Friday, February 23, 2018

ပြောင်းလဲပြင်ဆင် လူနှင့်လူ့ပတ်ဝန်းကျင်

ကျွန်မတို့အားလုံးဟာ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ပုံသေကားကျတွေ၊ ရှေးထုံး ရှေးရိုးစွဲတွေကို ခေါင်းထဲရိုက်သွင်းခံရပြီး ကြီးပြင်းလာခဲ့ရတယ်ဆိုတာကို လက်ခံကြပါသလား။ 

ရှင်တို့ ကျွန်မတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ ဖြစ်လာသမျှသော အရာအားလုံးဟာ အဲဒီပုံသွင်းခံခဲ့ရမှုတွေအတိုင်း ဖြစ်လာခဲ့တာပဲ။ ရှင်ဟာ အမိဗီဇနည်းနည်း အဖဗီဇနည်းနည်းစီယူပြီး ရှင့်ကိုယ်ပိုင်ရယ်လို့ လုပ်ပစ်လိုက်တယ်။ ပြီးတော့ ကျောင်းနေအရွယ်ရောက်တာနဲ့ ဆရာ ဆရာမဆီက သင်ယူလို့ရသမျှထဲက တစိတ်တပိုင်းကို ရှင်သဘောကျသလောက် ယူငင်ပြန်တယ်။ ပြီးတော့ ပတ်ဝန်းကျင်ဆီက။ အဲသလို တစိတ်တပိုင်းစီယူငင်ထားသမျှတွေ ပေါင်းစပ်ပြီး ရှင့်ကိုယ်ပိုင်ဟန်ဖြစ်လာအောင် လုပ်ယူပစ်လိုက်တော့တာပဲ။ ဒီနေရာမှာ ရှင့်သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ နှစ်သက်သမျှ စွဲမြဲသိမ်းဆည်းထားရာက အလျဉ်းသင့်သလို နေရာတကျ ပြန်လည်ထုတ်ယူသုံးစွဲကာ ရှင့်ကိုယ်ပိုင် လုပ်ပစ်လိုက်တာကို ဆိုလိုတယ်။ 

အချိန်ကြာလာတာနဲ့အမျှ အပြောင်းအလဲဆိုတာတော့ ရှိတာပေါ့။ တချို့တွေ ရှင် လွှတ်ချထားခဲ့လိုက်တာတွေရှိမယ်၊ တချို့တွေကို အသစ်အနေနဲ့ သိမ်းဆည်းထားလိုက်တာတွေလည်း ရှိမယ်။ ရှင် ကြီးပြင်းရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာ ရှင့်အပေါ်မှာ အများကြီးထိခတ်စေတာတော့ အသေအချာပဲပေါ့။ 

အင်္ဂလိပ်လိုဆိုရင်တော့ “You’ve grown up programmed those fixed patterns of the mind into you and really are in depth conditioning of your mind consciously,  subconsciously  or  even unconsciously  and, they automatically surface now and then” လို့ ဆိုရမှာပါ။ 

ပြောရရင် ဒီလိုပြသာနာတွေမှာ ဒီလိုဖြေရှင်း၊ ဒီလိုတုန့်ပြန်ဆိုတဲ့ အပြုအမူတွေဟာ သူ့အလိုလို အလိုက်တသင့်ပေါ်လာတတ်တာပါပဲ။ သိမ်းဆည်းထားရာက ထုတ်သုံးလိုက်ရတဲ့သဘောပေါ့။

သူ့အသက်ကို သေစေခြင်း၊ သတ်ဖြတ်ခြင်းဟာ မကောင်းဘူးလို့ ကျွန်မတို့အားလုံး သင်ကြားခံခဲ့ကြရတာပါ။ ဘာကြောင့်လဲ ဘာကြောင့်မသတ်သင့်တာလဲ၊ ကျွန်မတို့ ဆက်တွေးဖြစ်ကြသလား၊ သေချာတာကတော့ ငါးပါးသီလထဲမှာ သူတပါးအသက်ကို မသတ်ရဆိုတာ ပါပါတယ်။ ပြီးတော့ ကိုယ်ချင်းစာတရားကြောင့်လို့ဆိုမယ်။ တွေးစရာတွေကတော့ အများကြီးပဲပေါ့၊ ဆင်တကောင် ဆိတ်တကောင်ကို သတ်ဖို့ရာ ခက်ခဲချင် ခက်ခဲလိမ့်မယ်။ ကြက်အရှင်တကောင်၊ ငါးအရှင်တကောင် ဒါမှမဟုတ် ပုရွက်ဆိတ်တကောင်ကို သတ်ဖို့ရာကျတော့ သိပ်မစဉ်းစားကြတော့ပြန်ဘူး။ လတ်လတ်ဆတ်ဆတ်တောကြက်ကလေးမှ ချိုတယ်ရယ်လို့ ဧည့်လာရင် ချက်ချင်းဖမ်း ချက်ချင်းသတ်ကျွေးတဲ့ ကြက်ကလေးတကောင်ရဲ့အသက်ဟာ ဆင်တကောင် ဆိတ်တကောင်အသက်နဲ့ မတူပြန်ဘူးလား၊ ဒါ တောဓလေ့ဆိုတဲ့ အယူအဆအောက်မှာ သူတပါးအသက် မသတ်ဖြတ်ရဆိုတာ လုံးပါးပါးသွားပြန်တယ်။ 

