိခိုက်ချူချာမှုတွေကိုတော့  လျော့နည်းမသွားစေတာ အမှန်ပါပဲ။ 
~ How to Deal with the Silent Treatment
ဘယ်လိုရင်ဆိုင်မလဲ
ပထမဦးဆုံး အေးဆေးငြိမ်သက်မှု ရှိပါစေ။ မင်းဟာ ဒီနည်းကို သုံးနေသူပဲဖြစ်ဖြစ်၊ အသုံးခံနေရသူပဲဖြစ်ဖြစ်ပါ။ ဒေါသတွေ၊ အတ္တ မာန်မာနတွေကို မေ့လိုက်ပါ။
တောင်းပန်ပါ။ တုန့်ပြန်မှုမဲ့ တိတ်ဆိတ်နေခြင်းထက် အရွယ်ရောက်ပြီး လူကြီးလူကောင်းတယောက်လို ပြောဆိုဆက်သွယ်လိုက်ပါ။
တကယ်လို့များ မင်းဟာ လစ်လျူရှုခြင်းခံရသူဖြစ်မယ်ဆိုရင် မင်းဘာများမှားခဲ့သလဲဆိုတာ သေချာစဉ်းစားပါ။ သူ့လို ပြန်ပြီး လစ်လျူမရှုလိုက်ပါနဲ့။ တယောက်ယောက်အတွက် အသက်ရှူပေါက် ဂယ်ပေါက်တခုခု လိုနေတယ်ဆိုလည်း နားလည်ပေးလိုက်ပါ။ ပြောခဲ့တဲ့အတိုင်းပဲ ဒီနေရာမှာ တကယ့်အသက်က ဆယ်သွယ်ပြောဆိုဖြစ်ဖို့ပါပဲ။ အဓိကသော့ချက်က နားလည်မှုဖြစ်တာမို့ သေချာပြောဆိုဆွေးနွေးပါ။ စိတ်ရှည်ဖို့ လိုပါတယ်။ ချစ်ခင်ကြင်နာစွာပြုမူတတ်ဖို့လည်း လိုပါတယ်။ ပြဿနာကို သေချာနားလည်ဖို့ နှစ်ဘက်စလုံးမှာ ပြေလည်အောင် ဖြေရှင်းလိုစိတ်ရှိဖို့ လိုအပ်ပါတယ်။
ခုလိုဖြစ်ရတဲ့အကြောင်းရင်းရဲ့ တစိတ်တဒေသ ဖြစ်နိုင်တာကတော့ တဘက်က သူလိုချင်တာ မရလို့၊ ဖြစ်မလာလို့၊ မဖြစ်နိုင်လို့ လျှော့ချပြေအေးလည်း အကြောင်းထူးဖွယ်မဟုတ်ဘူးလို့ ယူဆလို့လည်း ဖြစ်နိုင်ပါတယ်။
မင်း ဘယ်လောက်ထိခိုက်နာကျင်နေရတယ်ဆိုတာကို တဘက်က တကယ်မသိလို့လည်း ဖြစ်မယ်။ မင်းအနေနဲ့ တဘက်ကို ဘယ်လောက်ဂရုတစိုက်ရှိနေကြောင်း၊ တကယ်တမ်း သူ့ဘက်က စိတ်ပြေလို့ စကားစလာတဲ့အခါမှာ နားထောင်ပေးဖို့ အသင့်ရှိနေကြောင်း တဘက်လူ သိပါစေ။ ဒါကတော့ တဘက်နဲ့တဘက် နားလည်မှုလွဲမှားတဲ့အခြေအနေမျိုးတွေမှာပေါ့။
တကယ်လို့များ တစုံတယောက်က မင်းကို နာကျင်စေလိုလို့ ဒီနည်းကို အမုန်းတရားရှေ့ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သုံးတာဆိုခဲ့ရင်…၊
သေချာတာကတော့ မင်းခံစားနေရတဲ့ ဆိုးကျိုးတွေ နာကျင်မှုတွေကို သူဟာ ပြုံးပြီးကြည့်နေတော့မှာပါ။ သူတို့ဟာ Narcissist လို့ခေါ်တဲ့ သူတို့ကို သူတို့ အလွန်အမင်းချစ်တတ်သူတွေ ဖြစ်နိုင်ပါတယ်။ Remember, this is abuse ဒါဟာ နှိပ်စက်ငြင်းပန်းမှုဖြစ်တယ်ဆိုတာ သတိရပါ။ မင်းကို တုန့်ပြန်စကားပြောလာဖို့ ဘယ်တော့မှ အောက်မကျို့ပါနဲ့။ သူတို့အတွက်တော့ သူတို့ဟာ မှန်တယ်လို့ ယူဆထားသူတွေပါ။ သူတို့ကို လုံးဝမဆက်သွယ်ပါနဲ့။ သူတို့အတိုင်း တုန့်ပြန်ဖို့လည်း မလုပ်ပါနဲ့။ ဖြစ်နေတဲ့ခြေအနေကနေ လွတ်မြောက်အောင်သာ ကြိုးစားနေပါ။ သူတို့နဲ့ပါတ်သက်တာမှန်သမျှ လုံးဝ အဆုံးသတ်ပစ်လိုက်ပါ။ မင်းကို ဘယ်သူတဦးတယောက်ကမှ စွန့်ပစ်ပစ္စည်းလို သဘောမထားပါစေနဲ့။ မင်းဟာ ဘာမှမဟုတ်တဲ့ကောင်လို့ ဘယ်သူ့အပြောကိုမှ မခံပါနဲ့။ ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ၊ ဒီလိုနည်းနဲ့ အဆက်ဆံခံရဖို့ ဘယ်သူမှ မတန်ပါဘူး။ ဘယ်လိုပြဿနာတွေကမှ လစ်လျူရှုခြင်းနည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။ ဘယ်လိုပဲ လစ်လျူရှုခံရဦးတော့ လူဆိုတဲ့ ရှင်သန်ရပ်တည်မှုကတော့ ရှိနေမှာပဲဟုတ်လား။
တိုတိုပြောရရင်တော့ လူတွေကို၊ လူတွေရဲ့ခံစားမှုတွေကို လစ်လျူမရှုကြပါနဲ့၊ အထူးသဖြင့် နီးစပ်ချစ်ခင်ရသူတွေအပေါ်မှာပေါ့။ အချိန်ယူပြီး အခြေအနေကိုနားလည်ကာ ဖြေရှင်းကြမယ်ဆိုရင်ဖြင့် လူတိုင်း ကျန်းမာ ပျော်ရွှင်စွာ နေနိုင်ကြပါလိမ့်မယ်။

