Monday, November 19, 2018

နာရီ


နာရီတွေကို ကျွန်မ သိပ်မက်မောတာပဲ။ အပြင်သွားလို့ နာရီဆိုင်တွေရှေ့ရောက်တိုင်း ကျွန်မမျက်လုံးတွေက နာရီတွေတလုံးချင်းစီကနေ တော်တော်နဲ့ မခွာနိုင်ဘူး။ မိန်းမပတ်နာရီ၊ ယောကျာ်းပတ်နာရီ၊ တိုင်ကပ်နာရီ၊ စားပွဲတင်နာရီ၊ အိပ်ဆောင်နာရီ စသည်ဖြင့် အမျိုးမျိုးရှိကြတဲ့နာရီတွေကို တလုံးချင်းစီကြည့်ငေးရတယ်။ ပြီးတော့ သံပတ်နာရီလား၊ ဓါတ်ခဲနာရီလား၊ လက်ပတ်ကြိုးက သားရေလား၊ သံကွင်းတွေလား၊ ပလတ်စတစ်လား၊ စတီးလ်လား၊ အရောင်အသွေးအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့နာရီတွေဟာ ကျွန်မအာရုံကို ဖျားယောင်းသွေးဆောင်ဖို့ ဘယ်တော့မှ မလွဲနိုင်တဲ့အရာတွေပဲ။

နာရီတွေဟာ တိုင်းတာရေးကိရိယာတခုဖြစ်တယ်လို့ ဆိုတယ်။ အချိန်တွေကို ညွှန်ပြဖို့၊ တမိနစ် တနာရီ တရက် တလ စသည်ဖြင့် အချိန်ယူနစ်တွေကို ခေတ်တခေတ်အထိ ရေတွက်သွားနိုင်ဖို့ နာရီတွေက သူ့အလုပ်သူလုပ်နေကြရတယ်။
နာရီတွေရဲ့တာဝန်က အများနည်းတူ ညီမျှတဲ့အချိန်အကြာအရှည်ကို ပြနေဖို့ပဲ မဟုတ်လား။ ရုံးသွားချိန်၊ အလုပ်လုပ်ချိန်၊ ထမင်းစားချိန်၊ အစည်းအဝေးချိန်၊ အိမ်ပြန်ချိန်ဆိုတာတွေနဲ့ လူတယောက် သို့မဟုတ် လူအများကို အတူတကွ ချုပ်သီထားလိုက်ကြတယ်။ လူအားလုံးဟာ ပြဌာန်းထားတဲ့အချိန်တွေအတိုင်း အများနည်းတူ လှုပ်ရှားလုပ်ဆောင်ကြရတယ်။ အများနဲ့သက်ဆိုင်တဲ့၊ တရားဝင် သတ်မှတ်ထားတဲ့ စက်နာရီက ပြောတဲ့အချိန်တွေအတိုင်းဆိုပါတော့။

ကျွန်မတို့ တဦးတယောက်ချင်းစီမှာလည်း Body clockဆိုတဲ့ ဇီဝနာရီတွေ ရှိကြတာပဲ။ ဒီနာရီတွေအကြောင်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းသလားလို့။ ကျွန်မတို့ဟာ ဇီဝနာရီတွေက ပြောတဲ့အသံကို နားထောင်ပြီး လိုသမျှ ဖြည့်ဆီးပေးကြရတယ်။ အိပ်ချိန် စားချိန် အနားယူဖို့လိုအပ်လာချိန် ဒါတွေကို သူက ပြောလာတတ်တယ်။
စက်နာရီတွေနဲ့ ဇီဝနာရီ ကွာခြားချက်ကို ကျွန်မ အများကြီး မပြောလိုတော့ပါဘူး။ စက်နာရီတွေက မခံစားတတ်ဘူး၊ ဇီဝနာရီတွေက ခံစားမှုပါတယ်။ အကြမ်းဖျဉ်း အဲသလိုပဲ မှတ်သားထားလိုက်တယ်။ (ဒါဟာ မမှန်ဘူးလို့ ကျွန်မ တနေ့မှာ သိလာခဲ့ပါတယ်)

