Monday, December 4, 2017

ငှက်ကလေးသို့....



ပြတင်းပေါက်ကနေတဆင့်
အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့
ငှက်ကလေးကို သူ့အဖော် ငှက်တကောင်နဲ့အတူ
တွေ့လိုက်ရတယ်
ဟေး ပျော်နေသလား ငှက်ကလေးရေ
အိမ်အပြင်ဘက်ရောက်အောင် ကျွန်မ လှမ်းအော်လိုက်တယ်
အပြုံးတွေတပ်ဆင်ထားတဲ့မျက်နှာနဲ့
မနက်စာကို ကျန်းမာပျော်ရွှင်စွာ သုံးဆောင်တယ်
အိပ်ကောင်းခြင်းနဲ့လည်း အိပ်ပျော်ခဲ့သားပဲ
နာမကျန်းတဲ့နေ့ရက်တွေတိုင်းမှာ
ပြတင်းကိုဖွင့်ဖြစ်တိုင်း ငှက်ကလေးဟာ
တကောင်ထဲလား အဖော်နဲ့လား
မကြည့်ဖြစ်တဲ့နေ့တွေ
များ များလာပြန်ရော...
ကျွန်မတကိုယ်ရည် ပျော်ရွှင်ချိန်တိုင်း
ငှက်ကလေးကို မေ့ထားမိရဲ့
ငှက်ကလေးကတော့ တကောင်ကနေ နှစ်ကောင်ဖြစ်တိုင်း
ကျွန်မကို မေ့ထားရက်ခဲ့
သစ်ပင်ကိုင်းဖျားတွေ လှုပ်ခတ်ကျန်ရစ်တဲ့တနေ့
ငှက်ကလေးဟာ ကြယ်တစင်းဖြစ်သွား...
ဟိုးအမြင့်ကြီးမှာ...
သူတစင်းထဲလား
တခြားကြယ်ပွင့်ကလေးတွေနဲ့အတူလား
သူ့ကောင်းကင်ပေါ် ကျွန်မ
မော့မကြည့်ဖြစ်တော့ဘူး...
လှုပ်ခတ်ကျန်ရစ်တဲ့အကိုင်းဖျားမှာ
ကျွန်မ နားနေတယ်
နောက်ရက်တွေမှာ...
ပြတင်းတံခါးကို ဘယ်တော့မှ မဖွင့်ဖြစ်တော့ဘူး...


ချစ်ကြည်အေး
၃၀၀၇၂၀၁၇
Pic - Google

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...