ချစ်ကြည်အေး
၀၇၀၂၂၀၁၉ 

Devin Gackle ရဲ့ 5 Ways the Silent Treatment Is Really Damaging (And How to Deal with It)ကို ဆီလျော်အောင် ပြန်ဆိုရေးသားထားပါတယ်။

Saturday, February 2, 2019

Death noteနှင့်စပ်လျဉ်းသော...



ပျော်ရွှင်ဖွယ်တွေချည်းပဲရှိနေတဲ့ဘဝတခုဟာ တကယ်ပဲ ပျော်စရာကောင်းရောလား။ ဘဝမှာ ဘာတခုမှ စိုးရိမ်ပူပန်စရာမရှိတဲ့ အခြေအနေကရော တကယ်ပဲ ကြောင့်ကြမဲ့ဖြစ်ရောလား။ တကယ်တော့ ပျော်ရွှင်ဖွယ်တွေဟာလည်း မမြဲဘူး၊ စိုးရိမ်ပူပန်စရာတွေကလည်း မမြဲဘူး ဟုတ်လား…။ 
လူတယောက်ကို ရည်ရွယ်ချက်ရှိရှိ တွန်းတိုက်ချပစ်ခဲ့သူမှာ နာကျင်စေလိုစိတ် အလျဉ်းမရှိပါဘူးကွယ် ပြောလာခဲ့ရင်တောင် သူမက နောက်တကြိမ်ထပ်မံလဲကျပစ်လိုက်ဖို့ ဝန်လေးမယ်မထင်ဘူး။ လဲကျသွားချိန်မှာ သိပ်နာကျင်ခဲ့မှာပဲနော်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးများ ဖြစ်သွားမယ်ထင်လား၊ ကျောခိုင်း လျစ်လျူရှုထားခဲ့ပါတယ်၊ ကိုယ့်ကရုဏာကိုတော့ မြင်အောင်ကြည့်ပေါ့၊ မင်းကို တွန်းချလိုက်ရလို့ ကိုယ့်လက်တွေလည်း နာကျင်ခဲ့ပါတယ်ကွာ ဆိုလာရင်တောင် သူမဟာ သူ့ဒဏ်ရာတွေကို မန်းမှုတ်ပျောက်ကင်းစေလိမ့်ဦးမယ့်အထိ၊ ရှင့်လက်တွေ သိပ်များနာကျင်သွားလားဟင် ဆိုတဲ့ မိုက်မိုက်မဲမဲစကားတခွန်းနဲ့  ကိုယ့်ဒဏ်ရာကို ကိုယ်မေ့ခဲ့သူဟာ သူမဖြစ်လိမ့်မယ်။ နာကျင်သွားလား သိပ်များနာကျင်သွားလားဆိုတဲ့ ကရုဏာနဲ့ မထိုက်တန်သူပဲ ဖြစ်မှာပါ။ သူမဟာ ကျောက်နံရံတခုကို ဒေါသတကြီးရန်လိုမှုတွေနဲ့ အကြိမ်ကြိမ် ပစ်ပေါက်နေခဲ့မိတယ်လေ။ ဘာကြောင့်လဲ ဘာကြောင့်သူမကိုမှ ဆိုတဲ့ မေးခွန်းတွေအတွက် စကားပြန်မပေါက်တဲ့အခါ သူမဟာ ထွက်ပေါက်မဲ့ မွန်းကြပ်မှုတွေအစား စကားလုံးကြမ်းကြမ်းတွေသာ နှုတ်က ထွက်ကျလာတော့တာ။ ကိုယ်တိုင်လည်း ကြောက်ရွံ့ကာ တခါဖူးမျှ မရည်ရွယ်ခဲ့တဲ့ စကားလုံးကြမ်းတမ်းရိုင်းစိုင်းမှုတွေဟာ သူမရင်ကို တန်ပြန်ထိမှန်တော့တယ်။ သူမဟာ စိတ်ဖတ်တတ်သူ ဖြစ်ချင်တယ်။ ကျောက်နံရံတွေရဲ့ အေးစက်မာကြောမှုအလုံးစုံကို ဘာသာစကားတွေအဖြစ် နားလည်ချင်တယ်။ သူမ နားမလည်တဲ့ကျောက်နံရံတွေရဲ့ အေးစက်ခြင်းကို သူမ နားလည်တဲ့စကားလုံးတွေနဲ့ စော်ကားလိုစိတ်ကို သူမကိုယ်တိုင်လည်း နားမလည်ပြန်ဘူး။ ဘဝကို အချိန်ဇယားဆွဲကာ အမြင့်ပျံတက်တတ်တဲ့ ငှက်တွေကိုတွေ့တိုင်း သူမဟာဖြင့် သူမဘဝကြီးကို ဘယ်လို ပိုးစိုးပက်စက် ပြစ်စလက်ခတ် စုတ်ပြတ်သတ်နေအောင် နေချင်သလို နေတတ်တဲ့အကြောင်း ပြောပြချင်လာတယ်။ ချစ်ခြင်းတရားတွေအကြောင်း မြင့်မြင့်မြတ်မြတ်ပြောလာသူတွေကို တွေ့တိုင်း၊ လူတွေကို သူမ မယုံကြည်ကြောင်း၊ အထူးသဖြင့် သောက်ပိုတွေလုပ်တတ်ပြောတတ်သူတွေကို ဘယ်လောက်မုန်းကြောင်း ပြောပြချင်လာတယ်။ တက်ကျမ်းတွေ ဘဝနေထိုင်နည်းတွေ အမြင့်ပျံနည်းတွေရေးနေတဲ့သူတွေကို တွေ့တိုင်း သူမဟာဖြင့် ဘယ်သူ့အတွက်မှ တစုံတရာအကျိုးပြုမယ်မဟုတ်တဲ့ ဂဂျိုးဂဂျောင်စာတွေကို သောက်ကဗျာတွေကို ရေးလို့ ဖီးလ်လို့ကောင်းတုန်းရှိနေကြောင်း ပြောပြချင်လာတယ်။ ဘဝတခုလွန်သွားပြီးတဲ့နောက် သူမဟာ ဘယ်လောက်တော်ကြောင်း၊ ဘယ်လိုလူဖြစ်ကြောင်း၊ လူနဲ့လူ့ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုခဲ့ကြောင်း လူတွေပါးစပ်ကပြောလာမယ့် ချီးမွမ်းခန်းတွေကို ကြားရဖို့အတွက်ဆိုတာထက် (တကယ်တော့ ကြားလည်းမကြားနိုင်တော့ဘဲလေ) ကိုယ့်ကိုယ်ကို ကြေနပ်ဖို့သာ လုပ်ချင်တာ။ အဲဒီ အတ္တတခုပဲ။ အဲဒီအတ္တတခုထဲနဲ့ သူမ လုပ်ချင်ရာလုပ်တယ်။ သူမဟာ ကိုယ်လုပ်ချင်ရာလုပ်နေတဲ့၊ ဘာကိုမှလည်း ဂရုမစိုက်တတ်တဲ့ အတ္တနည်းနည်း၊ ချစ်ခြင်းတရားနည်းနည်း၊ အရွဲ့တိုက်ခြင်းများများ၊ အအိပ်အနေနည်းနည်း၊ ဂီတများများ ကဗျာများများ၊ ပျင်းရိခြင်းများများ၊ အမုန်းတရားများများတွေ ထည့်ဖျော်စပ်ထားတဲ့ လူကြိုက်နည်းဖျော်ရည်တခွက်သာ ဖြစ်တယ်။  သူမဟာ Death note တခုကို လှလှပပလေး ရေးချခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကို လှလှပပလေးလွတ်မြောက်သွားချင်စိတ်ရှိနေခဲ့တုန်းကပေါ့။  သေခြင်းတရားဆိုတာ အသစ်တဖန် အစပျိုးခြင်းပဲ။ အမုန်းတရားတွေကနေ လွတ်ငြိမ်းနေမယ်၊ အစွန်းအထင်းတွေကနေ ကင်းလွတ်နေလိမ့်မယ်။ ဘယ်သူမှ ကိုယ့်ကို မသိသေးတဲ့ ကမာအသစ်တခုမှာ တစ်ကနေ ပြန်စရမှာ ဘယ်လောက်များ စိတ်လှုပ်ရှားဖွယ်လဲ။ ခုတော့ Death noteလေးတခုကို ရေးပြီးချန်ထားခဲ့ချင်စိတ် သူမမှာ ရှိမနေတော့ဘူး။ သူမရေးခဲ့မယ့် Death noteကလေးကို ကြည့် ပြုံး လှောင်နေကြမယ့် ကြီးကျယ်မြင့်မြတ်တော်မူထသော လူတပါးချင်းတွေကို သူမက အဲဒီအခွင့်အရေး မပေးနိုင်ဘူး။ မပေးလိုဘူး။ သူမ ဒီကမ္ဘာကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီမှန်းကို သိတောင်မသိလိုက်ကြရဘူးဆိုတဲ့ အခြေအနေမျိုးကိုပဲ သူမ လိုလားနေတယ်။ တိတ်တိတ်ကလေးပဲပေါ့။ ခြေသံဖွဖွနဲ့ တောင်ပံတွေကို အညင်သာဆုံးခတ်ပြီး သူမ ပျံသန်းသွားမယ်။ သူမစိတ်နှလုံး အတည်ကြည်ဆုံးနဲ့ ထွက်ခွာချိန်မှာတောင်  ကြောက်စရာကောင်းလောက်အောင် အေးစက်မာကြောတဲ့ ကျောက်နံရံကြီးတွေဆီက ပဲ့တင်သံတခုတလေမှ ပြန်မကြားရလည်းဘဲ ဘာအထိအခိုက်မှ မရှိခဲ့တဲ့ပုံမျိုးနဲ့ သူမက သံသရာခရီး ဆက်ချင်တယ်။ တကယ်တမ်း နာကျင်လဲကျခဲ့သူမှာ စိတ်ဒဏ်ရာဘယ်လောက်များခဲ့လည်း သူမဟာ လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်းနဲ့၊ ရည်ရွယ်တွန်းချခဲ့သူသာ ပြုလုပ်သူအဖြစ် လေးလေးလံလံထမ်းပိုးကာ သစ်နေပါစေကြောင်း….၊  နောက်ဆုံးအကြိမ် သူမက ဆိုချင်ခဲ့သေးတယ်…။ မင်း နွေးထွေးပါစေကွယ်...။



