Friday, November 24, 2017

တဘက်ကမ်းဆီ...

ငါ သိခဲ့တဲ့ချစ်ခြင်းတရားဟာ အသွားနှစ်ဘက်ပါတဲ့ဓါးလို
ဘယ်ဘက်ကိုထိထိ ရှတယ်
အတွင်းပိုင်းဟိုးအနက်ထဲအထိ နှိုက်ထုတ်ပိုင်းချခံလိုက်ရတဲ့အခါ
ငါဟာ တစစီဖြစ်သွားတော့တာပဲ
မီးလောင်နေတဲ့ငါ့အစိတ်အပိုင်းတွေကို ငါပဲမြင်ရတယ်
တခါခေါက်ချလိုက်တိုင်း ဘာနံပတ်ကျမယ်မသိတဲ့ အံစာတတုံးလို
ငါဟာ ဖြစ်နိုင်ချေတွေအများကြီးနဲ့ လူးလိမ့်နေတာပေါ့
မသိခြင်းတွေနဲ့မျက်နှာသစ်ပြီးနိုးထလာရတိုင်း
ဘာကိုမှ ငါ မသိချင်တော့ဘူး
ခံစားရခြင်းဆိုတာတွေကို မခံစားလိုတော့ဘူး
မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လောကကြီးထဲက ထွက်ခွာသွားသည်ဆိုသူတွေကို
ငါ နားလည်တယ်
ဘာမှခံစားစရာမရှိတဲ့အထဲ ဘာတွေကို ခံစားနေဦးမှာလဲ
စမှတ်လည်း ဒါပဲ ဆုံးမှတ်လည်း ဒါပဲ
အလယ်မှာ မွမွကြေ ရူးသွပ်ခဲ့မှုတွေ...
ရှိကောင်း ရှိမယ်...
မမက်မောခြင်းကို မက်မောခဲ့တဲ့နောက်
မက်မောခဲ့ဖူးတာတွေကို မမက်မောလိုတော့ဘူး
လူတိုင်းနဲ့မတူချင်တဲ့ လူတွေ
လူတွေနဲ့မတူချင်တဲ့ လူတိုင်း
ဘယ်အထဲမှာဖြစ်ဖြစ် အရေးတကြီးမဟုတ်တော့ဘူး ဟုတ်လား
ဘယ်တော့ထွက်ခွာရမလဲဆိုတာပဲ
ငါ စိတ်ဝင်စားတယ်….
နူးညံ့ညင်သာသောအချင်းအရာဖြင့် တဘက်ကမ်းဆီ ကူးဖြတ်ရောက်ရှိသွားနိုင်မှု....


