Friday, November 24, 2017

တဘက်ကမ်းဆီ...

ငါ သိခဲ့တဲ့ချစ်ခြင်းတရားဟာ အသွားနှစ်ဘက်ပါတဲ့ဓါးလို
ဘယ်ဘက်ကိုထိထိ ရှတယ်
အတွင်းပိုင်းဟိုးအနက်ထဲအထိ နှိုက်ထုတ်ပိုင်းချခံလိုက်ရတဲ့အခါ
ငါဟာ တစစီဖြစ်သွားတော့တာပဲ
မီးလောင်နေတဲ့ငါ့အစိတ်အပိုင်းတွေကို ငါပဲမြင်ရတယ်
တခါခေါက်ချလိုက်တိုင်း ဘာနံပတ်ကျမယ်မသိတဲ့ အံစာတတုံးလို
ငါဟာ ဖြစ်နိုင်ချေတွေအများကြီးနဲ့ လူးလိမ့်နေတာပေါ့
မသိခြင်းတွေနဲ့မျက်နှာသစ်ပြီးနိုးထလာရတိုင်း
ဘာကိုမှ ငါ မသိချင်တော့ဘူး
ခံစားရခြင်းဆိုတာတွေကို မခံစားလိုတော့ဘူး
မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လောကကြီးထဲက ထွက်ခွာသွားသည်ဆိုသူတွေကို
ငါ နားလည်တယ်
ဘာမှခံစားစရာမရှိတဲ့အထဲ ဘာတွေကို ခံစားနေဦးမှာလဲ
စမှတ်လည်း ဒါပဲ ဆုံးမှတ်လည်း ဒါပဲ
အလယ်မှာ မွမွကြေ ရူးသွပ်ခဲ့မှုတွေ...
ရှိကောင်း ရှိမယ်...
မမက်မောခြင်းကို မက်မောခဲ့တဲ့နောက်
မက်မောခဲ့ဖူးတာတွေကို မမက်မောလိုတော့ဘူး
လူတိုင်းနဲ့မတူချင်တဲ့ လူတွေ
လူတွေနဲ့မတူချင်တဲ့ လူတိုင်း
ဘယ်အထဲမှာဖြစ်ဖြစ် အရေးတကြီးမဟုတ်တော့ဘူး ဟုတ်လား
ဘယ်တော့ထွက်ခွာရမလဲဆိုတာပဲ
ငါ စိတ်ဝင်စားတယ်….
နူးညံ့ညင်သာသောအချင်းအရာဖြင့် တဘက်ကမ်းဆီ ကူးဖြတ်ရောက်ရှိသွားနိုင်မှု....


ချစ်ကြည်အေး
၁၀၀၈၂၀၁၇

0 comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်