နာရီဆိုင်တခုမှာ ရေးကပ်ထားတဲ့ ကြော်ငြာစာတမ်းတခုကို ကျွန်မ တော်တော်လေး စိတ်ဝင်စားမိခဲ့ဖူးတယ်။
Clocks are not just telling time တဲ့…။
ဒီလိုဆိုတော့ဖြင့် စက်နာရီတွေဟာ အချိန်တွေအပြင် ဘာတွေကိုများ ပြောတတ်ကြပါလိမ့်လို့ တွေးမိစရာပဲ မဟုတ်လား။ ကျွန်မ မတွေးတတ်ခဲ့ဘူး။ အင်း…ချက်ချင်းတော့ ကျွန်မ မတွေးတတ်ခဲ့ဘူးလေ။
တနေ့တော့ ကျွန်မ အိမ်ဧည့်ခန်းက နံရံကပ်နာရီ အလုပ်မလုပ်တော့တာနဲ့ အိပ်ခန်းနံရံက နာရီကိုဖြုတ်ပြီး ဧည့်ခန်းမှာ တပ်လိုက်တယ်။ အလုပ်မလုပ်တော့တဲ့နာရီကိုတော့ recycle bagထဲထည့်ထားလိုက်ပြီး အောက်ထပ်ဆင်းမှပဲ ပစ်တော့မယ် စိတ်ကူးတယ်။ အိပ်ခန်းထဲက နံရံကပ်နာရီကတော့ သိပ်မလိုအပ်လှဘူးထင်ပါရဲ့၊ ကျွန်မတယောက်ထဲ သုံးတာမို့ ဖုန်းက နာရီ ဒါမှမဟုတ် အိပ်ရာဘေး အံဆွဲထဲမှာ ချွတ်ထားတတ်တဲ့ လက်ပတ်နာရီကို ယူကြည့်လည်းရတာပဲ ဟုတ်လား။ အံဆွဲထဲကို နာရီထည့်ထားတတ်တဲ့အကြောင်းက ညည တိတ်ဆိတ်နေတဲ့အချိန်မှာ လက်ပတ်နာရီက စက္ကန့်တံ တချပ်ချပ်နဲ့သွားနေသံကိုတောင် ကျွန်မနားက ကြားနေရတာမို့ပါပဲ။ အိပ်မပျော်တဲ့ညတွေဆို ပိုတောင်ဆိုးသေးရဲ့။ 
တည….။ မအိပ်ချင်သေးတာနဲ့ စာဖတ်မီးအဝါလေးဖွင့်လိုက်ပြီး အိပ်ရာပေါ် စာဖတ်နေမိတယ်။ ခဏကြာတော့ နံရံကိုကြည့်လိုက်မိတယ်။ ချိတ်ဖို့ ရိုက်သွင်းထားတဲ့ သံမှိုငုတ်ကလေးရယ်၊ ဘေးပတ်ပတ်လည်မှာ စက်ဝိုင်းပုံအရာကလေးရယ်…။
နာရီ…၊
ဟုတ်သားပဲ အိပ်ခန်းထဲကနာရီကို ကျွန်မက ဧည့်ခန်းထဲ ပြောင်းတပ်ထားလိုက်ပြီကိုး။ အဲဒီကစပြီး ကျွန်မ သတိထားမိသွားတယ်။ နာရီထားရာနေရာကို ကျွန်မမျက်လုံးက ခဏခဏကြည့်နေမိတတ်တယ်ဆိုတာကိုပါပဲ။ ရှိနေတုန်းကတော့ အမှတ်တမဲ့ အချိန်ကြည့်ချင်လို့ဖြစ်စေ၊ အချိန်မသိချင်ပါဘဲဖြစ်စေ မျက်စိက ရောက်ရောက်သွားတတ်နေတာဖြစ်မယ်။ ခုတော့ နာရီကိုဖြုတ်ထားပြီးသားလို့ သိသိနဲ့တောင် အကျင့်ပါနေတဲ့ မျက်လုံးက ကြည့်မိနေတတ်ပြီ။ 
အကျင့်ဆိုတာ မသိစိတ်ကနေပဲဖြစ်စေ၊ သိသိနဲ့ဖြစ်စေ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာပြုလုပ်နေကျအရာ၊ အဲဒီကနေမှ အစွဲအလန်းတခု ဖြစ်တည်လာတတ်တာ။ သက်ပြင်းခပ်သာသာကလေး ချလိုက်မိတယ်။
အိပ်ရာဘေးအံဆွဲထဲက နာရီကို ထုတ်ကြည့်တော့ ည ဆယ့်တစ်နာရီ မိနစ်လေးဆယ်။
တနေ့….။ နာရီဆိုင်ကနေ နံရံကပ်နာရီအဝိုင်းတလုံး ထပ်ဝယ်လာခဲ့ပြီး အိပ်ခန်းထဲက ချိတ်နေကျ သံမှိုငုတ်ကလေးမှာပဲ ပြန်ချိတ်ထားလိုက်တယ်။
အဆင်ပြေသွားပြီ။
ကျွန်မ ကုတင်ပေါ်ကနေ စာဖတ်ရင်း အချိန်လှမ်းကြည့်တယ်။ အိပ်ရာပေါ် လှဲနေရင်း မအိပ်နိုင်သေးတဲ့အချိန်တွေမှာ နာရီလှမ်းကြည့်တယ်။ တလူးလူးတလိမ့်လိမ့် လှိမ့်နေရင်းကနေ ဘယ်အချိန်ပါလိမ့်လို့ နာရီလှမ်းကြည့်တယ်။ မနက်မိုးလင်းလို့ မျက်စိပွင့်လာတာနဲ့ ကျွန်မညာဘက်နံရံပေါ်က နာရီကို လှမ်းကြည့်တယ်...။ နာရီကို လှမ်းလှမ်းကြည့်နေမိတယ်။
ဒီအချိန်...၊ ဒီလိုအချိန်တွေမှာ...
သူ… အလုပ်ထဲမှာပဲ ရှိနေတုန်းလား…
နေရောကောင်းရဲ့လား...
ညစာရော စားပြီးရဲ့လား….
ဒီနေ့ ဘာများချက်စားသလဲ မသိ….
Clocks are not just telling time တဲ့…။
ကျွန်မအတွေးထဲ ဖျတ်ကနဲရောက်လာတယ်။
နာရီတွေဟာ အချိန်ပြောခြင်းအပြင် အချိန်တွေနဲ့ ဆက်စပ်ပတ်သက်ခဲ့ရာ မှတ်ဉာဏ်အပိုင်းအစတွေကိုပါ တပါတည်း ယူဆောင်လာတတ်သလား…။
သူ ကျွန်မကို မေ့နေပြီလား…
ဒီလိုအချိန်တွေဆိုရင်လေ….
မျက်ဝန်းတွေ ဝေဝါးလာရာက တလိမ့်လိမ့်ကျလာတဲ့ စိုစွတ်မှုတွေက ကျွန်မပါးပြင်ပေါ်မှာ…

ဇီဝနာရီတွေမှာပဲ ခံစားချက်ရှိတာမဟုတ်ဘူး၊ စက်နာရီတွေမှာလည်း အချိန်ပြောခြင်းအပြင် သက်ဆိုင်ရာဆက်စပ်နေတဲ့အချိန်တိုင်းရဲ့အနောက်က ပူးတွဲချည်နှောင်ထားတဲ့ခံစားမှုတွေကို သယ်ဆောင်လို့ လာတတ်တာ...။
အတွေးတွေကို ရပ်ပစ်လိုက်မိတယ်။ 
ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ ကျွန်မအိပ်ခန်းထဲက နာရီကို ဖြုတ်ပစ်လိုက်ဖို့ဆိုတဲ့အတွေးကို ကျွန်မအခု စဉ်းစားနေမိပြီ။
ဒါပေမယ့် နာရီတွေအပေါ်ထားတဲ့ ကျွန်မရဲ့စွဲလန်းစိတ်ကတော့ နည်းနည်းကလေးမှ လျော့မသွားဘူး…။


ချစ်ကြည်အေး
၁၉၁၁၂၀၁၈

Tuesday, November 13, 2018

ကျွန်မရေးဖြစ်ခဲ့သော/ ရေးနေဖြစ်သော ကဗျာများ - နိုဝင်ဘာ ၂၀၁၈

(၁)

"ငါး"
တချက်ပဲ မိခဲ့ဖူးတာ
အကြေးခွံကို လှန်ချွတ်ချခဲ့လည်း နာကျင်ကျန်ရစ်ဆဲ
အာခေါင်ကို ထုတ်ချင်းဖောက်သွားပြီးတဲ့နောက်
ရေထဲပြန်လွှတ်ပေးလိုက်ပါတယ်ဆိုတဲ့
တသက်စာနာမည်ကောင်းမှာ ဂုဏ်ယူပျော်ရွှင်ပါ
တချက်ပဲမိခဲ့တဲ့ ချိတ်ဖျားကကျွန်မအသက်ကို
တဲတဲကလေးမှီရင်း စောင့်နေရတဲ့ရှင်သန်မှု
ခပ်ယဲ့ယဲ့ထဲမှာ...