ချစ်ကြည်အေး
၁၀၀၈၂၀၁၇

Wednesday, November 15, 2017

Alexander The Great

သေခြင်းတရားအကြောင်း ဆင်ခြင်မိတိုင်း ကျွန်မစိတ်ထဲ သတိရမိသူတစ်ယောက်ရှိပါတယ်။ 


သူက Alexander The Great လို့ ခေါ်ဝေါ်ကြတဲ့ ဂရိဘုရင် Alexander III ပါပဲ။ French စာရေးဆရာ 'François-Reńe de Chateaubriand ကဆိုရင် ”တကယ်လို့ တစ်စုံတစ်ယောက်ကိုများ ဘုရားသခင်နဲ့နှိုင်းယှဉ်ပြောကြေးဆို အဲဒီလူဟာ Alexander ပါပဲဗျာ” လို့ ဆိုရလောက်အောင် သူ့အရှိန်အဝါက ကြီးလှတယ်။
သူ့အကြောင်းအကျဉ်းလေးပြောကြည့်ရအောင်၊ သူ့ကို အဖေဖြစ်တဲ့ဘုရင် Philip II နဲ့ အမေ မိဘုရား Olympias တို့က BC 356 မှာ မွေးခဲ့တယ်။ အမေဖြစ်တဲ့ Olympias ကလည်း ဘုရင့်သမီးတော်တစ်ပါးပါပဲ၊ သူက Philip II ရဲ့ ၄ယောက်မြောက်မိဘုရားလို့ ဆိုထားတယ်။
BC 356 မှာမွေးခဲ့တဲ့ Alexander လေးဟာ BC 336 သူ အသက်၂၀အရွယ်မှာပဲ ဖခင်အရိုက်အရာကို ဆက်ခံပြီး ထီးနန်းတက်ခဲ့လိုက်တာ သူ့လက်ထက်မှာ သူ့အဖေတုန်းကထက် ပိုမိုကြီးမားတဲ့ စစ်အင်အား၊ ပိုမိုကျယ်ပြန့်တဲ့အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သူဖြစ်ခဲ့တယ်။
(သူသေဆုံးချိန်မှာ အသက်၃၂နှစ်သာ ရှိပါသေးတယ်။)
ဒီနေရာမှာ သူ့အချစ်ရေး အိမ်ထောင်ရေးတွေကို ချန်လှပ်ထားခဲ့လိုက်ပြီး ကျွန်မပြောချင်တဲ့ အဓိကဖြစ်တဲ့ သေခြင်းတရားကိုပဲ ပြောကြရအောင်ပါ။ သူ သေဆုံးရခြင်းအကြောင်းကလည်း အနည်းငယ် ရှုပ်ထွေးတယ်။ အရက်ကြောင့် အသည်းရောဂါဖြစ်တာလို့လည်းဆိုတယ်။ အဆိပ်ကြောင့်လို့လည်း ဆိုတယ်။ အငြင်းပွားဖွယ်ဖြစ်ခဲ့ပေမယ့် ရေရာတဲ့အဖြေ ထွက်မလာခဲ့ဘူးဆိုပါတော့။
ထားပါလေ၊ ပြောချင်တာက သူ ဝေဒနာအပြင်းအထန်ခံစားနေရချိန် သူသေတော့မယ်ဆိုတာ သိလိုက်ရချိန်မှာ သူ မှာခဲ့တဲ့ စကား၃ခွန်းကို ပြောပြချင်မိတာပါ။
သူက သူ့စစ်ဗိုလ်ချုပ်ကို အနားခေါ်ပြီး သူသေရင် တိတိကျကျလိုက်နာဖို့ အချက်၃ချက်မှာခဲ့တယ်။ 

၁။ သူသေရင် သူ့အခေါင်းကို သူ့ကိုဆေးကုသခဲ့တဲ့ သမားတော်တွေကိုသာ ထမ်းခိုင်းရမယ်။
၂။ သုသာန်သွားရာလမ်းတလျှောက်မှာ သူ့ဘဏ္ဍာတိုက်ထဲက သူရှာဖွေခဲ့သမျှသော ရွှေငွေကျောက်သံပတ္တမြားတွေကို လမ်းခင်းထားရမယ်။
၃။ သူ့လက်နှစ်ဘက်ကို အခေါင်းအပြင်ဘက် ဖြန့်ထုတ်လျက် ထားရမယ်။
အဲဒီအချက် ၃ချက်ပါပဲ။
အနက်အဓိပ္ပါယ် နားမလည်နိုင်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အလင်းပြဖို့ သူ့ကိုလျှောက်တင်ကြရတော့တာပေါ့။ အဲဒီမှာ သူက ခုလို ပြောပြခဲ့တယ်။