ချစ်ကြည်အေး
ဝ၂ဝ၂၂ဝ၁၉ 

Sunday, January 27, 2019

ဇွဲကပင်အလွမ်း…


အကြိမ်ကြိမ်ပါပဲ…
ကျွန်မ သူ့အကြောင်း  အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ သူ့အရှေ့မှာ ကျွန်မ အကြိမ်ကြိမ် ငေးမောရပ်ကြည့်နေခဲ့ဖူးတယ်။ အဝေးကြည့် အေးစက်စိမ်းညို့နေမှုရဲ့ နောက်ကွယ်မှာ သူဟာ ဘယ်လို နေစိမ့် ခက်ခဲသူမျိုး ဖြစ်မလဲ။ သူ့ဘေးနားကနေ ဖြတ်သွားဖြတ်လာရှိခဲ့ဖူးပေမယ့် တခါဖူးမျှ သူ့အနီးအပါးနေခဲ့ဖူးသူမှ မဟုတ်ခဲ့ဘဲ။ ရုပ်ပုံတွေ ပန်းချီကားတွေထဲ သူ့ကို ဟိတ်ဟန်ကြီးကြီးနဲ့ မြင်ခဲ့ဖူးပါရဲ့၊ ကိုယ်နဲ့အဝေးကြီးမှာ ဆိုတာထက် ပိုပြီး မသိခဲ့သလို ကိုယ့်စွဲလန်းမှုဘယ်လောက်နက်သလဲလည်း ကျွန်မ ကိုယ်တိုင် မရိပ်မိခဲ့။ တနေ့နေ့ သူ့အနားအရောက်သွားမယ်။ ကိုယ့်ကန်နွန်ကင်မရာလေးရယ်၊ သုံးချောင်းထောက်ရယ် အဝေးရိုက်ပြောင်းအရှည် တလက်ရယ် သယ်သွားပြီး သူ့ကို ပုံတွေ အများကြီး ရိုက်ရမယ်။ ဓါတ်ပုံကနေ ပန်းချီအဖြစ် ဆွဲဦးမယ်။ စိတ်ကူးတွေ အများကြီး သူ့အတွက် ယဉ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ အချိန်တွေအများကြီးနောက်ကျပြီးမှ ကျွန်မ သူ့အနား ရောက်ခွင့်ရခဲ့တယ်။
တကယ်တမ်းကျတော့…၊ တကယ်တမ်းကျတော့လေ….။
မနက်အစော ခရီးစဖို့ ကားပေါ်အတက်မှာတင် ကျွန်မစိတ်တွေ လှုပ်ရှားလို့နေခဲ့ပြီ။ ဘယ်လိုများ ကျွန်မ သူ့ကို ရင်ဆိုင်ရမလဲ၊ ဘယ်လိုများ ဘွားကနဲတွေ့လိုက်ရမလဲ၊ ကျွန်မစိတ်ခံစားချက်တွေကို ကျွန်မကိုယ်တိုင် ဘယ်လောက်ထိန်းသိမ်းနိုင်မှာလဲ၊ ဒါကို ကျွန်မ နည်းနည်းမှ ကြိုမတွေးတတ်နိုင်။
