Saturday, December 22, 2018

၂ဝ၁၈ရေ…

၂ဝ၁၈ရေ…

အေးချမ်းစွာလည်ပတ်နေတဲ့ ငါ့ကမ္ဘာထဲကဝင်ရိုးတွေကို တစစီဖြုတ်ပစ်ခဲ့ပြီးမှ 
ငါ့ဗရမ်းဗတာဟန်ချက်မဲ့မှုတွေကို စိမ်ပြေနပြေထိုင်ရယ်နေခဲ့သူ
ချစ်ခြင်းမှာ တရားသဖြင့်ဆိုတာ မရှိဘူး
မတရားသဖြင့်ပြုလုပ်ခဲ့မှုတွေမှာ နင် ပျော်နေပါ...


လမ်းတဘက်ကိုဖြတ်ကူးတိုင်း ငါ့လက်ဖဝါးတွေကို ဆုတ်ကိုင်ထားတတ်ခဲ့သူ
နင့်လက်ဖဝါးကတဆင့် ငါ့တကိုယ်စာထဲ နွေးထွေးလင်းမြမှုတွေ ချိတ်ဆက်ပေးခဲ့သူ

ငါ့ကိုယ်ပေါ်က ရေမွှေးရနံ့ တပါးသူဆီသင်းပျံ့မှာကိုတောင် ဝန်တို(ပြ)နေတတ်ခဲ့သူ
ဒါဟာ ချစ်ခြင်းတရားဆိုတဲ့လမ်းမကြီးပဲလို့ ယုံကြည်စေခဲ့သူ



စိတ်ကျရောဂါလို့ ငါ့ခန္ဓာအနှံ့မှာချရေးပြီး ငါ့သွေးသားထဲ တစိမ့်စိမ့်စီးဝင်နေခဲ့ရတာ
ပျော်ပါရဲ့လား…
၂ဝ၁၈ရေ…
နင်ဟာ တကယ်တော့...
ငါ့ဘက်မှာ မှောင်ပိန်းသလောက်  အခြားတဘက်မှာ လင်းပနေတဲ့ ကြယ်…




ချစ်ကြည်အေး
၂၂၁၂၂ဝ၁၈

Tuesday, December 11, 2018

အနာတရများ

ပန်းတခင်းလား လေပြေညှင်းလား
မိုးကြိုး မုန်တိုင်းတွေလား
လေးထောင့်မှန်ပုံးထဲ စီရီခင်းကျင်းထားပုံ
ဘာတွေရှိတယ် ဘာပြီးရင် ဘာလာမယ်
ပျင်းတယ်

အနက်ရောင်ကတ္တီပါရှုံ့အိတ်ကလေး
အထဲမှာ ယုန်ဖြူကလေးလား နှင်းဆီနက်တပွင့်လား ခိုပြာတကောင်လား
ဘာမှန်းသိမနေရတဲ့ လျှို့ဝှက်ဆန်းကြယ်မှု
ပဉ္စလက်ဆန်မှုတွေက အာရုံကိုသိမ်းဆည်းတယ်
မှော်ဆန်ဆန်ညှို့ငင်တယ်

စစ်တုရင်ခုံပေါ်ကအရုပ်များ
အစားခံရတဲ့ကောင်ရှိသလို
ဘုရင်မ တက်သိမ်းမယ့်ကောင်ရှိတယ်
အဆုတ်အတက် ဗျူဟာ မာယာတို့ရဲ့ကျွမ်းကျင်မှု
အရုပ်တွေမြင်နေရလည်း အကွက်တွေလှရင် ပွဲပြီးတယ်

လေးထောင့်မှန်ပုံးဟာ အနက်ရောင်ကတ္တီပါအိတ်ဖြစ်ချင်နေတယ်
လေးထောင့်မှန်ပုံးဟာ စစ်တုရင်ခုံပေါ်က ဘုရင်မတက်သိမ်းမယ့်အရုပ်ဖြစ်ချင်နေတယ်
လေးထောင့်မှန်ပုံးဟာ စိတ်ဝင်စားစရာမကောင်းတဲ့ အစားခံလိုက်ရတဲ့အရုပ်ဖြစ်သွားတယ်
ပျင်းစရာကောင်းတဲ့ လေးထောင့်မှန်ပုံးဟာ
မျက်ရည်ကျရတယ် အသက်နှုတ်ယူခံလိုက်ရတယ်
တစစီကွဲကြေတယ်
ဘယ်သူကမှ စိတ်မဝင်စားဘူး...
အားလုံးကျောခိုင်းလိုက်ကြတယ်

မှန်ကွဲစတွေ...အနောက်မှာ ရယ်မောသံတွေ...


ခကအ
အနာတရများ ~
၁၁၁၂၂၀၁၈

Monday, November 19, 2018

နာရီ


နာရီတွေကို ကျွန်မ သိပ်မက်မောတာပဲ။ အပြင်သွားလို့ နာရီဆိုင်တွေရှေ့ရောက်တိုင်း ကျွန်မမျက်လုံးတွေက နာရီတွေတလုံးချင်းစီကနေ တော်တော်နဲ့ မခွာနိုင်ဘူး။ မိန်းမပတ်နာရီ၊ ယောကျာ်းပတ်နာရီ၊ တိုင်ကပ်နာရီ၊ စားပွဲတင်နာရီ၊ အိပ်ဆောင်နာရီ စသည်ဖြင့် အမျိုးမျိုးရှိကြတဲ့နာရီတွေကို တလုံးချင်းစီကြည့်ငေးရတယ်။ ပြီးတော့ သံပတ်နာရီလား၊ ဓါတ်ခဲနာရီလား၊ လက်ပတ်ကြိုးက သားရေလား၊ သံကွင်းတွေလား၊ ပလတ်စတစ်လား၊ စတီးလ်လား၊ အရောင်အသွေးအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့နာရီတွေဟာ ကျွန်မအာရုံကို ဖျားယောင်းသွေးဆောင်ဖို့ ဘယ်တော့မှ မလွဲနိုင်တဲ့အရာတွေပဲ။

နာရီတွေဟာ တိုင်းတာရေးကိရိယာတခုဖြစ်တယ်လို့ ဆိုတယ်။ အချိန်တွေကို ညွှန်ပြဖို့၊ တမိနစ် တနာရီ တရက် တလ စသည်ဖြင့် အချိန်ယူနစ်တွေကို ခေတ်တခေတ်အထိ ရေတွက်သွားနိုင်ဖို့ နာရီတွေက သူ့အလုပ်သူလုပ်နေကြရတယ်။
နာရီတွေရဲ့တာဝန်က အများနည်းတူ ညီမျှတဲ့အချိန်အကြာအရှည်ကို ပြနေဖို့ပဲ မဟုတ်လား။ ရုံးသွားချိန်၊ အလုပ်လုပ်ချိန်၊ ထမင်းစားချိန်၊ အစည်းအဝေးချိန်၊ အိမ်ပြန်ချိန်ဆိုတာတွေနဲ့ လူတယောက် သို့မဟုတ် လူအများကို အတူတကွ ချုပ်သီထားလိုက်ကြတယ်။ လူအားလုံးဟာ ပြဌာန်းထားတဲ့အချိန်တွေအတိုင်း အများနည်းတူ လှုပ်ရှားလုပ်ဆောင်ကြရတယ်။ အများနဲ့သက်ဆိုင်တဲ့၊ တရားဝင် သတ်မှတ်ထားတဲ့ စက်နာရီက ပြောတဲ့အချိန်တွေအတိုင်းဆိုပါတော့။

ကျွန်မတို့ တဦးတယောက်ချင်းစီမှာလည်း Body clockဆိုတဲ့ ဇီဝနာရီတွေ ရှိကြတာပဲ။ ဒီနာရီတွေအကြောင်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းသလားလို့။ ကျွန်မတို့ဟာ ဇီဝနာရီတွေက ပြောတဲ့အသံကို နားထောင်ပြီး လိုသမျှ ဖြည့်ဆီးပေးကြရတယ်။ အိပ်ချိန် စားချိန် အနားယူဖို့လိုအပ်လာချိန် ဒါတွေကို သူက ပြောလာတတ်တယ်။
စက်နာရီတွေနဲ့ ဇီဝနာရီ ကွာခြားချက်ကို ကျွန်မ အများကြီး မပြောလိုတော့ပါဘူး။ စက်နာရီတွေက မခံစားတတ်ဘူး၊ ဇီဝနာရီတွေက ခံစားမှုပါတယ်။ အကြမ်းဖျဉ်း အဲသလိုပဲ မှတ်သားထားလိုက်တယ်။ (ဒါဟာ မမှန်ဘူးလို့ ကျွန်မ တနေ့မှာ သိလာခဲ့ပါတယ်)

နာရီဆိုင်တခုမှာ ရေးကပ်ထားတဲ့ ကြော်ငြာစာတမ်းတခုကို ကျွန်မ တော်တော်လေး စိတ်ဝင်စားမိခဲ့ဖူးတယ်။
Clocks are not just telling time တဲ့…။
ဒီလိုဆိုတော့ဖြင့် စက်နာရီတွေဟာ အချိန်တွေအပြင် ဘာတွေကိုများ ပြောတတ်ကြပါလိမ့်လို့ တွေးမိစရာပဲ မဟုတ်လား။ ကျွန်မ မတွေးတတ်ခဲ့ဘူး။ အင်း…ချက်ချင်းတော့ ကျွန်မ မတွေးတတ်ခဲ့ဘူးလေ။
တနေ့တော့ ကျွန်မ အိမ်ဧည့်ခန်းက နံရံကပ်နာရီ အလုပ်မလုပ်တော့တာနဲ့ အိပ်ခန်းနံရံက နာရီကိုဖြုတ်ပြီး ဧည့်ခန်းမှာ တပ်လိုက်တယ်။ အလုပ်မလုပ်တော့တဲ့နာရီကိုတော့ recycle bagထဲထည့်ထားလိုက်ပြီး အောက်ထပ်ဆင်းမှပဲ ပစ်တော့မယ် စိတ်ကူးတယ်။ အိပ်ခန်းထဲက နံရံကပ်နာရီကတော့ သိပ်မလိုအပ်လှဘူးထင်ပါရဲ့၊ ကျွန်မတယောက်ထဲ သုံးတာမို့ ဖုန်းက နာရီ ဒါမှမဟုတ် အိပ်ရာဘေး အံဆွဲထဲမှာ ချွတ်ထားတတ်တဲ့ လက်ပတ်နာရီကို ယူကြည့်လည်းရတာပဲ ဟုတ်လား။ အံဆွဲထဲကို နာရီထည့်ထားတတ်တဲ့အကြောင်းက ညည တိတ်ဆိတ်နေတဲ့အချိန်မှာ လက်ပတ်နာရီက စက္ကန့်တံ တချပ်ချပ်နဲ့သွားနေသံကိုတောင် ကျွန်မနားက ကြားနေရတာမို့ပါပဲ။ အိပ်မပျော်တဲ့ညတွေဆို ပိုတောင်ဆိုးသေးရဲ့။ 
တည….။ မအိပ်ချင်သေးတာနဲ့ စာဖတ်မီးအဝါလေးဖွင့်လိုက်ပြီး အိပ်ရာပေါ် စာဖတ်နေမိတယ်။ ခဏကြာတော့ နံရံကိုကြည့်လိုက်မိတယ်။ ချိတ်ဖို့ ရိုက်သွင်းထားတဲ့ သံမှိုငုတ်ကလေးရယ်၊ ဘေးပတ်ပတ်လည်မှာ စက်ဝိုင်းပုံအရာကလေးရယ်…။
နာရီ…၊
ဟုတ်သားပဲ အိပ်ခန်းထဲကနာရီကို ကျွန်မက ဧည့်ခန်းထဲ ပြောင်းတပ်ထားလိုက်ပြီကိုး။ အဲဒီကစပြီး ကျွန်မ သတိထားမိသွားတယ်။ နာရီထားရာနေရာကို ကျွန်မမျက်လုံးက ခဏခဏကြည့်နေမိတတ်တယ်ဆိုတာကိုပါပဲ။ ရှိနေတုန်းကတော့ အမှတ်တမဲ့ အချိန်ကြည့်ချင်လို့ဖြစ်စေ၊ အချိန်မသိချင်ပါဘဲဖြစ်စေ မျက်စိက ရောက်ရောက်သွားတတ်နေတာဖြစ်မယ်။ ခုတော့ နာရီကိုဖြုတ်ထားပြီးသားလို့ သိသိနဲ့တောင် အကျင့်ပါနေတဲ့ မျက်လုံးက ကြည့်မိနေတတ်ပြီ။ 
အကျင့်ဆိုတာ မသိစိတ်ကနေပဲဖြစ်စေ၊ သိသိနဲ့ဖြစ်စေ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာပြုလုပ်နေကျအရာ၊ အဲဒီကနေမှ အစွဲအလန်းတခု ဖြစ်တည်လာတတ်တာ။ သက်ပြင်းခပ်သာသာကလေး ချလိုက်မိတယ်။
အိပ်ရာဘေးအံဆွဲထဲက နာရီကို ထုတ်ကြည့်တော့ ည ဆယ့်တစ်နာရီ မိနစ်လေးဆယ်။
တနေ့….။ နာရီဆိုင်ကနေ နံရံကပ်နာရီအဝိုင်းတလုံး ထပ်ဝယ်လာခဲ့ပြီး အိပ်ခန်းထဲက ချိတ်နေကျ သံမှိုငုတ်ကလေးမှာပဲ ပြန်ချိတ်ထားလိုက်တယ်။
အဆင်ပြေသွားပြီ။
ကျွန်မ ကုတင်ပေါ်ကနေ စာဖတ်ရင်း အချိန်လှမ်းကြည့်တယ်။ အိပ်ရာပေါ် လှဲနေရင်း မအိပ်နိုင်သေးတဲ့အချိန်တွေမှာ နာရီလှမ်းကြည့်တယ်။ တလူးလူးတလိမ့်လိမ့် လှိမ့်နေရင်းကနေ ဘယ်အချိန်ပါလိမ့်လို့ နာရီလှမ်းကြည့်တယ်။ မနက်မိုးလင်းလို့ မျက်စိပွင့်လာတာနဲ့ ကျွန်မညာဘက်နံရံပေါ်က နာရီကို လှမ်းကြည့်တယ်...။ နာရီကို လှမ်းလှမ်းကြည့်နေမိတယ်။
ဒီအချိန်...၊ ဒီလိုအချိန်တွေမှာ...
သူ… အလုပ်ထဲမှာပဲ ရှိနေတုန်းလား…
နေရောကောင်းရဲ့လား...
ညစာရော စားပြီးရဲ့လား….
ဒီနေ့ ဘာများချက်စားသလဲ မသိ….
Clocks are not just telling time တဲ့…။
ကျွန်မအတွေးထဲ ဖျတ်ကနဲရောက်လာတယ်။
နာရီတွေဟာ အချိန်ပြောခြင်းအပြင် အချိန်တွေနဲ့ ဆက်စပ်ပတ်သက်ခဲ့ရာ မှတ်ဉာဏ်အပိုင်းအစတွေကိုပါ တပါတည်း ယူဆောင်လာတတ်သလား…။
သူ ကျွန်မကို မေ့နေပြီလား…
ဒီလိုအချိန်တွေဆိုရင်လေ….
မျက်ဝန်းတွေ ဝေဝါးလာရာက တလိမ့်လိမ့်ကျလာတဲ့ စိုစွတ်မှုတွေက ကျွန်မပါးပြင်ပေါ်မှာ…