၁။ သေခြင်းတရားကို ဘယ်သမားတော်ကမှ မကုသနိုင်ဘူး။ နောက်ဆုံး သမားတော်တွေကိုယ်တိုင် သေသူကို သုသာန်ထမ်းပို့ရတာပဲ။
သူပေးချင်တဲ့မက်ဆေ့ခ်ျက မိမိကျန်းမာရေးကို မိမိသာ စောင့်ရှောက်ရမယ်ဆိုတဲ့အသိ ဖြစ်ပါလိမ့်မယ်။
၂။ လောကမှာ ပစ္စည်းဥစ္စာတွေ အငမ်းမရ ရှာဖွေနေခဲ့လည်းပဲ နောက်ဆုံးတော့ ဒါတွေဟာ လမ်းခင်းကျောက်မျှသာပဲ။
ဘဝမှာ မျှခြေရှာပြီးနေထိုင်တတ်ဖို့ ကြိုးစားကြလို့ သူပြောချင်ပုံရပါတယ်။
၃။ လူတွေဟာ မွေးလာတုန်းကလည်း လက်ဗလာနဲ့ အခု သေဆုံးသွားတဲ့အခါမှာလည်း လက်ဗလာနဲ့၊ ဘာဆိုဘာမှ သယ်မသွားနိုင်ဘူး။
ဒီမက်ဆေ့ခ်ျကတော့ သိပ်ကိုရှင်းလင်းတိကျတဲ့ အသိကို ရသွားစေတယ်လို့ ကျွန်မမြင်ပါတယ်။ 
သူမသေခင် ခုလိုမှာသွားတဲ့အချက်၃ချက်အတိုင်း ကျန်ရစ်သူတွေက တိတိကျကျလုပ်ပေးခဲ့ကြသလို သူ့မှာတမ်းကလည်း ကမ္ဘာကျော်သွားခဲ့တယ်။
သေခြင်းတရားကို စဉ်းစားဆင်ခြင်မိတိုင်း လူ့ဘဝရဲ့ အစိုးမရတဲ့သဘောတွေကို သူ့တိုင်းသူပြည်သားတွေကိုသာမက လူသားအားလုံးသိစေချင်လို့ မသေခင်အလင်းပြသွားခဲ့တဲ့ Alexander The Greatကို ကျွန်မ သတိရမိတာ ဆန်းသလား....။


Ref. wikipedia


ချစ်ကြည်အေး

Thursday, November 9, 2017

Touch Pool


လူတန်းရှည်ကြီးထဲမှာ ဒီလောက်အကြာကြီး တန်းစီလာခဲ့ပြီးမှ လက်ရေမစိုဘဲ ပြန်ထွက်သွားခဲ့သူ ကျွန်မတယောက်ပဲ ရှိမယ်ထင်ပါရဲ့။
ငါးကန်အတွက် တာဝန်ရှိတဲ့ကလေးမလေးတွေရဲ့ ဘယ်လိုပါလိမ့်ဆိုတဲ့အကြည့်ကို ခေါင်းခါရင်း ပြုံးရုံကလေးသာ ပြုံးပြနိုင်တယ်။

(၁)

ကြယ်ငါးတွေ အသက်ရှူကြသလား…

ပထမဦးဆုံးအကြိမ် ကြယ်ငါးတွေကို လက်နဲ့ထိတို့ကြည့်အပြီးမှာ ကျွန်မ တွေးမိခဲ့တာ။
ထပ်တွေးနေမိပြန်တယ်၊ ကြယ်ငါးတွေ အသက်ရှူကြသလား…

ခဏကလေးပဲ၊ Touch Pool ဆိုတဲ့ ဆိုင်းဘုတ်နဲ့ သူ့ဘေးနားက ငါးကန်ရှည်မျောမျောကို ရောက်ဖို့ လူတန်းရှည်ကြီးရဲ့အနောက်မှာ စိတ်လက်ရှည်ရှည်စီတန်းခဲ့ရသမျှ တကယ့်တကယ် အနားလည်းရောက်ရော ဖျတ်ကနဲထိရုံသာ လက်နဲ့ ထိအပြီး ခြေထောက်တွေက ရှေ့ကို ဆက်လျှောက်နေခဲ့ရပြီ။ ကျွန်မ အနောက်က လူတန်းရှည်ကြီးကို အလှည့်ပေးဖို့ ရှေ့ဆက်လျှောက်ပေးရတယ်လေ။

(၁.၁)

ငါးကန်ရှည်မျောမျောထဲမှာ ကျောက်ခက်တွေ၊ ကျောက်တန်းတွေအပြင် ငါးရောင်စုံသေးသေးကလေးတွေ၊ သူတို့ကိုတော့ ထိဖို့မလွယ်လှဘူး၊ သူတို့က ဟိုဒီ ကူးခတ်နေကြတာ။