ရန်ကုန်ကနေ မနက်ရှစ်နာရီခွဲ ထွက်ခဲ့တဲ့ကားဟာ လမ်းမှာ ထမင်းစားချိန် ခဏသာရပ်ပြီး တောက်လျှောက်မောင်းချလာလိုက်တာ သံလွင်တံတားပေါ် ကားဖြတ်ချိန်မှာတော့ ကျွန်မကိုယ်ဟာ မတ်ကနဲဖြစ်လာခဲ့ပြီ။ ကျွန်မတည်းမယ့် ဟိုတယ်အရောက် မှတ်ပုံတင်အပ်၊ အခန်းသော့ယူနေတုန်း ကောင်တာက ဧည့်ကြိုကလေးက ပြောရှာပါရဲ့၊ ဒီဟိုတယ်မှာ ဗျူးအကောင်းဆုံးအခန်းကို ပေးထားပါတယ်ရှင်တဲ့။


အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲဝင်၊ အထုပ်တွေချ၊ ဝရန်တာတံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ကျွန်မစိတ်တခုလုံး လွင့်ကနဲဖြစ်သွားအောင် မြင်ကွင်းက ဖမ်းစားလွန်းလှတယ်။ အဝတ်အစားတွေလည်း မလဲနိုင်သေးဘဲ ဝရန်တာဘေးက ခုံကလေးမှာ ထိုင်ချလိုက်ရင်း ဇွဲကပင်ကို နှလုံးသားထဲအထိ စိမ့်အောင်ကြည့်နေမိတော့တယ်။ အနှစ်နှစ်အလလက သိမ်းထားခဲ့ရသမျှစကားတွေ….၊ တလုံးချင်း တလုံးချင်း ကျွန်မနှုတ်ဖျားက ထွက်ကျလို့ လာတယ်။ လွမ်းလိုက်တာ…၊ လွမ်းနေခဲ့ရတာ…။ ကျွန်မ စိတ်နှလုံးတစုံလုံးကို သိမ်းကျူံး ယူငင်စွမ်းသူ…၊ ဇွဲကပင်…၊ ကျွန်မအိပ်မက်တွေထဲ စိမ်းညို့နေအောင် ကိုယ်ထင်ပြခဲ့သူ။ ကားပေါ်ကနေ အဝေးကမြင်ရတုန်းက တမျိုး၊ ခု ကိုယ့်မျက်စိရှေ့အရောက်မှာ သူကတဖုံ ပြောင်းလဲလို့…။ 




ဝမ်းနည်းစရာကောင်းတာက ကျွန်မမှာ ကင်မရာ ပါမလာဘူး။ ခရီးစဉ်တွေ ဆက်နေတာမို့ ဝန်နည်းနိုင်သမျှနည်းအောင် လာခဲ့ရသူမို့ ပေါ့ပေါ့ပါးပါးကလေး ထွက်လာခဲ့ရတာ။ နေ့လယ်အပူရှိန်အောက်မှာ သူ့အရောင်က စိမ်းမွဲမွဲအကြားမှာ ညို့ခြောက်ရောင် ရောယှက်လို့ရယ်…။ ကျွန်မတွေ့ဖူးနေကျတွေနဲ့မတူတဲ့ မြင်ကွင်းနဲ့ ကျွန်မကို မားမားကြိုနေတဲ့ ဇွဲကပင်က ပကတိ အငြိမ်၊ မာကြောဟန်အပြည့်၊ မြင့်မြင့်မားမားရပ်နေလျက်ကပဲ သူ့ကို မော့ငေးနေသူ ကျွန်မကို ဂရုမထားဟန်၊ တနေရာကကြည့်ရင် တမျိုးမြင်ရတဲ့ သူ့ကို ကြည့်ရင်း စကားတွေပြောနေမိတော့တယ်။ 