ဇီဝနာရီတွေမှာပဲ ခံစားချက်ရှိတာမဟုတ်ဘူး၊ စက်နာရီတွေမှာလည်း အချိန်ပြောခြင်းအပြင် သက်ဆိုင်ရာဆက်စပ်နေတဲ့အချိန်တိုင်းရဲ့အနောက်က ပူးတွဲချည်နှောင်ထားတဲ့ခံစားမှုတွေကို သယ်ဆောင်လို့ လာတတ်တာ...။
အတွေးတွေကို ရပ်ပစ်လိုက်မိတယ်။ 
ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ ကျွန်မအိပ်ခန်းထဲက နာရီကို ဖြုတ်ပစ်လိုက်ဖို့ဆိုတဲ့အတွေးကို ကျွန်မအခု စဉ်းစားနေမိပြီ။
ဒါပေမယ့် နာရီတွေအပေါ်ထားတဲ့ ကျွန်မရဲ့စွဲလန်းစိတ်ကတော့ နည်းနည်းကလေးမှ လျော့မသွားဘူး…။


ချစ်ကြည်အေး
၁၉၁၁၂၀၁၈

Tuesday, November 13, 2018

ကျွန်မရေးဖြစ်ခဲ့သော/ ရေးနေဖြစ်သော ကဗျာများ - နိုဝင်ဘာ ၂၀၁၈

(၁)

"ငါး"
တချက်ပဲ မိခဲ့ဖူးတာ
အကြေးခွံကို လှန်ချွတ်ချခဲ့လည်း နာကျင်ကျန်ရစ်ဆဲ
အာခေါင်ကို ထုတ်ချင်းဖောက်သွားပြီးတဲ့နောက်
ရေထဲပြန်လွှတ်ပေးလိုက်ပါတယ်ဆိုတဲ့
တသက်စာနာမည်ကောင်းမှာ ဂုဏ်ယူပျော်ရွှင်ပါ
တချက်ပဲမိခဲ့တဲ့ ချိတ်ဖျားကကျွန်မအသက်ကို
တဲတဲကလေးမှီရင်း စောင့်နေရတဲ့ရှင်သန်မှု
ခပ်ယဲ့ယဲ့ထဲမှာ...


ခကအ
၁၃၀၉၂၀၁၈

(၂)

ကမ္ဘာကြီးလုံးတယ်ဆိုတာကို ခဏမေ့ထားလိုက်ကြရအောင်
မျက်နှာချင်းဆိုင်လျှောက်ခဲ့ကြလို့
ဆုံတွေ့မှုတဒင်္ဂကလေးရှိခဲ့ရုံ
ကျောခိုင်းသွားတဲ့အခါ တစတစဝေးကြရရုံ
ဘယ်လောက်ရိုးဖြောင့်ခဲ့သလဲ
ဘယ်လောက်လှည့်စားခဲ့သလဲ
အနိုင်တွေအရှုံးတွေ တွက်မနေပါနဲ့လေ
အတုန့်အလှည့်ဆိုတာ ပဲ့တင်သံတခုပဲလို့ သိထားတော့၊ ဘာမှမတတ်နိုင်ခဲ့သူပါ...
ကျိုးပဲ့ကြေမွခဲ့ဖူးတဲ့ စိတ်အအစအနတွေကို
မျက်နှာချင်းဆိုင်ကြည့်နေရုံကလွဲ...
သေလောက်အောင်ပျော်ရွှင်ရမှုတွေ နောက်ထပ်တခါရဦးမယ်ဆိုရင်တောင်
ဘယ်တော့မှပြန်လည်တွေ့ဆုံခွင့်မရှိခြင်းကို ရွေးချယ်လိုက်မယ်
သေခဲ့ဖူးပါပြီ တခါမက
ပျဉ်ဘိုးနားလည်သွားတဲ့ အသားမာတက်ပုံမျိုးနဲ့
လွမ်းဆွတ်မှုတွေကို နာကျင်မှုတွေလို့ နာမည်ပြောင်းတပ်လိုက်တယ်....


တိုးတိတ်နာကျင်ရမှုတွေ ~
ခကအ
၂၈၀၉၂၀၁၈

(၃)
တကမ္ဘာဟာ အဝေးကြီးပဲ
လို့.....
စိတ်ချင်းမဝေးဖူးသူတယောက်က ထင်ခဲ့ဖူးတာပေါ့
ညီမလေးရယ်
တစတစဝေးကွာသွားတဲ့စိတ်တွေထဲ တကမ္ဘာဆိုတာ ကျဉ်းကျဉ်းကလေးဖြစ်သွားတဲ့အချိန်က 
စတယ်
မျက်တောင်တချက်အခတ်မှာ လျှောကနဲခုန်ဆင်းသွားတဲ့ သတိရခြင်းတွေ
လိမ့်ဆင်းကျလာတဲ့မျက်ရည်တွေ
ဆံပင်ရှည်တွေနဲ့ကာထားလိုက်ရတဲ့ နာကျင်မှုတွေဟာ
တဆတ်ဆတ်ခါ...
အပြုံးတွေတောက်ပဆင်မြန်းဖို့ အနောက်ပို့ထားလိုက်ရတဲ့ ရင်ကွဲနာတွေ
ဘယ်သူမှမမြင်ကြဘူး ဟုတ်လား ညီမလေး...
မျက်နှာဖုံးတွေဟာ လိုအပ်ပါတယ်
ပိရိသေသပ်စွာ လှလှပပအနားသတ်ဖို့
နှုတ်ခမ်းကလေးကွေးရုံပြုံးတတ်ဖို့
အားလုံးကောင်းမွန်ပျော်ရွှင်နေပါသည်လို့ စာတမ်းထိုးနိုင်ဖို့
ကိုယ်တို့ဟာ မျက်နှာတွေ အသီးသီးပြောင်းလဲတပ်ဆင်ကြရတယ်
တကမ္ဘာစာဝေးလည်း စိတ်ချင်းဝေးတာထက် ပိုဝေးနိုင်ဦးမလား
သွေးရူးသွေးတန်းနဲ့ ပြုံးနေတဲ့မျက်နှာကလေး
ကောက်တပ်ခဲ့ရတယ် ပျော်ပါတယ်...လေ။
ဘယ်သူမှမမြင်လိုက်ခင်...။

သူမ ~
ခကအ
၁၅၁၀၂၀၁၈

(၄)
မပျော်တော့ဘူးလို့ ပြောတဲ့အခါ ကျွန်မကို ယုံပါ
နာကျင်မှုတွေနဲ့မွှမ်းထုံနေတဲ့ ကျွန်မဆီက
အနည်းငယ်ကိုမျှ ကိုင်းကူးကိုင်းဆက် မပေးလိုဘူး
ရှင့်ကမ္ဘာမှာ ပျော်ရွှင်နေထိုင်ပါ
ရှင့်နံနက်ခင်းတွေမှာ နေရောင်ဖြာပါစေ
ကျွန်မဒဏ်ရာတွေနဲ့ဆတူ ရှင့်စိတ်ကျန်းမာပါစေ
ထူထဲဝင်းမှည့်နေတဲ့ တသက်လုံးစာစိတ်ဒဏ်ရာတွေ...
ကျွန်မ ရသင့်ခဲ့တာ ကျွန်မနဲ့တန်လို့ပါ...
ကျွန်မ ကျန်းမာနေပါတယ်
ရက်စွဲတချို့မှာ စွတ်စိုလာတတ်တဲ့အနာဆွေးတွေရယ်
အချိန်နာရီတချို့မှာ ခေါင်းထောင်လာတတ်တဲ့ လွမ်းဆွတ်ခြင်းတွေရယ်
ကျွန်မဘက်က အနာတရမှန်သမျှ
ရှင် မမြင်အောင် ဝှက်နိုင်သောကိုယ်သာ ဖြစ်လိုတယ်။
ရှင့်ကောင်းကင်က မော့ကြည့်တဲ့အခါတိုင်း
ကျွန်မကောင်းကင် ကွယ်ပါစေ...


သူမ ~
ခကအ
၁၈၁၀၂၀၁၈

(၅)
အလင်းမပွင့်နိုင်တော့တဲ့ စိတ်အဟောင်းတွေက
ကျောက်ခတ်စရာမလိုဘဲ ထ ထ တောက်တယ်
ပြီးရင်...
သူ့အမှောင်နဲ့သူ တရှိန်ရှိန်ဝင်းပတယ်
သွေးကြောတွေ အသားမျှင်တွေကို တလွှာချင်း တထပ်ချင်း ကုတ်ခြစ်နေတဲ့ စိတ်တွေ
စိတ်နံရံတွေထဲက ထိုးဖောက်ထွက်ကျလာ
ရုန်းရင်းဆန်ခတ် စိတ်တွေ...
သွေးရူးသွေးတမ်းပဲ့ပဲ့ကျနေတဲ့ စိတ်အပိုင်းအစတွေဟာ ဖွေးဖွေးလှုပ်မျှ ကျ ကြွေ...
စိတ်ကျိုးစိတ်ပြတ်တွေ စိတ်လေစိတ်လွင့်တွေ...

ညအမှောင်တွေထဲ ငယ်သံပါအောင် ညည်းတွားကြ
ကြားလား ကြားရလား ကြားရရဲ့လား
ကြည့်မှန်တချပ်ထဲမှာ
အကြိမ်ကြိမ်ကျရှုံးနေတဲ့ စိတ်အသေတွေကို
သင်္ဂြိုလ်မှု ပြုလုပ်နေတဲ့မိန်းမ မြင်ရလား
သင့်စိတ်တွေကို သူ့စိတ်နဲ့ ချိတ်ဆက်ပြီးမှ နားထောင်ဖို့ပါပဲ...
ကြားရလား
ကြားရရဲ့လား....
စိတ်ချင်းတွေ ဝေးသွားလိုက်ပုံက
သံသရာဟာ တခုနဲ့တခု လှမ်းကြည့်လို့မှ မမြင်ရနိုင်အောင်...



တိုးတိတ်နာကျင်ရမှုတွေ ~
ခကအ
၀၇၁၁၂၀၁၈

Saturday, July 21, 2018

ကျွန်မရေးဖြစ်ခဲ့သော/ ရေးနေဖြစ်သော ကဗျာများ - ဂျူလိုင် ၂၀၁၈

(၁)

ကန်ရေပြင်ကျယ်ထဲ ခဲလုံးတွေပစ်ပေါက်နေမိသူ
ပြန့်ကားသွားတဲ့ လှိုင်းဂယက်တွေရဲ့လှုပ်ခတ်မှု
အသံလှိုင်းများ
ကြားသိနိုင်မလား
မြင်နိုင်မလားကွယ်
အပေါ်ယံအရိုင်းဆန်သမျှ
ကန်အောက်ခြေမှာ ပကတိအေးစက်သက်ငြိမ်
တမိုးတည်းအောက် ကွာဟမှုတွေများက
တဘဝ နှစ်ဘဝ ကြာတယ်ထင်ရ
တကယ်တော့ တသံသရာစာဝေးကွာမှု
အရာရာ တိတ်ဆိတ်ငြိမ်သက်သွားတော့မှ
လေတိုးသံသဲ့သဲ့လေးမျှ....မကြားရတဲ့အခါ
ကန်ရေပြင်ပေါ်မှာ အရိပ်တွေ
မလှုပ်ခတ်တော့တဲ့ လူးလွန့်သက်ဝင်ခြင်းများ


ချစ်ကြည်အေး
ကန်ရေပြင်ပေါ်မှာ အရိပ်တွေ ~
၁၈၀၇၂၀၁၈

(၂)

နှစ် လ နာရီ ရာသီတွေ လည်ပတ်ကုန်ဆုံးသွားသလိုမျိုး
စီးဆင်းသွားတဲ့ မြစ်ရေအလျဉ်တွေ ဘယ်တော့မှ
နောက်ပြန်လှည့်စီးဆင်းမလာသလိုမျိုး
စိတ်ချင်းဆက်နွယ်နေမှုတွေ ပါးလျားပျောက်ကွယ်သွားတဲ့ကာလပျက်ထဲမှာ...
သတိတရတွေဟာ တစစီလိုက်ကောက်ရင်းက
ပျောက်ရှရတဲ့အဖြစ်
တခုခုတော့ လုပ်ရမယ် ဟုတ်လား
ဒဏ်ရာတွေအပြည့်ဖြည့်ထားတဲ့သေနပ်နဲ့
ဘဝကြီးကို တရစပ်ချိန်ပစ်လိုက်တယ်
ကိုယ့်ကျောမှာ ကျည်ပေါက်ရာတွေအပြည့်...