Touch Poolထဲက ကျောက်တန်းတွေပေါ်မှာ ကြယ်တွေ ကြွေကျနေသလို၊ ဒါပေမယ့် ပကတိအငြိမ် အချပ်လိုက်ကပ်နေတဲ့ ကြယ်ငါးတွေကို သုံးလေးငါးကောင်လောက် ခပ်ကြဲကြဲ တွေ့ရတယ်။ တချို့ကြယ်ငါးတွေက လှမ်းထိလို့ မမီနိုင်တဲ့နေရာမှာ၊ လက်လှမ်းမီနိုင်တာဆိုလို့ အကြီးတကောင်ရယ်၊ အလတ်စားတကောင်ရယ် ဒါပဲ။ ကြယ်ငါးတွေဆိုပေမယ့်လည်း အသွေးအရောင် ပုံစံ အရွယ်အစား တကောင်နဲ့တကောင် မတူကြပြန်ဘူး။ မျိုးစိတ်နာမည်တွေ ကွဲပြားကြသလို အလေ့အထတွေလည်း ကွဲပြားကြတယ်။

ကြယ်ငါးမှာ လက်ချောင်းတွေလို့ဆိုနိုင်တဲ့ ဘေးပတ်ပတ်လည်ကို ဖြာထွက်နေတဲ့ လက်တံ ငါးချောင်းတိတိရှိတယ်။ အတိအကျဆိုရရင် ညာဘက်မှာ နှစ်ချောင်း၊ ဘယ်ဘက်မှာ နှစ်ချောင်းနဲ့ တည့်တည့်ဆီမှာ တချောင်းပေါ့။ တချို့ကြယ်ငါးအမျိုးအစားတွေမှာ ငါးချောင်းထက်ပိုတဲ့ လက်တံတွေရှိကြတယ်။ အလယ်စက်ဝိုင်းပုံဟာ ကိုယ်ထည်ပေါ့၊ အဲဒီအောက်တည့်တည့်မှာ ပါးစပ်ရှိတယ်လို့ ဆိုကြတယ်။

ကြယ်ငါးတွေမှာ နှလုံးသား မရှိကြဘူး…။

ပြီးတော့ ဦးနှောက်လည်း မရှိကြဘူး၊ မျက်စိလည်းမရှိကြပေမယ့် တချို့ကြယ်ငါးတွေဟာ သူတို့လက်တံကတဆင့် အလင်းကို ခံစားနိုင်စွမ်းရှိကြတယ်။ ဒါဆိုရင်ဖြင့် ထိခွင့်ရှိရင်တောင် ကြယ်ငါးတွေရဲ့လက်တံကို မထိတာ ပိုကောင်းမယ်ထင်တာပဲ။

ကြယ်ငါးတွေမှာ နှလုံးသားမရှိကြဘူး၊ ဆိုတော့ ကြယ်ငါးတွေဟာ မချစ်တတ်ကြဘူးလား။ ကြယ်ငါးတွေဟာ ပျမ်းမျှအားဖြင့် အသက် (၂)နှစ်မှာ အရွယ်ရောက်ကြပြီ၊ မျိုးပွားနိုင်ကြပြီလို့ ဆိုတယ်။ ကြယ်ငါးကလေးတွေကို ကြယ်ငါးမေမေနဲ့ ကြယ်ငါးဖေဖေက မွေးဖွားလိုက်တယ် ဆိုတာထက် ပြန်လည်ထုတ်လုပ်မှု reproduce လုပ်တယ်လို့ သုံးကြတယ်။

ကြယ်ငါးတွေမျိုးပွားပုံကဖြင့် တကယ်အံ့သြစရာ၊ မျိုးပွားပုံချင်းလည်း မတူကြပြန်ဘူးတဲ့။ ကြယ်ငါးတွေရဲ့မျိုးပွားအင်္ဂါဟာ ပုံမှန်အခြေအနေမှာ သိသာထင်ရှားခြင်းမရှိဘဲ ဥချတော့မယ်ဆိုတဲ့အချိန်မှသာ အထီး အမ ကွဲပြားကြတယ်။ လက်တံတွေချင်းယှက်လို့ဖြစ်စေ၊ တကောင်စီက ကိုယ်တခြမ်းစီပေါင်းပြီး နောက်တကောင်အသစ်ဖြစ်လာတာမျိုး ဖြစ်စေ၊ အမမျိုးဥနဲ့ အထီးသုတ်သွေးဟာ ရေထဲမှာ ပေါင်းဆုံကြပြီးတော့ဖြစ်စေ မျိုးပွားလေ့ရှိကြတယ်။ မထူးဆန်းဘူးလား…။