ခကအ
၁၃၀၉၂၀၁၈

(၂)

ကမ္ဘာကြီးလုံးတယ်ဆိုတာကို ခဏမေ့ထားလိုက်ကြရအောင်
မျက်နှာချင်းဆိုင်လျှောက်ခဲ့ကြလို့
ဆုံတွေ့မှုတဒင်္ဂကလေးရှိခဲ့ရုံ
ကျောခိုင်းသွားတဲ့အခါ တစတစဝေးကြရရုံ
ဘယ်လောက်ရိုးဖြောင့်ခဲ့သလဲ
ဘယ်လောက်လှည့်စားခဲ့သလဲ
အနိုင်တွေအရှုံးတွေ တွက်မနေပါနဲ့လေ
အတုန့်အလှည့်ဆိုတာ ပဲ့တင်သံတခုပဲလို့ သိထားတော့၊ ဘာမှမတတ်နိုင်ခဲ့သူပါ...
ကျိုးပဲ့ကြေမွခဲ့ဖူးတဲ့ စိတ်အအစအနတွေကို
မျက်နှာချင်းဆိုင်ကြည့်နေရုံကလွဲ...
သေလောက်အောင်ပျော်ရွှင်ရမှုတွေ နောက်ထပ်တခါရဦးမယ်ဆိုရင်တောင်
ဘယ်တော့မှပြန်လည်တွေ့ဆုံခွင့်မရှိခြင်းကို ရွေးချယ်လိုက်မယ်
သေခဲ့ဖူးပါပြီ တခါမက
ပျဉ်ဘိုးနားလည်သွားတဲ့ အသားမာတက်ပုံမျိုးနဲ့
လွမ်းဆွတ်မှုတွေကို နာကျင်မှုတွေလို့ နာမည်ပြောင်းတပ်လိုက်တယ်....


တိုးတိတ်နာကျင်ရမှုတွေ ~
ခကအ
၂၈၀၉၂၀၁၈

(၃)
တကမ္ဘာဟာ အဝေးကြီးပဲ
လို့.....
စိတ်ချင်းမဝေးဖူးသူတယောက်က ထင်ခဲ့ဖူးတာပေါ့
ညီမလေးရယ်
တစတစဝေးကွာသွားတဲ့စိတ်တွေထဲ တကမ္ဘာဆိုတာ ကျဉ်းကျဉ်းကလေးဖြစ်သွားတဲ့အချိန်က 
စတယ်
မျက်တောင်တချက်အခတ်မှာ လျှောကနဲခုန်ဆင်းသွားတဲ့ သတိရခြင်းတွေ
လိမ့်ဆင်းကျလာတဲ့မျက်ရည်တွေ
ဆံပင်ရှည်တွေနဲ့ကာထားလိုက်ရတဲ့ နာကျင်မှုတွေဟာ
တဆတ်ဆတ်ခါ...
အပြုံးတွေတောက်ပဆင်မြန်းဖို့ အနောက်ပို့ထားလိုက်ရတဲ့ ရင်ကွဲနာတွေ
ဘယ်သူမှမမြင်ကြဘူး ဟုတ်လား ညီမလေး...
မျက်နှာဖုံးတွေဟာ လိုအပ်ပါတယ်
ပိရိသေသပ်စွာ လှလှပပအနားသတ်ဖို့
နှုတ်ခမ်းကလေးကွေးရုံပြုံးတတ်ဖို့
အားလုံးကောင်းမွန်ပျော်ရွှင်နေပါသည်လို့ စာတမ်းထိုးနိုင်ဖို့
ကိုယ်တို့ဟာ မျက်နှာတွေ အသီးသီးပြောင်းလဲတပ်ဆင်ကြရတယ်
တကမ္ဘာစာဝေးလည်း စိတ်ချင်းဝေးတာထက် ပိုဝေးနိုင်ဦးမလား
သွေးရူးသွေးတန်းနဲ့ ပြုံးနေတဲ့မျက်နှာကလေး
ကောက်တပ်ခဲ့ရတယ် ပျော်ပါတယ်...လေ။
ဘယ်သူမှမမြင်လိုက်ခင်...။

