Monday, December 31, 2018

အမှောင်ဘက်ခြမ်းက အသံ

ချစ်ခြင်းတရားဟာ ကိုယ် ဘယ်နှစ်ခေါက်ဖတ်ဖတ် နားမလည်နိုင်တဲ့ ကဗျာတပုဒ်ဖြစ်တယ်
သူ့မှာ အတတ်ပညာတွေ ရှိတယ်
မာယာများရတယ်
အချိန်စောင့်တတ်ရတယ်
မျိုသိပ်တတ်ရတယ်
ခက်ခဲဟန်နေပြတတ်ရတယ်
ကျောခိုင်းသွားကာမှ တုန့်ကနဲ ပြန်ဆွဲတတ်ရတယ်
လိုတိုး ပိုလျှော့ ကွာ ဝေး နေတတ်ရတယ်
ကိုယ် သိမှ မသိခဲ့ဘဲ
ကိုယ့်ကိုဖြတ်လျှောက်သွားတဲ့ တောင်ကုန်းအဟောင်းလေးရေ....
ကျောခိုင်းသွားပြီးတဲ့အခါ
စိတ်တခုစာအကွာအဝေးဟာ မမြင်နိုင်လောက်အောင်ပဲ ဝေးလွန်းခဲ့တာလား
ကိုယ်တို့ဟာ
အစစအရာရာ ခြားနားပြီး
တနေရာမှာတော့ တူလွန်းနေကြတယ်
ကိုယ်က ချစ်တတ်သလို ချစ်ခဲ့ပြီး
မင်းက မုန်းတတ်သလို မုန်းခဲ့တာ...
ကိုယ့်အပေါ် ဖျတ်ကနဲကျလာတဲ့ အလင်းပွင့်ကလေးရေ...
ကိုယ်နဲ့ထိမှ မှောင်အတိကျရတာတဲ့လား
ဝဋ်ကြွေးတခုထဲမှာ အတူတကွနာကျင်ကြကြေးဆိုရင်တောင်
မင်းဆီက အနာတရမှန်သမျှ
လက်ဝင်လျှိုချင်တဲ့စိတ်နဲ့ ချစ်တာ
ကိုယ်တို့အတူကြည့်ခဲ့ဖူးတဲ့ လပြည့်ညဟာ တသက်မှာတခါ
ခဏကလေးသာခဲ့ပြီး ဆွံ့အသွားလိုက်တာများ
ဘယ်လိုပြန်ခေါ်ခေါ် မကြားခဲ့တော့ဘူး
ကိုယ့်ကမ္ဘာအလင်းမဲ့သွားလိုက်ပုံက
မင်းရှိရာကောင်းကင်ကို မော့ကြည့်တဲ့အခါ
နွမ်းခြောက်သွားတဲ့စပါယ်တွေသာ ကိုယ့်အပေါ် အညှိုးတကြီး ပြိုကျတယ်
ပြန်လည်ရှင်သန်မလာတော့တဲ့ အပြုံးတွေက အိပ်မက်ထဲမှာတောင် ကိုယ့်ကိုအသေသတ်တယ်
မှုန်ဝါးဝါးမင်းမျက်နှာကလေးကို
အပြေးလိုက်ဖမ်းနေရတဲ့ညတွေကလည်း အနက်ရောင်
ကိုယ်ကိုယ်တိုင်တောင် မသိတော့တဲ့မေးခွန်းကလည်း ကိုယ့်အပေါ် သည်းသည်းထန်ထန် ရွာချတယ်
ကိုယ် ဘယ်တော့လင်းခွင့်ရမှာလဲ....



ချစ်ကြည်အေး
၃၁၁၂၂၀၁၈

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...