ထောင်ချီရှိတဲ့ ကြယ်ငါးမျိုးကွဲတွေဟာ ပျမ်းမျှသက်တမ်းအားဖြင့် (၃၅)နှစ်ကြာတဲ့အထိ အသက်ရှင်နေနိုင်ကြတယ်။

လူတန်းရှည်ကြီးထဲ တန်းစီနေလိုက်ရင်း ကြယ်ငါးတွေအကြောင်း အင်တာနက်ထဲမှာ ရှာဖွေဖတ်နေမိတယ်။ သိပ်မလိုတော့ဘူး။ ကျွန်မအလှည့်ရောက်တဲ့အခါ ကြယ်ငါးတကောင်ရဲ့ ဘယ်နေရာကို ထိကြည့်လိုက်ရင်ကောင်းမလဲဟင်….

(၁.၂)

ငါးပြတိုက်ကြီးမှာ ကျွန်မစိတ်အဝင်စားဆုံးက open ocean - သမုဒ္ဒရာဟင်းလင်းပြင်လို့ နာမည်ပေးထားတဲ့ ဧရာမ ငါးကြည့်ကန်ကြီးပဲ။ သူ့အခန်းက အမှောင်များတဲ့အခန်း၊ အမှောင်များများ အနက်ရင့်ရင့်အဆုံးမှာမှ လင်းဖွေးနေတဲ့ ငါးကြည့်ကန်ဟာ ကူးခတ်လှုပ်ရှားလို့….၊ အကြည့်တွေအားလုံးရဲ့ လားရာဖြစ်တယ်။
သူ့အခန်းထဲဝင်လိုက်တာနဲ့ ဟာကနဲ ကြေနပ်ပျော်ရွှင်သွားစေတယ်။ ဒီလောက်ကြီးမားတဲ့ မှန်ဘီလူးပါမှန်ချပ်အကြီးကြီး တဆက်တည်းရဖို့ဟာ ဘယ်လောက်များ ခက်ခဲလိုက်မလဲ၊ ဘယ်လောက်တန်ဘိုးကြီးလိမ့်မလဲ။ အဲဒီမှာ အနည်းဆုံး မိနစ်၃ဝလောက် အချိန်ပေးသင့်တယ်လို့ ကျွန်မထင်တယ်။

ငါးအကြီးကြီးတွေရဲ့တကောင်ချင်း ကူးခတ်သွားလာနေပုံ၊ ငါးသေးသေးကလေးတွေရဲ့ အုပ်စုလိုက် ဝေါကနဲ ကူးခတ်ဖြတ်ပြေးသွားပုံ...၊ သိပ်ကြည့်လို့ကောင်းတာပဲ၊ သမုဒ္ဒရာဟင်းလင်းပြင်မှာ ကျွန်မ စိတ်ရောကိုယ်ပါနစ်မြုတ်လို့ မကြည်လင်သမျှ အရာရာမေ့လျော့လို့နေနိုင်တော့တယ်။
ကျွန်မအာရုံကို ဒုတိယ ဖမ်းစားနိုင်ဆုံးက ဂျယ်လီငါးတွေပဲ။ ရေထဲမှာ ကူးခတ်နေပုံကိုက လူးလွန့်ကူးခတ်နေတာမျိုးမဟုတ်ဘဲ တဆစ်ဆစ်လဲ့ဖြာမျောရွေ့နေကြပုံမျိုး။ သိပ်လွတ်လပ်မှာပဲ၊ အနှောင်အတွယ်မဲ့ တလွင့်လွင့်နေပုံဟာ ကျွန်မစိတ်နှလုံးကို ကူးလူးချိတ်ဆက်တယ်။ ဂျယ်လီငါးတွေလို ကျွန်မ မျောလွင့်နေချင်တယ်….၊ ဦးတည်ရာမဲ့လေ။