ကျွန်မလက်ထဲက ရေးခြစ်နေတဲ့ သူ့ပုံကြမ်းဟာလည်း ရုပ်လုံးပေါ်လုပြီ။ ဘာကြောင့်ရယ် မသိ၊ ကျွန်မရင်ထဲနင့်ပြီး မောဟိုက်လို့လာတယ်။ သူ့ကိုတိုင်တည်ပြောနေမိတဲ့ စကားတွေထဲ သတိတရတွေ ဘယ်လောက်များ များပါလိမ့်၊ အလွမ်းတွေရော…၊ နာကျင်မှုတွေရော…၊ အပြုံးတွေ မျက်လုံးတွေ…၊ ဘယ်လောက်များ များခဲ့ပါလိမ့်။
ရေချိုးတော့လေ၊ ညနေ အပြင်ထွက်ကြရအောင်ဆိုတဲ့ စကားကြားမှပဲ ကျွန်မအသက်ဓါတ်က စိတ်ဆီကို လှုပ်ကနဲပြန်မျောလာတယ်။



ညနေ ကန်သာယာဘက်က မြင်ရတဲ့ မြင်ကွင်းကဖြင့် တမျိုးလှနေပြန်တယ်။ ကျွန်မအိပ်မက်ထဲ အခါတိုင်းမြင်မက်နေကျ မှုန်ရီလွင့်ဝေနေဟန်…။ ကျွန်မလက်ထဲက ဖုန်းနဲ့ ဓါတ်ပုံတွေ အမိအရရိုက်ယူနေမိပြန်တယ်။ ကန်သာယာတံတားပေါ် လမ်းလျှောက်စဉ်မှာတော့ အတော်လေး မှောင်ရီပျိုးပြီ။ တံတားအလယ်မှာ လူငယ်ကလေးနှစ်ယောက် သုံးချောင်းထောက်ပေါ်က ကင်မရာထဲကနေ ဇွဲကပင်ကို ပြန်ကြည့်နေကြတယ်။ သူတို့ဘေးအနား အသာကလေးရပ်ရင်းကြည့်မိတော့ ကင်မရာကိုင်တဲ့တယောက်က ISOချိန်နေတာကို တွေ့ရတယ်။ ISOကို ၁၄ဝဝလောက် ထား၊ ပြီးရင် white balanceကို အော်တိုမှာ အရင်ထားကြည့်၊ အရောင်ထွက်ကို ကြည့်ပြီးမှ white balance ပြန်ကစားကြည့်ပါလား။ ကျွန်မနှုတ်က အလိုလိုထွက်မိလျက်သား၊ ကင်မရာချိန်နေတဲ့ ချာတိတ်က လှစ်ကနဲပြုံးရင်း လှည့်ကြည့်တယ်။ အမက ဓါတ်ပုံဝါသနာပါသလားတဲ့၊ ခေါင်းညိတ်ပြလိုက်တော့ ကျွန်တော်နဲ့ ဝါသနာတူပဲ၊ ၁ဝစက္ကန့်စာလေးရဖို့ ရိုက်နေတာ အမရေ…တဲ့။ ကော်မာရှယ်လေးတခုအတွက် ထင်ပါရဲ့။ ချာတိတ်တွေကို နှုတ်ဆက်ပြီး ဆက်လျှောက်လာခဲ့လိုက်တယ်။ ဇွဲကပင်ဟာ တဖြည်းဖြည်းနဲ့ အမှောင်မှာ ပျောက်ကျန်ရစ်ခဲ့ပြီ။