ချစ်ကြည်အေး
၁၆၀၇၂၀၁၈

(၃)

ကိုယ့်အကြေးခွံကို ကိုယ်တိုင် ပြန်ပြီး
ဆုတ်လှန်ပစ်လိုက်သူလို နာကျင်မယ်မှန်းသိလျက်
သူ့ဆူးခွေတွေ ကျောပေါ်တင်ခဲ့သူရဲ့အရောင်က
သွေးရောင်ရဲရဲလေ....
ဒဏ်ရာအပြည့်မို့ လေပြေဖွဖွသွေးရင်တောင်
နာတတ်လွန်းရဲ့....
ချစ်ခြင်းတရားဆိုတာ
နံရံနဲ့ ပြေးပြေးဆောင့်တတ်တဲ့ ဦးခေါင်းတခုပါပဲ....


ကြည် ~
၀၉၀၇၂၀၁၈

(၄)

စထရော်ဘယ်ရီတွေ ချယ်ရီတွေမှာ
သက်တမ်းလွန်ရက်စွဲ ရှိသလား
Dopamine တွေ
Oxytocin တွေ 
သင့်ကိုယ်ထဲက Loveဟော်မုန်းတွေ အလုပ်မလုပ်ကြတော့ဘူးဆိုရင်
ချစ်ခြင်းတရားဟာ သက်တမ်းကုန်သွားတာပဲ
မျက်လုံးချင်းဆုံပါ
လက်ချင်းချိတ်တွဲပါ
ပွေ့ဖက်ပါ
ညာဘက်ပါးကလေးကို နမ်းပါ
သီချင်းနဲ့ အတူကခုန်ပါ
အချစ်ဟော်မုန်းတွေ သင့်ကိုယ်ထဲမှာ
ကောင်းကောင်းအလုပ်လုပ်နေပါစေ
စထရော်ဘယ်ရီတွေ ချယ်ရီတွေမှာရော
သက်တမ်းလွန်ရက်စွဲ ရှိသလား
လတ်ဆတ်ချိုမြိန်နေတုန်းမှာ
စားဖြစ်ဖို့တော့ လိုလိမ့်မယ်

ချစ်ကြည်အေး
၂၆၀၆၂၀၁၈


(၅)

ငါးဖယ်တကောင်ရဲ့အသားတွေကို
ကမာခွံနဲ့ခြစ် ခြစ်ချလိုက်သလိုမျိုး
အလွှာလိုက် အလွှာလိုက်အသားတွေထဲမှာ
နာကျင်မှု ရှိနေမလား
အသေသားမို့ သူ မသိနိုင်တော့ပေမယ့်
ရှင်သန်နေဆဲလူတယောက်...အဖြစ်...
ငါ့အသားမွှာတွေရဲ့ ဖွာကနဲ ဖွာကနဲတွေ
ရုန်းမရ ထွက်မရ သေလုမူးမူးချိန်တွေ
ငါကိုယ်တိုင် အံကြိတ် ကြည့်နေတုန်း
တဆတ်ဆတ်တုန်ယင်နေတဲ့ စိတ်က
မျက်နှာလွှဲတယ်
ပြုသူအဖြစ် အသစ်မှာ
ကျေနပ်နိုင်ပါစေကွယ်....

၁၅၀၆၂၀၁၈
စီကေအေ
အမှတ်မရှိတဲ့ ကဗျာ ~


မှတ်ချက်။   ။
ကျွန်မရေးဖြစ်နေခဲ့တဲ့ကဗျာတွေကို Facebookထဲကနေ ဒီကို ယူသိမ်းထားလိုက်တာပါ။
တနေ့နေ့များ ကဗျာစာအုပ်လေးလုပ်ဖြစ်ရင်....ဆိုတဲ့ စိတ်နဲ့ပေါ့
မသေချာပါဘူး။  ဒါက ဒီနေ့ ဒီအချိန် ဖြစ်နေတဲ့စိတ်ပေါ့။
လုပ်ချင်လည်း လုပ်ဖြစ်မယ်။ လုပ်ချင်မှလည်း လုပ်ဖြစ်မယ်...

ချစ်ကြည်အေး 

Friday, June 29, 2018

သူမ = ငရဲတခု + သူမ

အေးချမ်းခဲ့ပါတယ်။ အမြဲတမ်းပေါ့ပါးပျော်ရွှင်နေတတ်သူတယောက် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ကမ္ဘာမှာ ပကတိဖြူစင်မှုတွေနဲ့ ရိုးအ ယုံလွယ်မှုတွေက သူမကို ကလေးတယောက်လို အရောင်မဲ့စေခဲ့တယ်။ ဘယ်လိုထင်ထားခဲ့မှာလဲ။ ဒီလောက်ရက်စက်တဲ့ ကျိန်စာတခု တသက်လုံးစာ မပြယ်တော့မယ့် ရက်စက်မှုတွေနဲ့အတူ ကျရောက်လာတော့မယ်ဆိုတာ...။ သူမဟာ ငိုတတ်သူအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဘဝမှာ အတွေ့အကြုံနည်းပါးသူ၊ စိတ်ခွန်အားနည်းသူ၊ အလျှော့ပေးခွင့်လွှတ်တတ်သူတွေက ရှုံးစတမ်းတဲ့လား။ သူမ သိပ်ရိုးအခဲ့တယ်။ ဟန်ဆောင်တတ်သူကတော့ လှည့်ကွက်တွေအပြည့်နဲ့ သူ့ဇာတ်ညွှန်းသူ ပိရိပိုင်နိုင်လွန်းလှရဲ့လေ။ အနိုင်ရဖို့သက်သက်ကစားတတ်သူဟာ အကစားခံရသူဘက်က နာကျင်ကြေကွဲမှုကို ဘယ်လိုမှ နားလည်စာနာနေမှာ မဟုတ်တာ သူမ လောင်းရဲတယ်။ ကစားတတ်သူပီပီ ကစားပွဲတခု အောင်မြင်စွာလှည့်ပတ်ကစားနိုင်တိုင်း ပိုလို့ ချွန်မြလာတဲ့ သူ့ကိုယ်ရည်ကိုယ်သွေးအပေါ် ကျေနပ်အားရစွာ လက်ခမောင်းခတ်နေကျပဲ။
အချစ်ဆုံး အမုန်းဆုံး အညာတတ်ဆုံး အလှည့်စားတတ်ဆုံး သံသရာမှာ ဘယ်တော့မှ ပြန်မတွေ့ပါရစေနဲ့တော့။ စိတ်မှာရတဲ့ဒဏ်ရာဟာ လှိုက်စားလွန်းမက အတွင်းဆုံးထိ ထိုးဖောက်လို့ တဆတ်ဆတ်နာကျင်ရတယ်။ ဖြူစင်ခဲ့သမျှ ပြန်ရခဲ့တာ ရိုးအခဲ့သမျှ ပြန်ရခဲ့တာ သိပ်ချစ်လွန်းခဲ့သမျှ ပြန်ရခဲ့တာ နာကျင်မှုတွေပဲ နာကျင်မှုတွေ နာကျင်မှုတွေ နာကျင်မှုတွေ နာကျင်မှုတွေ နာကျင်မှုတွေ နာကျင်မှုတွေဟာ.....
အသက်တခုလုံးကိုထုတ်ချင်းပေါက်သွားမတတ် သူမဟာ ရှင်လျက်နဲ့ အသေ ဖြစ်တယ်။ 
ဘယ်လိုမှ နားမလည်နိုင်တဲ့ ဇာတ်လမ်းတခုလုံးမှာ သူမက သားကောင် သူမက ဗီလိန် သူမက မုဆိုး အရာရာ သူမကြောင့်။ နာမည်ဆိုးရဖို့ ရင်တခုလုံး ကြေမွရတယ်။ ဘာတခုမှအကောင်းမကျန်တော့တဲ့စိတ်နဲ့ခန္ဓာဟာ တယဥ့်တိုက် ကုန်ခမ်းခြင်းဆီ ဦးတည်ရွေ့လျားနေတော့တယ်။ ဟန်မဆောင်လိုဘူး ဟန်ဆောင်နေတာမကြိုက်ဘူး မျက်နှာဖုံးတွေကို ကုတ်ဖဲ့ဆွဲဖယ်ချွတ်ပစ်လိုက်ချင်တယ်။ ဟန်ဆောင်ကောင်းလွန်းသူမျက်နှာကို ကြည့်မိတိုင်း ဘယ်ဘက်ရင်ဘတ်က စူးအောင့်လာတယ်။ သူမကပဲ မိန်းမဆိုးဖြစ်ရတဲ့ဇာတ်ဟာ တဆိတ်တော့ နာလွန်းလှတယ်။ ထိုးဇာတ်ပီပီ ရင်ထု လူးလှိမ့်ခန်းတွေမှာ ဇာတ်ကွက်တွေက သူမပဲ နာကျင်ရဖို့ တဘက်သတ်ဆန်ဆန်တွေ စီရင်ထားခဲ့လေတာ။
ဘယ်တော့မှမိုးမလင်းတော့တဲ့ နာကျင်မှုတွေက မှောင်တဲ့အပြင် မိုက်လွန်းနေသေးတယ်။ နေ့အလင်းထဲက ဖယ်ထုတ်ခံထားရတဲ့ ဝဋ်ဆင်းရဲဟာ မမြင်ရတဲ့ကံကြမ္မာကို တစ္ဆေမျက်ကန်းတကောင်လို ရမ်းတိုးနေရတယ်။ အနာအကျင် အဆုံးအရှုံးတွေ များလှချည်ရဲ့ကွယ်။
လွှတ်ချပစ်လိုက်လို့ ပေါ့ပါးသွားမယ့် အလင်းကို သူမမျက်လုံးတွေက မြင်ကြည့်ဖို့ အားမရှိသေးဘူး။ နောက်ဆုံးအချိန်ထိသယ်ယူသွားမယ့် နာကျင်မှုတွေကို ထုတ်ပိုးနေစဉ် ကျင့်သားရအမှောင်ဟာ နောက်တကျော့ ပြန်ပြိုးပျက်လို့နေခဲ့ပြီ။ 
သူမ ~
ချစ်ကြည်အေး
၂၇၀၆၂၀၁၈

Friday, June 22, 2018

"နံနက်အလင်းအောက် ပျောက်ရှတတ်ကုန်သော အိပ်မက်တို့သည်…"



(၁)

“ဘဝကြီးထဲမှာ သူလိုကိုယ်လိုမိန်းမတွေအတိုင်းပဲ ကိုယ်လည်းနေချင်တာပေါ့ ညို။ မနက်လင်းတာနဲ့ ယောကျာ်းရေချိုးဖို့ သဘက် သွားတိုက်တံကအစ၊ မနက်စာလေးပြင်ဆင်ပြီး အတူစားကြတာ အလယ်၊ ညနေ သူအလုပ်ကပြန်လာမှ ညစာလေးစားကြ ဟိုနားဒီနား လမ်းလေးဘာလေးလျှောက်ကြတဲ့အဆုံးပေါ့။ ပြီးတော့ သားသမီးကလေးတွေ မွေးဖွားပျိုးထောင်ကြ၊ နှစ်ဘက်မိဘနဲ့ နီးစပ်ရာတွေကို တတ်နိုင်သလောက် စောင့်ရှောက်ဖေးကူကြ အဲသလို သဘာဝကျကျမိန်းမဘဝကြီးထဲ လူသားဆန်ဆန် ကိုယ်က နေချင်သေးတာပဲ”

“ညို သိလား၊ တကယ့်ချစ်ခြင်းတရားမှာ အကွာအဝေးမရှိဘူး။ အတူရှိနေနိုင်ချိန်တွေဟာ ရွှေပဲ။ တစ်နေ့ ဝေးသွားကြတဲ့အခါ အတူရှိနေခဲ့ကြဖူးတဲ့အချိန်အပိုင်းအစတွေကို ပြန်ပြန်ထုတ်ကြည့်ရင်း ညို့ကို ကိုယ် သတိရနေမယ်...။ မပြောတတ်ဘူး၊ ညို့ကိုသိပ်သတိရလာတဲ့အခါ ကိုယ် မျက်ရည်ကျမိမလားဆိုတာ...။  ဒီလောက်ပါပဲ ညိုရယ်....”
ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ရင်း သူမပြောခဲ့ ဖူးသည်။

ကျည်တစ်တောင့်နှယ် ခွင်းအားရှိသောသူမအကြည့်တစ်ချက်သည် ညှို့ယူသိမ်းငင်သော်ငြား မကလက်၊ ညုတုတုဖြစ်မနေ။ ပစ်မှတ်တည့်တည့်ဆီ ပစ်မလွဲအောင် အကြိမ်ကြိမ်လေ့ကျင့်ထားသော သေနပ်သမား၏ပြောင်းဝမှ ကျည်တစ်တောင့်လို ခိုင်ခိုင်မာမာလိုရာသွားသည်။ ထိုအကြည့်အောက်က ကျွန်တော် ဘယ်တော့မှရုန်းမထွက်နိုင်ခဲ့။ ဖောက်ထွင်းတတ်သောထိုအကြည့်မှာ ကျွန်တော့်ရင်ကို သူမ မြင်သွားပြီလား စိုးစိတ်ဝင်သည်။ စိုးရိမ်သော်မှ ဘာအတွက်စိုးရိမ်မှန်း ကျွန်တော်ကိုယ်တိုင် မသေချာပါ
ကျွန်တော်ဟာ ကိုယ် ဘာကိုလိုချင်လို့လိုချင်မှန်း ရေရေရာရာမသိတဲ့ကောင်၊ ဒါမှမဟုတ် လိုချင်တာရယူလိုက်ဖို့ သရဲဘောကြောင်တဲ့ကောင် ဒါမှမဟုတ် သူမဟာ ကျွန်တော် ဟက်ဟက်ပက်ပက် မလိုချင်လှသော မိန်းမတစ်ယောက်…
တစ်ခုခုတော့ ဖြစ်မယ် မမသက်ဦးကြွယ်….