ဂျယ်လီငါးတွေပြီးတဲ့အခါမှာတော့ ကျွန်မစိတ်အဝင်စားဆုံးက အခု ကျွန်မ တန်းစီနေတဲ့ Touch Pool ပဲပေါ့။ Touch Poolထဲမှာ အများစုထိကိုင်ကြည့်လို့ရတာက ကြယ်ငါးတွေပဲ။ ကြယ်ငါးတွေကို ကျွန်မ စိတ်ဝင်စားရတာက သူတို့ဟာ ဟိတ်ဟန်ကြီးတယ်၊ ဘာကိုမှထီမထင်ဟန် အေးစက်ငြိမ်သက်တယ်။ နောက် သူတို့မှာ နှလုံးသားမရှိတာ၊ အချစ်မရှိတာ၊ ကျောက်ရုပ်ကျောက်သားဆန်တာ….၊ ကျွန်မ နှစ်သက်ရလွန်းတယ်။ သူတို့မှာ ဦးနှောက်မရှိကြတာကလွဲလို့ပေါ့။

Starfish Story လို့ အင်တာနက်မှာ ရှာလိုက်ရင်ပဲ ကြယ်ငါးတွေအကြောင်း ကျလာလိုက်တာ အများကြီးပါ။ ကျွန်မတို့ ကြားဖူးနေကျ ဆင်တူမူကွဲ ကြယ်ငါးကောက်သူများအကြောင်းတွေပေါ့။ Loren Eiseleyရဲ့ “I made the difference for that one” ဆိုတဲ့စကားနဲ့ အဆုံးသတ်ထားတဲ့ ကြယ်ငါးကောက်သူ အကြောင်းလေ။ လူသားဆန်မှုပြယုဂ်အနေနဲ့ လူတိုင်းရင်ကို ထိစေခဲ့တဲ့စာပေါ့။

လူတန်းကြီးဟာ စည်းသားထားတဲ့ကြိုးလမ်းကြောင်းအတိုင်း တရွေ့ရွေ့ ရှေ့တိုးနေကြတယ်။ ကျွန်မရှေ့မှာ လူသိပ်မရှိတော့ဘူး၊ မကြာခင် ကျွန်မအလှည့်ရောက်လာတော့မှာ…။
ရေထဲကိုနှစ်ပြီး ထိလိုက်မယ့်လက်ဟာ သံထည်တွေနဲ့လုပ်ထားတဲ့ အဆင်တန်ဆာ ဝတ်ဆင်ထားခြင်း မရှိရဘူး၊ လက်စွပ် လက်ကောက် နာရီ ဘာမှဝတ်မထားတဲ့ လက်ဗလာနှင့်သာ ထိကိုင်ပါရန်လို့ သတိပေးထားတယ်။ အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဘယ်အရာမဆို ကန်ထဲ ပြုတ်မကျစေဖို့ သတိကြီးစွာထားပါရန်လည်း ရေးထားတယ်။ ပြီးတော့ ရေထဲက သူတို့တွေကို ညင်ညင်သာသာထိတွေ့မှုပြုဖို့ပေါ့၊ အဲသလို သတိပေးစာတွေ ရေးထားတယ်။

စာတန်းတွေကို တခုချင်းစီ အခေါက်ခေါက်ဖတ်ပြီး ရင်တခုန်ခုန်နဲ့၊ ဘယ်တကောင်ကိုများ၊ ဘယ်နေရာကိုများ ထိကြည့်လိုက်ရရင် ကောင်းမလဲ စဉ်းစားတယ်။ ဒီတကြိမ်ဆိုရင်ဖြင့် ကျွန်မ ငါးပြတိုက်ကို အလည်ရောက်တာ (၄)ကြိမ်ထက်မနည်းရှိခဲ့ပြီ။ ဒါနဲ့တောင် ကြယ်ငါးတွေကို ထိဖို့ရာ ကျွန်မအတွက် ထူးဆန်းနေတုန်း၊ ဆွဲဆောင်နိုင်တုန်း။
နောက်ဆုံးတော့ ရှည်မျောမျောကန်ရဲ့ အဆုံးနားက အကြီးဆုံးကောင်ကို ထိကြည့်မယ်လို့ တွေးထားလိုက်တယ်။