နောက်တနေ့မနက်အစောထပြီး ဇွဲကပင်ကို နေမပက်ခင် ကြည့်၊ တဖြည်းဖြည်းနေရောင်အပက်မှာ အရောင်ပြောင်းလာတဲ့ အသွေးအဆင်ကို ငေးရ…၊ တခုခုများ ချိတ်ဆက်နေသလား၊ တခုခုများ ရှိခဲ့သလားဟင်…။ ကျွန်မစိတ်ထဲ ဇွဲကပင်ဟာ အသက်ဝင်နေသလိုလိုပဲ။ သူ့ကို ကြည့်ရင်းက စကားတွေပြောရင်းက မျက်ရည်ကျရတာ။ ဒီဒေသမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေအကုန်နီးပါး တောင်ပေါ်တက်ကြတာဆိုတာ ကြားရတော့ ဝမ်းနည်းစိတ်က နင့်ကနဲ။ တောင်ပေါ်ဆိုတာ မဲဆောက်ဘက် ယိုးဒယားဘက်ကို ပြောတာလေ။ ဒေသထွက်ကုန်ရယ်လို့ရော မယ်မယ်ရရ မရှိဘူးပေါ့ဆိုတော့ ခေါင်းခါပြတယ်။ တခုခု ဆုံးရှုံးနေရသလိုပဲ၊ ဘာကိုမှလည်း မယ်မယ်ရရ မပြောတတ်ခဲ့။
နှစ်ညအိပ်ဆိုတာကလည်း အချိန်တွေ အကုန်မြန်သားပဲ။ ကျွန်မ အလွမ်းသယ်လို့မှ မဝသေးခင် ဇွဲကပင်ကို နှုတ်ဆက်ရတော့မယ်။ အခန်းတံခါးသော့ပိတ်ပြီး ဟိုတယ်ရှေ့ထွက် ကားစောင့်စဉ်အထိ ကျွန်မမျက်ဝန်းတွေက သူ့အပေါ် ရှိနေတုန်း။ ကြည့်လို့မှ မဝသေးသလို၊ တဘက်ကလည်း စိတ်ထဲ ကြောက်မိသလိုလို၊ တောင်တန်းကြီးတွေရဲ့ မာယာ၊ ပရိယာယ်၊ သဏ္ဍာန်တွေ အရောင်တွေပြောင်းပုံက ဆန်းကြယ်လှရဲ့ မဟုတ်လား…။ သူ့မာကြောအေးစိမ့်နေဟန် မားမားရပ်နေဟန်ကိုက ငေးကြည့်သူကို မြေမှာဝပ်ဆင်းစိတ်နဲ့ သေးငယ်စေပြန်တာ။
ကားပေါ်ရောက်လို့ ထိုင်ခုံမှာထိုင်ပြီးတာနဲ့ ကျွန်မမျက်ဝန်းတွေ မှိတ်ချထားလိုက်မိတယ်။ ကျန်ရစ်ခဲ့ပါတော့…ဇွဲကပင်ရယ်…နေရစ်ခဲ့ပါတော့…။ ကျွန်မအတွေးတွေ၊ အိပ်မက်တွေထဲ လိုက်မလာပါနဲ့တော့။ ဘာကြောင့်ရယ်မသိတဲ့ အစွဲအလန်းက လူကို တင်းတင်းရစ်တဲ့အခါ အလိုလို မောပန်းလာရတော့တာ။ ကျွန်မ သူ့အနားရောက်ခဲ့ဖူးပြီ၊ အကြာကြီး ငေးမောလို့ ကြည့်နေခဲ့ဖူးပြီ။ ဒီလောက်ပါပဲ…။ ကျွန်မဖုန်းထဲမှာတော့ သူ့ပုံရိပ်တွေ…၊ ကျွန်မအကြမ်းခြစ်ထားတဲ့ သူ့ပုံခဲခြစ်တွေ…။ 

လိုချင်တာကို တခါရဖူးရုံနဲ့ နေပျော်နိုင်မယ်ဆို လောကကြီးထဲ ဘာကိုများ နာကျင်ခံစားနေရမှာလဲ…။ ဒီတခါပါပဲ၊ နောက်ဆုံးအကြိမ် ကျွန်မ မျက်ရည်ကျပါရစေ…။


ဇွဲကပင်ဟာ ဘာမှ မသိသလို ကျွန်မအနောက်မှာ ကျန်ရစ်တယ်…။



ချစ်ကြည်အေး
၂၇ဝ၁၂ဝ၁၉ 

Sunday, January 6, 2019

Again......

The Poem flows out
There! my hell surfaces
Drowning me all over (AGAIN)
I'm cracking
My mind is more than hurting
A bottle in a river
Fills with tears for all these years
The bruises, the scares...
Do I deserve such woe ?
Cannot cogitate past episodes thou
Cuts are too deep that impossible to undo so,
Why me?
Why took all these years to gain a broken me ?
The pain and the darkness I carry
Standing inside as part of me
I yell for your name, knowing you won't hear
Outbursting my anger turns to tears
Losing myself in fading
Stay on the ground of naiveness
Again, myself...I am losing...