ဖတ်ဖူးတဲ့ စာတပုဒ်ထဲမှာ ဆရာတော်ကြီးတပါးရှင်းပြထားတာက သေစေအောင်သတ်ဖြတ်တဲ့နေရာမှာ သေအောင်လုံ့လစိုက် အားထုတ်ရတဲ့ အားအင်ပမာဏရယ်၊ သေစေလိုတဲ့စိတ်ဇော ဘယ်လောက်လေးနက်သလဲဆိုတာရယ် အဲဒီအပေါ်မှာ မူတည်ပြီး အကုသိုလ်စိတ်အနည်းအများ ကွာခြားတယ်။ အဲဒီလိုကွာခြားမှုပေါ်မူတည်ပြီး အကျိုးပေးပုံ ကွာသွားတာပဲလို့ ဖတ်ဖူးပါတယ်။ 

ထားပါတော့၊ ပြောချင်တာက ခေါင်းထဲမှာ ရိုက်ထည့်ထားခံရမှုတွေက ဘယ်လောက်ထိတာသွားတယ်ဆိုတာကို အဓိကပြောချင်တာ။ ခုန အပေါ်မှာ ကျွန်မပြောခဲ့တဲ့ မိဘ ဆရာ ပတ်ဝန်းကျင် ဒါတွေဆီက နည်းနည်းချင်းစီ ယူငင်ခဲ့သမျှတွေထဲက ဆက်လက်သယ်ဆောင်သွားတွေ ရှိသလို၊ ကိုယ့်ဖာသာပြန်လည်စမ်းစစ်ပြီး ချထားပစ်ခဲ့တာတွေလည်း ရှိပါတယ်။ ဘာတွေ ယူသွားမလဲ၊ ဘာတွေချထားခဲ့မလဲ ဒီအပေါ်မှာ မူတည်ပြီး ဒါဟာ ကိုယ်ပိုင်ဟန် အမူအကျင့်ရယ်လို့ ဖြစ်လာတာပါပဲ။ ဒါကြောင့် လူတယောက်မှာ သူကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ဟာ သိပ်အရေးပါတယ်လို့ ပြောကြတာပေါ့။ 

လူဟာ အချိန်နဲ့အမျှပြောင်းလဲနေတယ်ဆိုတာကလည်း အဲတာပဲပေါ့၊ အချိန်ကြာလာတာနဲ့အမျှ သူဖြတ်သန်းရတဲ့ ပတ်ဝန်းကျင် အလုပ်အကိုင် အတွေ့အကြုံ ဆက်ဆံရေး ဒါတွေကနေ သင်ယူသင့်တာ သင်ယူ၊ လွှတ်ချခဲ့သင့်တာ လွှတ်ချပြီး ဆက်လက်ဖြတ်သန်းရတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်က ရှင်ဟာ၊ အခုနှစ် ရှင် မဟုတ်တော့ဘူး။ တရားသဘောအရရော၊ ကိုယ်တိုင် ပြုပြင်သိုမှီးခဲ့တာတွေအရရော ရှင်ဟာ အချိန်နဲ့အမျှ အစဉ်တစိုက် ပြောင်းလဲလာနေတဲ့ အသစ်တယောက် ဖြစ်ဖြစ်နေတာပါပဲ။

သင်ယူသိမ်းဆည်းလာတဲ့ သိုမှီးထားသမျှတွေကနေ ဘယ်လောက်ဖောက်ထွက် ဆန့်ကျင်နိုင်သလဲ၊ ဆန်းသစ်နိုင်သလဲဆိုတာက ရှင့်ကို ကိုယ်ပိုင်ဟန်ရှိတဲ့ လူတယောက်ဖြစ်စေတာပါပဲ။ ဒီနေရာမှာ ရှင်တို့တွေးနေကျပုံစံခွက်တွေထဲက ရုန်းထွက်ဖို့လိုအပ်တာနဲ့တပြိုင်နက် ရှင်ပုံဖော်လိုက်တဲ့ အဲဒီအသစ်အသစ်လုပ်ရပ်တွေ၊ တွေးခေါ်မှုတွေကို တခြားသူတွေ လက်ခံပါ့မလားဆိုတဲ့အတွေးမျိုးကိုပါ တွန်းလှန်နိုင်ရလိမ့်မယ်။ အဲဒီလိုပြောလို့ သူများနဲ့မတူ တမူထူးပြီး ခြေသလုံးပန်းပန်တာမျိုးကို ဆိုလိုရင်းမဟုတ်ကြောင်းလည်း သိထားပေးပါ။ အသစ်အသစ်တွေတိုင်းမှာ စိန်ခေါ်မှုတွေရှိကြတယ်၊ ဖောက်ထွက်ရတဲ့အတွက် ထိခိုက်နာကျင်စရာတွေလည်း ရှိကောင်းရှိမယ်။ ဒါကိုပဲ ဘဝအဓိပ္ပါယ်လို့ ဆိုကြပြန်တယ်။


ချစ်ကြည်အေး
ref. Google/ Conditioned mind
၂၃ ၀၂ ၂၀၁၈

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...