(၂)

“ဟေ့ကောင် မင်းညို  မင်းလေဒီကြီးက တကယ့်ဇယားကွ၊ အဖြူကောင်တွေနဲ့မှတဲ့၊ ဒေါ်လာစားကြီးတဲ့ကွ”ဆိုသော အောင်ထွန်းမြတ်စကားကို အကြည့်တစ်ချက် ခပ်တည်တည်ပြန်ကြည့်ပေးလိုက်သည်။

“ကြည့်ကျက်လည်းလုပ်ပါကွာ မင်းဘိုးတော်ကြီးက အမျိုးဂုဏ်မောက်တဲ့ဘဲကြီး၊ သူများနဲ့တူတာ မဟုတ်ဘူး”

“ဟေ့ကောင် သူရ မင်းလည်းတော်ကွာ”

အောင်ထွန်းမြတ်လေသံနောက်မှာ တစ်ဆက်တည်းလိုလိုပြောလိုက်သော သူရကိုပါ ပေစောင်းကြည့်ပစ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် မင်းတို့လို မိဘလုပ်စာထိုင်စားနေတဲ့ ယောင်ခြောက်ဆယ် ဘော်ကြော့တွေ မဟုတ်ဘူး”ဟု စိတ်ထဲက စကားလုံးပြင်းပြင်းတွေနှင့် ပြန်ချေမိသည်။ ဒီကောင်တွေမျက်နှာက စပ်ဖြဲဖြဲတော့ မဟုတ်၊ ကျွန်တော့်အတွက် အတည်ပြောနေမှန်းတော့ သိသာသည်။ သို့သော် နှစ်ကောင်စလုံးကို သိမ်းကြုံးပြီး ဘုကြည့်ကြည့်လိုက်တော့ သူတို့ပါးစပ်တွေ ပိတ်သွားကြ၏။

ရှေ့ကလက်ဘက်ရည်ခွက်ကို ငုံ့သောက်တဲ့ကောင်က သောက်၊ မီးသေနေတဲ့ဆေးပေါ့လိပ်ကို မီးညှိပြီး ကောက်ဖွာတဲ့ကောင်က ဖွာနှင့် ဖြစ်ကုန်ကြသည်။ ကျွန်တော့်ကျစိမ့်လည်း အေးစက်ပြီ။ သောက်လိုစိတ် မရှိတော့။ ဆိုင်အပြင်က လူတွေသွားလာနေကြသည်ကိုပဲ ငေးကြည့်နေလိုက်မိသည်။ ညနေစောင်းမို့ အပူရှိန်က ကျစပြုပြီ။

သူမနှင့် ပထမဆုံးတွေ့တဲ့ညကို သတိရမိသည်။ နာကျင်စရာတွေပါ။ သူမနာကျင်မှုတွေ ကျွန်တော့်ဆီ အစိမ်းလိုက် ကူးစက်ခဲ့သောညလည်းဖြစ်သည်။

“ကိုယ့်အကြောင်း ?”
သူမက မျက်ခုံးများကိုပင့်ကာ ညာလက်မကို သူမရင်ညွန့်ဆီပြန်ညွှန်ရင်း ရယ်ဟဟမေးသည်။
“ဟုတ်တယ် ခင်ဗျားအကြောင်း”
“ကိုယ့်အကြောင်းက ဘာမှ စိတ်ဝင်စားစရာမရှိတဲ့ဟာ”
“ကျွန်တော် စိတ်ဝင်စားပါတယ်...ပြောချင်တာသာ ပြောပါ”
တကယ်တော့ ကျွန်တော် သူမအကြောင်း စိတ်မဝင်စားပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိစ္စအလွဲတစ်ခုကြောင့် စိတ်ထွေမူးနေချိန်၊ ရေခဲခွဲခြင်းဟု ဆိုရမလား၊ အေးတိအေးစက် ဆက်ဆံမှုတစ်ခုကို မလိုချင်သောကြောင့် အခြေအနေအနည်းငယ်ပူနွေးလာစေရန် မေးမိမေးရာ စကားစလိုက်ခြင်းပင်။

“အဲဒီအတွက် ရှင်က တစ်ညစာကြေးကို ပေးထားတယ်ဆိုပါတော့....။ ကိုယ့်ဧည့်သည်တွေကို ကိုယ့်ပါစင်နယ်တွေ ပြောပြလေ့မရှိဘူး။ ဒါပေမယ့် ကိုယ် ရှင့်ကို ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကျမှ ကိုယ့်စိတ်တစ်ချို့ကို ဖောက်ချပစ်ချင်နေလို့။ ကိုယ်အခု ပြောပြမှာတွေက ရှင်ပေးမယ့် တစ်ညတာကြေးနဲ့ မတန်မရာတွေဆိုတာကိုတော့ ရှင်နားလည်ပေးစမ်းပါ...။ ကိုယ်ပြောပြမှာက ကိုယ့်ဘဝအစစ်...၊ ငွေကြေးနဲ့မဖြတ်နိုင်တဲ့ကိုယ့်ဘဝအစစ်တစ်ခုကို ခုမှသိရတဲ့ရှင့်ကို ချပြရမှာ....”

ကြီးကျယ်လိုက်တာ၊ ကျွန်တော်ကပဲ သူမပြောပြရမည့်ဘဝတစ်ခုအတွက် တန်ရာတန်ကြေး ပြန်အမ်းပေးရဦးမလိုလို...၊ ဒီမိန်းမစကားတွေက စီးစီးပိုးပိုးရှိလှသော်လည်း နားထောင်ချင်အောင် စွဲညှို့နေပြန်သည်။ သူမ အတန်ငယ်တိတ်ဆိတ်သွားပြီး သူမရှေ့မှ ဘီယာတစ်ငုံ ငုံသည်။ ပြီးမှ တစ်လုံးချင်း စသည်။
“ကိုယ်တို့မှာ ညီအစ်မသုံးယောက်ရှိတယ်။ အစ်မက ကိုယ် ဆယ့်လေးနှစ်မှာ ဆုံးသွားတယ်။ နေမကောင်းရာက ဆေးလည်းမကုနိုင်၊ အစားအသောက်လည်းချို့တဲ့တာနဲ့ လုံးပါးပါးတာပဲ။ ကိုယ့်ညီမလေးက ဆယ်နှစ်၊ ကိုယ် စဉ်းစားတယ်။ ကိုယ်တို့မှာ ပိုက်ဆံရှိရင် ကိုယ့်အစ်မ အဲလိုအဖြစ်ဆိုးနဲ့သေရမှာ မဟုတ်ဘူးပေါ့။ အမျိုးတွေဆိုတာကလည်း လှည့်တောင်မကြည့်ဘူး။ ဒါနဲ့ ကိုယ် ကျောင်းထွက်လိုက်တယ်။ ကိုယ် ရှစ်တန်းမှာလေ...”

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

“တိုတိုပြောရရင် ကိုယ် စားသောက်ဆိုင်မှာ အလုပ်ဝင်တယ်။ အဲဒီကနေ ဆိုင်ရှင့်အဆက်အသွယ်နဲ့ တရုတ်ပြည်နယ်စပ်ကို ရောက်သွားတယ်။ ပွဲစားအိမ်မှာ နေရတယ်။ ကိုယ်လိုမိန်းကလေးတွေ ဆယ့် လေးယောက်ရှိတယ်။ ကိုယ်တို့ လှလှပပဝတ်ရ စားရတယ်။ သုံးလတစ်ခါ ဆေးစစ်ပေးတယ်။ ရတဲ့ကြေးရဲ့ လေးဆယ်ရာနှုန်းကို ကိုယ်တို့ရတယ်။ ခြောက်ဆယ်ရာခိုင်နှုန်းကို အိမ်ရှင်ပွဲစားတရုတ်မက ယူတယ်။ ကိုယ် ပျော်တယ်။ မပျော်လည်း ပျော်အောင်နေတယ်။ ကိုယ့်မိဘကို ပိုက်ဆံပို့နိုင်တယ်။ ကိုယ့်ညီမလေးကို ကျောင်းထားနိုင်တယ်။ ဒါ အမြတ်ပဲ။ ကိုယ့်ဘဝရှုံးလိုက်ရတဲ့အတွက် ကိုယ်ပြန်ရခဲ့တဲ့အမြတ်က အဲဒါပဲ။ မဟုတ်သေးပါဘူးကွာ...၊ ကိုယ့်ဘဝ ရှုံးတယ်မြတ်တယ် ကိုယ်မပြောလိုပါဘူး။ ဒါ ကိုယ့်ရွေးချယ်မှုပဲ။ နာကျင်ရတာတွေကြားကပဲ ကိုယ်ပျော်အောင်နေခဲ့တယ်။ ယောက်ျားတွေဟာ ကိုယ်တို့လိုမိန်းမတွေကို ချစ်လွန်းလို့ မေတ္တာနဲ့ ကြင်ကြင်နာနာဆက်ဆံကြတာမှ မဟုတ်ဘဲ။ သူတို့ဆန္ဒတစ်ခုအတွက် သူတို့ပြီးမြောက်ချင်ကြတာ။ တစ်ချို့က ကွန်ဒုံးမသုံးချင်ကြဘူး။ ချော့ပြီး သုံးခိုင်းရတယ်။ တစ်ချို့ကျတော့ ဆေးတွေသုံးထားပြီး လိုအပ်တာထက် ပိုကြာကြာဆက်ဆံတတ်ကြတယ်။ နာကျင်ရတာပေါ့။ တစ်ချို့အမူးသမားတွေဟာ မိန်းမတွေကို တိရစ္ဆာန်တစ်ကောင်လောက်ပဲ တန်ဘိုးထားကြတာ။ သူတို့ဟာ တကယ့်အရိုင်းအစိုင်းကောင်တွေ၊ သရဲသဘက်တွေ ဝင်ပူးနေသလိုပဲ။ နောက်ရက်တွေမှာ အိပ်ရာက မထနိုင်၊ လမ်းတောင် မလျှောက်နိုင်အောင် နာကျင်လွန်းလို့ ကိုယ် ငိုနေခဲ့ရတဲ့နေ့တွေ ရှိခဲ့တယ်”

ရင်ထဲမှာ လှပ်ကနဲကျင်သွားသည်။ ကျွန်တော် သူမမျက်နှာကိုကြည့်လိုက်မိချိန် မီးအဝါရောင်အရိပ်ကျနေသောအောက်မှာ သူမလည်တိုင်ကသွေးကြောကလေး တဖောက်ဖောက်ခုန်လှုပ်နေတာကို မြင်ရသည်။ ကျွန်တော့်ရှေ့ ခွက်ထဲကလက်ကျန်ကို ကောက်မော့ပစ်လိုက်သည်။ လည်ချောင်းတစ်လျှောက် ပူဆင်းသွား၏။ သူမက ပြုံးထေ့ရင်း စကားဆက်သည်။

“နောက်တော့ အိမ်ရှင်တရုတ်မရဲ့ယောက်ျားက ကိုယ့်ကို ကြံတယ်။ ကိုယ်မှ မဟုတ်ပါဘူး၊ ကိုယ်တို့အိမ်က မိန်းကလေးတွေအကုန်လုံး သူ့လက်က မလွတ်ဘူး။ အိမ်ရှင်တရုတ်မကလည်း သိပေမယ့် လွှတ်ထားတာပဲ။ ကိုယ်က အလိုမလိုက်တော့ ကိုယ့်ကို ရန်ရှာလာရော။ ကိုယ်ဟာ အလုပ်သဘောနဲ့ ကိုယ့်ခန္ဓာကို ရောင်းစားနေချင်သာနေရမယ်။ အနိုင်အထက်စော်ကားလာတာမျိုးကိုတော့ ဆောရီးပဲ။ အသက်နဲ့ လဲပစ်လိုက်မယ်”
“ဒါနဲ့ ကိုယ့်ဧည့်သည်တစ်ယောက်ရဲ့အကူအညီနဲ့ ထွက်ပြေးလာခဲ့တယ်။ မြန်မာပြည်ရောက်တော့လည်း ကိုယ်ဟာ ဒီအလုပ်ပဲ၊ တစ်ခြားအလုပ်ပြောင်းလုပ်ဖို့ဆိုတာကို စိတ်လည်း မဝင်စားတော့ဘူး။ ကိုယ် ပျော်အောင်နေတတ်ပြီလေ။  ရှင် သိလား၊ သေချာတာက တရုတ်ပြည်ကယောက်ျားတွေဖြစ်ဖြစ်၊ မြန်မာပြည်ကယောက်ျားတွေပဲဖြစ်ဖြစ် ကိုယ်တို့ဆီရောက်လာတဲ့ယောက်ျားတွေဟာ ရမက်ကြီးကြတာချင်းတော့ အတူတူပဲကွ...”