ကျွန်မရှေ့မှာ ဆယ့်နှစ်နှစ်သားအရွယ် ကောင်ကလေးတယောက်သာ ကျန်တော့တယ်။ ကောင်ကလေးက ညာဘက်လက်မှာ နာရီပတ်ထားတာမို့ ဘယ်ဘက်လက်နဲ့ထိဖို့ပြင်တယ်။ ကြည့်ရတာ ဘယ်လက်နဲ့အကျင့်မရှိတာလား၊ ဘယ်နေရာကို ထိကြည့်ရမယ် မသိတာလား၊ ကိုင်ကြည့်ရမှာ ကြောက်တဲ့ပုံတော့ မရပါဘူး။ နောက်တော့ သူ့ဘယ်ဘက်လက်ကို ရေထဲ စွပ်ကနဲနှစ်ပြီး ကြယ်ငါးရဲ့ အလယ်ဗဟိုစက်ဝိုင်းပုံ ကိုယ်ထည်နေရာကို ထိလိုက်တယ်။ ခပ်သာသာလေးထိရမယ့်အစား အရှိန်လွန်ပြီး ခပ်ဖိဖိထိကိုင်လိုက်ပုံပဲ။ ငါးကန်နောက်က တာဝန်ရှိသူ မိန်းကလေးမျက်နှာမှာ မနှစ်သက်ဟန်လို၊ တမျိုးလေးတွေ့လိုက်ရတယ်။

ခဏကလေး…။

ကျွန်မအလှည့်ရောက်ကာမှ တာဝန်ရှိသူမိန်းကလေးက လက်ပြတားလိုက်တယ်။ ပြီးတော့ ကောင်ကလေးခပ်ဖိဖိထိကိုင်သွားတဲ့ကြယ်ငါးကို လက်ဖဝါးထဲထည့်ကိုင်ပြီး နေရာရွှေ့လိုက်တယ်။ ဘယ်သူမှ လက်လှမ်းမမီနိုင်မယ့် အနောက်တနေရာမှာ နေရာချထားလိုက်တာ။ အနောက်က ကြယ်ငါးခပ်လတ်လတ်တကောင်ကို အရှေ့မှာ ပြန်ချပေးတယ်။ နေရာချင်းလဲလိုက်တာပေါ့။
ကျွန်မစိတ်ထဲမှာ လက်ကနဲ တွေးဖြစ်သွားတယ်။ တချို့ကြယ်ငါးတွေကို လက်လှမ်းမမီနိုင်တဲ့နေရာမှာ ထားထားတာဟာ အလှည့်ကျ အထိခံကြဖို့ဆိုတာ…။

ကြယ်ငါးတွေ နာကျင်တတ်သလား
ကြယ်ငါးတွေ ခံစားတတ်ကြသလား….

ကြယ်ငါးတွေရဲ့အထိခံနိုင်စွမ်းမှာ လစ်မစ်တခုရှိနေတာလား…။

ကျွန်မ ဘာလို့များ မတွေးမိခဲ့ပါလိမ့်။ ကြယ်ငါးတွေဟာ အေးစက်ငြိမ်သက်ပေမယ့် ကျောက်ရုပ်မှမဟုတ်တာ…၊ သူတို့ ခံစားနာကျင်တတ်ကြတယ်…။
အိုခေ ရပြီ တဲ့…။ တာဝန်ရှိတဲ့မိန်းကလေးက ပြောတယ်။

ဟင့်အင်း…။

ကျွန်မလက်ကို ရေတစက်မှ မထိလိုက်ဘဲ တန်းစီနေတဲ့လူတန်းကြီးထဲက ထွက်လာလိုက်တယ်။

(၁.၃)

