Thursday, April 5, 2018

ကွဲအက် ဖန်ပုလင်းတလုံး၏ဖြစ်စဉ်

ဖန်ပုလင်းတွေဟာ နာကျင်တတ်သလား
ဖန်ပုလင်းတွေဟာ ဆူးစူးတတ်သလား
ဖန်ပုလင်းတွေဟာ ညအမှောင်ရောက်ရင် ငိုတတ်သလား
ဖန်ပုလင်းတွေမှာ
လှျို့ဝှက်ချက်မရှိဘူး
ပကတိမျက်စိနဲ့ထွင်းဖောက်မြင်နိုင်တယ်
ထိရှကွဲအက်လွယ်တယ်
ကွဲအက်ပြီးတဲ့အခါ အကောင်းအတိုင်းပြန်မဖြစ်နိုင်တာ သူ့သစ္စာပဲ
မမေ့နိုင်ခြင်းတွေကို ဖန်ပုလင်းထဲသိမ်းထည့်ဖို့ ကြိုးစားကြည့်တယ်
နေ့စွဲအလိုက် အမှတ်တရတွေ
ရယ်သံသဲ့သဲ့ အပြုံးမြမြတွေ
ပါးပြင်ပေါ်က အတွေ့နွေးနွေးတွေ
ညှို့ငင်တတ်သောအကြည့်တွေ
စွဲလန်းတတ်စေသော ကျင့်စဉ်တွေ
လက်ချင်းတွဲချိတ်ထားခဲ့တာတွေ
စကားလုံးဖွဖွတွေ
တခုပြီး တခု
ဖန်ပုလင်းထဲ အစဉ်အတိုင်းထည့်စဉ်
နောက်ဆုံး ထုံးစံအတိုင်းမျှော်လင့်ထားခဲ့သလို
အသည်းကွဲရတာတွေ
ဆတ်ဆတ်ခါနာကျင်ရခြင်းတွေ တသက်စာဒဏ်ရာတွေ မျက်ရည်တွေနဲ့ 
ခမ်းခမ်းနားနား အပြီးသတ် ပိတ်သိမ်းလိုက်တယ်
လူလူသူသူဖန်ပုလင်းတလုံးအဖြစ်
ပြည့်စုံအသက်ဝင်သွားတဲ့အခါ
လက်ထဲကနေ လွှတ်ချခဲ့လိုက်တယ် 
ခုမှပဲ...
ကြမ်းပြင်ပေါ်က အလုံးစုံသောနာကျင်မှုတွေနဲ့
ကွဲဖြာလွင့်ထွက်သွားတဲ့ ဖန်ပုလင်းတလုံးဟာ
ကျွန်မကိုယ်တိုင်....
ဖြစ် 
သွား 
တယ်



ချစ်ကြည်အေး
ဝ၅ဝ၄၂ဝ၁၈

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်းကအထ...