ပြောပြီး သူမက တဟားဟားအော်ရယ်နေခဲ့သည်။  သူမစကားမှာ ကျွန်တော့်မျက်နှာတွေ စပ်ဖျဉ်းထူပူသွားခဲ့ရသည်။ ကျွန်တော်လည်း ယောက်ျားပါဗျာ....ခင်ဗျားကလည်း…။ ဘယ်ယောကျာ်းကများ ခင်ဗျားတို့ဆီကို တရားရှာဖို့လာမှာမို့လဲ….။

“ဟေ့ကောင် မင်းညို သူရ ထကွာ ပြန်ကြရအောင်”

အောင်ထွန်းမြတ် ကျွန်တော့်လက်ဖျံကို ဖျတ်ကနဲပုတ်ကာပြောလာမှ ရှေ့က အေးစက်နေသော ကျစိမ့်ကို တစ်ကျိုက်ထဲမော့ချကာ ပိုက်ဆံရှင်းရသည်။ အတော်မှောင်နေပြီ။ လမ်းမီးများပျက်နေသည့်အပြင် ကောင်းကင်မှာ လလည်းမရှိသောညဖြစ်တာတောင် အမှောင်မှာကျင့်သားရမျက်လုံးများက ကျွန်တော့်ကို အိမ်ဆီ တည့်တည့်မတ်မတ်ပင် ပြန်ရောက်စေခဲ့သည်။

သူမကရော အမှောင်မှာကျင့်သားရနေသူ အမျိုးသမီးတစ်ယောက်ပဲမဟုတ်လား၊ သူမက မှောင်တဲ့အလုပ်ထဲမှာ ပျော်နေပြီး ကျွန်တော်က မပျော်နိုင်တဲ့အလုပ်ထဲမှာ မှောင်နေသူ၊ ဘာထူးသေးလဲ သူရရော အောင်ထွန်းမြတ်ရော ကျောင်းပြီးလို့မှ ဘာလုပ်ရမယ် ဘာကိုင်ရမယ် မသိတတ်ကြသေး၊ အမှောင်မှာ ယောင်လည်လည်တွေပါပဲ...

ကျွန်တော်တို့အားလုံး တကယ့်အမှောင်တွေထဲမှာ...။

(၃)

တခါ သူမနှင့် လိုင်စင်ရုံးမှာ၊ နောက်တခါ စာအုပ်ဆိုင်မှာ၊ စာအုပ်ဆိုင်မှာတွေ့တော့ စာအုပ်စင်ပေါ်က စာအုပ်တွေကို သူမ ဆာဆာလောင်လောင်ကြည့်ပုံကို ဘာရယ်မဟုတ် ကျွန်တော် သဘောကျစွာ ပြုံးခဲ့မိသေးသည်။ နောက်တခါ ကော်ဖီဆိုင်မှာ၊ နောက်တော့ သူမနှင့်ကျွန်တော် မကြာမကြာဆိုတာလို ဆုံဖြစ်ကြသည်။ ခုဆို သိခဲ့ခင်ခဲ့ကြတာ နှစ်ပေါက်ခဲ့ပြီ။ ပြောမပြတတ်သော ချည်နှောင်မှုတစ်ခုက သူမနှင့်ကျွန်တော့်ကြား နားလည်မှုချင်းတူမျှစွာ ရှိလို့နေခဲ့သည်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုလို့ သိချင်လာခဲ့ကြသည်။
ကျွန်တော် NGOတစ်ခုမှာ အလုပ်သစ်ဝင်ဖြစ်ကြောင်း၊ သချာင်္နဲ့ကျောင်းပြီးထားတဲ့အောင်ထွန်းမြတ်က သူ့အဖေကုမ္ပဏီမှာပဲ ဂျီအမ်ဝင်လုပ်နေကြောင်းနှင့် သူရကတော့ ကယ်မစ်စထရီဘွဲ့ရပြီး အပြင်အလုပ်ရှာမရနိုင်သေးခင် သူ့အမေရွှေဆိုင်မှာကူထိုင်ပေးရင်း ပန်းထိမ်ဖိုကို ဦးစီးလုပ်နေကြောင်းတွေ ကျွန်တော် သူမကိုပြောပြဖြစ်သည်။ သူမနှင့်ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်အပြောနှင့်ပင် ရင်းနှီးလို့နေခဲ့ပြီ။ သူမကလည်း သူမအမေ  မိုးကုတ်ရိပ်သာမှာ ရာသက်ပန်ယောဂီအဖြစ် ဝင်သွားကြောင်း၊ သူ့ညီမလေး ဆေးကျောင်းပြီးတော့မည်ဖြစ်ကြောင်း၊ ညီမလေးကျောင်းပြီးသွားတဲ့အခါ သူမအသက်ရှူချောင်ပြီ ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်ခဲ့လို့ ပစ်လိုက်ရတဲ့အစ်မအကြီးအတွက်  နွမ်းပါးသူတွေကိ ညီမငယ်လေးအား အခမဲ့ဆေးကုပေးစေမှာဖြစ်ကြောင်းများပြောပြသည်။ သည်လိုနှင့် သူမနှင့်ကျွန်တော့်ကြားအလွှာက ပါးသည်ထက်ပါးလျလို့လာခဲ့သည်။
တစ်ည...
ထိုတစ်ညက ကျွန်တော် အနည်းငယ်ထွေနေခဲ့သည်။ ရှားရှားပါးပါး သူမ အားလပ်သောညတစ်ညမှာ ကျွန်တော်တို့ ရုပ်ရှင်အတူကြည့်ဖြစ်ကြသည်။ ရုပ်ရှင်ရုံထဲမှာ ကျွန်တော် သူမကို နမ်းဖြစ်သည်။ အိမ်အပြန် တက်ကစီပေါ်ရောက်တော့ မူလငှားထားသည့်လမ်းဆုံးကိုမဟုတ်ဘဲ ဟိုတယ်တစ်ခုကို မောင်းဟု ကျွန်တော်က နာမည်ရွတ်ပြတော့ ကားသမားက ချက်ချင်းလမ်းကြောင်းပြောင်းသည်။ သူမ ကျွန်တော့်ကို ဖျတ်ကနဲသာကြည့်ပြီး ဘာမှတော့ မပြော။
အခန်းထဲရောက်တော့ ဘာမပြောညာမပြောနှင့် သူမကို သိမ်းကြုံးပွေ့ဖက်ထားမိသည်။ သူမက ကျွန်တော့်လက်မှာ အရုပ်ကလေးတစ်ရုပ်လို ပျော့ခွေနေခဲ့သည်။ ခဏနေတော့ သူမကို ပွေ့ချီကာ ခုတင်ပေါ်သာသာလေးချပေးလိုက်သည်အထိ  ဘာစကားတစ်ခွန်းမျှ သူမ မဆို။ ကျွန်တော့်သွေးတွေ ပူနွေးလှုပ်ရှားလျက်ရှိသည်။ သူမပါးပြင်ကို အထပ်ထပ် နမ်းမွှေးနေလျက်က လွှတ်မပေးလိုက်ချင်။

သူမက သူမကိုယ်ပေါ် စီးမိုးထားသော ကျွန်တော့်ရင်ဘတ်ကို တွန်းဖယ်ရင်း ခဏလေးဟုဆိုကာ 
သူမလက်ကိုင်အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူသည်။
စထရော်ဘယ်ရီလား ငှက်ပျောသီးလားဟု ကပြက်ကချော်ပြုံးစစမေးနေသော သူမလက်ထဲက ကွန်ဒုံးများကိုလှမ်းယူကာ စားပွဲပေါ်ပစ်တင်လျက် "မသုံးပါဘူး မတော်တဆ ကလေးရတော့ရော ဘာဖြစ်လဲ၊ ကလေးရှိတာနဲ့ ခင်ဗျားကို ကျွန်တော် လက်ထပ်ယူမှာ"
ကျွန်တော် ဘာကြောင့် ဘယ်လို သည်စကားတွေ ပြောမိမှန်း မသိလိုက်ပါ။
သူမက ဟက်ကနဲရယ်သည်။ ခဏကလေးပဲ။ မျက်နှာကိုပြန်တည်ကာ "ကိုယ်က ညို့ကို လက်မထပ်နိုင်ဘူး။ ကိုယ် ညိုနဲ့အတူနေဖို့ မဖြစ်နိုင်ဘူး၊ ရှင်းလား နားလည်လား"
သုမက ပြောပြောဆိုဆို စားပွဲပေါ်ကကွန်ဒုံးနှစ်ခုလုံးကို သူမလက်ကိုင်အိတ်ထဲပြန်သိမ်း၊ ဘရာဇီယာချိတ်ကို လက်နောက်ပြန်တပ်လိုက်ပြီး ခုတင်ပေါ်ကတီရှပ်အနက်ရောင်ကို ခေါင်းမှစွတ်ချကာ ပြန်ဝတ်လေသည်။
တီရှပ်အနက်ရောင်ဟာ သူမကိုယ် ကောက်ကြောင်းလှလှပေါ်မှာ ပုံပန်းကျနစွာ လင်းထင်းသွယ်လျလို့....
“နေဦး ညိုက ကိုယ့်ခန္ဓာကိုယ်ကို မက်မောတာလား၊ ကိုယ့်ကို ချစ်ရော ချစ်လို့လား”

ကျွန်တော့်မျက်နှာ ဖျန်းကနဲပူနွေးကာ နာကျင်သလိုလို၊ ရှက်ရွှံ့သလိုလိုစိတ်တစ်ခု ရင်ဘတ်ထဲက ရုန်းကြွလျက်ရှိလေသည်။ ကျွန်တော် သူမအမေးကို ပြန်မဖြေဖြစ်ခဲ့။ သူမကလည်း ကျွန်တော့်အဖြေကို စောင့်မနေ၊ ထပ်လည်းမမေးပါ။
ပြန်ကြစို့ဟုဆိုကာ ကုလားထိုင်နောက်မီမှာ လွှားတင်ထားသော ကျွန်တော့်ရှပ်အင်္ကျီကိုယူကာ ကြယ်သီးစေ့တွေတစ်လုံးစီ ပြန်တပ်ပေးနေသောသူမမျက်နှာကို စီးမိုးကြည့်မိသည်။ တကယ်တမ်း ဒီမိန်းမဆီက ကျွန်တော်လိုချင်တာ ဘာပါလိမ့်...။
ညစာအတူစားစဉ် သောက်ခဲ့သောဝိုင်အနီက ခုမှပင် မူးယစ်ဝေသီလာသလို ကျွန်တော့်ခေါင်းတွေ ရုတ်ချည်း အုံခဲ၍လာလေသည်။ သူမက ကျွန်တော့်အခြေအနေကို သိသည်ထင့်၊ ရေခဲသေတ္တာထဲက ရေအေးအေးတစ်ခွက် ကျွန်တော့်ကိုတိုက်သည်။ ကုလားထိုင်မှာ ခဏပြန်ထိုင်ခိုင်းသည်။ ကျွန်တော့် အခြေအနေ ငြိမ်သက်စပြုလာချိန်မှာ သူမ စကားစသည်။ သေချာနားထောင်နော် ညိုဟု ပြောသေးသည်။


