Wednesday, December 20, 2017

ကျွန်မတို့ နောက်တကြိမ် မခွဲကြရခင်…

ကျွန်မ လမ်းလျှောက်တဲ့အခါ
ဘေးဘီဝဲယာမငဲ့ဘဲ တည့်တည့်လျှောက်လေ့ရှိတယ်
မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ
ကျောခိုင်းထွက်ခွာသွားကြဖို့ပဲ ဟုတ်လား
တွေ့ဆုံမှုတွေကို လွှတ်ချ
လွမ်းဆွတ်သတိရခြင်းတွေကို ကျစ်ကျစ်ဆုတ်လို့…ကျွန်မ
လမ်းဆက်လျှောက်(ခဲ့)တယ်
ကမ္ဘာကြီးရဲ့အနားသတ်မျဉ်းတွေဟာ လုံးပြီးကွေးနေတာမှန်ရင်
သူသာ ရှေ့ဆက်လျှောက်ရင်
ကျွန်မသာ ရှေ့ဆက်လျှောက်ရင်
ကျွန်မတို့ ပြန်ဆုံတွေ့မှာပဲ…
တနေ့နေ့ပေါ့
အဲဒီအခါ…ကျွန်မကောင်းကင်က
လေးလံအုံ့မှိုင်းနေတဲ့ မျက်ဝန်းမိုးတွေ
သူ့ညာဘက်ရှပ်ကော်လာကလေးထဲ
ရွာချပစ်လိုက်မယ်
လွမ်းဆွတ်သတိရခြင်းတွေကို လက်ထဲကနေ (သူ မသိအောင်)
တိတ်တိတ်လေးဖြည်ချပေးလိုက်မယ်...
ကျွန်မတို့
နောက်တကြိမ် မခွဲကြရခင်…။



ချစ်ကြည်အေး

Sunday, December 10, 2017

ပင်လယ်ဆီကအပြန်....




ရာသီဥတုပူပြင်းတဲ့တနေ့မှာ
ပင်လယ်ကမ်းစပ်ဆီ အလည်ရောက်တယ်
မိုးကောင်းကင်နဲ့ ပင်လယ်ပြင်အကြား အဆီးအတားမရှိခြင်းကို ကျွန်မနှစ်သက်တယ်
ကောင်းကင်ပြာနောက်ခံထဲ

စွန်အဝါရောင်လေးတစင်း လွတ်လပ်ဝဲပျံနေတာကိုမြင်ရခိုက်

စွန်ကလေးဟာ လူရာဝင်ချင်မလား တွေးမိတယ်

ကျွန်မကဖြင့် စွန်ရာဝင်ချင်လို့...
ခြေထောက်အောက်က သဲတွေဆီကအပူဟာ
စီးထားတဲ့ဖိနပ်အပါးကိုဖောက်
ကျွန်မခြေထောက်ဆီ ကူးတယ်
ပင်လယ်ဆီက ကျွန်မ ကျောခိုင်းပြန်လာတဲ့အခါ
စွန်ကလေးဟာ သစ်တပင်မှာချိတ်လျက် ကျန်ရစ်တယ်
ကျွန်မ
စွန်မဖြစ်ချင်တော့ဘူး....

ပင်လယ်ကိုဖြတ်တိုက်လာတဲ့လေတွေဟာလည်း
ပူနွေးခြောက်သွေ့တာပါပဲ



ချစ်ကြည်အေး
၁၀၀၆၂၀၁၇

Image - Google

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်းကအထ...