CKA ~
02012019
AGAIN ~

Tuesday, January 1, 2019

၂ဝ၁၈သင်ခန်းစာ

ကျွန်မအတွက် အများကြီးသင်ယူခဲ့ရတဲ့ ၂ဝ၁၈ပါပဲ။ 
အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာတွေ လူမှုဆက်ဆံရေးပိုင်းတွေ။ ကိုယ့်ကိုယ်ကို စိတ်ထားတတ်ဖို့၊ အစွဲသိပ်မကြီးဖို့၊ အတေးအမှတ် သိပ်မထားဖို့၊ သံယောဇဉ် မတွယ်တတ်ဖို့၊ ကိုယ့်တန်ဘိုးကို ကိုယ်နားလည်ဖို့ အကြိမ်ကြိမ် သတိပေးနေရတော့မယ်။ တယောက်ယောက်က အပျော်တမ်း လက်ကလေးနဲ့တောက်လိုက်ရုံလေးနဲ့ လဲကျမသွားဖို့၊ မခံစားသင့်တဲ့ကိစ္စတွေမှာ စိတ်နှစ်မခံစားဖို့၊ နာကျင်ဖို့မတန်တဲ့ကိစ္စတွေမှာ ကိုယ့်ကိုယ်ကို စိတ်အပင်ပန်းမခံဖို့...စိတ်ထဲရှိတာတွေ အကုန်မပြောတတ်ဖို့။ အများကြီး အများကြီး ဆင်ခြင်ဖို့တွေ...။ 
၂ဝ၁၉မှာတော့ ဘဝမှာ ကျန်နေသေးတဲ့အချိန်တွေအတွက် နေမှုထိုင်မှုအသစ်တခုထဲ တဆစ်ချိုး ဝင်ရတော့မယ်။ တော်လိုက်တာ ထက်မြက်လိုက်တာဆိုတာထက် လူကောင်းတယောက်အဖြစ် နေထိုင်တတ်ဖို့၊ ပတ်ဝန်းကျင်ရယ် အနည်းဆုံးကိုယ်နဲ့ ပတ်သက်ထိစပ်မိတဲ့ လူအနည်းငယ်ရယ် သူတို့တွေကို ကိုယ့်ကြောင့် စိတ်ရောကိုယ်ပါ နာကျင်ရတဲ့သူတွေမဖြစ်အောင် နေထိုင်တတ်ဖို့ ကြိုးစားရမယ်။ လျှော့ရမှာတွေ အများကြီးရှိနေတာကို လက်ခံရတယ်။ 
ကိုယ့်ကြောင့်နာကျင်ခဲ့ရသူတွေ ရှိမယ်။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေ ရှိမယ်။ ၂ဝ၁၉မှာတော့ နာကျင်စေမယ့်အရာတွေကို လွှတ်ချခဲ့တော့မယ်။ ကိုယ့်စိတ်ကလေး နေရာကျဖို့၊ ပျော်ရွှင်ပေါ့ပါးဖို့အတွက်နဲ့ တခြားလူစိတ်ကို ကစားစရာမလုပ်ကြပါနဲ့၊ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ ပေါ့ပေါ့ပါးပါးကလေးဟာ တခြားသူအတွက် စိတ်မှာ ဒဏ်ရာရပြီး တသက်လုံးထမ်းရမယ့်ဝန် မဖြစ်ပါစေနဲ့။ တောင်းပန်ကြေအေးခြင်းဆိုတာ မာနကို နှိမ့်ချလိုက်တာမဟုတ်ဘဲ လူတိုင်းလုပ်နိုင်ခဲတဲ့ စိတ်အမွန်အမြတ်တခုဆိုတာ လူတချို့ကို သိစေချင်တယ်။
ဟိုးတုန်းက ကိုယ်အမြဲပိုင်ဆိုင်ခဲ့တဲ့ ကိုယ့်စိတ်အကြည်ဓာတ်ကလေးကို ပြန်လည်ရှာဖွေရယူမယ်။ အားလုံးကိုလည်း ရိုးရိုးသားသား ဖြူဖြူစင်စင် ပျော်စေချင်တယ်။ စိတ်ထဲရှိတာတွေ ချရေးဖြစ်ပြန်တယ်။ ဆင်ခြင်ရမယ့်အထဲ သူလည်းပါတယ်...။
အပိုင်းအခြားနဲ့ကန့်သတ်လိုက်လို့သာရယ်၊ တကယ်တော့ ၂ဝ၁၉ဆိုတာ ကျွန်မတို့ရနေကျ မနက်ဖြန်တခု၊ နေ့တနေ့အစပြုခြင်းတခုပဲ ဟုတ်လား...
ပျော်ရွှင်ကျန်းမာကြပါစေ..၂ဝ၁၉မှာ....


ချစ်ကြည်အေး
ဝ၁ဝ၁၂ဝ၁၉

နောက်နှစ်မှာ ဒီစာကို ပြန်ဖတ်ခွင့်
ကိုယ့်ကိုယ်ကို လုပ်နိုင်ခဲ့သလားဆိုတဲ့ ဆန်းစစ်ခွင့်
ရှိချင်ပါသေးတယ်....

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...