"အချစ်ဆိုတာကို ကိုယ်ကတော့ ဒီလိုသဘောပေါက်တယ်။ မဟာမြတ်မုနိဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့ ကြေးရုပ်ကြီးတွေကို ရှင် သိတယ်မဟုတ်လားညို...အရင်တုန်းက ရခိုင်ပြည်ကိုပြန်ပြန်ပြေးလို့  ခြေထောက်တွေကို သံကြိုးနဲ့ချည်၊ လက်တွေကို ဖြတ်ထားရတယ်ဆိုတဲ့အရုပ်ကြီးတွေလေ"
"အဲဒီအရုပ်ကြီးတွေကို လူတွေက ဗိုက်ပွတ်ပြီး ဗိုက်နာပျောက်အောင် ဆုတောင်းကြ၊ ခေါင်းပွတ်ပြီး ခေါင်းမူးပျောက်အောင် ဆုတောင်းကြ၊ တစ်ချို့ မျက်စိကြည်အောင်ဆိုပြီး အရုပ်ကြီးတွေမျက်စိကိုနှိုက်ပြီး ဆုတောင်းလိုက်ကြတာ၊ တကယ်တမ်း ဆုတောင်းကြတဲ့သူတွေ ခံစားရတဲ့ရောဂါပျောက်သလားဆိုတော့ မပျောက်ဘူး။ အရုပ်ကြီးတွေခမျာမှာလည်း ဗိုက်တွေ ခေါင်းတွေ မျက်စိတွေမှာ ပေါက်ပြဲ ချိုင့်ခွက်ဝင်ပြီး ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ကျန်ရစ်ရရှာတာ။ နှစ်ဦးနှစ်ဘက် ဘာအကျိုးမှ မရှိဘူး။ သက်သာလို သက်သာငြား ခဏတဖြုတ် စိတ်ကိုလှည့်စားကြတာ၊ အဲဒါပဲ အချစ်ဆိုတာ...."
ကျွန်တော်စိတ်လှုပ်ရှားလာလျှင်လုပ်တတ်သော အောက်နှုတ်ခမ်းကို လက်မနှင့်လက်ခလယ်ကြားထည့်ကာ ဖိညှစ်နေရာက သူမမျက်နှာကို ဖျတ်ကနဲလှမ်းကြည့်လိုက်မိသည်။
ထိုထိရှရာအနာတရများအား စီရီဖြန့်ခင်းကြည့်ခြင်းက ကျွန်တော့်အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်သည်။ တကယ်တော့ အိပ်ရာဝင်ပုံပြင်မျှသာပါပဲ…၊ သည်လိုပဲထားလိုက်ဖို့ ကောင်းပါသည်။

သူမကို ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။



အဲသည့်ညက အိမ်ပြန်ရောက်သည်အထိ ကျွန်တော့်စိတ်တွေ လှုပ်နေခဲ့သည်။ တစ်ညလုံးလည်း ကောင်းကောင်းအိပ်မရခဲ့။ သူမရော အိပ်လို့ပျော်ပါ့မလား။ ကျွန်တော် သူမကို ပူနွေးလှုပ်ရှားစွာ သတိရလို့ နေခဲ့ပါသည်။  

(၄)

အလုပ်ကိစ္စနှင့် နယ်တွေဆင်းရတဲ့အခါ သူမနဲ့ကျွန်တော် တစတစ အဆက်အသွယ်ကြဲပါးလာခဲ့သည်။ သို့သော် ဖုန်းပြောဖြစ်ကြသော တခါတရံများမှာ သူမက သူမအကြောင်းတွေအကုန်နီးပါး ကျွန်တော့်ကို ပြောပြလေ့ရှိသည်။ အကုန်နီးပါးဟု ကျွန်တော့်ဖာသာသေချာသည်။ အကုန်နီးပါး…. ထိုအကုန်နီးပါးကလည်း တကယ့်ကို နာကျင်စရာတွေချည်းသာဖြစ်တော့ သည်မိန်းမဟာ သည်လိုအပူတွေထဲက ဘယ်လိုများ လူးလဲရှင်သန်နေတာပါလိမ့်ဟု တွေးမိရသည်။

“ပြီးခဲ့တဲ့လက ညီမလေး ဘွဲ့ယူတယ်။ အမေ့ကို ရိပ်သာက ခနထွက်ပြီး ညီမလေးနဲ့ ဘွဲ့နှင်းသဘင်လိုက်ဖို့ ကိုယ် အဝတ်အစားကအစ စီစဉ်ခဲ့တယ်။  ကိုယ့်မှာ ဒီညီမလေးတစ်ယောက်ပဲ အားကိုးဖို့ရှိတာ။ အားကိုးတယ်ဆိုတာကလည်း ကိုယ့်တစ်ယောက်ထဲအတွက်၊ ငွေကြေးအတွက် မဟုတ်ဘူး။ အမေ့အတွက် ပြီးတော့ ငွေကြေးမတတ်နိုင်တဲ့လူနာတွေအတွက် အခမဲ့ဆေးကုပေးဖို့။ ကိုယ့်အတွက်ဆိုတာက ပီတိလေးတစ်ခုခံစားဖို့သာ ကိုယ် လိုချင်ခဲ့တာ။ အဲ့ဒီနေ့က ကိုယ် တနေကုန် အပြင်လျှောက်သွားနေခဲ့တယ်။ ဦးတည်ရာမဲ့ လေလွင့်နေလိုက်တာ၊ ညမိုးချုပ်ထိပဲ။ သိလား၊ ညီမလေးနဲ့ ဘွဲ့နှင်းသဘင်ကို ကိုယ် လိုက်မသွားဖြစ်ခဲ့ဘူး၊ ကိုယ့်ကြောင့် ညီမလေးဂုဏ်ငယ်မှာ ကိုယ် စိုးတယ်။ ညီမလေးကလည်း အတင်းမခေါ်ပါဘူးလေ (သူမက ဟက်ကနဲတချက်ရယ်သည်)။ အဲဒီနေ့က ဘွဲ့နှင်းသဘင်အနောက်ဘက် အင်းလျားကန်စပ်မှာ ကိုယ် ထိုင်တယ်၊ တစ်ယောက်ထဲ ငိုတယ်၊ ဒီအချိန်လောက်ဆို ညီမလေးနာမည်နဲ့ ခုံနံပါတ်ခေါ်နေပြီလား၊ အမေကရော လက်ခုပ်မတီးနိုင်လောက်အောင်များ ဝမ်းသာနေမလား၊ မျက်ရည်ကျနေမှာလား၊ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေကြမလား၊ တွေးရင်း မျက်ရည်ကျရတယ် ညို…”။

ဖုန်းထဲက သူမအသံကိုနားထောင်ရုံနှင့် သူမဘယ်လောက်နာကျင်ခဲ့ရမှန်း ကျွန်တော်နားလည်လို့ရသည်။ သူမနှင့်ဝေးနေစဉ် သူမလိုအမျိုးသမီးတစ်ယောက်ထံ ကျွန်တော်သွားခဲ့သေးကြောင်းကိုတော့ သူမကို ကျွန်တော်ပြောမပြခဲ့ပါ။ အဲသည်တစ်ချိန်လုံးမှာ ကျွန်တော်က ခင်ဗျားကို သတိရနေခဲ့တယ်လို့ဆိုရင် ခင်ဗျားယုံမှာလား မမသက်ဦးကြွယ်...။

နောက်တစ်လအကြာ ကျွန်တော်နှင့်ဖုန်းပြောဖြစ်စဉ်  သူမ၏အလုပ်ဖော် မိန်းကလေးတစ်ယောက် ဒုက္ခဖြစ်နေလို့ သူမ တတ်နိုင်သလောက် ကူညီနေရကြောင်းပြောလာသည်။

”လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ ကိုယ်တို့လိုမိန်းကလေးတွေဘက်မှာ မရှိကြဘူး ညို၊ ကိုယ့်သူငယ်ချင်းကို လူနှစ်ယောက်လာခေါ်သွားပြီး ဟိုတယ်ရောက်တော့ လူလေးယောက်က ဝိုင်းစော်ကားကြတယ်။ သူက နာကျင်လွန်းလို့ ရုန်းကန်ရင်း လူတစ်ယောက်ကို ပါးရိုက်လိုက်မိတော့ သူ့ကို ယောကျာ်းကြီးလေးယောက်က ချုပ်ပြီးဝိုင်းရိုက်လိုက်ကြတာ ညိုရယ်....။  ကိုယ့်သူငယ်ချင်းဟာ ဆန်ပြုတ်ကျဲကျဲကိုတောင် တကျွတ်ကျွတ်စုတ်သပ်ရင်း နာနာကျင်ကျင်မျိုချနေရတယ်။ သူ အလုပ်ပြန်မလုပ်နိုင်သေးခင် သူ့မိသားစုကို ဘယ်သူကျွေးထားမလဲ၊ သူ့ဗိုက်ထဲ အစားဝင်အောင် ဘယ်သူခွံ့မလဲ၊ သူ့ညတွက်ခတွေနဲ့ သူ့မိသားစုပါးစပ်စိုနေရတာ ညိုရဲ့...။ ဒီလိုအဖြစ်မျိုးတွေအတွက် ကိုယ်တို့ ဘယ်ကိုတိုင်ကြားရမလဲ၊ ဘယ်လိုတရားက ကိုယ်တို့ကိုစောင့်ရှောက်မလဲ”

သူမအသံဟာ နာကျင်မှုတွေနဲ့ အက်ကွဲကြမ်းရှနေခဲ့သည်။ အနားမှာရှိလျင်တောင် သူမလက်ကို တင်းတင်းဆုပ်ကိုင်အားပေးရုံမျှသာ ကျွန်တော်တတ်နိုင်လိမ့်မည် ထင်ပါသည်။ မိန်းမတစ်ယောက်ရဲ့ဘဝဟာ သူမကိုယ်တိုင် ယုံယုံကြည်ကြည်ပုခုံးပေါ်ထမ်းထားရတဲ့ဝန်တွေအောက်မှာ နေသာထိုင်သာပါလျက် လူကိုလူလိုမမြင်နိုင်တဲ့ လူတွေရဲ့မျက်ဝန်းအကြည့်တွေထဲမှာ မထူနိုင်အောင် ပြိုလဲနေရတော့မှာလား။

တန်ဘိုး…၊ 
လူတွေသတ်မှတ်ထားသော မိန်းမတစ်ယောက်ရဲ့တန်ဘိုးဆိုတာကို ကျွန်တော် စဉ်းစားနေဖြစ်သည်။ လမ်းမပေါ် တငွေ့ငွေ့ယိမ်းထိုးနေသော တံလျပ်အပူများကို ကျွန်တော်ငေးကြည့်နေခဲ့ရင်းက ကျွန်တော့်ရင်ထဲအထိ ပူလောင်လာရသည်။  ကျွန်တော်ကရော…၊ ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနှင့် တင့်တောင့်တင့်တယ်အိမ်တလုံး မဝယ်နိုင်သေး၊ ကားဝယ်စီးတာတောင် အဖေ့ဆီက လိုတာဆွဲနေရသေးတဲ့ကောင်။ ရူးသလိုကြောင်သလိုနှင့်မေ့ထားကာ အဖေ့အကြွေးတောင် ကြေအောင်မဆပ်နိုင်သေးတဲ့ကောင်။ ကျွန်တော်က ကျွန်တော့်ဘဝကိုမှ လမ်းဖြောင့်ဖြောင့်ပေါ်ရောက်ဖို့ တည့်မတ်နေရဆဲမှာ….၊ သူမကတော့ အမြဲတမ်းကျွမ်းမြေ့နေရသော ဘဝထဲမှာ အပူသားကျနေတဲ့ မိန်းမတယောက်ဖြစ်သည်။

သူမဟာ ဆယ့်နှစ်လရာသီမှာ နွေချည်းပဲသီးသန့်ရှိသော နယ်မြို့ကလေးတစ်ခုလို ပူလောင်နွမ်းပါးလေသည်။

(၅)

နွေတစ်ခုကို ရောက်ခဲ့ပြန်ပြီ။ လမ်းမပေါ် တံလျှပ်တွေ တလူလူလွင့်ယိမ်းနေတာကို ကျွန်တော်အမှတ်မဲ့ငေးနေမိသည်။ ကျွန်တော်ထိုင်နေသောဆိုင်က ကားလမ်းနံဘေးကပ်လျက်မှာမို့ ဖြတ်မောင်းသွားသည့်ကားများနောက် ကျွန်တော့်စိတ်တွေပြေးပြေးလိုက်သလို နောက်က လိုက်ကြည့်နေမိပြန်သည်။
ဟိုကားပေါ်မှာ ပါသွားတာ မမသက်ဦးကြွယ်များလား...။ သူမ ဘယ်ရောက်နေပါလိမ့်…

သူမနှင့်ကျွန်တော့်အကြား အချစ်ရှိခဲ့သလား၊  ကျွန်တော် မသေချာပြန်၊ ကျွန်တော်တို့နှစ်ဦးအကြားက ခန္ဓာကိုယ်ချင်းထိတွေ့ရင်းနှီးမှုသည် အချစ်တစ်ခုလုံးနှင့်ယှဉ်လျှင်တော့ သေးကွေးလွန်းသော အမှုန်တစ်စသာဖြစ်မည်။  တခါတရံလွမ်းဆွတ်မှုများ၌ ထိုတောင့်တမှု မပါ။ စိုးစဉ်းမျှပင် မပါဝင်ပါ။ သူမသာ ကျွန်တော့်အနားရှိလျင်ဆိုသော ရူးသွပ်တမ်းတမှုသည် အဖြူစွတ်စွတ်ဖြစ်ပြီး ထိတွေ့ပတ်သက်ခဲ့မှုကြောင့် လောင်ကျွမ်းပူနွေးရသည်ဟူသော ရုပ်ဝါဒီဆန်ဆန်အယူအဆကို သူမရော ကျွန်တော်ပါ လက်မခံလို။ သို့သော် ခုချိန်မှာ သူမရင်ခွင်ထဲ ကျွန်တော်ရှိနေချင်ပါသည်။ သူမနှလုံးခုန်သံကို ကျွန်တော့် ညာဘက်နားနှင့်အပ်လျက် ကြားနာချင်ပါသည်။ သူမနှုတ်ခမ်းထူထူလေးကို ကျွန်တော့်လက်ညှိုးနှင့် ဖွဖွထိကြည့်ချင်ပါသေးသည်။
“တကယ်ဆို အမျိုးသားတွေနဲ့ဒီလိုရင်းနှီးမှုတွေက ကိုယ့်အတွက် အဆန်းမှမဟုတ်တာပဲ ညိုသိလား…၊ ညိုက ညိုဖြစ်နေလို့…” သူမအပြောမှာ ကျွန်တော် ပူနွေးလှုပ်ရှားခဲ့မိဖူး၊  နောက်တော့လည်း ဒါဟာ ယောကျာ်းတိုင်းကို သူမပြောနေကျမဟုတ်ဘူးလို့ မင်းပြောနိုင်လို့လားမင်းညိုဟု ကိုယ့်ဖာသာပြန်အမေးမှာ အေးခဲငြိမ်သက်သွားရပြန်သည်ပဲ။