Touch Poolကအထွက် လမ်းသွယ်ကျဉ်းကျဉ်းကလေးဟာ မှောင်လဲ့လဲ့ကလေးသာ လင်းတယ်။ လမ်းသွယ်ကလေးထဲ နံရံတဘက်ကို မီပြီးထိုင်ချလိုက်မိတယ်။
ကျွန်မလက်နဲ့ထိပြီးတဲ့အခါ ကျွန်မနောက်က လူတယောက်လက်နဲ့ထိ၊ နောက်ထပ်အနောက်က လူတယောက်လက်နဲ့ထိ၊ နောက်ထပ်အနောက်က လူတယောက်လက်နဲ့…ထိ…။ ထိ…။
ဘာကြောင့် ထိကြည့်နေကြတာလဲ၊ ရှင်းရှင်းကလေးရယ်၊
ထိလို့ရလို့…
ထိခွင့်ရှိလို့….
ထိကြည့်ဖို့ အခွင့်အရေးရလို့…
တော်ကြပါတော့၊ ကျွန်မကို မထိကြပါနဲ့တော့…..
စိတ်ထဲကနေ အသံကုန်အောင် အော်လိုက်မိတယ်။ ကျွန်မကိုယ်တိုင်ဟာ ကြယ်ငါးတကောင်…။
လူတယောက်လက်နဲ့ထိတိုင်းထိတိုင်း သာသာကလေးဖြစ်စေ၊ ခပ်ဖိဖိဖြစ်စေ ကျွန်မ နာကျင်ရတယ်။
တန်းစီနေစဉ်ဖတ်မိတဲ့အထဲ ကြယ်ငါးတချို့မှာ အဆိပ်ရှိတဲ့အကြောင်း ဖတ်လိုက်ရသေးတာပဲ။

တချို့သောကြယ်ငါးတွေရဲ့ လက်တံပေါ်က ဆူးချွန်ကလေးတွေမှာ အဆိပ်ရည်ရှိတယ်။
Touch Poolထဲက ကြယ်ငါးတွေကတော့ အဆိပ်မရှိတဲ့ကြယ်ငါးတွေပဲပေါ့။ မာနမဲ့တဲ့၊ ထိသမျှငြိမ်ခံနေရမယ့် ကြယ်ငါးတွေရယ်လေ။
ဆူးကလေးရှိမှ၊ အဆိပ်ကလေးများရှိပါမှ မထိရဲကြတာ။ အဆိပ်မဲ့တော့၊ ဆူးမရှိတော့ အထိခံရတယ်လေ…။ တခုခုကို နာနာကျင်ကျင်ခံစားလာရတယ်။
အပျော်သက်သက်ထိတွေ့ချင်သူဟာ သူ့ဆန္ဒပြည့်ပြီဆိုရုံ၊ ကျေနပ်စွာ ထွက်ခွာသွားရုံပါပဲ။ သူ ကျောခိုင်းလိုက်တာနဲ့ အထိခံနာကျင်ရသူ ဘယ်လိုကျန်နေရစ်ခဲ့မယ်ဆိုတာ ဘယ်တော့မှ စာနာတွေးနေမယ့်သူ မဟုတ်ဘူး…။

(၁.၄)

ငါးပြတိုက်ကြီးဆီကို နောက်တကြိမ်လာဖြစ်ခဲ့ရင် သမုဒ္ဒရာဟင်းလင်းပြင်ရယ်၊ ဂျယ်လီငါးတွေဆီရယ်ကို အလည်သွားမယ်။ ကြယ်ငါးတွေကိုထိဖို့ Touch Poolကို ကျွန်မ ဘယ်တော့မှ သွားဖြစ်မှာ မဟုတ်တော့ဘူး။

ဖြစ်လေရာဘဝမှာ ကြယ်ငါးဖြစ်မယ်ဆိုရင်တောင် အဆိပ်ရှိတဲ့၊ ဆူးရှိတဲ့၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ကြယ်ငါးတကောင်သာ ကျွန်မ ဖြစ်လိုတယ်။



ချစ်ကြည်အေး

ဝ၉ ၁၁၂ဝ၁၇

Friday, November 3, 2017

"Touch me not"




"Touch me not"

You see me grow...
most carefreely,
a circadian rhythm-living
bloom when summer arrives
pain to bare any stimuli
even a cool breeze blows
oversensitive as I'm
closed its fan-like-leaves to the slightest tactile
too responsive that push you away
or...
play further more to tease me cry

Have you ever touched me for fun ?
I'm... 
Mimosa Pudica...


CKA
27072017


Pic : Google

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်းကအထ...