သူမ ~
ခကအ
၁၅၁၀၂၀၁၈

(၄)
မပျော်တော့ဘူးလို့ ပြောတဲ့အခါ ကျွန်မကို ယုံပါ
နာကျင်မှုတွေနဲ့မွှမ်းထုံနေတဲ့ ကျွန်မဆီက
အနည်းငယ်ကိုမျှ ကိုင်းကူးကိုင်းဆက် မပေးလိုဘူး
ရှင့်ကမ္ဘာမှာ ပျော်ရွှင်နေထိုင်ပါ
ရှင့်နံနက်ခင်းတွေမှာ နေရောင်ဖြာပါစေ
ကျွန်မဒဏ်ရာတွေနဲ့ဆတူ ရှင့်စိတ်ကျန်းမာပါစေ
ထူထဲဝင်းမှည့်နေတဲ့ တသက်လုံးစာစိတ်ဒဏ်ရာတွေ...
ကျွန်မ ရသင့်ခဲ့တာ ကျွန်မနဲ့တန်လို့ပါ...
ကျွန်မ ကျန်းမာနေပါတယ်
ရက်စွဲတချို့မှာ စွတ်စိုလာတတ်တဲ့အနာဆွေးတွေရယ်
အချိန်နာရီတချို့မှာ ခေါင်းထောင်လာတတ်တဲ့ လွမ်းဆွတ်ခြင်းတွေရယ်
ကျွန်မဘက်က အနာတရမှန်သမျှ
ရှင် မမြင်အောင် ဝှက်နိုင်သောကိုယ်သာ ဖြစ်လိုတယ်။
ရှင့်ကောင်းကင်က မော့ကြည့်တဲ့အခါတိုင်း
ကျွန်မကောင်းကင် ကွယ်ပါစေ...


သူမ ~
ခကအ
၁၈၁၀၂၀၁၈

(၅)
အလင်းမပွင့်နိုင်တော့တဲ့ စိတ်အဟောင်းတွေက
ကျောက်ခတ်စရာမလိုဘဲ ထ ထ တောက်တယ်
ပြီးရင်...
သူ့အမှောင်နဲ့သူ တရှိန်ရှိန်ဝင်းပတယ်
သွေးကြောတွေ အသားမျှင်တွေကို တလွှာချင်း တထပ်ချင်း ကုတ်ခြစ်နေတဲ့ စိတ်တွေ
စိတ်နံရံတွေထဲက ထိုးဖောက်ထွက်ကျလာ
ရုန်းရင်းဆန်ခတ် စိတ်တွေ...
သွေးရူးသွေးတမ်းပဲ့ပဲ့ကျနေတဲ့ စိတ်အပိုင်းအစတွေဟာ ဖွေးဖွေးလှုပ်မျှ ကျ ကြွေ...
ညအမှောင်တွေထဲ ငယ်သံပါအောင် ညည်းတွားကြ
စိတ်ကျိုးစိတ်ပြတ်တွေ စိတ်လေစိတ်လွင့်တွေ...
ကြားလား ကြားရလား ကြားရရဲ့လား
ကြည့်မှန်တချပ်ထဲမှာ
အကြိမ်ကြိမ်ကျရှုံးနေတဲ့ စိတ်အသေတွေကို
သင်္ဂြိုလ်မှု ပြုလုပ်နေတဲ့မိန်းမ မြင်ရလား
သင့်စိတ်တွေကို သူ့စိတ်နဲ့ ချိတ်ဆက်ပြီးမှ နားထောင်ဖို့ပါပဲ...
ကြားရလား
ကြားရရဲ့လား....
စိတ်ချင်းတွေ ဝေးသွားလိုက်ပုံက
သံသရာဟာ တခုနဲ့တခု လှမ်းကြည့်လို့မှ မမြင်ရနိုင်အောင်...



တိုးတိတ်နာကျင်ရမှုတွေ ~
ခကအ
၀၇၁၁၂၀၁၈

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...