ကျွန်တော့်အပေါ်မှာ သူမ ထားရှိသောသံယောဇဉ်က သူမတကယ့်ရင်ထဲလာတာဟု သူရနှင့်အောင်ထွန်းမြတ်ကိုပြောပြလျင်တော့ မင်းညို မင်းသောက်ရူးလားဟု ကျွန်တော့်ကို ဝိုင်းဆဲကြမှာ သေချာသလောက်ပင်။ ထားပါတော့ ကျွန်တော်ကရော ရင်ဆိုင်ဝံ့လို့လား၊ အရင်ဆုံး မိဘအသိုင်းအဝန်း၊ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်…၊ နောက်ဆုံး ကျွန်တော်ကိုယ်တိုင်…။
“မင်း သက်ထားကို ဘယ်လိုမြင်လဲ မင်းညို”
သူရအမေးကို အောင်ထွန်းမြတ်ကပါ မေးဆတ်ပြရင်း ဖြေ ဟေ့ကောင်ဟု ဆိုသည်။
“သက်ထားကို ပိုးဟပ်ဖြူကလေးတကောင်လို့ပဲ မြင်တယ်။”
“သေနာ မင်းကို ဘယ်လိုခံစားရလဲမေးတာ၊ မင်းဘိုးတော်ကြီးက ကောင်မလေးဟာ သူ့မိတ်ဆွေရဲ့သမီးလည်းဖြစ်၊ ဆရာဝန်မလေးလည်းဖြစ်တော့ မျိုးရိုးရော ဂုဏ်ရော သဘောကျနေတာ ကိုယ့်လူ”
သက်ထားက ဖြူစင်သလောက် ဖြူဖျော့ဖျော့ကောင်မလေးတယောက်လည်း ဖြစ်သည်။ သက်ထားမွေးနေ့တုန်းက သူတို့ခြံထဲကခုံတန်းမှာ မွေးနေ့လက်ဆောင်ပေးရင်း ပါးကိုနမ်းခဲ့ဖူးတာ၊ အဲဒီနောက်မှာ ဘာမှလည်း ထပ်ဖြစ်မလာ။ ကောင်မလေးက ကိုကိုခေါ်သောအသံမှာ သူ ရင်မခုန်။

ညိုဟု ခေါ်တတ်သော ရှတတအသံတခုကို သတိရမိပြန်သည်။ မမသက်ဦးကြွယ်….
သူမနှင့် ကျွန်တော်မတွေ့ဖြစ်ကြတာ ကြာပြီ။ ကျွန်တော် နယ်ဘက်ရောက်နေသောအချိန်တွေ၊ သူမ ဘာတွေလုပ်နေသလဲ ကျွန်တော် မသိ။ ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်သလောက်ဖြစ်ခဲ့ပြီ။ ကျွန်တော်တို့က ဘာတွေလဲ၊ သူမကို လွမ်းဆွတ်တယ်ပြောရအောင်….။ သို့သော် သူမနှင့်ပတ်သက်လျင်  အတိုင်းအတာတခုတော့ ကျွန်တော်ထိခဲ့ရှခဲ့သည် ထင်ပါသည်။

ညအိပ်ရာဝင်တိုင်း မော့ကြည့်တွေ့မြင်နေရသည့်မျက်နှာကျက်ပေါ်မှာ....၊ နံရံတွေပေါ်မှာ....

(၆)

ဆုံနေကျကော်ဖီဆိုင်လေးမှာ သူမ ချိန်းတော့ မတွေ့ရတာကြာပြီမို့ စိတ်လှုပ်ရှားစွာပင် အိုခေလေဟု ကျွန်တော်ပြန်ပြောခဲ့မိသည်။ သူမ ဘယ်လိုများရှိနေပါလိမ့်၊ သူမအသံကတော့ အရင်လိုနွေးထွေးရှတဆဲ။  ကော်ဖီတခွက်မှာကာ ထိုင်သောက်ရင်း သူမကို စောင့်ရသည်။ တကယ်က ကျွန်တော် စောရောက်နေတာ။
ကော်ဖီဆိုင်လေးက မပြောင်းလဲပါ။ မီနူးအသစ်တွေ တိုးလာတာတစ်ခုပဲ။ ပြီးတော့ ဈေးလည်း အနည်းငယ်တက်သွားတာတစ်ခုပဲ။ ကော်ဖီအရသာက အရင်အတိုင်း၊ ခုံတွေ စားပွဲတွေ နေရာချထားတာကလည်း အရင်အတိုင်းပဲဖြစ်သည်။

“ညို ရောက်နေတာ ကြာပြီလား”

အသံက ကျွန်တော့်အနောက်ဘက်မှ လာသည်။ ဝင်ပေါက်ကို ကျောခိုင်းထားသော ခုံမှာထိုင်နေသည်မို့ အသံလာရာ သူမဆီကို လည်ပြန်လှည့်ကြည့်မိရသည်။ သူမ အနည်းငယ် ပြည့်လာသည်၊ သူမဆံပင်တွေ ရှည်လာပြီ။ မျက်ဝန်းတွေကမူ လက်မှောင်ဆဲ။

“ကော်ဖီပဲလား”

ကျွန်တော့်အမေးကို သူမက ခေါင်းညိတ်သည်။
ဘာကစလို့ ဘာကိုပြောရမှန်း ကျွန်တော် မသိ။ သူမမျက်နှာအပြောင်းအလဲကိုသာ အသေးစိတ်ကြည့်နေမိသည်။  သူမညာဘက်လက်သူကြွယ်မှာ ရွှေလက်စွပ်ကလေးတကွင်း။ အရင်လို သူမမျက်တွင်းလေးတွေ ညိုမှောင်မနေဘဲ ပြည့်နေတာကိုတွေ့တော့ ဝမ်းသာရသည်။ သူမအမေ ရိပ်သာမှာပင် ယောဂီဝတ်နှင့်ဆုံးသွားတာ ၁နှစ်ပြည့်တော့မည့်အကြောင်း၊ ညီမလေးက အထူးကုဖြစ်ဖို့ ဘွဲ့လွန်ဆက်တက်နေကြောင်း၊ သူမမျှော်လင့်ထားသလို ရိုးရိုးဆရာဝန်ဘွဲ့နှင့် ဆေးခန်းထိုင် ဆေးကုပြီးရပ်တည်ဖို့က ထင်သလောက်မလွယ်လှကြောင်းတွေ…၊ သူမပြောသမျှ ကျွန်တော် နားထောင်နေမိသည်။
တလောက debateတခုမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်မှတ်ပုံတင်သင့်သလားဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြတာ ကျွန်တော်ကြည့်လိုက်ရစဉ် သူမကို ပြောပြရဦးမည်ဟု တွေးထားခဲ့ဖူးသည်။ ထိုခေါင်းစဉ်အောက်မှာ ပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်မှတ်ပုံတင်သင့် မတင်သင့် အပြင်၊ ဆေးဝါးမှန်မှန်ကုသပေးမှုတွေ ရရှိဖို့၊ အနိုင်အထက်ပြုမူခံရလျင် တိုင်တန်းနိုင်ဖို့ စတာတွေပါဝင်သည်။ 
သူမသာ နားထောင်ရလျင် စိတ်ဝင်စားမှာ…။

“လာပြီ…”
သူမက ကျွန်တော့်နောက်ကျောဘက်ကို ကဲကြည့်ကာ ဆိုသည်။
“လာ ကိုကြီး ဒီမှာထိုင်”
သူမက သူမဘေးမှခုံကို ငဲ့ကြည့်ရင်း ကိုကြီးဆိုသောအမျိုးသားကို ထိုင်ခိုင်းလိုက်သည်။
“ကိုကြီး ဒါက မဦးပြောပြောနေတဲ့ မင်းညိုဆိုတာလေ၊ မဦးသူငယ်ချင်းပေါ့”
ကားသော့အိတ်ကို ခါးမှာချိတ်လိုက်ပြီး၊ လက်ကမ်းပေးလာသော ကိုကြီးဆိုသူကို အလိုက်တသင့်ပြန်လည်လက်လှမ်းရသည်။ သူမ၏ သူငယ်ချင်းဆိုသော အသုံးအနှုန်းမှာ ကျွန်တော့်စိတ်တွေ တင်းကနဲဖြစ်သည်။
“ကိုယ် အခု စတိုးဆိုင်လေး ဖွင့်ထားတယ် ညို၊ ဆိုင်မှာတင်ဖို့လိုသမျှတွေကို ကိုကြီးပဲ စီစဉ်ပေးတာ။ ၆လလောက်ရှိပြီဆိုတော့ လည်ပတ်စပြုလာပါပြီ။ ညို အဲ့ဘက်ရောက်ရင် ဝင်ခဲ့လေ၊ စတိုးဆိုင်နဲ့ကပ်လျက်မှာ စာအုပ်ဆိုင်လေးပါ တွဲဖွင့်ထားတယ် သိလားညို….”
သူမ စာအုပ်တွေကို ဘယ်လောက်နှစ်သက်စွာဖတ်လေ့ရှိကြောင်း ကျွန်တော် ပြန်သတိရရသည်။
“ဖိတ်လိုက်ဦးလေ မဦး”
“ဟုတ်သားပဲ၊ စကားပြောကောင်းနေတာ မေ့တော့မလို့”
သူမက လက်ကိုင်အိတ်ထဲက စာအိတ်အဖြူတအိတ်ကို ထုတ်ပြီး ကျွန်တော့်ကို ကမ်းပေးလိုက်သည်။
ဆက်ဆက်လာစေချင်တယ်နော် ညို ဟု ပြောသွားသေးသည်။
နွေရာသီတမျိုးတည်းရှိတဲ့ကျွန်တော့်နယ်မြို့ကလေး အေးချမ်းစိုပြည်လာတော့မှာလား…
သူမ လိုချင်မျှော်လင့်ခဲ့သော သူလိုကိုယ်လိုအိမ်ထောင်သည်မိန်းမတွေဘဝမှာ သူမ ပျော်ပါစေ…။

(၇)

အိပ်မက်တစ်ခု ပျောက်သွားသူလို ခံစားဖူးပါသလား….။

တကယ့်အဖြစ်အပျက်မဟုတ်ဟု သိထားပေမယ့် အိပ်မက်တခုအစပြန်ရှာမရသူလို နံနက်မိုးအလင်းက ကြေကွဲဖွယ်ကောင်းသည်။ ကျွန်တော်တို့က အိပ်မက်ခဲ့တာမှ မဟုတ်ဘဲ။ ပိုလို့ပင် ကြေကွဲရပါသည်။ ဘာအတွက် ကြေကွဲရပါလိမ့်…စဉ်းစားတော့လည်း မသေချာပြန်။

သူငယ်ချင်း…၊ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေ။ ကျွန်တော်တို့ဟာ သံယောဇဉ်ကြီးသော သူငယ်ချင်းတွေ၊ သူမပါးပြင်သွယ်ကို လှပ်ကနဲမြင်မိတော့ ကျွန်တော် နာကျင်ရသည်။ အမှောင်ထဲကနေ လင်းချင်းသွားတော့မယ့် သူမအတွက် ကျွန်တော် ဝမ်းသာရမည်ထင်ပါသည်။ ထင်ပါသည်….၊ ထိုစကားလုံးအသုံးအနှုန်းကို သူမ မနှစ်သက်ပါ၊ ညိုဟာ အမြဲတမ်း မရေမရာနဲ့ဟု ဆိုခဲ့ဖူးသည်။

သူမ ကျွန်တော့်အတွက်ဝယ်ပေးခဲ့ဖူးသော စာအုပ်များကို ပါ့ကင်လှလှနှင့် ထုပ်ပိုးသည်။ သူမပေးခဲ့သော လိပ်စာအတိုင်း လိပ်မူသည်။ ထိုစာအုပ်များထဲမှာ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ”လည်းပါဝင်သည်။ ထိုစာအုပ်ကိုပေးစဉ်က ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေဟု သူမနှုတ်မှရွရွဆိုရင်းပေးခဲ့တာကို သူမ သတိရပါစေ ဆုတောင်းသည်။ ခင်ဗျားဟာ ကျွန်တော်လိုချင်ခဲ့တဲ့မိန်းမ မဟုတ်ဘူး၊ နှုတ်ခမ်းများကို တင်းစေ့ရင်း စိတ်က နာနာရွတ်ဆိုရသည်။

သူမပေးခဲ့သော ဖိတ်စာကိုတော့ ထိုနေ့က အိမ်အပြန်လမ်းမှာပင် လွှင့်ပစ်ခဲ့ပြီးဖြစ်လေသည်။




ချစ်ကြည်အေး

ရွှေအမြုတေမဂ္ဂဇင်း 
မေလ, ၂၀၁၈
သရုပ်ဖော် - ဗဂျီလင်းဝဏ္ဏ




Thursday, May 17, 2018

Special Educationနဲ့ပါတ်သက်တဲ့ knowledge sharingပွဲလေးအကြောင်း


မေလ ၂၇ရက်နေ့မှာ မြန်မာအော်တစ်ဇင်အသင်းက စီစဉ်ပေးမယ့် Special Educationနဲ့ပါတ်သက်တဲ့ knowledge sharingပွဲလေးအကြောင်း မျှဝေချင်ပါတယ်ရှင်။

နေ့ရက်၊ အချိန် - ၂၇ မေလ ၂၀၁၈၊ နေ့လယ် ၁နာရီမှ ၃နာရီ
နေရာ - ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်)
တိုးချဲ့ဆောင်သစ် အစည်းအဝေးခန်းမ
ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်
နေ့လယ်ခင်းအဆာပြေ - လက်ဖက်ရည်နဲ့ မုန့်
မျှဝေပြောမယ့်အကြောင်းအရား
၁။ ချစ်ကြည်အေး - Dyslexia and Self-esteem
၂။ နန်းစန်းစန်းမြင့် - Early sign of Autism and importance of early intervention
၃။ နန်းစန်းစန်းမြင့် + ချစ်ကြည်အေး - Differentiating Sensory from Behaviour 
တက်ရောက်သင့်သူများ - Special Education စိတ်ဝင်စားသူများ၊ မိဘများ၊ ဆရာဆရာမများ၊ Facilitatorများ 

ကျွန်မပြောမယ့် Dyslexiaနဲ့ ပါတ်သက်လို့ ပြောရရင် တချို့ကလေးငယ်တွေ စာသင်ခန်းထဲမှာ ကြုံရတဲ့ စာဖတ်နိုင်ခြင်းစွမ်းရည် စံလွဲနေခြင်းအကြောင်းပါ၊ သို့သော် ဆရာတွေရော မိဘတွေကပါ ကလေးရဲ့ သင်ယူမှုအခက်အခဲကို စံလွဲမှုတခုမှန်း သတိမမူမိဘဲရှိနေတတ်တဲ့အကြောင်းကို သိရှိစေချင်တာဖြစ်ပါတယ်။ အဲသလိုသိရှိမှလည်း သင်ယူမှုခရီးတလျှောက် ကလေးရဲ့အခက်အခဲကို မှန်ကန်စွာကူညီလေ့ကျင့်သင်ကြားပေးနိုင်မှာပါ။
Dyslexiaဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုသိရှိနိုင်မလဲ၊ ဘယ်လိုလေ့ကျင့်ပေးရမလဲ စသည်ဖြင့် ပြောပြသွားမှာ ဖြစ်ပါတယ်။
စာရင်းမပေးရသေးသူများ မြန်မာအော်တစ်ဇင်အသင်း ဖုန်း - ၀၉ ၄၄ ၈၀၂၁ ၄၁၇ ကို မေလ ၂၂ရက်နေ့ နောက်ဆုံးထားပြီး ရုံးချိန်အတွင်း ဆက်သွယ် စာရင်းပေးနိုင်ကြပါတယ်ရှင်။ 
၂၇ရက်နေ့ တွေ့ကြရအောင်နော်....

ချစ်ခင်စွာ
ချစ်ကြည်အေး

Friday, May 4, 2018

ကြယ်တွေဆီသွားတဲ့လမ်း....

ကြယ်တွေဆီသွားတဲ့လမ်းကို ငါ သိတယ်

မြေကမ္ဘာကနေ ငေးမော့နေရုံ
ကျောပေးထားတဲ့ကြယ်ကလေးကို လွမ်းဆွတ်နေရုံ
ငါ့မျက်ရည်တစက်ကျတိုင်း ကြယ်ကလေးကိုချစ်တယ်လို့ ရေရွတ်နေရုံ
ရင်ဘတ်အပြည့်ခံစားချက်တွေ၊
လျှံတက်လာတဲ့စကားလုံးတွေကို မျိုချသိမ်းဆည်းနေရုံ
ကြယ်ကလေးအကြောင်းရေးထားသမျှ only meလိုက်ရုံ
ကြယ်ကလေးအပြုံးတွေကို ငါ့ရင်ဘတ်ဘယ်ဘက်ထောင့်ပေါ်မှာ ချိတ်ဆွဲထားရုံ
ငါ ပြည့်စုံခဲ့ပါပြီ
ကြယ်တွေဆီအသွားလမ်းကိုတော့
ခက်ခက်ခဲခဲ မေ့ချင်ယောင်ဆောင်ထားလိုက်တာ
ဘယ်တော့မှ သတိမရတော့ဘူး....ငါ....။


ချစ်ကြည်အေး
၀၄၀၅၂၀၁၈

Thursday, April 26, 2018

လွတ်မြောက်စေ....ငါ...


အဝါရောင်ရွက်ကြွေတွေ အညိုရောင်ရွက်ကြွေတွေကို အစိမ်းရောင်အောက်ခံ မြက်ခင်းပေါ်မှာမြင်ရတဲ့အခါ စိတ်ဟာ အလိုလို နာကျင်ရပြန်တယ်။ မတူကြဘူးနော်…၊ သဘာဝဆိုတာ အချိန်တွေ အနုအရင့်တွေ အသစ်အဟောင်းတွေနဲ့ ဖွဲ့ကျက်ထားကာ သူ့နေရာနဲ့သူ ရှိစေတာ…။

အပင်ထိပ်ဖျားကို မော့ကြည့်မိတော့ အစိမ်း အနု အရင့်တွေဟာ ကောင်းကင်ပေါ်မော့လို့ နေရောင်ခြည်အောက်မှာ မြရည်တောက်နေကြလေရဲ့။ မြေပြင်ပေါ်မှာ ခ နေရတဲ့ ရွက်ကြွေတွေကို ကိုယ် ကောက်ယူသိမ်းဆည်းထားချင်မိတယ်။ ကင်းဗတ်စ်စပေါ် တင်ကာ ပန်းချီရေးဆွဲကြည့်ချင်တာရယ်…။

သစ်ရွက်ခြောက်ရဲ့သဘာဝကိုက ကြွပ်ဆတ်လွန်းတော့ ကျိုးကြေလွယ်တာ…။ အမြင်မှာ မာဆတ်ဆတ်ဟန်ရှိလည်းပဲ အထိမခံဘဲ ကြေမွလွယ်တာ…၊ သူ့ဘဝပေးပဲပေါ့…။

🎼 နာကျင်စရာများနဲ့ 🎶 ငါ့ဘဝသေဆုံး မနက်ဖြန်တိုင်းကလည်း မူးနေတုန်း…🎵🎶

Randomဖွင့်ထားခဲ့တဲ့ ယူထျူ့က သီချင်းဟာ မူးပြီးထွက်လာတယ်။ ခဏကလေးတော့ သီချင်းရဲ့ခေါ်ဆောင်ရာနောက်ကိုကိုယ် လိုက်သွားမိသလို…၊

အသင့်ရှိနေတဲ့ ကင်းဗတ်စ်စတခုကို ယူပြီး အောက်ခံဆေးသုတ်လိုက်တယ်။ အောက်ခံဆေးခြောက်သွားတာကို စောင့်ရင်း စီးကရက်တလိတ်ကို မီးညှိလိုက်တယ်။ နှုတ်ခမ်းမှာ တေ့ ရှိုက်လိုက်တဲ့အခါ အဆုတ်ထဲထိစီးဝင်သွားတဲ့ မီးခိုးငွေ့တွေကို မြင်လိုက်ရတယ်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် တဲ့။ ပြုံးမိသားပဲ၊ သေခြင်းတရား….၊ သေခြင်းတရားဟာ သိပ်လွယ်သလား…။ အဲသလောက်သာ လွယ်ကူရင် ကိုယ့်ရှိနေခြင်းဟာ ပျက်ခဲ့တာကြာပြီပဲကွယ်…။

အောက်ခံဆေးတထပ်ကို စိတ်ထဲရှိတဲ့အတိုင်း အရောင်ခပ်ရင့်ရင့် ခပ်မှိုင်းမှိုင်းတွေကို စုတ်ချက်တင်နေမိတယ်။ နောက်ထပ် ဆေးတထပ်….၊ စုတ်တံကို ဆေးထဲနှစ်လိုက်ပြီးတဲ့အခါ ကိုယ့်စိတ်တွေကိုပါ စုတ်တံထိပ်ဖျားမှာ နှစ်ချလိုက်တယ်။ ပြီးတော့ ကင်းဗတ်စပေါ်ကို အချက်ပေါင်းများစွာ တရစပ်ကြဲပက်ချလိုက်တယ်။ သွားကြစမ်း….။ ဖောက်ချပစ်လိုက်တဲ့ စိတ်အရည်တွေဟာ ကင်းဗတ်စပေါ်
 ပုံပန်းမကျ စီးဆင်းသွားကြတယ်။ ဘယ်ကိုဘယ်လို စီးကြရမှန်းမသိတဲ့ စိတ်တွေပေါ့…၊ ထွက်ပေါက် သိပ်မဲ့တာပဲ…။

ဖြာကနဲဝေ့ကျသွားတဲ့ဆေးစက်တွေနောက် စိတ်က လိုက်မနေဖြစ်တော့ဘူး။ သိခြင်း…၊ လက်ရှိကို သိခြင်း၊ အမှတ်သတိနှင့် လက်ရှိကို သိနေခြင်းသာ စိတ်ထဲ ရှိတော့တယ်။

ကိုယ့်မျက်လုံးတွေအပေါ် ကိုယ်ဟာ ရက်ရက်စက်စက်စေခိုင်းတတ်သူတယောက်ဆိုတာ သတိရလိုက်မိတယ်။ မျက်လုံးတွေ နီရဲလာပြီး နာကျင် အောင့်ခဲလာမှ မျက်စိရှေ့က အရာတွေကို လွဲဖယ်ဖို့၊ မျက်လုံးကို ခဏအနားပေးဖို့ လုပ်ရတယ်။ မျက်လုံးတွေကို မှိတ်လိုက်ပြီး မျက်လုံးထဲက နာကျင်ကိုက်ခဲမှုတွေဆီ စိတ်ကို စေရတယ်။

ပူနေတာပဲ၊ အောင့်နေတာပဲ…၊ ပြီးတော့ မျက်လုံးရဲ့အတွင်းဘက်ဆုံး မျက်လုံးအိမ်နောက်က အရိုးထဲအထိ ကိုက်နေတာပဲ။ စိတ်ကို အဲဒီနာကျင်မှုအထဲ ထည့်လိုက်တဲ့အခါ ကျန်တာတွေ အကုန်ပျောက်သွားတယ်၊ လက်ရှိတည်ရှိနေမှု၊ ပတ်ဝန်းကျင် အသံဗလံ စသည်များ…။ နာကျင်မှုတခုသာပဲ အသက်ဝင်လို့လာတယ်။ တကိုယ်လုံး ကျန်တာ ဘာမှမရှိ၊ နာမှု ကျင်မှု ကိုက်ခဲမှုကလေးတခုသာ…၊ တဖြည်းဖြည်း မျှင်းလို့လာတယ်…။ ပေါ့လာတယ်၊ လျော့လာတယ်…။

အပြင်က ကြည့်လို့မြင်ရတဲ့နာကျင်မှုဟာ သူ့အတွင်းသားထဲကနေ ဝင်ကြည့်လိုက်တဲ့အခါ သူ့သဘာဝနဲ့ တဆက်တစပ်တည်း ဖြစ်သွားတယ်။ မထူးခြားတော့ဘူး။ ထူးပြီး နာမနေတော့ဘူး။ ပျောက်သွားသလိုလိုတောင် ခံစားရတယ်။ တကယ်က ရှိနေတယ်။ အရှိဓါတ်တခုဟာ ရှိနေတုန်းပဲ။ ပျောက်သွားသလိုထင်ရလိုက်၊ ပြန်ဖမ်းဆုပ်ပြီး အာရုံပေါ်တင်ပေးလိုက်၊ ရှိနေသေးတယ်ထင်ရလိုက်၊ အဲဒီသံသရာမှာ…။ နာကျင်ခြင်းနဲ့ကိုယ်ဟာ…အဖန်တလဲလဲ။

တကယ်တော့ ဘာဆို ဘာမှ မရှိဘူး။ ဘာမှမရှိတာတွေကို တွယ်ငြိခြင်းလောက် ရယ်စရာကောင်းအောင် နာကျင်ရတာ ရှိမလား…။
ကင်းဗတ်ပေါ်က သစ်ရွက်တွေကို တချက်ကြည့်မိပြန်တယ်။ သေသွားတဲ့သစ်ရွက်တွေ…။ ကင်းဗတ်ပေါ်မှာ ရှင်သန်နေကြလို့…။ မဟုတ်ဘူး....သူတို့ သေနေကြတာ...။


ဒါဟာလည်း တခဏမျှပါပဲ…။ ဆွဲလက်စပန်းချီကားကို ကိုယ် လွှတ်ချလိုက်မိတယ်…။

အဲဒီခဏမှာ စစ်ငြိမ်းရဲ့စာသားလေးတခုကို သတိရမိတယ်…

"မင်းကို ငါလွှတ်လိုက်တယ်
ငါ  လွတ်မြောက်ပါစေကွယ်" 



ချစ်ကြည်အေး
၂၆ဧပြီ ၂ဝ၁၈

ဆွဲလက်စကား ~

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...